မလက္ကာရေလက်ကြား - အရှေ့တောင်အာရှက ကမ္ဘာ့ကုန်သွယ်ရေကြောင်းလမ်းစိုးရိမ်ရပြီလား

ကမ်းခြေက  ဝန်မစက်တစ်ခုနားမှာ လူတစ်ဦး ကျောက်တုံးတွေနား လမ်းလျှောက်နေပြီး အနောက်ဘက်က ရေပြင်ကျယ်မှာတော့ "ETYFA" စာလုံးတပ်ထားတဲ့ သင်္ဘောတစ်စင်းကို မြင်ရ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ''မလက္ကာဟာ ကမ္ဘာ့စီးပွားရေးအတွက် အသက်သွေးကြောတွေထဲက တစ်ခုဖြစ်တယ်'' လို့ ဒီရေလက်ကြားအရေး ကျွမ်းကျင်သူ အဇီဖာ အက်စထရီနာ က ဆို
    • ရေးသားသူ, လူဝီ ဘာရုချို
    • ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှား
  • ဖတ်ရန်အချိန်: မိနစ် ၆

ကမ္ဘာ့ရေကြောင်းအတွက် အရေးပါတဲ့ရေလမ်းကြောင်းတစ်ခုဖြစ်တဲ့ ဟောမုဇ်ရေလက်ကြားကို ပိတ်ဆို့မှုတွေဖြစ်နေချိန်မှာ ကမ္ဘာ့ကုန်သွယ်ရေကြောင်း နောက်တစ်ခုဟာလည်း တစ်ကမ္ဘာလုံးရဲ့စိတ်ဝင်စားမှု ခံလာရပါတယ်။

အရှေ့တောင်အာရှမှာရှိတဲ့ မလက္ကာရေလက်ကြားဟာ အခုတော့ အများအာရုံစိုက်စရာဖြစ်လာပါတယ်။ အမေရိကန်နဲ့ အင်ဒိုနီးရှားတို့ကြား ကာကွယ်ရေးသဘောတူညီချက်တစ်ခုကို ပြီးခဲ့တဲ့တစ်ပတ်မှာ ချုပ်ဆိုခဲ့ကြပြီးတဲ့နောက် ရေလက်ကြားက အင်ဒိုနီးရှားလေပိုင်နက်ထဲမှာ စစ်ဘက်ဆိုင်ရာ လေကြောင်းပျံသန်းမှု အပြည့်အဝလုပ်နိုင်ဖို့ အဆိုပြုချက်တစ်ခုကို အမေရိကန်ဘက်က ကမ်းလှမ်းလာတယ်လို့ဆိုပြီး အင်ဒိုနီးရှားအာဏာပိုင်တွေက အတည်ပြုပြောဆိုလိုက်တာကြောင့်ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီအဆိုပြုချက်နဲ့ပတ်သက်ပြီး အပြီးသတ်မဆုံးဖြတ်ရသေးဘူးလို့ဆိုပါတယ်။

အကဲခတ်တွေကတော့ ဒီအရွေ့ဟာ ကမ္ဘာလုံးဆိုင်ရာပထဝီနိုင်ငံရေးအပေါ် ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ ပြောပါတယ်။

ဆိုတော့ မလက္ကာရေလက်ကြားဆိုတာဘာလဲ၊ ဘာကြောင့် အရေးကြီးတာလဲ။

ကမ္ဘာလုံးဆိုင်ရာအရေးပါမှု

မလေးရှား၊ အင်ဒိုနီးရှားနဲ့ စင်္ကာပူတို့ ပိုင်နက်မြေပုံပါပါဝင်တဲ့ မလက္ကာရေလက်ကြားတည်နေရာပြ မြေပုံ
ဓာတ်ပုံ ပုံစာ, ရေလက်ကြားရဲ့အကျဉ်းဆုံးနေရာဟာ စင်္ကာပူဖြစ်ပြီး မလက္ကာရေလက်ကြားဟာ ၂.၈ ကီလိုမီတာပဲ ကျယ်ပါတယ်

