ရန်ကုန်ရင်ဆိုင်နေရတဲ့အသံတိတ်လူသတ်သမား

ရန်ကုန်မြို့က စက်ရုံတစ်ခုရဲ့ မီးခိုးခေါင်းတိုင်ကနေ မီးခိုးလုံးတွေ ကောင်းကင်ကို ထိုးတက်နေတဲ့မြင်ကွင်း၊ အထပ်မြင့်တိုက်အချို့နဲ့ အနောက်ဘက် ခပ်ဝေးဝေးမှာ မြစ်ကူးတံတား တစ်စင်းကို မြင်တွေ့ရ၊ ဓာတ်ပုံအရှေ့ပိုင်းမှာတော့ ဘယ်ဘက်ကို လှည့်နေတဲ့ လျှာဦးထုပ်အဖြူဆောင်းထားပြီး၊ နှာခေါင်းစည်းတပ် စပို့ရှပ်အင်္ကျီ ဝတ်ထားတဲ့ အမျိုးသားတစ်ယောက်ကို တွေ့ရ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဖတ်ရန်အချိန်: မိနစ် ၁၃

မြန်မာမှာ လူဦးရေနဲ့ ယာဉ်၊ စက်ရုံအသုံးပြုမှု အများဆုံးရှိတဲ့ ရန်ကုန်မြို့က လေထုအရည်အသွေးက မြို့နေလူဦးရေ ၇ သန်းကျော်အတွက် အန္တရာယ်ရှိနိုင်တဲ့အဆင့်ကို အကြိမ်ကြိမ် ရောက်ခဲ့ပါတယ်။

လေထုအရည်အသွေးတိုင်းတာချက်ကို ထုတ်ပြန်ပေးတဲ့ IQAir ရဲ့မှတ်တမ်းအရ ၂၀၂၆ မတ်လနောက်ဆုံးသီတင်းပတ်မှာ ရန်ကုန်လေထုအရည်အသွေးဟာ အန္တရာယ်အရှိဆုံး အနီရောင်အဆင့်ကို ၄ ရက်ဆက်တိုက် ရောက်ခဲ့ပါတယ်။

အသက်ရှုလမ်းကြောင်းအထိဝင်ရောက်နိုင်တဲ့ PM2.5 လို့ခေါ်တဲ့ အမှုန်ပါဝင်မှု သိပ်သည်းနှုန်းဟာလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ အန္တရာယ်ရှိ သတ်မှတ်ချက်ထက် ၄ ဆကျော် မြင့်တက်နေတယ်လို့ ဖော်ပြထားပါတယ်။

လေ့လာချက်တွေအရ ခြောက်သွေ့တဲ့ ဆောင်းနဲ့ နွေရာသီမှာ လေထုညစ်ညမ်းမှု ပိုမိုမြင့်တက်လေ့ရှိပြီး မိုးရာသီမတိုင်ခင် မေလအစောပိုင်းအထိ သတိထားရမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် တိုင်းတာချက်တွေမှာတော့ ကွဲပြားမှုတွေရှိနေပါတယ်။ စစ်ကော်မရှင်ရဲ့ မိုးလေဝသဌာနကတော့ မတ်လအတွင်း အနီရောင်အဆင့်ကို တစ်ရက်တည်းသာ ရောက်ခဲ့ပြီး အများစုမှာ လိမ္မော်ရောင်အဆင့်ပဲ ရှိခဲ့တယ်လို့ ပြောပါတယ်။

"မတ်လ တစ်လလုံးမှာ (လေထုအရည်အသွေးဟာ) အသင့်အတင့်ကနေ ခံနိုင်ရည်နည်းပါးအုပ်စု ကျန်းမာရေး ထိခိုက်တဲ့အဆင့်ထိပဲ ရှိပါတယ်။ မတ် ၄ ရက် တစ်ရက်တည်းပဲ အနီရောင်အဆင့် ရောက်တာပါ" လို့ မိုးဇလ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကြူကြူစိန်က ဘီဘီစီကို ပြောပါတယ်။

