နေပြည်တော်က သမ္မတရွေးပွဲနဲ့ နိုင်ငံတဝန်းက စစ်ရှိန်

စစ်ကိုင်း၊ ရွှေဘိုခရိုင်ထဲက တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဖတ်ရန်အချိန်: မိနစ် ၁၃

နေပြည်တော်မှာ စစ်တပ်ဦးဆောင်တဲ့ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့လွှတ်တော်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သမ္မတနေရာအတွက် ရွေးချယ်လိုက်ပြီဖြစ်ပေမဲ့ နိုင်ငံထဲမှာတော့ စစ်တပ်ရဲ့လေကြောင်းတိုက်တာနဲ့ စစ်ကြောင်းထိုးတာအပြင် စစ်ရှိန်တွေ ဆက်ပြီး မြင့်တက်နေပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ ၁၅ နှစ်ကြာ ရယူထားခဲ့တဲ့ စစ်ခေါင်းဆောင်ရာထူးကို သူ့ လူယုံလို့ မှတ်ယူခံရတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးလက်ထဲကို မတ်လကုန်မှာလွှဲခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ခေါင်းဆောင်အသစ် တာဝန်ယူတဲ့အချိန်မှာလည်း ပြည်နယ်နဲ့ တိုင်းတချို့မှာတော့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။

သမ္မတရွေးချယ်တဲ့ကာလ ဧပြီလပထမအပတ်အတွင်း နိုင်ငံတဝန်း စစ်ရေးအခြေအနေနဲ့ စစ်တပ်ရွေးကောက်ပွဲကနေ သမ္မတပေါ်ထွက်လာပြီးတဲ့နောက် နိုင်ငံရဲ့စစ်ရေးအရွေ့ ဘာတွေဖြစ်လာနိုင်ပါသလဲ။

မကွေးကို စစ်တပ်က မြေပြင်စစ်ကြောင်းထိုးပြီး လေကြောင်း အားပြုတိုက်ခိုက်

ဧပြီ ၄ ရက် နေ့လယ်ပိုင်းမှာ လေကြောင်းတိုက်ခံလိုက်ရတဲ့ ပေါက်နဲ့မြိုင်အစပ်က နေရာတစ်နေရာ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဧပြီ ၄ ရက် နေ့လယ်ပိုင်းမှာ လေကြောင်းတိုက်ခံလိုက်ရတဲ့ ပေါက်နဲ့မြိုင်အစပ်က နေရာတစ်နေရာ

ပြည်ထောင်စုလွှတ်တော်ကနေ သမ္မတရွေးချယ်ပြီး နောက်တစ်နေ့ ဧပြီ ၄ ရက်မှာပဲ စစ်တပ်က မကွေးတိုင်းထဲ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ရေနံမြေတွေရှိရာ မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပါတယ်။

ဗုံးကြဲခံရတဲ့နေရာတွေထဲက တစ်နေရာဟာ ပေါက်မြို့နယ်ထဲက ရေနံမြေတစ်ခုဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ကာကွယ်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလံကိုင်းကျေးရွာဖြစ်ပါတယ်။

ဗုံးကြဲခံရမှုကြောင့် အဲဒီမှာ စောင့်ကြပ်နေတဲ့တော်လှန်ရေးဂိတ်တစ်ခုက ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

"အရပ်သား အထိအခိုက်တော့ မသိရသေးပါဘူး။ အဆောက်အဦတွေ၊ ကားတွေ ပျက်စီးသွားတယ်" လို့ သူက ဧပြီ ၄ ရက်မှာ ပြောပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်းမှာ သိမ်းထားတဲ့ရေနံမြေတွေကို စီမံခန့်ခွဲဖို့ ဒေသအင်အားစုနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့ကြား ညှိနှိုင်းနေချိန်မှာပဲ စစ်တပ်က မြို့နယ်တောင်ပိုင်းကို အင်အားရာချီနဲ့ စစ်ကြောင်းထိုးပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်းမှာ စစ်တပ်ရဲ့ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံရှိ(ကပစ ၂၄) ရှိပြီး စစ်ကြောင်းထိုးတဲ့အင်အားဟာ ကပစ ထဲက ထွက်လာတာလို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