''မလက္ကာရေလက်ကြားဟာ အိန္ဒိယသမုဒ္ဒရာနဲ့ ပစိဖိတ်ကို ချိတ်ဆက်သွားလာဖို့ အတိုဆုံးနဲ့ အလုပ်အဖြစ်ဆုံး ပင်လယ်ရေကြောင်းလမ်းဖြစ်ပါတယ်။ ပြီးတော့ အရှေ့အလယ်ပိုင်း၊ ဥရောပနဲ့ အရှေ့အာရှကြား ကုန်သွယ်ရေးအတွက် အသုံးတည့်တဲ့လမ်းကြောင်းလည်းဖြစ်တယ်'' လို့ ဒီရေလက်ကြားအရေး ကျွမ်းကျင်သူ အဇီဖာ အက်စထရီနာက ပြောပါတယ်။ သူက လက်ရှိမှာ အမေရိကန်ပြည်ထောင်စုက အီလီနွိုက်စ် အာဘန် ကမ်ပိန်း တက္ကသိုလ်မှာ ပါရဂူကျမ်းပြုနေသူဖြစ်ပြီး မလက္ကာရေလက်ကြားထဲက ပင်လယ်ရေကြောင်းမတော်တဆဖြစ်မှုတွေကို လေ့လာချက် စာတမ်းပြုစုခဲ့သူဖြစ်ပါတယ်။

''ကမ္ဘာ့ကုန်သွယ်ရေး သုံးပုံ တစ်ပုံ စီးဆင်းနေတဲ့ တောင်တရုတ်ပင်လယ်နဲ့လည်း တခါတည်း ချိတ်ဆက်နေတယ်လေ'' လို့ သူက ပြောပါတယ်။

မလက္ကာရေလက်ကြားရဲ့အကျဉ်းဆုံးအပိုင်းဟာ စင်္ကာပူအနီးက ဖိလစ်ရေလက်ကြားနေရာဖြစ်ပြီး အကျယ်ဟာ ၂.၈ ကီလိုမီတာ ပဲရှိပါတယ်။

အမေရိကန်စွမ်းအင်အချက်အလက်အာဏာပိုင်အဖွဲ့ဘ(EIA)ရဲ့ မကြာသေးခင်တုန်းက အစီရင်ခံစာအရဆိုရင် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်မှာ မလက္ကာရေလက်ကြားကို နေ့စဉ် ရေနံ ၂၃.၂ သန်း ဖြတ်သန်းစီးဆင်းနေပါတယ်။ ဒါဟာ ကမ္ဘာမှာ ပင်လယ်ကနေ ရေနံသယ်ယူပို့ဆောင်နေတဲ့ စီးဆင်းမှု စုစုပေါင်းရဲ့ ၂၉ ရာခိုင်နှုန်းနီးပါးလည်း ဖြစ်ပါတယ်။ အလားတူ ကာလမှာပဲ ဒီရေလက်ကြားမှာ သဘာဝဓာတ်ငွေ့ရည်(LPG) ကုဗမီတာ သန်း ၂၆၀ ကို ဖြတ်သန်းသယ်ယူခဲ့ကြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဗြိတိန်က လိစ်ဒ်တက္ကသိုလ်မှာ ရေရှည်တည်မြဲတဲ့ကုန်သွယ်ရေကြောင်းထောက်ပို့သယ်ယူမှုဆိုင်ရာဘာသာရပ်ကို ပို့ချနေတဲ့ ကထိက ဂေါ်ကီ ဘယ်လ်စီကတော့ မလက္ကာရေလက်ကြားဟာ ''လျှပ်စစ်ပစ္စည်း၊ လူသုံးကုန်၊ စက်မှုထုတ်ကုန်၊ စက်ကြီးနဲ့ ကားတွေ''  သယ်ယူပို့ဆောင်ရာမှာ ပင်မ ရေလမ်းကြောင်းကြီးဖြစ်နေတယ်လို့ ပြောပါတယ်။