အာဏာပိုင်အဖွဲ့အစည်းအနေနဲ့ ရန်ကုန်လေအရည်အသွေးကို တိုင်းတာနေတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကတော့ IQAir က အနီရောင်သတ်မှတ်တဲ့ ၄ ရက်စလုံးဟာ အစိမ်းရောင်အဆင့်သာရှိတယ်လို့ ဆိုပြန်ပါတယ်။

ဒါပေမယ့် ဘီဘီစီက မေးမြန်းခဲ့တဲ့ မြို့ခံ ၅ ဦးကတော့ ရန်ကုန်မှာ လေထုညစ်ညမ်းမှုကြောင့် ဖြစ်တဲ့ရောဂါလက္ခဏာတွေ ခံစားနေရတယ်လို့ ပြောနေကြပါတယ်။

လေထုညစ်ညမ်းမှုကို ရန်ကုန်မှာ သတိထားမိကြလား

၂၀၂၆ ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့မှာ လေထုညစ်ညမ်းနေတဲ့ အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၆ ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့မှာ လေထုညစ်ညမ်းနေတဲ့ အခြေအနေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

လေထုအရည်အသွေးစောင့်ကြည့်စနစ်တွေက ဖော်ပြနေတဲ့အတိုင်း ရန်ကုန်လေထုဟာ ကျန်းမာရေးထိခိုက်နိုင်တဲ့အနီရောင်အဆင့်ကို ရောက်နေခဲ့တာကို သတိမထားမိဘူးလို့ ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့သူ ၅ ဦးက ပြောကြပါတယ်။

သူတို့ဟာ ရန်ကုန်မြို့ရဲ့ မတူညီတဲ့ မြို့နယ်တွေမှာ နေထိုင်ကြသူတွေပါ။

စက်မှုဇုန်တွေရှိတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ IQAir က လေထုအနီရောင်အဆင့်တိုင်းတာရရှိတဲ့ ဒဂုံမြို့နယ်၊ ဗဟန်းမြို့နယ်နဲ့ လမ်းမတော်မြို့နယ်မှာ နေထိုင်သူတွေကို မေးခဲ့တာဖြစ်ပါတယ်။

"အခုတလောအိမ်က ကလေးတော့ မျက်စိ နီနီနေတာပဲ။ လေထုကြောင့်လားလည်း မပြောတတ်ဘူး။ လေထက် စားဖို့သောက်ဖို့ လုပ်နေရလို့ ဂရုမစိုက်အားဘူး"လို့ လှိုင်သာယာမြို့နယ်မှာ နေထိုင်သူက ပြောပါတယ်။

လေထုညစ်ညမ်းမှုအခြေအနေနဲ့ပတ်သက်ပြီး သတင်းအချက်အလက် လူထုကြားထဲ သတင်းအချက်အလက် ဖြန့်ဝေမှုအပိုင်း အားနည်းနေတာကလည်း ဒီအကြောင်း အလေးထားဖို့ မဖြစ်နိုင်တဲ့အကြောင်းရင်းတစ်ရပ်ဖြစ်နေပါတယ်။

"အွန်လိုင်းသုံးရင်လည်း ရန်ကုန်လေထု သတင်းထက် ထိုင်းသတင်းကတောင် ပိုတက်နေတယ်လေ။ သတင်းစာမှာ ကြေညာရုံနဲ့တော့ ဘယ်သူမှ မသိနိုင်ဘူး"လို့ ဗဟန်းမြို့နယ်မှာ နေထိုင်သူက ပြောပါတယ်။

သူတို့အပြောအရ လေထုညစ်ညမ်းတဲ့သတင်းတွေကို တခါတရံသတိထားမိချိန်မှာ ရန်ကုန်မြို့မှာ နေမထွက်ဘဲ မိုးအုံ့တယ်လို့ ထင်မိတဲ့ရက်တွေဖြစ်တယ်လို့ ဆိုကြပါတယ်။

