အစိုးရတွေကို GenZ တွေက ဖြုတ်ချတာချင်းတူပေမဲ့ အောင်ပွဲရလဒ်မတူခဲ့တဲ့ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်

နီပေါမှာ ရက်စ်တရီယာ ဆွာတန်တရာ ပါတီ (Rastriya Swatantra Party - RSP)  ကို ထောက်ခံသူတွေ သူတို့ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲရလဒ်တွေ အပေါ် အောင်ပွဲခံကြစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နီပေါမှာ ရက်စ်တရီယာ ဆွာတန်တရာ ပါတီ (Rastriya Swatantra Party - RSP) ကို ထောက်ခံသူတွေ သူတို့ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲရလဒ်တွေ အပေါ် အောင်ပွဲခံကြစဉ်
    • ရေးသားသူ, တက်ဆာ ဝေါင်း
    • ရေးသားပေးပို့သည့်နေရာ, စင်ကာပူ
    • ရေးသားသူ, ဆာဒါ ရွန်နီ
    • ရေးသားပေးပို့သည့်နေရာ, ဒက္ကာ
    • ရေးသားသူ, ဖာနင်ဒရာ ဒါဟဲ
    • ရေးသားပေးပို့သည့်နေရာ, ခတ္တမန္ဒူ
  • ဖတ်ရန်အချိန်: မိနစ် ၁၄

ပြီးခဲ့တဲ့လတုန်းက နီပေါမှာ ဝန်ကြီးချုပ်သစ် ဘာလန်ဒရာ ရှား တက်လာပါတယ်။ လွှတ်တော်မှာလည်း လူငယ်အမတ်တွေက အများအပြားပါ။ ဘင်္ဂလားဒေ့ရှ်က လှုပ်ရှားတက်ကြွသူ အူမာမာ ဖာတီမာ တယောက် ဒီအဖြစ်တွေကို အဝေးကနေ အားကျစိတ်နဲ့ ကြည့်ရင်း သူတို့အဖြစ်တွေနဲ့ ယှဉ်လို့ စိတ်ပျက်ရမှုတွေကို ထွေးပိုက်လိုက်ရပါတယ်။

၂၀၂၄ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လမ်းတွေပေါ် ထွက်ခဲ့ကြတဲ့ ထောင်ပေါင်းများစွာသော ဂျန် ဇီ (Gen Z)မျိုးဆက် လူငယ်ဆန္ဒပြသူတွေထဲ ဖာတီမာလည်း ပါဝင်ပါတယ်။ နီပေါက ဆန္ဒပြသူတွေလိုပဲ အင်အားကောင်းတဲ့လူထုအုံကြွမှုနဲ့အတူ သူတို့ဟာ အုပ်စိုးတဲ့အစိုးရကို ဖြုတ်ချနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ နောက်ထပ် ၂ နှစ်နီးပါးကြာလာတဲ့အချိန် ရွေးကောက်ပွဲဖြစ်လာတော့ ဘင်္ဂလားဒေ့ရှ် လူငယ်လှုပ်ရှားမှုဟာ တကယ်အလုပ်ဖြစ်တဲ့နိုင်ငံရေး ပါဝါကို ရဖို့ ဝေးနေတဲ့အခြေအနေမှာပါ။ ဆန္ဒပြပွဲကြီးပြီး ပထမဆုံးရွေးကောက်ပွဲကို ဖေဖော်ဝါရီလထဲမှာလုပ်တော့ အရင်ကတည်းက အခိုင်အမာ ဖြစ်တည်ပြီးသား နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ (Bangladesh Nationalist Party - BNP) ပါတီက သမိုင်းတလျှောက် အပြတ်အသတ် အနိုင်ရ ပါတီ ဖြစ်လာပြီး ကျောင်းသား လူငယ်တော်လှန်ရေး လှုပ်ရှားမှုက ပေါက်ဖွားလာတဲ့အမျိုးသား နိုင်ငံသားပါတီ (National Citizens' Party - NCP)က မဲ သိပ်မရခဲ့ပါဘူး။