''ကမ္ဘာ့ကားကုန်သွယ်မှုရဲ့ ၂၅ ရာခိုင်နှုန်းက မလက္ကာရေလက်ကြားကို ဖြတ်တယ်။ ပြီးတော့ ဆန်ဂျုံလို အစေ့အဆန်တွေနဲ့ ပဲပုပ်တွေလည်း ဒီရေလက်ကြားကနေပဲ သယ်နေကြတာ''

သူက ''ပထဝီအနေအထား၊ စွမ်းအင်ကဏ္ဍမီခိုရမှု၊ ကုန်စည်စီးဆင်းတဲ့ပမာဏနဲ့ ကုန်အမျိုးအစားစုံတာကို ကြည့်ရင် မလက္ကာရေလက်ကြားဟာ ဟော်မုဇ်ရေလက်ကြားထက် တနည်းတဖုံ မတူကွဲပြားတယ်။ မလက္ကာရေလက်ကြားရဲ့အခန်းကဏ္ဍက စွမ်းအင်သယ်ပို့တဲ့လမ်းကြောင်းထက် ပိုတယ်။ သူ့မှာက ကုန်ပစ္စည်းအမျိုးစုံဖြတ်သန်းနေတာ'' လို့လည်း သူက ပြောပါတယ်။

"ပြောရရင် မလက္ကာရေလက်ကြားဟာ ကမ္ဘာ့စီးပွားရေးအတွက် ပင်မအသက်သွေးကြောကြီးတွေထဲက တစ်ခုလို့ ပြောရင်လည်းရတယ်'' လို့ သူက ပြောပါတယ်။

ပင်လယ်ဓားပြမှုကလည်း မပြတ်စိုးရိမ်စရာဖြစ်နေပြန်ပါတယ်။ မလက္ကာရေလက်ကြားနဲ့ စင်္ကာပူ ရေလက်ကြားမှာ ၂၀၂၅ ခုနှစ်အတွင်း ပင်လယ်ဓားပြမှု ၁၀၈ ခုအထိ ဖြစ်ခဲ့ပါတယ်။ ဒါဟာ ၂၀၀၇ ခုနှစ်ကတည်းကဆိုရင် အမြင့်ဆုံးအကြိမ်အရေအတွက်ဖြစ်တယ်လို့ စင်္ကာပူအခြေစိုက် ReCAAP အချက်အလက်မျှဝေရေးစင်တာရဲ့အပြောအရ သိရပါတယ်။

မလက္ကာရေလက်ကြားဟာ ဆူနာမီရေလှိုင်းနဲ့ မီးတောင်ပေါက်ကွဲမှုတို့လို သဘာဝဘေးတွေနဲ့လည်း မကင်းလှပါဘူး။ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလတုန်းက ဖြစ်ခဲ့တဲ့ဆူနာမီကြောင့် ရေလက်ကြားတောင်ပိုင်းအဝင်ဝနား ကမ်းခြေတစ်လျှောက်က အခြေခံအဆောက်အဦတွေ သိသိသာသာ ပျက်စီးခဲ့ပါတယ်။

မလက္ကာရေလက်ကြား ဘယ်လောက်အရေးပါလဲ

အမေရိကန်နဲ့ အင်ဒိုနီးရှား အရာရှိတွေ စားပွဲမှာ ထိုင်နေပြီး  နားလည်မှုစာချွန်လွှာတစ်ခု လက်မှတ်ရေးထိုးနေချိန် အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ် ဟတ်ဆက်(ဘယ်ဘက်အမျိုးသား)နဲ့ အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး ရှာဖရီး ရှမ်ဆူဒင်း(ညာဘက်အနောက်ဘက်က အမျိုးသား)တို့ စားပွဲအနောက်မှာ မတ်တပ်ရပ်နေတဲ့ဓာတ်ပုံ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အင်ဒိုနီးရှားကတော့ အမေရိကန်နဲ့ နှစ်နိုင်ငံကာကွယ်ရေးသဘောတူညီချက် ပြုလုပ်ခဲ့ပြီးတဲ့နောက် လေပိုင်နက်ထဲ ပျံသန်းခွင့်ရရှိရေး အမေရိကန်ရဲ့အဆိုပြုချက်ကို စဉ်းစားသုံးသပ်နေဆဲလို့ ပြောပါတယ်