"ရန်ကုန်မှာတော့ လေထုညစ်ညမ်းရတဲ့အဓိကအကြောင်းအရင်းက စက်မှုဇုန် အခိုးငွေ့၊ ကားကထွက်တဲ့မီးခိုး၊ မီးစက်နဲ့ အမှိုက်မီးရှို့တာက ထွက်တဲ့မီးခိုးတွေကြောင့်ဖြစ်ပြီးတော့ လေထုအရည်အသွေး ကျဆင်းတာဖြစ်ပါတယ်" မိုးဇလရဲ့ ဒုတိညွှန်ကြားရေးမှူးက ပြောပါတယ်။

မတ်လအတွင်းမှာ ရန်ကုန်လေထုဟာ လအစမှာ အနီရောင်အဆင့်၊ လလယ်မှာ လိမ္မော်နဲ့ အဝါအဆင့်၊ လကုန်မှာ အနီရောင်အဆင့်အထိ ရောက်ပါတယ်။

နှစ်စဥ်ရန်ကုန်ရဲ့လေထုအရည်အသွေးအကျဆင်းဆုံးကာလဖြစ်တဲ့ ဖေဖော်ဝါရီလအတွင်းမှာ စစ်ကော်မရှင်က သတင်းစာနဲ့ အစိုးရဝန်ကြီးဌာနလူမှုကွန်ရက်တွေမှာ လေထုနဲ့ပတ်သက်တဲ့ အသိပညာပေးတာတွေ လုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။

ဒီလူမှုကွန်ရက်နဲ့ သတင်းစာက လူထုကြားထဲ စိမ့်ဝင်မှု အားနည်းနေတာပါ။

ရန်ကုန်လေထုကို ဘယ်ဌာနတွေ တိုင်းတာနေလဲ

၂၀၂၅ ခုနှစ်က တွေ့ရတဲ့ အိန္ဒိယနိုင်ငံက လေအရည်အသွေးတိုင်းတာရေးစခန်းတစ်ခု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ်က တွေ့ရတဲ့ အိန္ဒိယနိုင်ငံက လေအရည်အသွေးတိုင်းတာရေးစခန်းတစ်ခု

ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်က မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန နဲ့ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့က ရန်ကုန်လေထုကို တိုင်းတာနေတဲ့အစိုးရဌာနတွေ ဖြစ်ပါတယ်။

IQAir ကတော့ အစိုးရမဟုတ်တဲ့ ပြင်ပလေထုအရည်အသွေးတိုင်းတာတဲ့အဖွဲ့ဖြစ်ပါတယ်။

မိုးဇလကတော့ ကမ္ဘာအေးဘုရားလမ်းရုံး တစ်နေရာတည်းမှာပဲ အထိုင်ချ တိုင်းတာပါတယ်။

"ရန်ကုန်ရုံးက ၂၄ နာရီ တိုင်းတာနေတာပါ။ အချင်း ၂၀၀ ကီလိုမီတာအတွင်း တိုင်းတာနိုင်တယ်။နေရာအလိုက် စက်ရဲ့ခန့်မှန်းချက်အပေါ် မူတည်ပြီး အဖြေကွာနိုင်ပါတယ်။ နောက်ပြီး ရာသီဥတု အပေါ်လည်း မူတည်တယ်" လို့ မိုးဇလရဲ့ ဒုတိညွှန်ကြားရေးမှူး ဒေါက်တာ ကြူကြူစိန်က ပြောပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကတော့ ရွှေ့လျားစနစ်နဲ့ တိုင်းတာနေတယ်လို့ ဌာနရဲ့ ထုတ်ပြန်ချက်အရ နားလည်ရပါတယ်။

ဗိုလ်တထောင်၊ လှိုင်နဲ့ ကျောက်တံတားမြို့နယ်တွေမှာ ၂၄ နာရီ ပုံမှန်တိုင်းတာနေတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားတာပါ။

