ပစ်ချခံတိုက်လေယာဉ်က လေသူရဲကို အီရန်နိုင်ငံထဲကနေ အမေရိကန်စစ်တပ် ဘယ်လိုကယ်ထုတ်ခဲ့လဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
- ရေးသားသူ, ဂေဘရီယယ်လာ ပမ်မိုရွိုင်း
- ဖတ်ရန်အချိန်: မိနစ် ၁၀
အမေရိကန်စစ်တပ်ဟာ အီရန်နိုင်ငံထဲက ဝေးလံခေါင်ဖျားအရပ်ဒေသမှာ သူ့ရဲ့တိုက်လေယာဉ်တစ်စင်း ပစ်ချခံရပြီးတဲ့နောက် အဲဒီလေယာဉ်နဲ့အတူ ပျောက်ဆုံးခဲ့တဲ့ လေသူရဲတစ်ဦးကို ရှာဖွေကယ်ဆယ်ရေး ခဲရာခဲဆစ်ပြုလုပ်ခဲ့ပါတယ်။
အခြေအနေ အတိအကျကတော့ မရှင်းလင်းသေးပါဘူး။ ဒါပေမဲ့ အဲဒီလေသူရဲကို ကယ်ထုတ်တဲ့ စစ်ဆင်ရေးဟာ မြေပြင်အနေအထားအရလည်း တည်တည်ငြိမ်ငြိမ်မဟုတ်လို့ အတော်လေးကို ကြီးမားရှုပ်ထွေးခဲ့ပါတယ်။
အမေရိကန်စစ်သုံးလေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ အထူးတပ်ဖွဲ့ဝင် ဒါဇင်ချီပါတဲ့အင်အားနဲ့ ရှာဖွေကယ်ဆယ်ရေး စစ်ဆင်ရေးကို စခဲ့တာဖြစ်ပြီး အဲဒီထဲမှာ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ (စီအိုင်အေ)လည်း ပါဝင်ခဲ့တယ်လို့ အမေရိကန်မီဒီယာတွေက သတင်းဖော်ပြပါတယ်။
တနင်္ဂနွေနေ့တုန်းကတော့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ''အတော်လေး ဒဏ်ရာရထားပေမဲ့ တကယ့်ကို ရဲရင့်တဲ့ F-15 တိုက်လေယာဉ်ရဲ့ လေသူရဲအရာရှိကို အီရန်နိုင်ငံအတွင်းပိုင်း ကျကျ တောတောင်တွေထဲကနေ ကျွန်တော်တို့ ကယ်ဆယ်နိုင်ခဲ့ပြီ'' လို့ လူမှုကွန်ရက်ပေါ် ရေးပါတယ်။
ဒါပေမဲ့ ဒီလေသူရဲရဲ့ဖြစ်အင်ဟာ သောကြာနေ့တုန်းက လေယာဉ်မှူးတစ်ဦးနဲ့ လက်နက်စနစ်ကျွမ်းကျင်လေသူရဲတစ်ဦး လိုက်ပါလာတဲ့ F-15 တိုက်လေယာဉ်တစ်စင်း အီရန်နိုင်ငံတောင်ပိုင်းမှာ ပစ်ချခံရတယ်ဆိုတဲ့သတင်း ထွက်လာအပြီးမှာ စတင်ပါတယ်။
ဒီဖြစ်ရပ်ဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း အမေရိကန် တိုက်လေယာဉ် တစ်စင်း ရန်သူ့ပစ်ခတ်ခံရမှု ပထမဆုံးအကြိမ်ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။