နီပေါမှာတော့ လူငယ်တွေ ဦးဆောင်တဲ့ဆန္ဒပြပွဲတွေအပြီး နောက်တစ်လမှာပဲ ရွေးကောက်ပွဲကျင်းပပါတယ်။ အဲဒီမှာ လူငယ်တွေရဲ့ ၄ နှစ်သား သက်တမ်းနုနုပါတီ ဖြစ်တဲ့ ရက်စ်တရီယာ ဆွာတန်ထရာ ပါတီ (Rastriya Swatantra Party - RSP) က သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါတယ်။ ဆန္ဒပြပွဲရဲ့အောင်ပွဲက ဂျန်ဇီနိုင်ငံရေးသမားအများအပြားကို လွှတ်တော်ဆီ ပို့လွှတ်နိုင်ခဲ့သလို RSP နဲ့ မဟာမိတ်ဖြစ်တဲ့ အရင် ရက်ပ်ပါ အဆိုတော် ရှားက နီပေါရဲ့ခေါင်းဆောင်ဖြစ်လာပါတယ်။

နီပေါက လူငယ်တို့အောင်ပွဲက ရှားရှားပါးပါး အဖြစ်ပါ။ အာရှမှာ ဂျန်ဇီတို့ ဦးဆောင်တဲ့ဆန္ဒပြပွဲတွေ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း အတော်ထွက်ပေါ်လာခဲ့ပေမဲ့ နီပေါက လူငယ်တွေကြုံရတာမျိုးလို တခြားနိုင်ငံတွေမှာ ဖြစ်မလာခဲ့ပါဘူး။

"ကျွန်မ တကယ့်ကို စိတ်ပျက်အားကုန်သွားတယ်။ နီပေါက လူငယ်တွေ စွမ်းဆောင်ရည်ရှိရှိနဲ့ စည်းစည်းလုံးလုံး ရှိခဲ့ကြတယ်။ ကျွန်မတို့ နိုင်ငံဘက်ကြည့်လိုက်တော့ စိတ်ပျက်မိပါတယ်" လို့ ဖာတီမာက ပြောပါတယ်။

"ဒီလို အပြောင်းအလဲမျိုးတွေကို ဘင်္ဂလားဒေ့ရှ်က မလုပ်နိုင်ခဲ့ဘူးလေ။ ဒီလိုနိုင်ငံကို စည်းရုံးနိုင်တာမျိုး၊ ဒီလို နိုင်ငံကို ပြန်တည်ဆောက်နိုင်တာမျိုး ကျွန်မတို့ ဆောင်ရွက်နိုင်စွမ်း မရှိတာကို သိလိုက်ရတော့ စိတ်ပျက်စရာပါပဲ။"

တစ်နိုင်ငံမှာ လူငယ်တွေ အောင်ပွဲရပြီး နောက်တစ်နိုင်ငံမှာ လူငယ်တွေ အောင်ပွဲ မရခဲ့တာ ဘာကြောင့်ပါလဲ။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နီပေါလူငယ်ခေါင်းဆောင်တွေကတော့ သူတို့လှုပ်ရှားမှုဟာ သူတို့နိုင်ငံထဲက သာမန်လူတန်းစားကိုလည်း ပြန်လည်ထင်ဟပ်နိုင်ခဲ့တာကြောင့် အောင်ပွဲရတာလို့ ဆိုကြပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ဂျန်ဇီတို့ရဲ့ဆန္ဒပြပွဲတွေက "နိုင်ငံတွင်းမှာ နက်နက်ရှိုင်းရှိုင်းနဲ့ ကာလရှည်ကြာ ဖြစ်နေတဲ့ စိတ်ပျက်မှုတွေကို ဖောက်ထုတ်ပေးလိုက်တာပါ" လို့ RSP ပါတီ အမတ်လောင်းအဖြစ် ကေလာလီဒေသကနေ ရွေးကောက်ပွဲဝင်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ ကေပီ ခန်နဲက ပြောပြီး "တချိန်တည်းမှာပဲ ဂျန် ဇီတို့ရဲ့စွန့်လွှတ်ခဲ့ရမှုတွေ၊ အသံတွေက လူထုကြားထဲမှာ တည်ရှိနေမှာပါ၊ သူတို့ကို ဘယ်သူမှ မေ့လျော့ကြမှာ မဟုတ်ပါဘူး။" ဆိုပါတယ်။