ဒီမြို့နယ်တွေမှာ တိုင်းတာထားတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရဲ့ရလဒ်ကတော့ PM 2.5 အဖြေဟာ ရန်ကုန်ရဲ့လေထုအညစ်ညမ်းဆုံးလဖြစ်တဲ့ ဖေဖော်ဝါရီလမှာတောင် အဝါရောင်အဆင့်မှာပဲ ရှိပါတယ်။

IQAir ကတော့ ဒဂုံမြို့နယ်က ထိုင်းသံရုံး၊ ဗဟန်းမြို့နယ်က ဂျာမန်သံရုံးနဲ့ သာကေတမြို့နယ်တို့မှာရှိတဲ့ စက်တွေရဲ့တိုင်းတာချက်တွေကို ရယူထုတ်ပြန်နေတာပါ။

ဒါကြောင့် ရန်ကုန်လေထု တိုင်းတာနေတဲ့ အစိုးရနဲ့ ပြင်ပအဖွဲ့အစည်း ၃ ခုရဲ့ လေထုတိုင်းတာမှု ထုတ်ပြန်ချက်တွေက တိုင်းတာတဲ့နေရာမတူညီတာကြောင့် အဆင့်သတ်မှတ်ချက်တွေ ကွဲပြား နေရတာ ဖြစ်ပါတယ်။

"အဖြေတွေမတူတာက တစ်ချက်ရှိတာက ကားသွားလာတဲ့ အခြေအနေပေါ်မှာလည်း မူတည်တယ်။ နောက်တစ်ချက်က မိုးဇလက ၂၄ နာရီ စောင့်ကြည့်တိုင်းတာ ဖြစ်တယ်။ ချက်ချင်းတိုင်းတာ တင်တာက အတိအကျယူဆလို့ မရဘူး" လို့ ဒေါက်တာကြူကြူစိန်က ဆိုပါတယ်။

အသံတိတ်လူသတ်သမားဖြစ်လာတဲ့ လေထုညစ်ညမ်းမှု

ရန်ကုန်မြစ်အတွင်းက စက်လှေတစ်စင်းနဲ့ မှုံဝါးနေတဲ့ ပတ်ဝန်းကျင်မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, IQAir တိုင်းတာထုတ်ပြန်ချက်အရ မတ်လကုန်ပိုင်းမှာ ရန်ကုန်ရဲ့ လေထုအရည်အသွေး အနီရောင်အဆင့်ရောက်နေပါတယ်

ရန်ကုန်မှာ လေထုနဲ့ ဆက်စပ်တဲ့ ကျန်းမာရေးပြဿနာ၊ လူနာအရေအတွက်၊ နှစ်စဥ်အစီရင်ခံချက်တွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူကို ဆက်သွယ်မေးမြန်းပေမဲ့ ပြန်လည်ဖြေဆိုတာမရှိပါဘူး။

ပြင်ပဆေးခန်းဖွင့်ထားတဲ့ ဆရာဝန်တစ်ဦးကတော့ "ဆေးခန်းမှာ တစ်ရက်ကို ၅ ယောက်လောက်ကတော့ လေထုမကောင်းလို့ ဖြစ်လာတဲ့ အသက်ရှူရ ခက်တာ၊ မျက်စိယားတာ၊ နာတာနဲ့လာပြတာရှိတယ်။ ကလေးနဲ့ အသက်ကြီးတဲ့သူတွေ များတယ်"လို့ ဆိုပါတယ်။

ဘီဘီစီက မေးမြန်းထားတဲ့ ရွှေပြည်သာမြို့နယ်နဲ့ လှိုင်သာယာမြို့နယ်မှာ နေသူကလည်း အရေပြားယား ယံတာနဲ့ နှာပိတ်၊ နှာစေးတာ ခံစားရတယ်လို့ ဆိုပါတယ်။