အင်အား ၂၅၀ ထက်မနည်းပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ပေါက်တောင်ဘက်ပိုင်းက ပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး)အဖွဲ့ဝင်တွေ အထိုင်ချထားတဲ့ ရိက္ခာပို့ဖို့ လမ်းကြောင်းရှင်းဖို့ စစ်ကြောင်းနေတာလို့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

စစ်တပ်စစ်ကြောင်းကြောင့် ပေါက်တောင်ဘက်က ကျေးရွာ ၁၄ ရွာက လူဦးရေ ၉,၀၀၀ ကျော်ဟာ နီးစပ်ရာရွာတွေနဲ့ တောတောင်တွေကြားမှာ စစ်ဘေးရှောင်နေကြရတယ်လို့ သူကဆက်ပြောပါတယ်။

အရပ်သားနေရာ လေကြောင်းတိုက်ခိုက်ခံရမှုအများဆုံး စစ်ကိုင်းတိုင်း - ဉာဏ်လင်းသစ်

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရပ်ဝတ်နဲ့အုပ်ချုပ်မှု အသွင်ပြောင်းဖို့ ကြိုးပမ်းနေပေမဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်မှုအားကောင်းတဲ့နေရာတွေကို စစ်တပ်ရဲ့ လေကြောင်း အားပြု တိုက်ခိုက်မှု ဆက်ရှိနေပါတယ်။

စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်မှု အားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲက မြောင်မြို့နယ်၊ နဘက်ရွာကို စစ်တပ်က ဧပြီလ ၃ ရက်မှာ တိုက်လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲခဲ့ပါတယ်။

အဲဒီဖြစ်ရပ်မှာ အရပ်သား ၃ ဦး ဗုံးကျည်စထိမှန်ပြီး မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

နဘက်ရွာမှာရှိတဲ့စာသင်ကျောင်းနဲ့ အနီးတဝိုက်က သစ်စက်ရှိတဲ့နေရာဘက်ကို လေကြောင်းဗုံးကြဲသွားတာလို့ သူက ဆိုပါတယ်။

နဘတ်ရွာကို စစ်တပ်ဗုံးကြဲလို့ အရပ်သား သေဆုံးတာ အခုတစ်ကြိမ်က ပထမဆုံးတော့ မဟုတ်ပါဘူး။ မတ်လကုန်ပိုင်းတုန်းကလည်း နဘတ်ကို စစ်တပ်ဗုံးကြဲလို့ မွေးကင်းစ ကလေးငယ်တစ်ဦးနဲ့ သက်ကြီးပိုင်းတစ်ဦးတို့ သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်းထဲက ဝက်လက်မြို့နယ်ထဲမှာလည်း ဧပြီလအတွင်း စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု ဆက်ရှိပါတယ်။ ဝက်လက်မြို့နယ်ထဲက ဘုရားပြန်ရွာကို စစ်တပ်က ဧပြီ ၃ ရက်ညပိုင်းမှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံသားမိ ၂ ဦး ဒဏ်ရာရပါတယ်။

"ဗုံး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့တာ" လို့ မြို့နယ်မြေပြင်သတင်းတွေကို လူမှုကွန်ရက်ကနေ ဖြန့်ဝေတဲ့ Wetlet Infromational Network က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်တပ်လေကြောင်းတိုက်ခိုက်မှုကို စောင့်ကြည်တဲ့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ကတော့ မတ် ၂၇ ရက်ကနေ ဧပြီလ ၂ ရက်အတွင်း စစ်ကိုင်းတိုင်းဟာ စစ်တပ်ရဲ့အရပ်သားနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေထဲ အများဆုံးခံရတဲ့တိုင်းဖြစ်တယ်လို့ မှတ်တမ်းတင်ပါတယ်။

ဒီကာလတွေဟာ နေပြည်တော်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တစ်ယောက် တပ်ချုပ်အနေနဲ့ စစ်ရေးပြပွဲကို နောက်ဆုံးတက်ရောက်တာ၊ သူ့ရာထူးကို လွှဲပြောင်းပေးတာနဲ့ လွှတ်တော်မှာ သူ့ကို သမ္မတအဖြစ်အမည်စာရင်းတင်ဖို့ စိုင်းပြင်းကြတဲ့နေ့ရက်တွေဖြစ်ပါတယ်။

သုတေသနအဖွဲ့ရဲ့မှတ်တမ်းထဲမှာတော့ မတ် ၃၀ ရက်မှာ စစ်ကိုင်းတိုင်းထဲက ဘုတလင်မြို့နယ်ထဲမှာရှိတဲ့ ငပရင်းကျေးရွာက ဆေးပေးခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်တာလည်း ပါဝင်ပါတယ်။

