ဧပြီ ၄ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ်- ရန်ကုန် မြို့နယ် ၈ ခုက နေရာတချို့မှာ သောက်သုံးရေ အခက်အခဲဖြစ်

ရေပြတ်တောက်နေတဲ့ ရပ်ကွက်တွေကို ရေလိုက်ဝေနေပေးနေကြရပါတယ်

ဓာတ်ပုံ ရင်းမြစ်, မီးသတ်တပ်ဖွဲ့

ဓာတ်ပုံ ပုံစာ, ရေပြတ်တောက်နေတဲ့ ရပ်ကွက်တွေကို ရေလိုက်ဝေနေပေးနေကြရပါတယ်
ဖတ်ရန်အချိန်: မိနစ် ၇

ရန်ကုန်မြို့မှာ ၄ နာရီလာ ၄ နာရီမီးဖြတ်ပြီး အလှည့်ကျ လျှပ်စစ်မီးပေးနေပေမဲ့ မီးလာရမယ့်အချိန်မှာ မိနစ်ပိုင်းသာလာတာတွေကြောင့် ရေမတင်နိုင်လို့ မြို့နယ် ၈ ခုက ရပ်ကွက်တချို့မှာ သောက်သုံးရေ အခက်အခဲတွေဖြစ်နေတယ်လို့ မြို့ခံတွေနဲ့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မရမ်းကုန်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ပုဇွန်တောင်၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ကြည့်မြင်တိုင်၊ သင်္ဃန်းကျွန်း၊ စမ်းချောင်း စတဲ့ မြို့နယ်တွေထဲက ရပ်ကွက်တချို့မှာ သောက်သုံးရေ အခက်အခဲ ရှိနေတာကြောင့် ရေလှူဒါန်းရတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားတာပါ။

သောက်သုံးရေ အခက်အခဲဖြစ်လို့ ရေလှူရတာတွေဟာ ဧပြီ ၃ ရက်နဲ့ ၄ ရက်မှာ ဆက်တိုက်ရှိနေတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်က မင်းလှ-မြောင်းတကာ မဟာဓာတ်အားလိုင်း ချို့ယွင်းတာကြောင့် လူဦးရေ ၇ သန်းကျော်ရှိပြီး လူနေထူထပ်တဲ့ ရန်ကုန်အပါအဝင် တနိုင်ငံလုံးမှာ ၅ နာရီကျော်ကြာအောင် မီးပြတ်တောက်ခဲ့ပါတယ်။

မီးပြတ်တောက်ချိန်ကြာတာ၊ မီးလာရမယ့် အချိန်မှာ မိနစ်ပိုင်းပဲ မီးလာတာတွေကြောင့် တချို့ တိုက်ခန်းတွေမှာ ရေလုံလောက်အောင် မတင်နိုင်တာတွေ ရှိနေတာပါ။

"တချို့တိုက်ခန်းတွေက မြေအောက်ရေလှောင်ကန်မရှိဘဲ မီးလာချိန်မှ ကိုယ့်အခန်းရေစည်ဖြည့်ကြရတော့ ရေမလောက်ဘူးလေ။ တချို့ကျပြန်တော့လည်း မော်တာအားမကောင်းတော့ သူများနဲ့အပြင် ရေမတင်နိုင်ကြဘူး၊ ရေမရှိလို့ အိမ်မှာ ရေလာချိုးကြရတာတွေလည်းရှိတယ်" လို့ အချင်းချင်း ကူညီပေးနေကြရတဲ့ အခြေအနေကို ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ယောက်က ‌ပြောပါတယ်။

ဒါ့ကြောင့် တချို့တိုက်ခန်းတွေက ရေသန့်ဘူးတွေ ဝယ်သုံးနေကြရပါတယ်။

စမ်းချောင်းမြို့နယ်မှာဆိုရင် သောက်သုံးရေအခက်အခဲရှိတဲ့ ရပ်ကွက်တွေကို နေ့ရော၊ ညပါ ရေလိုက်လှူနေရတာကိုလည်း လူမှုကွန်ရက်မှာ တွေ့ရပါတယ်။

စက်သုံးဆီ အကျပ်အတည်းကြောင့် ဆီတန်းစီနေရချိန်မှာ ရန်ကုန်မြို့က တချို့မိသားစုဝင်တွေဟာ ရေရဖို့အတွက်ပါ ရုန်းကန်နေကြရပါတယ်။

