ရေနံထွက်ပေမဲ့ မြန်မာမှာ လောင်စာဆီဘာကြောင့် ရှားပါးနေလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ရေနံသယ်ယူပို့ဆောင်ရေးရဲ့အရေးပါဆုံး လမ်းကြောင်းတစ်ခုဖြစ်တဲ့ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရချိန်မှာ ကမ္ဘာ့နိုင်ငံအများစုက သူတို့ရဲ့လောင်စာဆီပြဿနာကို နည်းလမ်းအမျိုးမျိုးနဲ့ ဖြေရှင်းဖို့ ကြိုးစားနေကြပါတယ်။
ဒီတကြိမ်တည်းအရေးထက် နောင်မှာ အလားတူပြဿနာဖြစ်လာရင် ဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့ ရေရှည်အတွက်ပါ တွက်ချက်လာကြတာပါ။ မြန်မာက အာဏာပိုင်တွေကတော့ ယာဥ်ကို စုံ/မ ရက်ခွဲပြီး စက်သုံးဆီရောင်းသလို ယာဥ်အင်ဂျင်အမျိုးအစားအလိုက် ဆီဝယ်နိုင်တဲ့ပမာဏကို သတ်မှတ်ပြီး ကန့်သတ်ရောင်းချကာ စက်သုံးဆီအကျပ်အတည်းကို ဖြေရှင်းနေပါတယ်။
ကမ္ဘာလုံးဆိုင်ရာရေနံနဲ့လောင်စာဆီပြဿနာအကျပ်ဆိုက်လာချိန်မှာ မြန်မာလူထုကြားမှာ မေးခွန်းထွက်ပေါ်လာတာက ရေနံစိမ်းထွက်တဲ့မြန်မာမှာ ရေနံချက်စက်ရုံတွေ ဘာကြောင့်မလည်ပတ်နိုင်သလဲဆိုတာနဲ့ လောင်စာဆီကို ဘာကြောင့် ပြည်ပနေ မှာယူသုံးစွဲနေရသလဲဆိုတာပါ။
ဘီဘီစီက အဲဒီမေးခွန်းတွေရဲ့အဖြေအတွက် စွမ်းအင်ဝန်ကြီးဌာနရဲ့ဝန်ထမ်းဟောင်းနဲ့လက်ရှိဝန်ထမ်းတွေ၊မြန်မာက ရေနံကြောတွေနဲ့ ရေနံချက်စက်ရုံတွေအကြောင်း နားလည်တတ်ကျွမ်းသူတွေနဲ့ မေးမြန်းပြီး ခြေရာကောက်ကြည့်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
မြန်မာမှာ ရေနံစိမ်းတွေ ဘယ်ကထွက်လဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာနိုင်ငံမှာ ရေနံစိမ်းတွေကို ကုန်းတွင်းရေနံမြေတွေနဲ့ ကမ်းလွန်ရေနံ၊ သဘာဝဓာတ်ငွေ့လုပ်ကွက်တွေကနေရပါတယ်။ ကုန်းတွင်းရေနံမြေ အနည်းဆုံး ၁၀ ခုထက်မနည်းရှိပြီး ရေနံချောင်းရေနံမြေ၊ ချောက်ရေနံမြေ၊ မန်းရေနံမြေ၊ ပြည်ရေနံမြေ၊ ရွှေပြည်သာရေနံမြေ(မြန်အောင်)၊ မြိုင်နဲ့ ပေါက်ရေနံမြေတွေကနေ ရေနံစိမ်းတွေ ထွက်ပါတယ်။
မကွေးတိုင်းထဲက ရေနံချောင်း၊ ချောက်၊ မန်းရေနံမြေတွေဟာ ရှေးအကျဆုံး ရေနံတွင်းလုပ်ကွက်ဟောင်းတွေဖြစ်သလို အထွက်နှုန်းကောင်းတဲ့ရေနံမြေတွေ ဖြစ်ခဲ့ပါတယ်။