အဲဒီဆေးခန်း ဗုံးကြဲခံရမှုမှာ မွေးကင်းစ ကလေးတစ်ဦးအပါအဝင် သေဆုံးသူ ၈ ဦးအထိ ရှိခဲ့တယ်လို့ ဘုတလင်အခြေစိုက် ဒေါင်းရာဇာသပိတ်အဖွဲ့တာဝန်ခံ ကိုမိုးကြိုးက ဘီဘီစီကိုပြောပါတယ်။

ဒီဆေးပေးခန်းဟာ ဘုတလင်အပြင် အရာတော်နဲ့ ဒီပဲယင်းမြို့နယ်ထဲက ဒေသခံတွေ အားထားနေရတဲ့ဆေးခန်းဖြစ်တယ်လို့ သူက ပြောပါတယ်။

ဧပြီ ၄ ရက် နေ့လယ်ပိုင်းမှာ လေကြောင်းတိုက်ခံလိုက်ရတဲ့ ပေါက်နဲ့မြိုင်အစပ်က နေရာတစ်နေရာ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဧပြီ ၄ ရက် နေ့လယ်ပိုင်းမှာ လေကြောင်းတိုက်ခံလိုက်ရတဲ့ ပေါက်နဲ့မြိုင်အစပ်က နေရာတစ်နေရာ

စစ်ကော်မရှင်တပ်ဟာ မကွေးနဲ့ စစ်ကိုင်းတင်မက တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ဧပြီလ ပထမ သီတင်းပတ်အတွင်း လေကြောင်းကနေ ဗုံးကြဲတာတွေ ပြုလုပ်ခဲ့ပါတယ်။

စစ်တပ်ဟာ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ်၊ ဘီးလင်းမြို့နယ်ထဲက လေးကေကျေးရွာနဲ့ ဝင်းတာပန်ကျေးရွာတွေကို တိုက်ပွဲမရှိဘဲ ဧပြီလ ၁ ရက်နဲ့ ၂ ရက်မှာ ၂ ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးအလုံးရေ ဆယ်ချီ ကြဲခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပါတယ်။

ကရင်အမျိုးသားအစည်းရုံးက ဘီးလင်းမြို့နယ်ကို သူတို့ အုပ်ချုပ်ရေးဖြန့်ကြက်တဲ့ တပ်မဟာ ၁ နယ်မြေထဲ ထည့်သွင်းထားပြီး စစ်တပ်ဟာ တိုက်ပွဲမရှိဘဲ လေကြောင်းဗုံးကြဲခဲ့တာလို့ KNU က ပြောပါတယ်။

ဝင်းတာပန်ရွာထဲ စစ်တပ်ကြဲတဲ့ဗုံးဟာ အဲဒီရွာထဲက စစ်တပ်စခန်းအနီးကိုပါ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ KNU က ဆိုပါတယ်။

လေးကေနဲ့ ဝင်းတာပန်တို့မှာ စစ်တပ်စခန်းတွေရှိနေပြီး ဒီစခန်းတွေကနေ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ထွက်ခွာဖို့ KNU ရဲ့လက်နက်ကိုင်တပ်ဖြစ်တဲ့ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့(KNDO) တပ်မဟာ ၂ က ၂၀၂၂ ခုနှစ်ထဲမှာ ကြေညာချက် ထုတ်ခဲ့ဖူးပါတယ်။

ရခိုင်ပြည်နယ်ထဲမှာလည်း အာရက္ခတပ်တော်(အေအေ) က ၂၀၂၄ ခုနှစ် နှစ်လည်ပိုင်းကတည်းက ထိန်းချုပ်ထားတဲ့ သံတွဲနဲ့ ငပလီမြို့တွေကို စစ်တပ်က ဧပြီလ ၁ ရက်မှာ လေကြောင်းကနေ ဗုံးကြဲပါတယ်။

တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတာအပြင် အနီးနား ရေပြင်မှာရှိတဲ့ စစ်သင်္ဘောကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ကလေးငယ် တစ်ဦးအပါအဝင် တစ်မိသားစုတည်းက လူ ၄ ဦးသေဆုံးခဲ့တယ်လို့ အေအေက ပြောပါတယ်။