NUG နဲ့ မကွေးဖက်ဒရယ်ယူနစ် ပေါင်းပြီး ရေနံကြီးကြပ်ရေးအဖွဲ့ဖွဲ့မယ်

ပဲခူးတိုင်း မင်းလှမြို့နယ်ထဲက ရေနံမြေလုပ်ငန်းခွင်တစ်ခု(ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပဲခူးတိုင်း မင်းလှမြို့နယ်ထဲက ရေနံမြေလုပ်ငန်းခွင်တစ်ခု(ပုံဟောင်း)
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မကွေးတိုင်း၊မြိုင်နဲ့ပေါက်အစပ်က ရေနံမြေတွေကို စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး လက်ရှိအခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရ အဖွဲ့ဝင်တွေ ပူးတွဲပါဝင်မယ့် ရေနံနဲ့ ရေနံထွက်ပစ္စည်းများ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းမယ်လို့ NUG က ထုတ်ပြန်ပါတယ်။

ရေနံနဲ့ ရေနံထွက်ပစ္စည်းများ ကြီးကြပ်ရေးအဖွဲ့က လက်ရှိရေနံမြေမှာ ဖြစ်နေတဲ့ ပြဿနာတွေကို အကောင်းဆုံးနဲ့ အဆင်ပြေဆုံးဖြစ်အောင် ဖက်ဒရယ်စံနှုန်းတွေနဲ့အညီ ပြေလည်အောင် ဖြေရှင်းမယ့်အဖွဲ့ ဖြစ်တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရ ဝန်ကြီးချုပ် ဦးရဲထွန်းဇော်က ဘီဘီစီကို ပြောပါတယ်။

အဲဒီကြီးကြပ်ရေးအဖွဲ့ထဲမှာ NUG အစိုးရအဖွဲ့ဝင်တွေဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်း အပါအဝင် တာဝန်ရှိသူတွေနဲ့ မကွေးဖက်ဒရယ်အစိုးရဘက်ကတော့ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်၊ ဒုဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်၊ မကွေးယူနစ်လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်တို့ ပါဝင်မှာ ဖြစ်ပါတယ်။

ရေနံနဲ့ ရေနံထွက်ပစ္စည်းများ ကြီးကြပ်ရေးအဖွဲ့ကနေထပ်ပြီး မြေပြင်မှာ လုပ်ကိုင်မယ့် ရေနံမြေနဲ့ ရေနံလုပ်ငန်းကော်မတီကိုလည်း ဖွဲ့စည်းသွားမှာဖြစ်တယ်လို့ ဦးရဲထွန်းဇော်က ပြောပါတယ်။

ပြည်ထောင်စုနဲ့ တိုင်းအကြား သယံဇာတခွဲဝေမှုအပိုင်းကတော့ နောက်တဆင့်အနေနဲ့ နောက်လာမယ့်အပတ်မှာ ညှိနှိုင်းသွားမယ်လို့လည်း ဦးရဲထွန်းဇော်က ပြောပါတယ်။

စစ်ကော်မရှင် လက်အောက်ခံ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း- MOGE အောက်မှာရှိတဲ့ ပေါက်နဲ့မြိုင်က ရေနံမြေတွေကို မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ထိန်းချုပ်ထားတာပါ။

အဲဒီရေနံမြေတွေကို ပြည်ထောင်စုအဆင့်အနေနဲ့ လက်လွှဲယူဖို့ NUG က ညှိနှိုင်းလို့ မပြီးသေးချိန်မှာ NUG လက်အောက်ခံ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက တပ်ရင်းတွေက ရေနံမြေတွေကို စီးနင်းလာတာကြောင့် မဟာမိတ် ပဋိပက္ခတွေ မဖြစ်အောင် ဆွေးနွေးနေကြတာပါ။

ဆွေးနွေးမှုတွေ တိုးတက်လာပေမဲ့ ရေနံမြေတွေထဲ ရောက်နေတဲ့ တပ်ရင်းတွေကိုတော့ မရုပ်သေးဘူးလို့လည်း ပေါက်မြို့နယ်က စစ်ရေးအရင်းအမြစ်တွေက ပြောပါတယ်။