F-15E Strike Eagle တိုက်လေယာဉ်ပေါ် လိုက်လာပါတဲ့ လေတပ်အရာရှိ ၂ ဦးဟာ လေယာဉ်ကနေ အရေးပေါ် ထိုင်ခုံ ခလုတ်ကို နှိပ်ပြီး ခုန်ထွက်နိုင်ခဲ့ကြပါတယ်။ လေယာဉ်မှူးကို အဲဒီနေ့ တစ်နေ့တည်းမှာပဲ ပြန်ကယ်နိုင်ခဲ့ပေမဲ့ ဒုတိယမြောက် လေသူရဲကတော့ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ဟာ အဲဒီလေသူရဲ ဘယ်နေရောက်နေလဲဆိုတာကို သိရအောင် အချိန်လု ရှာဖွေရေး လုပ်ခဲ့ပါတယ်။
အီရန်ကလည်း ဒီလေသူရဲကို အရှင်ဖမ်းမိတဲ့သူကို ဒေါ်လာ ခြောက်သောင်းခြောက်ထောင်ကျော် ဆုကြေးပေးမယ်လို့ ဆုကြေးထုတ်ပါတယ်။
ဘီဘီစီက သီးခြားအတည်မပြုနိုင်တဲ့ လူမှုကွန်ရက်မှာ မျှဝေနေရတဲ့ ရုပ်သံတွေမှာတော့ လက်နက်ကိုင်အရပ်သားတွေဟာ အဲဒီလေသူရဲကို ရှာဖွေနေတာလည်းတွေ့ရပါတယ်။
လေသူရဲဟာ မြေပြင်ကို ကျသွားတဲ့အချိန်မှာ သူ့ကိုယ်သူ ခုခုံကာကွယ်ဖို့ သေနတ်တို တစ်လက်ပဲ ပါသွားတယ်လို့ အမေရိကန်အရာရှိတွေက ပြောခဲ့ပါတယ်။
လေသူရဲဟာ ဒီလိုအခြေအနေမျိုးအတွက် သင်တန်းပေးခံရပြီးပုံပေါ်ပါတယ်။ သူ့တည်နေရာကို အချက်ပြတဲ့စနစ်ကို ဖွင့်၊ အမြင့်ပိုင်းကိုတက်ပြီး သိုသိုသိပ်သိပ်နဲ့ အဆက်အသွယ်မိအောင် လုပ်ခဲ့ပုံပါ။
လေသူရဲဟာ တောင်နံရံကြားထဲ ဝင်ပုန်းပြီး အီရန်တွေက သိသွားမှာစိုးတာကြောင့် သူ့ရဲ့ အချက်ပြစနစ်ကိုလည်း အကန့်အသတ်နဲ့ဖွင့်ခဲ့တယ်လို့ အမေရိကန် မီဒီယာတွေမှာ ဖော်ပြပါတယ်။
အဲဒီနောက်မှာတော့ သူဟာ ကယ်ဆယ်ရေးအဖွဲ့တွေ အလာကို စောင့်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အမေရိကန် ထောက်လှမ်းရေးအဖွဲ့ (စီအိုင်အေ)လည်း အခုကယ်ဆယ်ရေးမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ထရမ့်အစိုးရအဖွဲ့က အကြီးတန်းအရာရှိတစ်ဦးက အမေရိကန်မီဒီ ယာတွေကို ပြောပါတယ်။
တောင်ကြားထဲ ပုန်းအောင်းနေတဲ့ လေသူရဲရဲ့တည်နေရာအတည်အကျကို တွေ့အောင် ခြေရာခံလိုက်ခဲ့တာကို ထောက်လှမ်းရေးအဖွဲ့(စီအိုင်အေ)က လုပ်ခဲ့တာဖြစ်ပြီး အဲဒီနောက် အချက်အလက်ကို ပင်တဂွန် စစ်ဌာနချုပ်ကို လွှဲပေးခဲ့တာဖြစ်ပါတယ်။
သမ္မတထရမ့်ကတော့ လေသူရဲကို ကယ်ဆယ်ရေးစီစဉ်တဲ့အရာရှိတွေဟာ သူ့ရဲ့တည်နေရာကို ၂၄ နာရီမပြတ် စောင့်ကြည့်ခဲ့တယ်လို့ ပြောပါတယ်။