"စဉ်ဆက်မပြတ် အမြဲလုပ်ဆောင်နေမှုက အဓိကကျပါတယ်။ တာဝန်ခံမှုနဲ့ တရားမျှတမှုတွေ ရှိစေဖို့ ကျွန်တော်တို့ရဲ့အသံတွေကို အမြဲထုတ်ဖော်သွားမှာပါ၊ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ရဲ့ သတင်းစကားတွေက လူထုကြားကို အကျယ်အပြန့် ရောက်ရှိသွားပါလိမ့်မယ်။ လူထုယုံကြည်တဲ့၊ လူထုကိုယ်တိုင် ပါဝင်ချင်တဲ့ တကယ့်လှုပ်ရှားမှုက အခုမှ အစပြုရုံပဲ ရှိပါသေးတယ်။"

နိုင်ငံရေးသုံးသပ်သူတွေကတော့ နီပေါရဲ့ထူးခြားတဲ့နိုင်ငံရေးဝန်းကျင်အနေအထားနဲ့ လူငယ် လှုပ်ရှားမှုရဲ့ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ချက်တွေကို ထောက်ပြကြပါတယ်။

ညွန့်ပေါင်းအစိုးရတွေဖြစ်လာဖို့ ပုံစံထုတ်ထားတဲ့နီပေါရွေးကောက်ပွဲစနစ်ကြောင့် နှစ်များစွာ အတွင်း ဘယ်နိုင်ငံရေးပါတီကမှ တစ်ပါတီတည်း အများစုမဲအနိုင်ရပြီး အုပ်ချုပ်နိုင်သွားတာမျိုး အဲဒီမှာ မရှိခဲ့ပါဘူး။

နိုင်ငံမှာ နိုင်ငံရေးပါတီအနည်းအပါးသာရှိပြီး နိုင်ငံရေးသမား လက်တစ်ဆုပ်စာက ဝေဖန်သူတွေ အဆိုအရ နိုင်ငံရဲ့နိုင်ငံရေး ဂီတစင်မြင့်ကို ပဲ့ထိန်းကိုင်ထားကာ မဟာမိတ်တစ်ဖွဲ့ကနေ နောက်တစ်ဖွဲ့ကို ကူးပြောင်းတဲ့အလေ့နဲ့ အသားကျနေတာမို့ နီပေါမှာ ၁၇ နှစ်အတွင်း အစိုးရပေါင်း ၁၄ ခု နဲ့ သွားခဲ့ကြတာပါ။

ဂျန် ဇီတွေရဲ့ဆန္ဒပြမှုတွေ အဓိကဖြစ်တည်လာရာ လာဘ်စားမှုတွေအပေါ် ပြည်သူတွေကလည်း အရင်ကတည်းက အမျက်ချောင်းချောင်းထွက်နေကြတာဖြစ်ပြီး ရွေးကောက်ပွဲမှာ နှိုင်းယှဉ်မှုအရ သက်တမ်းအနည်းငယ်သာ ရှိသေးတဲ့ ပါတီ RSP က ပြည်သူတွေအကြား ရေပန်းစားခဲ့တာပါ။

"နီပေါမှာက သက်တမ်းရင့် ပါတီ ၃ ပါတီ စလုံးက ဘယ်သူကမှ ထိပ်တန်းရောက်မလာခဲ့တဲ့ အပြင် သိက္ခာလည်း ကျနေတာဖြစ်တော့ နုပျိုတဲ့ RSP ပါတီနဲ့ သူ့ခေါင်းဆောင်တွေက အကျိုးထူး ရသွားတာပါ" လို့ ဝက်မင်စတာ တက္ကသိုလ်မှာရှိတဲ့ ဒီမိုကရေစီလေ့လာရေးစင်တာက ဒါရိုက်တာ နီတာရှာ ကူးလ်က မှတ်ချက်ပြုပါတယ်။

ဘာလန်ဒရာ ရှား (ညာဘက်အမျိုးသား) က ရက်ဘီ လမ်မီိချိန်း ဦးဆောင်တဲ့ RSP ပါတီနဲ့ မဟာမိတ်ဖွဲ့ခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဘာလန်ဒရာ ရှား (ညာဘက်အမျိုးသား) က ရက်ဘီ လမ်မီိချိန်း ဦးဆောင်တဲ့ RSP ပါတီနဲ့ မဟာမိတ်ဖွဲ့ခဲ့

