ထရမ့် မျက်စိကျနေတဲ့ အီရန်ပိုင် ခါ့ကျွန်းကို အမေရိကန် သိမ်းဖို့ ကြိုးပမ်းနိုင်ခြေ

 အီရန်ရဲ့ ရေနံပို့ကုန် ၉၀ ရာခိုင်နှုန်းလောက် ခါ့ကျွန်းကို ဖြတ်သန်းသွား

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အီရန်ရဲ့ ရေနံပို့ကုန် ၉၀ ရာခိုင်နှုန်းလောက် ခါ့ကျွန်းကို ဖြတ်သန်းသွား
    • ရေးသားသူ, ဖရန့် ဂါဒနာ
    • ရာထူးတာဝန်, လုံခြုံရေး သတင်းထောက်
  • ဖတ်ရန်အချိန်: မိနစ် ၆

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ပါးရှားပင်လယ်ကွေ့ မြောက်ပိုင်း ခါ့ကျွန်းပေါ်က အီရန်ရဲ့ အရေးကြီးတဲ့ရေနံစခန်းကို သိမ်းဖို့ တပ်တွေ လွှတ်နိုင်ကြောင်း ပြောပါတယ်။

ခါ့ကျွန်းက အီရန်ရေနံတွေ အဓိကပို့တဲ့စခန်းကြီးဖြစ်ပြီး ရေနံစည် ၂ သန်းလောက် တင်ဆောင်နိုင်တဲ့ရေနံစိမ်းတင်သင်္ဘောကြီးတွေ ကမ်းကပ်လို့ ရတဲ့အထိ ရေစူးနက်တဲ့ကမ်းလွန်မှာ တည်ရှိပါတယ်။ အီရန်ရဲ့ ရေနံပို့ကုန် ၉၀ ရာခိုင်နှုန်းကျော်ကလည်း ဒီကျွန်းကို ဖြတ်သန်းသွားပါတယ်။

၁၉၈၀ ပြည့်လွန် အီရန်-အီရတ် စစ်ပွဲတုန်းကလည်း ဒီကျွန်းကို အီရတ်က မကြာခဏ ဗုံးကြဲလေ့ရှိပါတယ်။ ဒီနှစ် မတ်လ ၁၃ ရက်တုန်းကလည်း ဒီကျွန်းပေါ်က စစ်ရေးပစ်မှတ် ၉၀ ကို အမေရိကန်က တိုက်ခိုက်ခဲ့ပေမယ့် ရေနံစခန်းတွေကို ချန်ထားခဲ့ပါတယ်။

အမေရိကန်က ဒီကျွန်းကို ဝင်သိမ်းဖို့ ဆုံးဖြတ်ခဲ့ရင်တော့ အီရန်ရဲ့ရေနံတင်ပို့မှုကို ဖြတ်တောက်ပြီး ဟော်မုဇ်ရေလက်ကြားကို အီရန်ထိန်းချုပ်ထားတာကို လျှော့ပေးရေးမှာ ဖိအားပေးဖို့ ယာယီသိမ်းတာက အများဆုံးဖြစ်နိုင်ပါတယ်။

အီရန်အစိုးရရဲ့ ကြံ့ကြံ့ခံ ခုခံနိုင်မှုကြောင့် ဒီလိုသိမ်းပိုက်မှုက ဖြစ်ပါ့မလား မေးစရာအများကြီး ရှိပါတယ်။

ဝင်သိမ်းပိုက်တဲ့ အမေရိကန်တပ်တွေကို မီးမိုးရွာသလို တိုက်ခိုက်မယ်ဆိုပြီး အီရန် လွှတ်တော် ဥက္ကဋ္ဌ မိုဟာမက် ဂါလီဘက်ဖ်က သတိပေးပါတယ်။ မြေပြင်ကနေ ဝေဟင်ပစ်တဲ့ ဒုံးကျည်တွေ အပါအဝင် အီရန်က ကျွန်းကနေ အခိုင်အမာ ခုခံဖို့ အားဖြည့်နေတယ်လို့ ယူဆရပါတယ်။