ပစ်ချခံတိုက်လေယာဉ်က လေသူရဲဟာ ''နာရီနဲ့အမျှ တရွေ့ရွေ့နီးကပ်လာတဲ့ ကျွန်တော်တို့ရန်သူတွေရဲ့ ခြေရာခံတာကို ခံခဲ့ရတယ်'' လို့လည်း ထရမ့်က ပြောပါတယ်။
သတင်းတွေအရ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ (စီအိုင်အေ)ဟာ အာရုံလွှဲဖို့ ကြိုးပမ်းခဲ့တာလည်း ရှိပါတယ်။ အဲဒါကတော့ အမေရိကန်တပ်ဖွဲ့တွေဟာ ပျောက်ဆုံးနေတဲ့လေသူရဲကို တွေ့ပြီဆိုတဲ့စကားကို ကမ္ဘာကို ဖြန့်ပါတယ်။
အမေရိကန်သမ္မတ ထရမ့်ကတော့ စစ်တပ်ဟာ ''လေသူရဲကို ပြန်ကယ်ထုတ်နိုင်ဖို့ ကမ္ဘာပေါ်မှာ သေကြေစွမ်းအမြင့်ဆုံးလက်နက်တွေကို တပ်ဆင် လေယာဉ်တွေပါတဲ့ ဒါဇင်နဲ့ချီတဲ့လေယာဉ်တွေကို စေလွှတ်ခဲ့တယ်'' လို့ ပြောပါတယ်။
အမေရိကန်အထူးတပ်ဖွဲ့ဟာ လာအကယ်ကို စောင့်နေတဲ့ လေသူရဲဆီ အီရန်တပ်ဖွဲ့တွေ မရောက်အောင် ဗုံးကြဲတာ၊ လက်နက်ပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
အမေရိကန်မီဒီယာတွေမှာတော့ ကယ်ဆယ်ရေးအဖွဲ့သားတွေကို ပြန်သယ်ထုတ်ဖို့ ရည်ရွယ်ထားတဲ့ ပို့ဆောင်ရေးလေယာဉ် ၂ စင်းဟာ အီရန်နိုင်ငံအတွင်းပိုင်းက လေတပ်စခန်းတစ်ခုကနေ ပျံတက်ဖို့ရာ မဖြစ်နိုင်လို့ ရန်သူ့လက်ထဲမကျအောင် လေယာဉ် ၂ စင်းလုံးကို ဖျက်ဆီးခဲ့တယ်လို့ သတင်းဖော်ပြပါတယ်။ အထူးတပ်ဖွဲ့တွေဟာ ကယ်ဆယ်ရေးအဖွဲ့သားတွေကို စုခေါ်ဖို့ နောက်ထပ် လေယာဉ် ၃ စင်းကို ပျံသန်းအသုံးပြုခဲ့တယ်လို့လည်း သတင်းတွေက ဆိုပါတယ်။
BBC Verify အဖွဲ့က အတည်ပြုထားတဲ့ ဓာတ်ပုံနဲ့ရုပ်သံတွေမှာတော့ အီရန်နိုင်ငံအလယ်ပိုင်းက တောင်ထူထပ်တဲ့ဒေသမှာ မီးခိုးထွက်နေတဲ့လေယာဉ်အပျက်အစီးကို မြင်ရပါတယ်။ အဲဒီနေရာဟာ အစ္စဖာဟန်မြို့အရှေ့တောင်ပိုင်း မိုင် ၃၀ ခန့်အကွာမှာဖြစ်ပါတယ်။
အီရန်စစ်တပ်ကတော့ အမေရိကန်ဟာ C-130 စစ်တပ်ပို့ဆောင်ရေး လေယာဉ် ၂ စင်းနဲ့ Black Hawk ရဟတ်ယာဉ် ၂ စင်းကို ဖြန့်ကြက်ခဲ့တယ်လို့ ပြောပြီး ဒါဟာ ''အစ္စဖာဟန်တောင်ပိုင်းက မသုံးတော့တဲ့လေဆိပ်ကို အာရုံလွှဲဖို့ အသုံးပြုချပါတယ်။ ... ဒါပေမဲ့ ဒီလိုအာရုံလွှဲတာကို ဖော်ထုတ်နိုင်ခဲ့တယ်'' လို့ ပြောပါတယ်။