ဘာလန်ဒရာ ရှားနဲ့ RSP ပါတီမဟာမိတ်ဖွဲ့ကြတာ၊ လှုပ်ရှားခေါင်းဆောင် လူငယ်တွေ၊ ဆန္ဒပြပွဲခေါင်းဆောင်တွေက အဲဒီပါတီကို ဝင်ကြတာ စတာတွေက သူတို့ရဲ့အောင်မြင်မှုကို ဖြစ်စေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ RSP ဟာ ရွေးကောက်ပွဲ မဲဆွယ်မှုအောင်မြင်အောင် သူတို့မှာ ရှိတဲ့ အရင်းအမြစ်တွေ အဆက်အသွယ်ကွန်ရက်တွေကို ပံ့ပိုးပေးခဲ့တဲ့အတွက်ပါ။

RSP ခေါင်းဆောင် ရက်ဘီ လမ်မီိချိန်းဟာလည်း လာဘ်စားမှုတွေရှိခဲ့တယ်လို့ တချိန်က စွပ်စွဲခံခဲ့ရဖူးပါတယ်။ ဒါပေမဲ့ လူအများရဲ့စိုးရိမ်ချက်ကို ဒီမဟာမိတ်ဖွဲ့မှုက သက်သာရာ ရခဲ့ပုံပါ။ ပါတီက စုစည်းထားပြီးသား အရင်းအမြစ်တွေကလည်း လူစုဝေးနိုင်တဲ့ သြဇာတိက္ကမရှိသူ ရှားအတွက် အကူအညီဖြစ်စေခဲ့ပါတယ်။

"ပါတီ စုစည်းဖွဲ့စည်းထားမှုက အရေးကြီးတဲ့အခန်းကဏ္ဍမှာရှိတဲ့ တောင်အာရှနိုင်ငံရေး အခြေအနေမှာ လူငယ်ထု ဦးဆောင်ပါတီက ကျယ်ပြန့်တဲ့ပါတီ ဖွဲ့စည်းမှုကို ရွေးကောက်ပွဲ မတိုင်ခင်မှာ သိပ်ကို လိုချင်ခဲ့တာပါ" လို့ နီပေါ နိုင်ငံရေးလေ့လာသုံးသပ်သူ အမ်မစ် မူလ်မီက ပြောပါတယ်။

မနှစ်က ဂျန် ဇီ ဆန္ဒပြပွဲနောက်ပိုင်း နိုင်ငံရေးပါတီသစ်ထောင်ကြတဲ့ သူ့သူငယ်ချင်းတွေက သူ့ကို အဲဒီပါတီထဲ ဝင်ဖို့ စည်းရုံးကြတဲ့အခါ သူ မဝင်ခဲ့တဲ့အကြောင်းရင်းကလည်း အဲဒါပါပဲလို့ လူငယ်လှုပ်ရှားတက်ကြွသူ ပါရပ်ရှ်တန် ဆူပရာဘက် ယာဒက်ဗ်က စိတ်ထဲမှာ တွေးခဲ့ပါတယ်။

ယာဒက်က မဝင်လိုဘူးလို့ သူငယ်ချင်းတွေကို ပြန်ဖြေခဲ့ပါတယ်။ "ရွေးကောက်ပွဲ အနိုင်ရဖို့ ဆိုတာက လွယ်လွယ်ကူကူ မဟုတ်ဘူးလေ။ လှုပ်ရှားမှုတွေကို စည်းရုံးရတာနဲ့ ရွေးကောက်ပွဲ အနိုင်ရအောင် လုပ်ရတာ ဆိုတာက မတူပါဘူး" လို့ သူက ဘီဘီစီကို ပြောပါတယ်။

"နိုင်ငံရေးပါတီဆိုပြီး ကောက်ခါငင်ခါ ထူထောင်လိုက်လို့ မရဘူး။ ... ဒါကို မောင်းနှင်နိုင်မယ့် စက်ကြီးဆိုတာမျိုးလည်း လိုသေးတယ်။ ဘဏ္ဍာရေး၊ ဖွဲ့စည်းတည်ဆောက်ရေးစတဲ့ပြဿနာတွေ အများကြီး၊ ဒါတွေကို ကျွန်တော်တို့ အဲဒီအချိန်မှာ အလွယ်တကူဖြေရှင်းနိုင်တာ မဟုတ်ဘူးလေ။"