စတုရန်း ရှစ်မိုင် လောက်ပဲ ကျယ်တဲ့ ခါ့ကျွန်းလေး

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ပတ်ပတ်လည် ရှစ်မိုင်လောက်ပဲ ကျယ်တဲ့ ခါ့ကျွန်းလေး

အမေရိကန်က တချိန်တည်းမှာ ငြိမ်းချမ်းရေး စကားပြောဖို့ ကမ်းလှမ်းပြီး တပ်တွေ စေလွှတ်နေတယ်ဆိုပြီး အီရန်က စွပ်စွဲပါတယ်။ ဒီတပ်တွေထဲမှာ အမေရိကန် မရိန်းတပ်သား ငါးထောင်နီးပါးနဲ့ အမှတ် ၈၂ လေကြောင်းချီတပ်က လေထီးတပ်သား နှစ်ထောင်လောက် ပါပါတယ်။

ဒီတပ်သားတွေကို သုံးပြီး ခါ့ကျွန်းကို ထိန်းထားဖို့ လုပ်နိုင်တယ်လို့ ယူဆချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

သဘောတရားအရလည်း ဒီလေထီးတပ်သားတွေက ညမှာ လေကြောင်းကနေ တိုက်ခိုက်မှုလုပ်နိုင်ပြီး စတုရန်း ရှစ်မိုင် လောက်ပဲ ကျယ်တဲ့ ကျွန်းလေးပေါ်က အရေးကြီးတဲ့နေရာတွေကို သိမ်းနိုင်ပါတယ်။

ဟော်မုစ် ရေလက်ကြား၊ အီရန်နဲ့ ပင်လယ်ကွေ့ နိုင်ငံတွေပြတဲ့မြေပုံ

သင်္ဘောတွေပေါ်က မရိန်းတပ်သားတွေကတော့ သြစပရီ(Osprey) ဘက်စုံသုံး လေယာဉ်တွေ၊ ကမ်းတက်ရေယာဉ်တွေ သုံးပြီး ကျွန်းပေါ် ခြေချနိုင်ကြပါတယ်။ ဒါပေမဲ့ အီရန်ထိန်းချုပ်ထားတဲ့ ဟော်မုဇ် ရေလက်ကြားကို ဒီသင်္ဘောတွေ အရင်ဆုံး ဝင်လာနိုင်ဖို့ လိုသလို ပင်လယ်ကွေ့ထဲက ဖုံးကွယ်နေတဲ့ အီရန်ဒရုံးနဲ့ ဒုံးကျည်ပစ်စင်တွေကိုလည်း ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။

လေကြောင်း၊ ပင်လယ်ရေကြောင်း ဘယ်လိုပဲ ကမ်းတက်လာပါစေ၊ အီရန်ရဲ့ နင်းမိုင်းတွေ၊ ဒရုန်းတွေနဲ့ ရင်ဆိုင်ကြရမှာပါ။ ဒီကမ်းတက်တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှု စွမ်းအားကြောင့် အမေရိကန်တပ်တွေ နိုင်နိုင်တယ်ဆိုပေမယ့်လည်း အသေအပျောက်က အတော်များနိုင်ပါတယ်။

သိမ်းပြီးရင်လည်း အမေရိကန်က ဒီကျွန်းကို အချိန်ကြာကြာ ထိန်းထားဖို့ ပြဿနာ ရှိပြီး အီရန်ကလည်း ဗုံးလာကြဲနေမှာပါ။

အီရန်ပိုင်နက်ကို အမေရိကန်အကြာကြီး သိမ်းထားရင်လည်း အမေရိကန်က သမ္မတထရမ့်ကို ထောက်ခံသူတချို့ကပါ ကြိုက်ကြမှာ မဟုတ်ပါဘူး။ ဒီလိုစစ်မီး ပဋိပက္ခတွေမှာ ဝင်ပြီး နက်နက်ရှိုင်းရှိုင်း မပတ်သက်ဖို့ ကတိနဲ့ ထရမ့် ရွေးကောက်ပွဲ နိုင်ခဲ့တာပါ။