အကဲခတ်တွေကတော့ မလက္ကာရေလက်ကြားရဲ့အရေးပါမှုဟာ စီးပွားရေးအလေးသာမှုတင်မက ပထဝီနိုင်ငံရေးအရလည်း အကဲခတ်မှု တိုးလာနေတယ်လို့ ပြောပါတယ်။

''ဒေသတွင်းမှာ ပင်လယ်ရေကြောင်းဆိုင်ရာလွှမ်းမိုးနိုင်မှုအရေး အမေရိကန်၊ တရုတ်နဲ့ အိန္ဒိယကြား တင်းမာမှုမြင့်တက်လာမှုမှန်သမျှဟာ ရေလက်ကြားကို ဖြတ်သန်းသွားလာမှုအပိုင်းမှာ အတော်လေး ကမောက်ကမ ဖြစ်စေနိုင်တယ်'' လို့ ဘယ်လ်စီက ပြောပါတယ်။

အက်စထရီနာကတော့ အမေရိကန်က အင်ဒိုနီးရှားလေကြောင်းပိုင်နက်ကို စစ်ဘက်ဆိုင်ရာအသုံးပြုပျံသန်းခွင့်မှု တိုးလာနိုင်ခြေဟာ ကာလရှည်ရိုက်ခတ်မှုတွေ ရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။

''ကုန်သွယ်ရေးကို ချက်ချင်း ကမောက်ကမ မဖြစ်စေဘူး ဆိုရင်တောင် သူ့ဟာနဲ့သူ ရှိနှင့်ပြီးသား ဘယ်လိုဘယ်ပုံ စီမံထိန်းချုပ်ကြမယ်ဆိုတဲ့သတ်မှတ်ချက်တွေအပေါ်မှာတော့ သက်ရောက်မှုရှိလာနိုင်တယ်လို့ ကျွန်မ သုံးသပ်မိတယ်။''

သူ့ရဲ့သုတေသနအရ မလက္ကာရေလက်ကြားမှာ လက်ရှိလုံခြုံရေးပိုင်းဆိုင်ရာအနေအထားဟာ အင်အားကြီးနိုင်ငံ ၂ နိုင်ငံကြား အပြိုင်အဆိုင်ဖြစ်လာကြတဲ့အခါမျိုးကို ရင်ဆိုင်နိုင်ဖို့ရာ မစွမ်းသာဘူးလို့ ပြသပါတယ်။

''လုံခြုံရေးအပိုင်းက ဓားပြမှု၊ ကုန်မှောင်ခိုကူးမှု၊ ပင်လယ်ရေကြောင်းရာဇဝတ်မှုလို စစ်ရေးအရမဟုတ်တဲ့နိုင်ငံဖြတ်ကျော်ခြိမ်းခြောက်မှုတွေကိုပဲ ကိုင်တွယ်နိုင်တာ။ တကယ့်အင်အားကြီး နိုင်ငံ နှစ်နိုင်ငံ ပြိုင်ကြဆိုင်ကြဖြစ်တဲ့အခါမှာ ဖြစ်လာနိုင်ခြေရှိတဲ့အခြေအနေတွေကို စီမံဖို့ရာ မဖြစ်နိုင်ဘူး'' လို့ သူက ပြောပါတယ်။

''ဒီတော့ အမေရိကန်ပြည်ထောင်စုလို ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံဟာ သူ့ရဲ့ခြေရာကို ချန်ဖို့ ကြိုးစားတယ်ဆိုရင် ဒီအခြေအနေဟာ ရေလက်ကြားမှာ လုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့လုံခြုံရေးဆိုင်ရာအစီအမံတွေထက် ကျော်လွန်သွားမှာ''