အသက် ၂၇ နှစ်အရွယ် သူဟာ ပါတီသစ်ထောင်မယ့်အစား RSP ပါတီကို ဒီဇင်ဘာလထဲမှာ ဝင်ခဲ့ပါတယ်။ ဒီပါတီဟာ ခိုင်ခိုင်မာမာ ထူထောင်ထားပြီးသားပါတီတွေထဲမှာ စွမ်းဆောင်ရည်ရှိတဲ့ပါတီ၊ ပါတီစည်းရုံးရေး လုပ်ငန်းကွန်ရက်လည်း ကျယ်ပြန့်တဲ့ပါတီ၊ ပါတီဝင်သစ်တွေ အများအပြားရှိတဲ့ပါတီလို့ သူက မြင်ခဲ့ပါတယ်။

သူ့ ဆုံးဖြတ်ချက်က ရလဒ်ထွက်လာပါတယ်။ ယာဒက်ဗ်ဟာ ရွေးကောက်ပွဲမှာ အချိုးကျ ကိုယ်စားပြုမဲပေးစနစ်(PR)အရ RSP ရဲ့လွှတ်တော်အမတ်ဖြစ်လာပြီး ပြီးခဲ့တဲ့သီတင်းပတ် အတွင်းက ပါလီမန်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

ဂျန် ဇီ ဆန္ဒပြပွဲနောက်ပိုင်း သူငယ်ချင်းတွေက ပါတီသစ် တခု ထောင်ဖို့ စည်းရုံးကြပေမယ့် ပါရပ်ရှ်တန် ဆူပရာဘက် ယာဒက်ဗ်က လက်မခံခဲ့

ဓာတ်ပုံ ရင်းမြစ်, Bijay Gajmer

ဓာတ်ပုံ ပုံစာ, ဂျန် ဇီ ဆန္ဒပြပွဲနောက်ပိုင်း သူငယ်ချင်းတွေက ပါတီသစ်တစ်ခု ထောင်ဖို့ စည်းရုံးကြပေမဲ့ ပါရပ်ရှ်တန် ဆူပရာဘက် ယာဒက်ဗ်က လက်မခံခဲ့

မစ္စ ကူးလ်က ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ကာလရှည်ကြာ စည်းရုံးလှုံဆော်တာမျိုးက လိုအပ်တယ်လို့ ဆိုပါတယ်။

"စိတ်အားသန် တက်ကြွမှုတွေ၊ စိတ်ပျက်အားယုတ်မှုတွေ၊ ဒေါသတွေ၊ ရှင်းသန့်တဲ့နိုင်ငံရေး စိတ်တွေက မောင်းနှင်တဲ့လှုပ်ရှားမှုတစ်ခုဆိုတာ ရှေ့မတိုးဘဲ တန့်နေတဲ့အခြေအနေတခုကို စိန်ခေါ်တဲ့ နေရာမှာ ပိုကောင်းမွန်ပါလိမ့်မယ်။ ဒါပေမဲ့ ဒါတွေက ရွေးကောက်ပွဲအောင်နိုင်ရေးမှာ မရှိမဖြစ် လိုအပ်နေတဲ့အရာတွေ မဟုတ်ဘူး" လို့ သူက ပြောပါတယ်။

"အထူးသဖြင့် တောင်အာရှမှာက လေးစားလိုက်နာရတဲ့ယဉ်ကျေးမှုတွေ၊ လူမှုထုံးတမ်းတွေကို အလေးထားရတာတွေ၊ ဖိုကြီးစိုးရေးဝါဒလွှမ်းမိုးမှုတွေက လူငယ်လှုပ်ရှားမှု မအောင်မြင်အောင် ပိတ်ပင်ထားသလို ဖြစ်နေတာပါ။ ဒါပေမဲ့ နီပေါက အကောင်းဆုံး ဥပမာတစ်ခုကို ပြသွားနိုင်ခဲ့ပါပြီ။"

အရေးကြီးတဲ့အချက်တချို့က ဘင်္ဂလားဒေ့ရှ်ဘက်မှာ ကင်းမဲ့နေတယ်လို့ တချို့သုံးသပ်သူတွေက ဆိုပါတယ်။

ဂျန် ဇီ လှုပ်ရှားမှုက မဖြုတ်ချနိုင်ခင်အထိ အာဏာရှင်ဆန်ဆန် အဝါမီလိခ် ပါတီက ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးမှာ နှစ်ပေါင်းများစွာ လွှမ်းမိုးထားခဲ့တာပါ။