ကမ္ဘာအတိုင်းအတာနဲ့ ကြည့်ရင်တော့ နှစ်စဥ်လူ ၇ သန်းဝန်းကျင်ဟာ လေထုညစ်ညမ်းမှုကြောင့် အရွယ်မတိုင်ခင် သေဆုံးနေကြတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောထားပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ၂၀၁၉ ခုနှစ်ထုတ် မြန်မာ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာအစီရင်ခံစာမှာလည်း လေထုညစ်ညမ်းမှုကြောင့် ၂၀၁၇ ခုနှစ်အတွင်း မြန်မာမှာ သေဆုံးသူ ၄၅,၀၀၀ ရှိတယ်လို့ ဖော်ပြပါတယ်။

အရွယ်မတိုင်ခင် သေဆုံးရသူ ၈၉ ရာခိုင်နှုန်းကလည်း ဝင်ငွေနည်းပါးတဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ် နောက်ပိုင်းဒေသတွေက ဖြစ်နေကြတာပါ။

လေထုညစ်ညမ်းမှုဆိုးရွားတဲ့အခြေအနေမှာ ချက်ချင်းခံစားရတဲ့လက္ခဏာတွေကတော့ မျက်စိနဲ့ လည်ချောင်းတွေ ယားယံနာကျင်တာ၊ နှာစေး၊ နှာပိတ်တာ၊ အသက်ရှူရခက်ခဲတာတွေက ကြုံရနိုင်တာပါ။

နှလုံး၊ အဆုတ် လေထုညစ်ညမ်းစေတဲ့အရာတွေ လေထဲမှာ ပါနေတာကြောင့် ရေရှည်မှာ လူတွေရဲ့အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်ကို ရောင်ရမ်းစေတာ၊ ကိုယ်ခံအားစနစ်ကို ထိခိုက်တာ၊ သွေးကနေ အောက်စီဂျင်သယ်ယူနိုင်စွမ်းကို ထိခိုက်တာ စတာတွေ ဖြစ်နိုင်တယ်လို့ WHO က ဆိုပါတယ်။

ညစ်ညမ်းတဲ့လေကို ရှူရှိုက်ရတဲ့အတွက် အသက်ရှူလမ်းကြောင်း ကူးစက် ရောဂါတွေ၊ နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ အဆုပ်ကင်ဆာတို့ ဖြစ်တတ်ပြီး အထူးသဖြင့် ကလေးသူငယ်တွေ၊ လူကြီးပိုင်းတွေမှာ အထိခိုက်ဆုံးဖြစ်တယ်လို့ WHO က ထပ်ဖြည့်ပြောပါတယ်။

ဒါအပြင် လေထုအရည်အသွေးညံ့ဖျင်းတာကြောင့် ကလေးအသေမွေးဖွားတာ၊ ကလေးပျက်ကျတာ၊ ဒီမန်းရှားခေါ် သတိမေ့လျော့တဲ့ ရောဂါ စတာတွေ ဖြစ်တတ်ကြောင်းလည်း ဆိုထားပါတယ်။

အိမ်နီးချင်းထိုင်းနိုင်ငံမှာ လေထုညစ်ညမ်းမှုကို ဘယ်လိုကိုင်တွယ်နေလဲ

ချင်းမိုင်မှာ တောမီးငြှိမ်းသတ်ဖို့ KA-32 ရဟတ်ယာဥ်အသုံးပြုနေတဲ့ မတ် ၂၇ ရက်အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ချင်းမိုင်မှာ တောမီးငြှိမ်းသတ်ဖို့ KA-32 ရဟတ်ယာဥ်အသုံးပြုနေတဲ့ မတ် ၂၇ ရက်အခြေအနေ

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း လေထုညစ်ညမ်းမှုပြဿနာကို ဒီဇင်ဘာကနေ မတ်လအထိ အများဆုံးကြုံရပါတယ်။

လက်ရှိကာလမှာ နိုင်ငံမြောက်ပိုင်းက ချင်းမိုင်အပါအဝင်ခရိုင်ဆယ်ခုကျော်မှာ လေထုဆိုးရွားနေတာကို IQAir အပြင် ထိုင်းအစိုးရကလည်း ထုတ်ပြန်သတိပေးနေပါတယ်။