ဒါပေမဲ့ ရေတိုမှာတော့ ကုန်သွယ်ရေကြောင်း ကမောက်ကမဖြစ်မှု မဖြစ်နိုင်ဘူးလို့ သူက ခန့်မှန်းပါတယ်။

''စီးပွားရေးသုံး ကုန်သွယ်ရေကြောင်း သွားလာမှုတွေ ကမောက်မက ဖြစ်မယ်ဆိုတာတော့ ကျွန်မ မမြင်မိဘူး။ ဘာကြောင့်လဲဆိုရင် ကုန်စည်စီးဆင်းနိုင်ရေးအတွက် ဒီရေလက်ကြားက ပေးထားတဲ့မက်လုံးတွေက သိပ်ကို ခိုင်မာလွန်းတယ်''

ဒါပေမဲ့ ပိုကြီးတဲ့အန္တရာယ်က အဲဒီအနောက်မှာ ရှိနေတယ်လို့ သူက ပြောပါတယ်။

''စိုးရိမ်စရာက တင်းမာမှုမြင့်တက်တဲ့အချိန် ဘယ်လောက်အထိ သွားမလဲဆိုတာပါ။ တရုတ်ဘက်က ဒါကို အမေရိကန်ရဲ့ထောက်လှမ်းရှိန်မြှင့်တာ ဒါမှမဟုတ် အရေးပါတဲ့ပင်လယ်ရေကြောင်းအနီးမှာ ဗျူဟာကျကျ ဝင်နိုင်ဖို့လုပ်တာလို့ မြင်ပြီး တုံ့ပြန်တာမျိုးလုပ်ရင် သူ့ဘက်ကလည်း ဒေသထဲနဲ့ ဒေသတွင်းမှာ သူ့တည်ရှိမှုကို လွှမ်းနိုင်စွမ်း ကျယ်ပြန့်အောင်လုပ်လာလိမ့်မယ်''

''အဲဒီတော့မှ အန္တရာယ်များတဲ့အခြေအနေကို ရောက်တာ။ တရားဥပဒေစိုးမိုးရေးအခြေပြုတဲ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ပတ်ဝန်းကျင်ကနေ ပိုပြီး စစ်ရေးစစ်ရာ သူတင်ကိုယ်တင်လုပ်ကြတဲ့အပြိုင်အဆိုင်ဘက်ကို ပြောင်းသွားလိမ့်မယ် ''

တိုက်ရိုက်ပဋိပက္ခဖြစ်ပွားတာမျိုး မဟုတ်ရင်တောင် ဒီအရွေ့ဟာ သိသာတဲ့သက်ရောက်မှုတွေ ရှိနိုင်တယ်လို့ သူက သတိပေးပါတယ်။

''ကမ္ဘာ့ကုန်သွယ်ရေးအတွက် ဒီရိုက်ခတ်မှုဟာ တိုက်ရိုက်မဟုတ်ဘူးဆိုပေမဲ့ ရိုက်ခတ်တာပဲလေ။ အာမခံကြေးတွေ မြင့်လာမယ်။ ကမ္ဘာ့စီးပွားရေးအတွက် သိပ်ကို မီခိုအားထားနေရတဲ့လမ်းကြောင်းတစ်ခုမှာ ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတဲ့အမြင်တွေ တိုးလာနိုင်တယ်''

သူကတော့ ဒီရေလက်ကြားအရေး အင်ဒိုနီးရှားရဲ့အခန်းကဏ္ဍကို ရှုမြင်ပုံကို အမြင်မကျဉ်းဖို့ လိုတယ်လို့ ထောက်ပြပါတယ်။