မန်းရေနံမြေဆိုရင် ၁၉၈၀ ခုနှစ်နောက်ပိုင်းကာလတွေမှာ တစ်ရက်ကို ရေနံစိမ်း စည် ၂ သောင်းကျော်အထိ ထွက်ခဲ့ဖူးတယ်လို့ ရေနံဝန်ထမ်းဟောင်းလည်းဖြစ်တဲ့ ရေနံပညာရှင်တစ်ဦးက ပြောပါတယ်။
နှစ်တွေကြာလာတဲ့အမျှ ဒီရေနံတွင်းတွေဟာ သိသိသာသာ အထွက်နှုန်းကျလာခဲ့တယ်လို့ ရေနံပညာရှင်တွေက ပြောပါတယ်။ လက်တွေ့မှာတော့ နိုင်ငံတွင်းက ရေနံစိမ်းအထွက်နှုန်းဟာ " ပြည်တွင်း အသုံးပြုဖို့တောင် မလောက်ငှဘူး " လို့ ရေနံဝန်ထမ်းဟောင်း ပညာရှင်က ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တစ်နှစ်ကို ရေနံစိမ်းစည် ၂ သန်းကျော်(တစ်နေ့ကို ရေနံစိမ်းစည် ၅,၇၀၀) ခန့်ထွက်တဲ့ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်ကြားက ရေနံမြေလုပ်ကွက် အများစုကို ၂၀၂၁ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်းမှာ ဒေသခံတော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပါတယ်။
၂၀၂၅ ခုနှစ် သြဂုတ်လကဆိုရင် အာဏာသိမ်းစစ်ကော်မရှင်က ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းအတွင်းရှိ ကုန်းတွင်းရေနံမြေတွေမှာ ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ခွင့်ကို ပြည်တွင်းကုမ္ပဏီတချို့ကို လုပ်ပိုင်ခွင့်ပေးခဲ့ပါတယ်။
အဲဒီရေနံလုပ်ကွက်တွေက ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်၊ ပြည်ရေနံမြေရှိ IOR-4 လုပ်ကွက်နဲ့ ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ မြန်အောင်ရေနံမြေ IOR-6 (ဧရိယာ-၃)၊ (ဧရိယာ-၂)နဲ့ ရွှေပြည်သာရေနံမြေ IOR-7 လုပ်ကွက်တို့ဖြစ်ပါတယ်။
အဲဒီအချိန်က စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က ''ပြည်ရေနံမြေ၊ မြန်အောင်ရေနံမြေနဲ့ ရွှေပြည်သာရေနံမြေတို့က အစဉ်အလာကောင်းတွေနဲ့ အလားအလာကောင်းတွေရှိတဲ့ရေနံမြေတွေဖြစ်တာကြောင့် ခေတ်မီနည်းပညာတွေ၊ ခေတ်မီစက်ကိရိယာတွေ အသုံးပြုရှာဖွေခြင်း၊ အကဲဖြတ်ခြင်း၊ တူးဖော်ခြင်းတို့ကို ဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံတော်အတွက် များစွာအထောက်အကူပြုမယ်'' လို့ ပြောခဲ့ပါတယ်။
စွမ်းအင်ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ သက်တမ်းရင့်ရေနံမြေတွေက ကုန်းတွင်းလုပ်ကွက် ၁၀ ကွက်ကို တိုင်းရင်းသားလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး ခွဲဝေခံစားခွင့်ရှိတဲ့စာချုပ်နဲ့ ခွင့်ပြုပေးနေတယ်လို့ဆိုပါတယ်။