တော်လှန်ရေးအဖွဲ့တွေကြား ပဋိပက္ခ မဖြစ်အောင်လည်း ဒေသခံတွေက ဆန္ဒပြတောင်းဆိုသလို ပခုက္ကူခရိုင်တပ်ရင်းတွေနဲ့ နိုင်ငံရေး၊ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း ပြေလည်အောင် ညှိနှိုင်းဖို့ ထုတ်ပြန်တောင်းဆိုခဲ့ကြပါတယ်။

စစ်ခေါင်းဆောင် သမ္မတဖြစ်လာတာကို ရုရှား၊ ဘယ်လာရုစ်နဲ့ တရုတ်ထောက်ခံ

သမ္မတအဖြစ် ရွေးချယ်ခံရတဲ့နေ့မှာပဲ ရုရှား၊ တရုတ်နဲ့ ဘယ်လာရုစ် နိုင်ငံတွေက ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ကြပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သမ္မတအဖြစ် ရွေးချယ်ခံရတဲ့နေ့မှာပဲ ရုရှား၊ တရုတ်နဲ့ ဘယ်လာရုစ် နိုင်ငံတွေက ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ကြပါတယ်

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတအဖြစ် တင်မြှောက်ခံရတဲ့အပေါ် ဝမ်းမြောက်တဲ့အကြောင်း ရုရှား၊ တရုတ်နဲ့ ဘယ်လာရုစ်နိုင်ငံ ခေါင်းဆောင်တွေက သဝဏ်လွှာပေးပို့ကြပါတယ်။

ဒီသဝဏ်လွှာတွေကို စစ်ကော်မရှင်ထိန်းချုပ်နိုင်ငံပိုင်သတင်းစာမှာဖော်ပြတဲ့အခါ ရုရှားရဲ့ သဝဏ်လွှာကို အရင်ဖော်ပြပြီး တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ သဝဏ်လွှာကို နောက်မှာထားတာ တွေ့ရပါတယ်။

သမ္မတအဖြစ် တင်မြှောက်ခံရတဲ့ ဧပြီ ၃ ရက် တရက်တည်းမှာပဲ မိတ်ဖက်နိုင်ငံ ခေါင်းဆောင်တွေက အသီးသီး သဝဏ်လွှာပို့ကြတာပါ။

နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းပြီး အပြန်အလှန် လိုအပ်ချိန်တွေ၊ အကျိုးစီးပွားအတွက်နဲ့ အရေးကြီးတဲ့ကိစ္စရပ်တွေမှာ မြန်မာနဲ့တရုတ်အကြား အခိုင်အမာ ထောက်ခံအားပေးခဲ့ကြတာဖြစ်တယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က သဝဏ်လွှာမှာ ရေးသားထားပါတယ်။

အပြန်အလှန်ယုံကြည်မှုနဲ့ အကျိုးစီးပွားတွေ ဆက်ဆောင်ရွက်ကြဖို့ကိုလည်း သုံးနိုင်ငံလုံးရဲ့ သဝဏ်လွှာတွေမှာ တွေ့ရပါတယ်။

စစ်ခေါင်းဆောင် သမ္မတအဖြစ် ရွေးချယ်ခံရတဲ့ နေ့မှာပဲ ဂျပန်အစိုးရ အတွင်းဝန်ချုပ် မီနိုရာ ကီဟာရာရဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပြောသွားတာရှိပါတယ်။

ဂျပန်နိုင်ငံ အစိုးရအဖွဲ့ အတွင်းဝန်ချုပ် မီနိုရု ကီဟာရာကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတဖြစ်လာပြီးနောက် မြန်မာ့ပြည်တွင်းရေးအခြေအနေတွေ တိုးတက်လာဖို့ ၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ဖို့၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား ဆွေးနွေးဖို့၊ ပြည်သူတွေရဲ့ နေ့စဉ်ဘဝ တိုးတက်အောင် လုပ်ဆောင်ဖို့ကို ဖိအားပေး တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထောက်ပြနေတဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတဖြစ်သွားပေမဲ့ နိုင်ငံတကာ ဥပဒေတွေနဲ့ တရားစွဲခံထားရတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတစ်ယောက်အနေနဲ့ ဆက်ရှိနေမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။