''ဒီနေရာမှာ အင်ဒိုနီးရှားအနေနဲ့ တစ်ဖက်ဖက်ကို ရပ်လိုက်တယ်လို့ဆိုတာမျိုး မမြင်ဖို့ အရေးကြီးပါတယ်'' လို့ သူက ပြောပါတယ်။

''အင်ဒိုနီးရှားဟာ ဟန်ချက်ညီညီထိန်းနိုင်မယ့်ဗျူဟာ နောက်ကို လုပ်နေပါတယ်။ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းအောင်လုပ်နေချိန်မှာ တရုတ်နဲ့လည်း စီးပွားရေးအဆက်အဆံတိုးမြှင့်ခိုင်မာအောင် ထိန်းနေသလို ရုရှားလို တခြားမိတ်ဖက်တွေနဲ့လည်း အဆက်မပြတ်အောင် လုပ်နေပါတယ်''

''ဒီနေရာမှာ မျက်ခုံးမွှေးတဆုံးမကြည့်ဘဲ မျက်စိတဆုံး မြင်တတ်ဖို့ လိုပါတယ်။ ဒါက မဟာမိတ် တည်ဆောက်ရုံတင်မဟုတ်ပါဘူး။ ဟိုးတုန်းကတည်းက ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းကို ဝေဝေမျှမျှနဲ့ အလုပ်ဖြစ်အောင် စီမံနေတဲ့နေရာကို ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ဝင်ပြိုင်လာတယ်ဆိုတဲ့အရှိတရားကိုလည်း မြင်တတ်ဖို့လိုပါမယ်''

'ဆုပ်လည်စူး စားလည်းရူး မလက္ကာ'

၂၀၀၃ ခုနှစ်မှာ တရုတ်သမ္မတ ဟူကျင်းတောင်ဟာ မလက္ကာရေလက်ကြားအပေါ် တရုတ်ရဲ့မှီခိုရမှုဟာ ''ဆုပ်လည်းစူး စားလည်းရူး ဒွိဟ ဖြစ်စရာ မလက္ကာ'' လို့ တရုတ်သမ္မတ ဟူ ကျင်းတောင်က သုံးနှုန်းပါတယ်။

တရုတ်ဟာ သူ့ရဲ့ရေနံတင်သွင်းမှု လေးပုံ သုံးပုံနီးပါးနဲ့ ပင်လယ်ရေကြောင်းကုန်သွယ်မှု ၆၀ ရာခိုင်နှုန်းကို တောင်တရုတ်ပင်လယ်နဲ့ ကပ်လျက်ဖြစ်တဲ့ မလက္ကာရေလက်ကြားကို ဖြတ်သန်းရတယ်လို့ EIA နဲ့ CSIS ChinaPower Project တို့ရဲ့အချက်အလက်တွေအရ သိရပါတယ်။

''ဒါပေမဲ့ ဒါက တရုတ်တင် မဟုတ်ပါဘူး။ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာလည်း ဒီရေလက်ကြားကို သူတို့ရဲ့စွမ်းအင်အတွက် အတော်လေး မီခိုရပါတယ်။ ဘာလို့ဆို သူတို့ရဲ့ရေနံတင်သွင်းမှု ၉၀ ရာခိုင်နှုန်းနီးပါးဟာ ဒီရေလက်ကြားကို ဖြတ်ပါတယ်'' လို့ ဘယ်လ်စီက ပြောပါတယ်။

ဒီရေလမ်းကြောင်းဟာ ကမ္ဘာမှာ ဒုတိယအသယ်အပို့အများဆုံး ကုန်သတ္တာတွေ ဆိပ်ကမ်းလည်းရှိ၊ ပင်မ သင်္ဘောလောင်စာဆီဖြည့်တဲ့နေရာလည်းဖြစ်တဲ့ စင်္ကာပူအတွက်ရေး အရေးကြီးတယ်လို့ သူက ထပ်လောင်းပြောပါတယ်။