စွမ်းအင်ဝန်ကြီးဌာနရဲ့ လက်ရှိအရာထမ်းဝန်ထမ်းတစ်ဦးနဲ့ ဘီဘီစီက မေးမြန်းခွင့်ရခဲ့ပြီး သူ့အပြောအရ အာဏာပိုင်တွေအနေနဲ့ ရေနံလုပ်ကွက်ရ လုပ်ငန်းရှင်တွေဆီက ရေနံစိမ်းတွေကို ဝယ်ယူပြီး ရေနံချက်စက်ရုံတွေမှာ ရေနံချက်ရတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ နှစ်စဉ် လောင်စာဆီနဲ့ သဘာဝဓာတ်ငွေ့တင်သွင်းမှု အသုံးစရိတ်ဟာ အမေရိကန်ဒေါ်လာ ၂ ဘီလျံရှိတယ်လို့ စစ်ကော်မရှင်ရဲ့အချက်အလက်တွေအရသိရပါတယ်။
အိုဟောင်းနေတဲ့ စက်ရုံတွေ

ဓာတ်ပုံ ရင်းမြစ်, Global New Light Of Myanmar
နိုင်ငံတွင်း ရေနံလုပ်ကွက်တွေကထွက်တဲ့ ရေနံစိမ်းတွေကို ရန်ကုန်နဲ့ မကွေးတိုင်းက ရေနံချက်စက်ရုံ သုံးခုမှာ အဓိက ချက်လုပ်ပါတယ်။ ရန်ကုန်၊ သန်လျင်မြို့နယ်က အမှတ် ၁ ရေနံချက်စက်ရုံ(သန်လျင်)၊ မကွေးတိုင်း ချောက်မြို့က အမှတ် ၂ ရေနံချက်စက်ရုံ(ချောက်)နဲ့ မကွေးတိုင်း၊ မင်းလှမြို့နယ်က မန်းသံပုရာကန်စက်ရုံတွေမှာ ရေနံချက်ပါတယ်။
ရေနံစိမ်းကနေ လေယာဉ်ဆီ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီတွေကို အဲဒီစက်ရုံသုံးခုက ထုတ်လုပ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ဖော်ပြထားပါတယ်။ ဒီစက်ရုံတွေကနေ ရေနံထွက်ပစ္စည်းထုတ်လုပ်မှုဟာ ပြည်တွင်း သုံးစွဲမှုရဲ့ ၃ ရာခိုင်နှုန်းသာရှိတယ်လို့ ဝန်ကြီးဌာနရဲ့အချက်အလက်တွေအရ သိရပါတယ်။
သန်လျင်ရေနံချက်စက်ရုံနဲ့ ချောက်ရေနံချက်စက်ရုံကို မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီး ၇ နှစ်ဝန်းကျင်အကြာမှာ ဆောက်လုပ်ခဲ့တာပါ။ မန်းသံပုရာကန်ရေနံချက်စက်ရုံကိုတော့ ၁၉၈၆ ခုနှစ်မှာ Mitsubishi Heavy Industry က ဆောက်လုပ်ခဲ့ပါတယ်။
ဒီစက်ရုံတွေဟာ နှစ်ကာလတွေကြာလာတာကြောင့် ရပ်နားထားရတာ၊ အပြည့်အဝမလည်ပတ်နိုင်တာတွေဖြစ်လာတယ်လို့ စွမ်းအင်ဝန်ကြီးဌာနက လက်ရှိဝန်ထမ်းဖြစ်တဲ့ ဘီဘီစီရဲ့သတင်းရင်းမြစ်က ရှင်းပြပါတယ်။