ဆိုတော့ "ဒုတိယနဲ့ တတိယက လိုက်ခဲ့တဲ့ ပါတီတွေကို အဖိနှိပ်ခံထားရသူတွေလို့ အများက မြင်ကြပါတယ်" လို့ ကူးလ်က ဘီအန်ပီနဲ့ အစ္စလာမ်မစ် ဂျမေး အီ အစ္စလာမ်မီ ပါတီတို့ ရွေးကောက်ပွဲမှာ အခြေအနေတွေ ကောင်းခဲ့တာကို ကိုးကားရင်း ပြောပြပါတယ်။

ဒီပါတီတွေက သူတို့ကိုယ်သူတို့ ပြုပြင်ပြောင်းလဲရေး စိတ်ထားရှိသူတွေ၊ လူငယ်လှုပ်ရှားမှုနဲ့ နီးစပ်မှု ရှိသူတွေလို့ ပုံဖော်ပြောကာ "ဆန္ဒပြပွဲက ထွက်လာတဲ့စွမ်းအင်တွေကို သူတို့က လူငယ်တွေ ဦးဆောင်ပြီး ဖွဲ့စည်းဖြစ်ပေါ်လာတဲ့အဖွဲ့သစ်တွေထက် ပိုပြီး ဆွဲယူနိုင်စွမ်းရှိကြတယ်" လို့ စင်ကာပူအမျိုးသားတက္ကသိုလ်ရဲ့တောင်အာရှလေ့လာရေး အင်စတီကျုက သုတေသီ အင်မ်ရန် အာမက်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ဂျန်ဇီတွေရဲ့ အန်စီပီ ပါတီက အစ္စလာမ္မစ် ဂျမေးလ် အီ အစ္စလာမီပါတီနဲ့ သွားပြီး ညွန့်ပေါင်းဖွဲ့လိုက်တာက ပြဿနာတွေ ကြုံခဲ့ရပါတယ်၊ အထူးသဖြင့် လူငယ်အမျိုးသမီးတွေ၊ လူငယ်လှုပ်ရှားမှုရဲ့အဓိကနေရာတွေက ပါဝင်ခဲ့ကြသူတွေနဲ့ ကင်းဝေးသွားခဲ့ရပါတယ်။ အဆုံးမှာတော့ အန်စီပီဟာ သူတို့ ဝင်ပြိုင်တဲ့အမတ် နေရာ ၃၀ မှာ ၆ နေရာသာ အနိုင်ရခဲ့ပါတယ်။

အချိန်ကာလ ကွာဟ သွားမှုကလည်း အချက်တစ်ချက်ဖြစ်ခဲ့တယ်လို့ ထောက်ပြကြပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ရွေးကောက်ပွဲက လူငယ်ဆန္ဒပြပွဲတွေဖြစ်ပြီး နောက် ၁ နှစ်ခွဲကြာမှ ဖြစ်ပေါ်လာတာဖြစ်ပြီး နီပေါမှာက ၆ လသာ ကွာပါတယ်။

ဒက္ကာမြို့မှာ ၂၀၂၄ ခုနှစ်တုန်းက လူငယ် ဆန္ဒပြသူတွေ လမ်းပေါ်တက် ဆန္ဒပြချိန် ဘင်္ဂလားဒေ့ရှ် အလံကို ဝှေ့ယမ်း ဆန္ဒပြနေကြ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၄ မှာ ဘင်္ဂလားဒေ့ရှ် လူငယ်တွေရဲ့အားသာတဲ့ဆန္ဒပြပွဲတွေက အဝါမီလိခ် အစိုးရကို ဖြုတ်ချနိုင်ခဲ့

ဘင်္ဂလားဒေ့ရှ်ဆန္ဒပြသူတွေက ကြီးမားတဲ့တိုးတက်ပြောင်းလဲမှုကြီးကို ဖြစ်စေခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်ချက်တွေကို အာရုံထားပြီး ဆန္ဒပြသူတွေက "နိုင်ငံရှေ့ရှုတဲ့ လမ်းကြောင်းကို ပြောင်းလဲပေးခဲ့ပါတယ်" လို့ အာမက်က မှတ်ချက်ပြုပါတယ်။ ဆန္ဒပြပွဲကနေ လူထုဆန္ဒခံယူပွဲ၊ ရွေးကောက်ပွဲ၊ အဲဒီကနေ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တာ၊ လွှတ်တော် စနစ်နဲ့ တရားရေးစနစ်တွေကို ပြင်ဆင်တာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