အီရန်နိုင်ငံပိုင်မီဒီယာမှာတော့ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်(IRGC)က တပ်ဖွဲ့တွေဟာ လေသူရဲပျောက်ကို ရှာဖွေရေးလုပ်နေချိန် အစ္စဖာဟန်မြို့ ကောင်းကင်မှာ အမေရိကန်ဒရုန်းတစ်စင်းကို ပစ်ချခဲ့တယ်လို့ ပြောပါတယ်။
အစ္စဖာဟန်မြို့အနီးက အခုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

အမေရိကန်စံတော်ချိန် ညသန်းခေါင်မတိုင်ခင်မှာပဲ ကယ်ဆယ်ရေးအဆုံးသတ်ပါတယ်။ လေသူရဲကို ဆေးကုသပေးဖို့ ကူဝိတ်ကို ကယ်ထုတ်ခဲ့တယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။ ထရမ့်ကတော့ လေသူရဲဟာ ''ဒဏ်ရာအပြင်းအထန်ရရှိထားတယ်'' လို့ ပြောပေမဲ့ ''အဆင်ပြေမှာပါ'' လို့ ပြောပါတယ်။
အမေရိကန်အာဏာပိုင်တွေဟာ လေသူရဲကို ဘယ်နေရာမှာကနေ ကယ်ထုတ်ခဲ့တယ်ဆိုတာနဲ့ ဘယ်သူဖြစ်တယ်ဆိုတာ သတင်းတိတိကျကျ မထုတ်ပါဘူး။
ထရမ့်ကတော့ နာမည်ထုတ်မပြောပေမဲ့ စစ်တပ်ထဲ လူရိုသေ ရှင်ရိုသေတဲ့ ဗိုလ်မှူးတစ်ဦးဖြစ်တယ်လို့ ပြောပါတယ်။
အမေရိကန်စစ်တပ်အရာရှိဟောင်းလည်းဖြစ် အမေရိကန်ရေတပ် အငြိမ်းစား ဗိုလ်ချုပ်လည်း ဖြစ်တဲ့ဝီလီယံ ဖယ်လွန်ကတော့ ''အချိန်ကာလအပိုင်းအခြား''ကြောင့် ကယ်ဆယ်ရေး ချောမွေ့ဖို့ အထောက်အကူဖြစ်စေခဲ့တယ်လို့ ပြောပါတယ်။ ''အမှောင်ထုကြောင့် ကျွန်တော်တို့ လူတွေအတွက် ပိုကောင်းသွားစေတယ်။ သူတို့က အမှောင်ထဲ လှုပ်ရှားဖို့ ကျင့်သားရထားပြီးသား ဆိုတော့လေ။''
အန္တရာယ်များတဲ့နယ်မြေထဲ လေယာဉ်နဲ့ဖြတ်ပျံသန်းတာကိုတော့ ဖယ်လွန်ကတော့ ''ခလုတ်မထိ ဆူးမငြှိဘဲ ပြန်ပြီး ပျံသန်းထွက်လာဖို့ မဖြစ်နိုင်ဘူးဆိုတာကို အစောကတည်းက တွေးထားမှ'' လို့ သူက ပြောပါတယ်။
ပစ်ချခံရတဲ့တိုက်လေယာဉ်က ပျောက်ဆုံးနေတဲ့လက်နက်ကျွမ်းကျင် လေသူရဲကို ပြန်တွေ့ပြီဖြစ်တဲ့အကြောင်း အမေရိကန်ဒေသစံတော်ချိန် တနင်္ဂနွေနေ့ အစောပိုင်းမှာပဲ အမေရိကန် မီဒီယာတွေက သတင်းထုတ်ပါတယ်။
ထရမ့်က အမေရိကန်ဟာ ''အမေရိကန်စစ်သားတစ်ဦးကို ဘယ်တော့မှ နောက်ချန်ထားခဲ့မှာ မဟုတ်ဘူး'' လို့လည်း လူမှုကွန်ရက်ပေါ် ရေးတင်ပါတယ်။