အမှတ် ၁ ရေနံချက်စက်ရုံ (သန်လျင်) ဟာ စက်ရုံတည်ဆောက်ထားတဲ့သက်တမ်း လွန်လာတာ၊ စက်ပစ္စည်းအစိတ်အပိုင်းတွေ ယိုယွင်းပျက်စီးမှု များလာပြီး အန္တရာယ်ကင်းကင်းမလည်ပတ်နိုင်တော့တဲ့အတွက် ၂၀၀၆ ခုနှစ်မှာ လည်ပတ်မှု ရပ်ဆိုင်းခဲ့ဖူးပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ဒီစက်ရုံဟာ စီးပွားရေးအရ အကျိုးအမြတ်မဖြစ်တဲ့အတွက် လုံးဝရပ်ဆိုင်းလိုက်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
အရင်က သန်လျင်ရေနံချက်စက်ရုံမှာ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက်၊ ရဲတံခွန် စီမံကိန်းကနေထွက်တဲ့ ရေနံကို ချက်ပေမယ့် အခုတော့ နားလိုက်ပြီလို့ စွမ်းအင်ဝန်ကြီးဌာန သတင်းအရင်းအမြစ်က ပြောပါတယ်။
"အရင်တုန်းက ကျွန်တော့်ဆီက ကမ်းလွန်ရေနံလုပ်ကွက်ကထွက်တဲ့ ရေနံကို ပြန်ဝယ်ပြီးတော့ သန်လျင်မှာချက်တယ်။ အခုက မချက်တော့ဘူး" လို့ သူက ပြောပါတယ်။
အခုတော့ ဒီစက်ရုံနေရာမှာ တစ်နှစ်ကို ရေနံစိမ်းတန်ချိန် ၅ သိန်း ချက်လုပ်နိုင်တဲ့ Modular Type စက်ရုံအသစ်ကို တည်ဆောက်နေတယ်လို့ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လမှာ စစ်ကော်မရှင်က ကြေညာပါတယ်။
ဒုတိယအဆင့်အနေနဲ့ တစ်နှစ်ကို ရေနံစိမ်းတန်ချိန် ၃ သန်းထုတ်လုပ်နိုင်မယ့် စက်ရုံအသစ်ကို ၂၀၂၈ ခုနှစ်မှာ အပြီးဆောက်ဖို့ လျာထားတယ်လို့ ဖော်ပြပါတယ်။ တရုတ်အစိုးရပိုင် China Oilfield Services Limited (COSL) ကလည်း ဒီစီမံကိန်းအကောင်အထည်ဖော်မှုမှာ ပါဝင်ပါတယ်။
ဒီစီမံကိန်းသာပြီးသွားရင် နိုင်ငံအတွင်း စက်သုံးဆီလိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ဆိုပါတယ်။ ချောက်ရေနံချက်စက်ရုံနဲ့ မန်းသံပုရာကန်စက်ရုံတွေကတော့ အခုလက်ရှိမှာ အပြည့်အဝ မလည်ပတ်နိုင်တော့ဘူးလို့ သိရပါတယ်။
မကွေးတိုင်းက မန်းသံပုရာကန်စက်ရုံအနီးမှာတော့ Euro V အဆင့်ရှိတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတွေ ထုတ်လုပ်နိုင်မယ့် ရေနံချက်စက်ရုံအသစ်တည်ဆောက်ဖို့ ရှိတယ်လို့လည်း စစ်ကော်မရှင်က ကြေညာထားပါတယ်။
တစ်ဖက်မှာလည်း မြန်မာနိုင်ငံက ရေနံချက်စက်ရုံတွေဟာ ကုန်းတွင်းရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်တွေက ရရှိတဲ့ရေနံစိမ်းကိုပဲ အဓိကချက်လုပ်ရပြီး လက်ရှိပြည်တွင်းမှာ ရေနံစိမ်းအထွက်နှုန်းကျလာတာကြောင့် ပြည်ပကနေပဲ ဝယ်ယူတင်သွင်းနေရတယ်လို့ စွမ်းအင်ဝန်ကြီးဌာန သတင်းအရင်းအမြစ်က ပြောပါတယ်။