အရေးပါပြီး အခြေခံကျကျပြောင်းလဲမှုတွေအတွက် အချက် ၃၁ ချက်ပါ အစီအစဉ်တခုကို ဘီအန်ပီ အစိုးရသစ်အနေနဲ့ ချပြထားပါတယ်။

"သူတို့ လုပ်နေတာက အဝါမီလိခ်က အရင်က လုပ်လေ့ရှိတဲ့ အစီအစဉ်တွေလိုပါပဲ" လို့ ဖာတီမာကို ပြောရင်း အစိုးရသစ်အနေနဲ့ ဘင်္ဂလားဒေ့ရှ်လူငယ်တွေအတွက် အလုပ်အကိုင်တွေ ပိုများလာဖို့၊ စီးပွားရေးအခွင့်အလမ်းတွေ ပိုတိုးလာစေဖို့ ပိုပြီး အာရုံထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

လူငယ်တွေအနေနဲ့မျှော်လင့်ချက်တွေ ဝေဝါးလာပြီး အလုပ်ရဖို့ နိုင်ငံခြားကို ထွက်သွားကြသူတွေ များလာတယ်လို့ သူက ပြောပါတယ်။ ရွေးကောက်ပြီးတဲ့နောက်ပိုင်း နိုင်ငံရေးကို စိတ်မပါကြတော့တဲ့လူငယ်တွေလည်း များလာပါတယ်။

"လူငယ်တွေက ဒီနိုင်ငံထဲမှာ သူတို့ရဲ့ အနာဂတ်ကို မမြင်ကြရတော့ဘူး၊ ဒီနိုင်ငံရေး ဝန်းကျင်မှာ သူတို့အခန်းကဏ္ဍက ဘယ်မှာလဲဆိုတာကိုလည်း မသိနိုင်ကြတော့ဘူး" လို့ သူက ပြောပါတယ်။

အူမာမာ ဖာတီမာကို အစက်လေးတွေပါတဲ့ လည်စည်းပဝါပတ်၊ အညိုရောင် ကုတ်အင်္ကျီဝတ်ထားတဲ့ပုံနဲ့တွေ့ရပြီး ရှုခင်းကြည့်နောက်ခံနဲ့ ကင်မရာကို ပြုံးကြည့်နေ။ အနောက်မှာ တောင်တန်းတွေတွေ့ရ

ဓာတ်ပုံ ရင်းမြစ်, Usama Noor Safkat

ဓာတ်ပုံ ပုံစာ, ဘင်္ဂလားဒေ့ရှ် တက်ကြွလှုပ်ရှားသူ အူမာမာ ဖာတီမာကတော့ အစိုးရသစ်အနေနဲ့ လူငယ်တွေအတွက် အလုပ်အကိုင်နဲ့ပညာရေးအခွင့်အလမ်း ပိုဖြစ်လာရေး အာရုံစိုက်စေချင်ပါတယ်

ဒါပေမဲ့ တချို့ကတော့ ပါလီမန်မှာ ခြေကုတ် အနည်းငယ် ရလာပြီဖြစ်တဲ့ လူငယ်ပါတီ အန်စီပီဟာ လူငယ်လှုပ်ရှားမှုတွေနဲ့ အားပြန်ကောင်းလာနိုင်တယ်လို့ မျှော်လင့်ကြပါတယ်။

အန်စီပီဟာ လာမယ့် ဒေသန္တရရွေးကောက်ပွဲတွေမှာ တခြားအဖွဲ့တွေနဲ့ မပေါင်းတော့ပဲ သူတို့ ဘာသာ သီးသန့်ကိုယ်စားလှယ် တင်သွင်းနေပါတယ်။ "နိုင်ငံရွေးကောက်ပွဲထက် ဒီဒေသန္တရရွေးကောက်ပွဲတွေမှာ ပြည်သူတွေက ဒီပါတီကို ပိုလက်ခံလာကြမယ်လို့ ကျွန်တော်ထင်တယ်" လို့ ဂျန် ဇီ ဆန္ဒပြသူလည်းဖြစ် ဒေသဆိုင်ရာ အန်စီပီ ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်တဲ့ ရာဟက် ဟူစိန်က ပြောပါတယ်။