အီရန်ဘက်ကတော့ အမေရိကန်ရဲ့ဒီစစ်ဆင်ရေးဟာ ရှုံးတယ်လို့ ပြောပါတယ်။ အီရန်စစ်တပ် ဗဟို ကွပ်ကဲရေးဌာန ပြောခွင့်ရသူ အီဘရာဟင် ဇိုဖာခါရီကတော့ အမေရိကန်စစ်တပ် လေယာဉ်အတော်များများကို မြေပြင်အရေးပေါ် ဆင်းသက်အောင်လုပ်နိုင်ခဲ့တယ်လို့ ရုပ်သံမိန့်ခွန်းမှာ ပြောပါတယ်။
''ကိုယ်စတင်ကျူးကျော်တဲ့ စစ်ပွဲရဲ့ စစ်နွံထဲမှာ ပိတ်မိနေပြီး ဘဝင်လေဟပ်နေတဲ့ သမ္မတဟာ အခုဆိုရင် ... မြေပြင်ကပဲ ကျူးကျော်လာလာ၊ စိမ့်ဝင်ထိုးဖောက်တာပဲ လုပ်လုပ် ... မရှုမလှတဲ့အရှုံးကို ရင်ဆိုင်ရမယ်ဆိုတာကို ပြည့်ပြည့်ဝဝနားလည်သွားပြီ'' လို့ သူက ပြောပါတယ်။
''မအောင်မြင်ဘူး''ဆိုတဲ့အသုံးအနှုန်းဟာ အီရန်နိုင်ငံပိုင်ရုပ်သံမှာ အီရန်အရာရှိတွေ ပြောတိုင်း အကြိမ်ကြိမ်သုံးနေတဲ့လေသံဖြစ်ပါတယ်။ အထူးသဖြင့် လေသူရဲကို ပြန်ကယ်နိုင်ပြီလို့ သမ္မတ ဒေါ်နယ်ထရမ့် ပြောတဲ့အခါမှာ အီရန်ဘက်က ဒီအသုံးကို အသုံးပြုတာ တွေ့ရတာဖြစ်ပါတယ်။
အမေရိကန်အကဲခတ်အချို့ကတော့ အီရန်ပိုင်နက်အတွင်းပိုင်းမှာ အမေရိကန်ရဲ့ F-15E လေယာဉ်ပျက်ကျတာ၊ နောက်ပြီး ကယ်ဆယ်ရေးသွားတဲ့လေယာဉ်တွေကို ဖျက်ဆီးခဲ့တာကို ကြည့်ရင် အမေရိကန်ရဲ့လေကြောင်းစွမ်းအားမှာ အကန့်အသတ်တွေရှိနေတယ်ဆိုတာကို ပြသတယ်လို့ ပြောပါတယ်။
အမေရိကန်ရဲ့အရှေ့အလယ်ပိုင်းစစ်ဆင်ရေးကို ကိုင်တွယ်တဲ့ ဗဟိုကွပ်ကဲရေးဌာနရဲ့ တပ်မှူးဟောင်း ဗိုလ်ချုပ် ဖရန့် မက်ခ်ကန်ဇီးကတော့ ''ဒီစစ်ဆင်ရေးမှာ ကျွန်တော်တို့ လေယာဉ်အချို့ကို ဆုံးရှုံးခဲ့တာကတော့ အရှိတရားပါပဲ'' လို့ ပြောပြီး အခုလိုအခြေအနေမျိုးမှာ အလားတူဆုံးရှုံးမှုဟာ ''ဘယ်နေ့မှာမဆို'' ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။
''လေယာဉ်တစ်စင်းတည်ဆောက်ဖို့ ၁ နှစ်ကြာနိုင်တယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှ နောက်ချန်မထားရစ်ရေး စစ်ဘက်ဆိုင်ရာထုံးကို တည်စေဖို့ဆိုရင် နှစ် ၂၀၀ လောက် တည်ဆောက်ရတယ်'' လို့ သူက စီဘီအက်စ် သတင်းဌာနရဲ့ Face The Nation အစီအစဉ်မှာ ပြောပါတယ်။
ဘီဘီစီ ပါရှန်းဘာသာစကားဌာနက ဂွန်ချန် ဟာဘီဘီအာဇက်လည်း ပါဝင်ရေးသားပါတယ်။