အက်စထရီနာကတော့ တရုတ်အတွက် ရေလက်ကြားကို မီခိုမှုလျှော့ချနိုင်အောင်လုပ်ရေးဟာ လက်တွေ့ကျတဲ့ကာလတို ရွေးချယ်စရာမဟုတ်ဘူးလို့ ပြောပါတယ်။

''တရုတ်ဟာ ဒီလိုမီခိုနေရတဲ့အခြေအနေကို ဘယ်လိုခပ်မြန်မြန် လျှော့ချနိုင်မလဲဆိုတာကိုတော့ အနည်းဆုံးတော့တွေးမှာပဲ'' လို့ သူက ပြောပါတယ်။

''ဒီအစား ပိုက်လိုင်းသွယ်မလား၊ စင်္ကြန်လမ်း ဆောက်မလားဆိုတာမျိုးလို တစ်နည်းနည်းနဲ့ ဘယ်လိုလမ်းတွေကို ရွေးမလဲဆိုတာမျိုး ချင့်တွက်လာနိုင်တယ်။ ဒါပေမဲ့ သုံးနေတဲ့ မလက္ကာရေလက်ကြားနေရာမှာတော့ အစားထိုးနိုင်ဖို့ အထောက်အကူ မဖြစ်နိုင်ဘူး''

ဘယ်လ်စီကလည်း ဒါကို သဘောတူပါတယ်။ သူကတော့ နောက်ထပ်ရွေးလာနိုင်ခြေရှိတဲ့ ရေလက်ကြား ၂ ခုကတော့ ဆန်းဒါး ရေလက်ကြားနဲ့ လွန်ဘွတ် ရေလက်ကြားတို့ဖြစ်တယ်လို့ ထောက်ပြပါတယ်။ နှစ်ခုစလုံးဟာ အင်ဒိုနီးရှားပိုင်တဲ့ရေပြင်မှာ ရှိပါတယ်။

ပါပူအာ နယူး ဂီနီ အနီးနားက တောရက်စ် ရေလက်ကြားကတော့ ''ရေတိမ်ပြီး သန္တာကျောက်တန်းတွေလည်းရှိတဲ့ ထိရှလွယ် ရေလက်ကြားဖြစ်တော့ ကုန်သင်္ဘောကြီးတွေ ခုတ်မောင်းဖို့ရာ မဖြစ်နိုင်ဘူး'' လို့ သူက ရှင်းပြပါတယ်။

သြစတြေးလျတောင်ပိုင်းကို ကွေ့ပြီးသွားလာရမှာမို့ ''ဒီလမ်းကြောင်းဟာ ကုန်ကျစရိတ်များပြီး အချိန်လည်း ကုန်မယ်'' လို့ ဘယ်လ်စီက ပြောပါတယ်။

ဒီလိုချင့်တွက်စရာတွေရှိနေချိန်မှာ တရုတ်ဟာ သူ့ရဲ့အားနည်းမှုအခြေအနေကို ချင့်တွက်ပြီး ချင့်ချင့်ချိန်ချိန်လုပ်ဆောင်လိမ့်မယ်လို့ အက်စထရီနာက ပြောပါတယ်။

"ဒွိဟဖြစ်တဲ့အခြေအနေက ဒီရေလက်ကြားကို မီခိုမှု လျှော့ချတာမျိုး မဟုတ်ဘူး။ အဲဒီမှီခိုရမှုကို တရုတ်က ဘယ်လိုစီမံမလဲဆိုတာပါ''

''ဒါကြောင့်ပဲ တရုတ်ဟာ လမ်းကြောင်းတွေကို ခွဲဖြာထွက်နိုင်အောင် အာရုံစိုက်နေတာတွေ့ရသလို အထူးသဖြင့် တောင်တရုတ်ပင်လယ်နဲ့ ပင်မ ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းတွေမှာ သူ့ခြေတံလက်တံ ဆန့်နိုင်အောင်နဲ့ သြဇာလွှမ်းနိုင်အောင် အာရုံစိုက်နေပါတယ်'' လို့ သူက ပြောပါတယ်။