"စက်ရုံတွေရဲ့လည်ပတ်မှုကတော့ ပြည်တွင်းအထွက်နှုန်းကျတာကြောင့်လည်း ပါတယ်၊ စက်စွမ်းအားကျလာတာကြောင့် လည်းပါတယ်။ ဒါပေမဲ့ အဲဒါတွေကို ကျွန်တော်တို့ အခုအကြီးစားပြင်ဆင်မှုတွေ လုပ်နေပါတယ် " လို့ သူကပြောပါတယ်။
စက်ရုံတွေက ထုတ်တဲ့ ရေနံချောထွက်ကုန်တွေဟာ ခေတ်မီမော်တော်ယာဥ်တွေမှာ အသုံးပြုလို့ မရပေမဲ့ ပြည်တွင်းမှာရှိတဲ့ယာဉ်ကြီးနဲ့ စက်ယန္တရားတွေအတွက်တော့ အသုံးပြုလို့ရတယ်လို့ သူကပြောပါတယ်။
မနှစ်ကတော့ မကွေးတိုင်းထဲက မန်းသံပုရာကန်စက်ရုံက ထွက်တဲ့ ဓာတ်ဆီ ၆၈ Ron အမျိုးအစားကို ရောင်းချပေးခဲ့တယ်လို့ စစ်ကော်မရှင်က ကြေညာထားပါတယ်။ ဒါဟာ မော်တော်ဆိုင်ကယ်တွေမှာသာ အသုံးပြုနိုင်တဲ့စက်သုံးဆီ အမျိုးအစားပါ။
ရေနံမြေအသစ်တွေ ရှာဖွေခြင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာနိုင်ငံမှာ ကုန်းတွင်းအနည်ကျချိုင့်ဝှမ်း ၁၄ ခုရှိပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့ကောင်းစွာ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်း မပြုလုပ်ရသေးတဲ့ အနည်ကျချိုင့်ဝှမ်း ၉ ခု ရှိအထိရှိတယ်လို့ စွမ်းအင်ဝန်ကြီးဌာနရဲ့သတင်းရင်းမြစ်ဆီကနေ သိရှိရပါတယ်။ ဒါကြောင့် ကုန်တွင်းရေနံမြေအသစ်တွေကို စစ်ကော်မရှင်က ထပ်တိုးရှာဖွေနေပါတယ်။
ရှမ်းတောင်ပိုင်း၊ ကလောဒေသဘက်က အနည်ကျ ချိုင့်ဝှမ်းဒေသမှာရေနံနဲ့ သဘာဝဓာတ်ငွေ့ ခိုအောင်းနေတဲ့နေရာတွေကို ဖော်ထုတ်ဖို့ ကွင်းဆင်းလေ့လာမှုတွေစတင်ပြီလို့ ၂၀၂၅ ခုနှစ်၊ မေလမှာ ကြေညာထားပါတယ်။ ဒါပေမဲ့ အဲဒီကွင်းဆင်းလေ့လာမှုနောက်ဆက်တွဲအခြေအနေကိုတော့ အခုချိန်ထိ ထုတ်ပြန်လာတာမရှိသေးပါဘူး။
"အနည်ကျချိုင့်ဝှမ်းရှိတိုင်း ရေနံဖြစ်နိုင်ပေမဲ့ ရေနံဖြစ်နိုင်တဲ့ကာဗွန်ပါဝင်မှု ပမာဏ မရှိရင် ရေနံမချက်လုပ်နိုင်ပါဘူး။ မြေသားကို ကာဗွန်ပါဝင်မှု ပမာဏအရင်တိုင်းတာရပါတယ်။ ကလောကို အရင်က ဘူမိဗေဒပညာရှင်တွေ လေ့လာခဲ့ဖူးပါတယ်။ အခုက ထပ်လေ့လာနေဆဲဖြစ်ပါတယ်" လို့ ရေနံဝန်ထမ်းဟောင်း ပညာရှင်က ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ဝင်ငွေရလမ်းတွေကို စောင့်ကြည့်တဲ့ Justice For Myanmar အဖွဲ့ကတော့ မြန်မာအစိုးရအနေနဲ့ မြန်မာ့သဘာဝဓာတ်ငွေ့လုပ်ငန်းကနေ နှစ်စဉ် ဒေါ်လာ ၁ ဘီလျံကျော် ရရှိနေပြီး ၂၀၂၃ နှစ်စပိုင်းကနေ ဇွန်လအထိ အမေရိကန်ဒေါ်လာ ၈၄၁.၇ သန်းရရှိထားတယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။