စစ်တပ်လက်နက်ကြီးကျည်အများစုကျတဲ့နေရာတွေကတော့ သံတွဲနဲ့ ငလလီမြို့ပေါ်တွေက စစ်တပ်စခန်းဟောင်းနေရာတွေနဲ့ ရဲစခန်းနေရာတွေလို့ မြေပြင်အခြေအနေသိသူက အစောပိုင်းမှာ ဘီဘီစီကို ပြောပါတယ်။

စစ်ကြောင်းထိုးတာနဲ့ တိုက်ပွဲတွေ

ဧပြီ ၃ ရက်တုန်းက မြောင်၊ နဘက်ရွာက လေကြောင်းတိုက်ခံလိုက်ရတဲ့နေရာ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဧပြီ ၃ ရက်တုန်းက မြောင်၊ နဘက်ရွာက လေကြောင်းတိုက်ခံလိုက်ရတဲ့နေရာ

နေပြည်တော်မှာ စစ်ကော်မရှင်ကနေ အရပ်သားအစိုးရ အသွင်ပြောင်းဖို့ ကြိုးပမ်းနေတဲ့ ဧပြီလ ပထမသီတင်းပတ်အတွင်းမှာ နိုင်ငံတဝန်း တိုင်းနဲ့ပြည်နယ် ၄ ခုက မြို့နယ် ၄ ခုထက်မနည်းမှာလည်း စစ်ကော်မရှင်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေဆက်ရှိနေပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် မြောက်ခြမ်းက ရွာတွေကို စစ်တပ်က ၂၀၂၅ နှစ်ကုန်ပိုင်းကစလို့ ၂၀၂၆ ဧပြီလ ပထမအပတ်အထိ စစ်ကြောင်းထိုးနေပါတယ်။

ဧပြီပထမအပတ်အတွင်းမှာပဲ ရွှေဘိုခရိုင်ထဲက ကျောက်မြောင်းမြို့အခြေစိုက်တဲ့ အမှတ် ၁၂ ခြေမြန်တပ်ရင်းထဲကနေ စစ်ကြောင်း ထွက်လာသလို စစ်တပ်က ဝက်လက်မြောက်ခြမ်းဘက်က ရွာတွေဘက်ကို အသေခံဒရုန်းတွေနဲ့ ဗုံးကြဲတာ၊ ဟောင်ဝစ်ဇာအမြောက်နဲ့ ပစ်ခတ်တာအပြင် လေယာဉ်နဲ့ ဗုံးကြဲတာတွေပါ လုပ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပါတယ်။

စစ်ကိုင်း-ကျောက်မြောင်းကိုဆက်ထားတဲ့ ခရိုင်းချင်းဆက် အမှတ် ၃ လမ်းကို စစ်တပ်က ထိန်းချုပ်ချင်လို့ ဝေဟင်၊ မြေပြင်ထိုးစစ်ဆင်နေတာလို့ သူက ပြောပါတယ်။ အဲဒီလမ်းပိုင်းထဲက နေရာတချို့ကို ဝက်လက်အခြေစိုက် တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။

"လမ်းပိုင်းမကျအောင် ခုခံနေရလို့ စစ်တပ်စစ်ကြောင်းတွေနဲ့ ဝက်လက်မြောက်ခြမ်းမှာ ဒီနေ့အထိ တိုက်ပွဲဖြစ်နေတာ" လို့ ဝက်လက်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို ဧပြီ ၄ ရက်မှာ ပြောပါတယ်။

မန္တလေးတိုင်းထဲက တကောင်းမြို့နယ်၊ စစ်ကိုင်းထဲက ကသာမြို့နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)ထဲက မိုးမိတ်မြို့နယ်ထဲက နေရာတချို့မှာလည်း စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား ဧပြီ ၄ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ အဲဒီဒေသတွေမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။

တကောင်းမြို့နဲ့ မိုးမိတ်မြို့တို့ကိုတော့ စစ်တပ်က ထိန်းချုပ်ထားတာပါ။

စစ်ကိုင်းတိုင်းအထက်ပိုင်းက ကသာမြို့ကိုတော့ စစ်တပ်၊ ကချင်လွတ်လပ်ရေးတပ်(KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်တွေက အပိုင်းလိုက် ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