IQAir တိုင်းတာချက်အရ မြန်မာနိုင်ငံသား သိန်းနဲ့ချီရှိနေတဲ့ ချင်းမိုင်မြို့မှာတော့ လေထုညစ်ညမ်းမှုဟာ အနီရောင်အဆင့်ကို ကျော်လွန်ပြီး လေထုအလွန်ညစ်ညမ်းတဲ့ ခရမ်းရောင် အဆင့်ကို ရောက်ပါတယ်။

ထိုင်းအစိုးရကလည်း မတ် ၂၉ ရက်နေ ဧပြီ ၄ ရက်အထိ ခုနစ်ရက်အတွင်း လေထု အရည်အသွေး ကျဆင်းမှု လိမ္မော်ရောင်အဆင့် သတိပေးချက်ကို မြောက်ပိုင်း ၁၇ မြို့နယ်အတွက် ထုတ်ပြန်ထားပါတယ်။

တောင်မီးလောင်တဲ့နေရာ ၆၀၀ လောက်ရှိနေတာကြောင့် လေထုညစ်ညမ်းမှုနှုန်းဟာ ဒီကာလအတွင်း ဆက်တိုက်မြင့်တက်မယ်လို့ ဆိုထားပါတယ်။

"အလုပ်လည်းမသွားနိုင်လို့ အိမ်မှာပဲ ပြတင်းပေါက်တွေ အကုန်ပိတ်ပြီး အလုပ်လုပ်နေရတယ်။ နှာခေါင်း အတွင်းပိုင်းလည်း နာတယ်။ အသက်ရှူလို့ မကောင်းဘူး။ အိမ်မှာ အမေလည်း အဲဒီလိုပဲ ခံစားနေရတယ်။ အပြင်မှာ ဘယ်လိုမှ မနေနိုင်ဘူး" လို့ ချင်းမိုင်မြို့မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။

မတ်လ နောက်ဆုံးသီတင်းပတ်တွေဟာ ချင်းမိုင်မြို့ခံတွေအတွက် လေထုအခြေအနေဆိုးရွားတဲ့နေ့ရက်တွေကို ကြုံခဲ့ရပါတယ်။

"ဒီနေ့ ပိုင်ဘက်သွားတဲ့လမ်းမှာလည်း တောမီးတွေ လောင်နေတယ်။ ပိုင်(မြို့)မှာက မနက်ပိုင်းကို မီးခိုးနံ့ ရသလိုတောင် ခံစားရတယ်" လို့ ချင်းမိုင်ကနေ မယ်ဟောင်ဆောင်ခရိုင်ထဲက ပိုင်မြို့ကို ခရီးသွားနေသူ တစ်ဦးကဆိုပါတယ်။

ချင်းမိုင်က အာဏာပိုင်တွေကတော့ အပြင်မထွက်ခင် ဝက်ဆိုက်နဲ့ ဖုန်းအက်ပလီကေးရှင်းတွေကနေ လေထုအရည်အသွေးကို သတိထားစောင့်ကြည့်ဖို့ သတိပေးထားပါတယ်။

  • Website: Air4Thai.com
  • Application: Air4Thai
  • Application: Check Dust (เช็คฝุ่น)

Clean Air Room လို့ခေါ်တဲ့ စနစ်တကျ လေဝင်လေထွက်စနစ်နဲ့ လေသန့်စင်စက်တပ်ဆင်ထားတဲ့ နေရာပေါင်း ၂၀၀၀ ကျော်ကို ပြင်ဆင်ထားပြီးဖြစ်တယ်လို့လည်း ဆိုထားတာပါ။

ဆေးရုံနဲ့ ပြည်သူ့ကျန်းမာရေး အဆောက်အဦနေရာတွေ၊ ကလေးသူငယ်ဖွံ့ဖြိုးရေးစင်တာတွေ၊ အစိုးရနဲ့ ပုဂ္ဂလိက အဆောက်အဦနေရာတွေ၊ ပညာရေးနဲ့ဆိုင်တဲ့နေရာတွေမှာ ပြုလုပ်ထားတာလို့ ထိုင်းသတင်းဖော်ပြချက်မှာ တွေ့ရပါတယ်။