ရေနံချက်စက်ရုံတွေ ဘာကြောင့် အပြည့်မလည်ပတ်နိုင်
ကျွမ်းကျင်သူတွေနဲ့ လက်ရှိဝန်ထမ်းတွေနဲ့ ဝန်ထမ်းဟောင်းတွေနဲ့ ဆက်သွယ်မေးမြန်းချက်အရဆို၇င် မြန်မာမှာရေနံစိမ်း ထွက်ပေမဲ့ စီးပွားဖြစ်မသုံးစွဲနိုင်တာနဲ့ ပြည်ပက မှာယူသုံးနေရတဲ့ အဓိက အချက်တချို့ရှိနေပါတယ်။
- ရေနံချက်စက်ရုံတွေက အိုဟောင်းလာပြီးနည်းပညာအဆင့်မြှင့်တင်နိုင်ခြင်းမရှိသေး
- နည်းပညာစံနှုန်းမမှီတာကြောင့်အရည်အသွေးကောင်းတဲ့ ရေနံအဖြစ်မချက်လုပ်နိုင်
- အဆင့်မီရေနံစိမ်းမထွက်တာကြောင့် ဓာတုဒြပ်ပေါင်းပစ္စည်းများလိုအပ်ချက်
- နိုင်ငံတွင်းက လျှပ်စစ်မီးအလုံလောက်မရနိုင်တဲ့ ပြဿနာ
- ရေနံထွက်ဒေသတချို့မှာ စစ်ရေးနဲ့ လုံခြုံရေးပြဿနာ
- ရေနံစိမ်းအရည်အသွေးနဲ့ အထွက်နှုန်းပမာဏလျော့ကျ
- သန့်စင်ရေနံရဖို့အတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်တွေပိုသုံးဖို့ ဘတ်ဂျက်အကန့်အသတ်
ကမ္ဘာ့စက်သုံးဆီဈေးတွေကို ကမောက်ကမဖြစ်စေခဲ့တဲ့ အီရန်စစ်ပွဲဟာ မြန်မာစစ်အာဏာရှင်အဆက်ဆက်ရဲ့အစိုးရတွေရဲ့ စက်သုံးဆီဆိုင်ရာစီမံခန့်ခွဲမှုတွေကို မီးမောင်းထိုးပြလိုက်တာဆိုတဲ့ကောက်ချက်ချမှုတွေရှိပါတယ်။
ရေနံချက်စက်ရုံတွေအဆင့်မြှင့်တင်ရေးကလည်း အချိန်ယူရဦးမှာဖြစ်သလို ရေနံစိမ်းအထွက်နှုန်းကလည်း နေ့ချင်း၊ ညချင်း အပြောင်းအလဲဖြစ်လာဖို့ ခဲယဉ်းနေတယ်လို့ ရေနံဝန်ထမ်းဟောင်း ပညာရှင်က ပြောပါတယ်။
မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံဖြစ်တာကြောင့် လိုအပ်တဲ့ စက်သုံးဆီ မဖြည့်တင်းနိုင်ရင် နိုင်ငံရဲ့စိုက်ပျိုးရေးထုတ်ကုန်တွေအပေါ် သက်ရောက်မှုတွေ ရှိလာမယ်လို့ စွမ်းအင်ပညာရှင်တချို့ကထောက်ပြပါတယ်။
ရေရှည်မှာတော့ သဘာဝဓာတ်ငွေ့ကနေ လျှပ်စစ်ရရှိမှု၊ ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်တဲ့ ဆိုလာစီမံကိန်းတွေ၊ ကျောက်မီးသွေး၊ လေ၊ ရေတို့ကနေ လျှပ်စစ်ထုတ်ယူတာမျိုးတွေကို ဆောင်ရွက်ပြီး လောင်စာဆီပေါ် မှီခိုမှုကို လျှော့ချသင့်တယ်လို့ ပညာရှင်တွေက အကြံပြုဆိုပြောဆိုထားကြပါတယ်။