ကချင်ပြည်နယ်ထဲက ဖားကန့်မြို့နယ်ထဲမှာလည်း စစ်တပ်ရဲ့ ကာကင်းကုန်း ၃ ခုထက်မနည်းကို ကချင်လွတ်လပ်ရေးတပ်(KIA/PDF) ပူးပေါင်းတပ်တွေက သိမ်းယူထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အဲဒီကုန်းတွေကို ရဖို့ KIA ပူးပေါင်းတပ်တွေက ဧပြီ ၂ ရက်မှာ ထိုးစစ်ဆင်ပြီး တစ်ရက်တည်းမှာပဲ ထိန်းချုပ်ခဲ့တာလို့ သိရပါတယ်။

စစ်တပ်က ကာကင်းကုန်းတွေကို လက်လွှတ်ရပြီးတဲ့နောက် ဧပြီ ၄ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

မြို့အတွင်းက မှော်ဝမ်းကြီး၊ မှော်ဝမ်းလေး၊ မှော်ဆီဆာ၊ ဖားပြင်၊ ယူမာကျေးရွာနဲ့ မရှိကထောင် ရပ်ကွက်တွေဘက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သူကဆိုပါတယ်။

KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ဖားကန့်မြို့နယ် အမှိုက်ပုံရွာထဲက စစ်တပ်အထိုင်ချထားတဲ့ခြေကုပ်စခန်း ၃ ခုကို သိမ်းထားတယ်လို့ ဘီဘီစီကို ဧပြီလ ၃ ရက်မှာ ဖြေကြားထားပါတယ်။

စစ်တပ်က ခြေကုပ်စခန်းတွေကို လက်လွှတ်လိုက်ရပြီးတဲ့နောက် အဲဒီစခန်းနေရာတွေကို ဧပြီ ၄ ရက်အထိ လက်နက်ကြီးနဲ့ပစ်ခတ်တာအပြင် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

သမ္မတရွေးချယ်ပြီးနောက် စစ်ရေးအရွေ့

ဗိုလ်ချုပ်မှူးကြီးမင်းအောင််လှိုင်ကို မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီး တစ်နှစ်ပြည့်အခမ်းအနားမှာ တွေ့ရတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဧပြီလ ၃ရက် နေပြည်တော်က သမ္မတရွေးချယ်ပွဲမတိုင်ခင် မြန်မာစစ်တပ်အတွင်း ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ရာထူးတွေ အပြောင်းအလဲဖြစ်ခဲ့ပါတယ်။

ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က သူယူထားတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို မတ်လ ၃၀ ရက်နေ့မှာ အခမ်းအနားနဲ့ လွှဲပေးပါတယ်။

ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း သူ့ရာထူးကို ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို တစ်နေ့တည်းမှာပဲ လွှဲပါတယ်။

ဒါကြောင့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းက ဒုတပ်ချုပ် ရာထူးနဲ့ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ရာထူးတို့ကို ပူးတွဲတာဝန်ယူနေပါတယ်။

လက်ရှိစစ်တပ်ခေါင်းဆောင်တွေအပေါ် ရှေ့က စစ်ခေါင်းဆောင်တွေရဲ့ ပုဂ္ဂိုလ်ရေးသြဇာအာဏာဆက်ရှိနေပေမဲ့ တပ်ပိုင်းဆိုင်ရာစီမံခန့်ခွဲမှုနဲ့ စစ်ဆင်ရေးအပိုင်းမှာ ပုံစံ အနည်းငယ် ပြောင်းသွားနိုင်တယ်လို့ CDM ဗိုလ်မှူး နောင်ရိုးက သုံးသပ်ပါတယ်။

''ဘာကြောင့်လဲဆိုရင် အရင်တုန်းက ဒီလူတွေက သူ့တို့ရှေ့က ခေါင်းဆောင်တွေရဲ့စီမံမှုတွေကို လိုက်လုပ်ရတယ်။ အခုတော့ သူတို့က ခေါင်းဆောင်ဖြစ်လာပြီမို့ သူတို့ကိုယ်တိုင် ရှုမြင်သုံးသပ်ချက်တွေအပေါ်မှာ အကောင်အထည်ဖော်မှာဖြစ်လို့ စစ်ဆင်ရေး ဦးစားပေးမှုပုံစံတွေ၊ နည်းဗျူဟာအချို့တွေ ပြောင်းလဲလာမယ်လို့ ကျွန်တော် ယူဆပါတယ်'' လို့သူက ပြောပါတယ်။