ဒီလိုနေရာတွေ ထပ်တိုးပြင်ဆင်ပေးဖို့ကိုလည်း အရပ်ဘက်အဖွဲ့အစည်းတွေက တိုက်တွန်းနေကြပါတယ်။

မြို့ပြနေရာနဲ့ ဖုန်ထလွယ်တဲ့နေရာတွေမှာ ရေဖြန်းတာ၊ ရဟတ်ယာဥ်အသုံးပြုပြီး ရေခဲခြောက်နဲ့ တိမ်ဖြစ်ထွန်းစေကာ မိုးအတုရွာချအောင်လည်း ထိုင်းအာဏာပိုင်တွေဘက်က လုပ်ဆောင်လေ့ရှိ တာပါ။

တဖက်မှာလည်း လေထုညစ်ညမ်းမှုဖြစ်စေတဲ့တောမီး ငြှိမ်းသတ်ရေးကို အရှိန်မြှင့်နေသလို တရားမဝင် မီးရှို့တာတွေ မဖြစ်အောင် လူအင်အားအပြင် ဒရုန်းသုံး ကင်းလှည့်တာတွေ လုပ်နေတာပါ။

တားမြစ်ထားတဲ့နေရာတွေမှာ မီးရှို့ရင် ငွေဒဏ် ထိုင်းဘတ် ၄ သိန်းကနေ ၂ သန်းအထိဖြစ်စေ၊ ထောင်ဒဏ် ၄ နှစ်ကနေ နှစ် ၂၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်မယ်လို့ အမျိုးသားဥယျာဉ်များ၊ တောရိုင်းတိရစ္ဆာန်နဲ့ အပင်များ ထိန်းသိမ်းရေးဌာနက ထုတ်ပြန်ထားပါတယ်။

ထိုင်းလေထုညစ်ညမ်းမှုထိန်းချုပ်ရေးဌာနရဲ့ ၂၀၂၂ ခုနှစ်စာရင်းအရ ထိုင်းမှာ လေထုအရည်အသွေး တိုင်းတာရေး စင်တာပေါင်း ၇၇ ခု ရှိပါတယ်။

တောင်ယာမီးရှို့တာအပြင် နိုင်ငံဖြတ်ကျော်မီးခိုးငွေ့တွေကြောင့် နိုင်ငံမြောက်ပိုင်းမှာ လေထုညစ်ညမ်းမှုဖြစ်တယ်လို့ ယူဆတဲ့အတွက် ထိုင်းနိုင်ငံဟာ မြန်မာနဲ့ချစ်ကြည်ရေးအစီအစဥ်အဖြစ် နယ်စပ်ထိစပ်နေတဲ့ရှမ်းအရှေ့ပိုင်းက တာချီလိတ်မှာပါ လေအရည်အသွေး တိုင်းတာတဲ့စက်တွေလာတပ်ဆင် ထားပါတယ်။

၂၀၂၄ နိုဝင်ဘာမှာ စတင်တပ်ဆင်တာဖြစ်တယ်လို့ မိုးဇလဒုညွှန်ကြားရေးမှူး ဒေါက်တာကြူကြူစိန်က ပြောပါတယ်။

ဒီစက်တွေရဲ့တိုင်းတာချက်အရ တာချီလိတ်မှာ မတ်လအတွင်း လေထုအရည်အသွေးက အနီရောင်အဆင့်ရောက်နေတယ်လို့ သိရပါတယ်။

"ထိုင်း-မြန်မာချစ်ကြည်ရေးအနေနဲ့ မယ်ဆိုင်ချောင်း ရုတ်တရက်ရေကြီးတာ သတိပေးဖို့ စက်တပ်ရင်း ထိုင်းဘက်က လေအရည်သွေးတိုင်းတဲ့အာရုံခံစက်တွေ တပ်ခဲ့တယ်" လို့ သူက ပြောပါတယ်။