"အန်စီပီဟာ လမ်းပေါ်က ပြည်သူတွေနဲ့အတူ ဆက်ရပ်တည်မယ်၊ ဆက်တိုက်ပွဲဝင်မယ်၊ ပေးထားတဲ့ကတိတွေကို ဆက်ကိုင်စွဲထားမယ်ဆိုရင် အနာဂတ်မှာ ပိုပြီးအောင်မြင်မှု ရလာမှာပါ။"

နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်က ဆန္ဒပြလူငယ်တွေ အားလုံးကိုင်စွဲထားတာ တစ်ခုက အပြောင်းအလဲ ဖြစ်လာဖို့ ဆက်တိုက်ပွဲဝင်ကြမယ်ဆိုတဲ့အချက်ပါ။

နီပေါက ဂျန်ဇီအမတ်က သူတို့အစိုးရဟာ ပြည်သူ့အရေးတွေအတွက် တာဝန်ယူတာဝန်ခံမှု ရှိစေဖို့ လုပ်ဆောင်သွားရမှာ ဖြစ်သလို၊ အပြောင်းအလဲအတွက် ပြင်းပြင်းပြပြမျှော်လင့်ထားပါတယ်။

"ကျွန်တော်တို့ အခုဆိုရင် လမ်းပေါ်ဆန္ဒပြကြရာကနေ လွှတ်တော်ထဲ ရောက်လာပါပြီ။ (လူမှုအသိုင်းအဝိုင်းထဲက) ကျွန်တော်တို့ရဲ့နေရာဟာ ပြောင်းလဲသွားပေမဲ့ ကျွန်တော်တို့လုပ်မယ့် လုပ်ငန်းစဉ်ကတော့ ပြောင်းလဲမှာမဟုတ်ပါဘူး'' လို့ ယာဒက်ဗ်က ပြောပါတယ်။

"လာဘ်စားမှု တိုက်ဖျက်ရေး၊ သက်ဆိုင်ရာ နိုင်ငံရေးပါတီနဲ့ ဆက်စပ်မှုတွေ၊ ဆွေမျိုးသားချင်း ကောင်းစားရေးဝါဒတွေအရ ရာထူးပေးတာတွေကို အဆုံးသတ်ရေး စတာတွေက ကျွန်တော်တို့ ရည်မှန်းချက်ပါ။ ကျွန်တော်တို့ပါတီက ဒါတွေလုပ်နေလည်း ကျွန်တော်တို့ တိုက်ဖျက်မယ်။"

ဘင်္ဂလားဒေ့ရှ်ရဲ့အစိုးရသစ်က လူထုဆန္ဒခံယူပွဲရဲ့ရလဒ်တွေကို အကောင်အထည်မဖော်ဘူးဆိုရင် "ကျွန်တော်တို့ လမ်းပေါ် ပြန်ထွက်လာရမှာပဲ" လို့ ဟူစိန်က ပြောပါတယ်။

ဒီတခါ သူတို့ချည်းပဲ မဟုတ်တော့ပါဘူး။ "ကျွန်မတို့ထက် ၁၀ နစ်လောက် ငယ်တဲ့လူငယ်တွေကလည်း သူတို့ဘာသာ လှုပ်ရှားမှုတွေကို လုပ်ဆောင်လာကြလိမ့်မယ်" လို့ ဖာတီမာက ပြောပါတယ်။

"နောက် တဆင့် (ဘင်္ဂလားဒေ့ရှ်)ဆန္ဒပြပွဲတွေကို ဂျန်ဇီတို့ထက် ပိုနုနယ်ငယ်ရွယ်တဲ့ ဂျန်နရေးရှင်း အယ်လ်ဖာက ဦးဆောင်ပါလိမ့်မယ်။"

''ဂျန်ဇီ ဆန္ဒပြပွဲတွေ၊ အနာဂတ်ကို ကယ်ဆယ်ပါ''၊ ''နိုးထလော့ နီပေါ'' စတဲ့ စာတန်းတွေကို ကိုင်ဆောင်ပြီး ဆန္ဒပြနေကြတဲ့ နီပေါက ဆန္ဒပြသူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images