CDM ဗိုလ်မှူးနောင်ရိုးက CDM တပ်မတော်သားတွေနဲ့ဖွဲ့စည်းထားတဲ့ မြန်မာ့ စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့(MDSI) ရဲ့ စစ်ဘက်ရေးရာသုတေသန တာဝန်ခံလည်းဖြစ်ပါတယ်။

တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ စစ်ဆင်ရေးထက် နိုင်ငံရေးအရ စစ်ခေါင်းဆောင် ဦးဆောင်မယ့် အစိုးရသစ်တက်လာရင် အဲဒီအစိုးရနဲ့ စစ်တပ်ကြား ပေါင်းကူးအဖြစ် ရှိလာမှာလို့လည်း သူက ပြောပါတယ်။

မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းကတော့ တပ်ချုပ်ရာထူးအပြောင်းအလဲတွေဖြစ်ခဲ့ပေမဲ့ လက်ရှိတက်လာတဲ့တပ်ချုပ်အနေနဲ့ တပ်ခေါင်းဆောင်ဆိုတာထက် မန်နေဂျာသဘော ပိုဆန်တယ်လို့ ထင်တဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။

နေပြည်တော်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သမ္မတအဖြစ် လွှတ်တော်က ရွေးချယ်နေ့မှာ ဘီဘီစီနဲ့ ပြုလုပ်တဲ့ဆက်သွယ်မေးမြန်းခန်းမှာ သူက အခုလိုသုံးသပ်တာဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ စိတ်ချယုံကြည်ရသူတစ်ဦးဖြစ်တယ်လို့ အများအမြင်မှာ မှတ်ယူခံထားရသူဖြစ်ပါတယ်။

"ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တဆင့်တပ်ကို ဩဇာလွှမ်းနေဦးမယ်လို့ ယူဆနိုင်တယ်" ဆိုပြီး ဦးအောင်သူငြိမ်းက ကောက်ချက်ချပါတယ်။

လူမပြောင်းဘဲ စစ်ဝတ်စုံကနေ အရပ်သားပြောင်းလာတဲ့ တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့အစိုးရသစ်အနေနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့နေရာမှာ အရပ်သားအစိုးရပီပီပြင်ပြင်ဖြစ်ရေး ဘယ်လိုလုပ်ဆောင်မလဲဆိုတာကို စောင့်ကြည့်ရမယ်လို့လည်း သူက သုံးသပ်ပါတယ်။

တစ်ဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပါတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကို မတ်လကုန်ပိုင်းမှာ ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။

SCEF မှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီကိုယ်စားပြုအဖွဲ့အစည်းတွေ ပါဝင်ပါတယ်။

အဲဒီကောင်စီရဲ့နိုင်ငံရေးဦးတည်ချက်ထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းဖို့နဲ့ ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ရန်ဆိုတဲ့အချက်အပါအဝင် အချက် ၆ ချက် ပါဝင်ပါတယ်။

SCEF ဟာ စစ်ရေးအရ ဦးဆောင်လှုပ်ရှားမှုတွေကို စုစည်းကွပ်ကဲနိုင်ဖို့ ရည်ရွယ်သလို နိုင်ငံရေးအရ အမျိုးသားရေးညီညွတ်မှုကို ကျစ်ကျစ်လစ်လစ် ဦးဆောင်စုစည်းပုံဖော်ဖို့ ဖြစ်တယ်လို့ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောထားပါတယ်။

မြန်မာ့အရေးလေ့သာသုံးသပ်သူ ဦးအောင်သူငြိမ်းကတော့ ဒီစုဖွဲ့မှုကနေ အပြုတ်တိုက်မယ်၊ ဖယ်လှန်မယ်၊ ချေမှုန်းမယ်ဆိုတဲ့ အခြေအနေအထိရောက်ဖို့က အတော်လေးခက်ခဲမယ်လို့ သုံးသပ်ပြောဆိုပါတယ်။

ဒီအတောအတွင်း ထိုင်း -မြန်မာနယ်စပ်၊ ကရင်ပြည်နယ်ထဲမှာတော့ စစ်တပ်ရဲ့ ဝေါလေဗျူဟာ စခန်းကို သိမ်းဖို့ ကြိုးပမ်းတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး(KNLA)ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ကြား တိုက်ပွဲဖြစ်နေတာ သီတင်းတစ်ပတ်ထဲ ဝင်လာပြီဖြစ်ပါတယ်။