ကြိုးတံတားကျေးရွာ၊ လွယ်တော်ခမ်းကျေးရွာ၊ ဦးထွန်းအောင်တံတားနဲ့ ထိုင်းမြန်မာချစ်ကြည်ရေးတံတား အမှတ် ၁ တို့မှာ တပ်ဆင်ထားတာ ဖြစ်ပါတယ်။

မြန်မာဘက်ကတော့ ရှမ်းအရှေ့ဒေသတွေမှာ တောင်ယာမီးရှို့တာနဲ့ တောမီးရှို့တာ မလုပ်ဖို့ ဝန်ကြီးဌာနတွေ ပူးပေါင်းပြီး သတိပေးနေတယ်လို့ ဆိုပါတယ်။

"လေထုအရည်အသွေးတိုင်းတဲ့စက်က နေရာတိုင်းမှာ တပ်နိုင်ရင် ကောင်းတာပေ့ါ။ များများရှိလေ ပြည်သူလူထုကို ပိုအသိပေးနိုင်လေပဲ။ နောက်ပြီးဘယ်လိုထိန်းမလဲဆိုတာ လုပ်ဆောင်နိုင်မယ်" လို့ ဒေါက်တာကြူကြူစိန်က ပြောပါတယ်။

ဒါပေမဲ့ ရန်ကုန်မှာတောင် မြို့နယ်တိုင်း လေအရည်အသွေးတိုင်းတာ စက်မတပ်ဆင်နိုင်သေးပါဘူး။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ ၂၀၂၅ ခုနှစ်အတွင်း တပ်ဆင်ခဲ့တဲ့ AQM 65 စက်ရဲ့တန်ဖိုးက သိန်း ၃ ထောင်ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းက စက်ကလည်း ဂျပန်ရဲ့ Clean Air Asia က လှူဒါန်းတာဖြစ်ပါတယ်။

"ဒီစက်ရဲ့ နှစ်စဥ်ထိန်းသိမ်းပြုပြင်စားရိတ်ကပဲ သိန်း ၅၀၀ လောက် နိုင်ငံတော်ဘတ်ဂျက်နဲ့သုံးရတယ်" လို့ မိုးဇလဒုညွှန်မှူးက ပြောပါတယ်။

"လေထုညစ်ညမ်းတာက သဘာဝအရကော လူကြောင့်ပါ ဖြစ်နေရတာဆိုတော့ ဇစ်မြစ်က တအားကျယ်ပြန့်တော့ ထိန်းချုပ်ဖို့လည်း ခက်တယ်" လို့ ကုလသမဂ္ဂသဘာဝပတ်ဝန်းကျင်အစီအစဉ် UNEP ရဲ့ ရာသီဥတု နဲ့ သန့်ရှင်းသောလေ မဟာမိတ်အဖွဲ့ အတွင်းရေးမှူးချုပ် မာတီနာ အော့တိုက ၂၀၂၄ ခုနှစ်အတွင်း ပြောထားပါတယ်။

"လေထုအရည်အသွေးစောင့်ကြည့်ရေး အခြေခံအဆောက်အအုံက တည်ထောင်ဖို့ နဲ့ ထိန်းသိမ်းနိုင်ဖို့က ကုန်ကျစရိတ်ကြီးမြင့်တဲ့အတွက် နိုင်ငံအတော်များများမှာ မရှိကြဘူး"

သန့်ရှင်းတဲ့လေထုရလာဖို့ လုပ်ဆောင်တာကို ရင်းနှီးမြှုပ်နှံရကျိုးနပ်တဲ့ လုပ်‌ဆောင်ချက်တစ်ခုအဖြစ် မြင်လာကြဖို့ သဘောထားတွေ ကြီးကြီးမားမားပြောင်းလဲဖို့ လိုအပ်တယ်လို့ သူက ယုံကြည်ပါတယ်။

"အကောင်အထည်ဖော်လိုတဲ့ နိုင်ငံရေးစိတ်ဆန္ဒနဲ့ ရန်ပုံငွေကိစ္စကလည်း အဓိက အတားအဆီးတွေပဲ"