ခါ့ကျွန်း၊ ဆိပ်ခံတံတားတွေနဲ့ ရေနံသိုလှောင်ရုံ စတဲ့ ကျွန်းပေါ်က တည်နေရာပြ မြေပုံ
ခါ့ကျွန်းက ရေနံတင်စခန်း

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ခါ့ကျွန်းက ရေနံတင်စခန်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နောက်ဆုံးအနေနဲ့ ခါ့ကျွန်းကို အမေရိကန်က မြေပြင်စစ်ဆင်ရေး လုပ်မယ်ဆိုတဲ့အသံတွေ ဆူညံနေလွန်းတာမို့ ဒါက လှည့်စားတဲ့အကြံလည်း ဖြစ်နိုင်ပါသေးတယ်။

ဒီကျွန်းက အီရန်အစိုးရနဲ့ တော်လှန်ရေး အစောင့်တပ်တွေအတွက် ဗျူဟာအရ တန်ဖိုးကြီးတာကတော့ ငြင်းစရာ မရှိပါဘူး။

ဒါပေမဲ့လည်း ပင်လယ်ကွေ့ထဲမှာ အမေရိကန် မျက်စိကျနိုင်တဲ့ တခြားကျွန်းတွေ ရှိပါတယ်။ ဒီထဲမှာ ဟော်မုဇ်ရေလက်ကြား ညာဘက်ခြမ်း ဘန်ဒါ အဘက်စ် ဆိပ်ကမ်းကြီးနားက လာရက်ကျွန်း ပါပါတယ်။ ရေနံတင်သင်္ဘောအားလုံး ဒီကျွန်းမှာ အစစ်ဆေးခံပြီး ဖြတ်ခ ဒေါ်လာနှစ်သန်း ပေးဆောင်ခိုင်းဖို့ အီရန်က စီစဉ်နေတာပါ။

အဲဒီနောက် ပင်လယ်ကွေ့ထဲမှာ အကြီးဆုံး ကက်ရှမ်ကျွန်း ရှိပြီး ခါ့ကျွန်းထက် ၇၅ ဆ ပိုကြီးသလို အဲဒီကျွန်း မြေအောက်မှာ အီရန်က ဒုံးကျည်နဲ့ ဒရုန်းတွေ သိမ်းထားတယ်လို့ ယူဆကြပါတယ်။

နောက်ပြီး အဘူမူဆာ၊ တွန့်ဘ်ကျွန်းကြီးနဲ့ ကျွန်းလေးဆိုတဲ့ အီရန်နဲ့ ယူအေအီးကြားမှာ ပိုင်နက်အငြင်းပွားနေကြတဲ့ ကျွန်းသုံးကျွန်း ရှိပါတယ်။ ဒီကျွန်းတွေကို အီရန်ထိန်းချုပ်ထားတာပါ။

တခြား အီရန်ပိုင်ကျွန်းတွေနဲ့အတူ ဒီ ပါးရှားပင်လယ်ကွေ့ထဲက ကျွန်းတွေဟာ ရေကြောင်းသွားလာရေးကို ခြိမ်းခြောက်ဖို့ အီရန်ရဲ့ ဒိုင်းသဖွယ် ဖြစ်နေပါတယ်။ နောက်ပြီး အမေရိကန်ရဲ့ စစ်အင်အားကြီးမှုကို ကျားကန်နိုင်ဖို့ ပထဝီအရ အခွင့်သာသလို ဖြစ်နေပါတယ်။

ဒီအချက်တွေ အားလုံး မဖြစ်နိုင်ဘူး ဆိုတာလည်း ရှိပါတယ်။

ဒေသတွင်းကို တပ်တွေ ထပ်လွှတ်ပြီး မြေပြင် စစ်ဆင်ရေး စဖို့ အချက်ပြနေတဲ့ အချိန်မှာပဲ စစ်ဆင်ရေးတွေ အဆုံးသတ်နိုင်ဖို့ အီရန်နဲ့ လေးလေးနက်နက် ဆွေးနွေးနေကြောင်း ထရမ့်က တနင်္လာနေ့မှာ ထပ်ပြောပြန်ပါတယ်။

စစ်က ငါးပတ်ထဲ ဝင်လာချိန်မှာ ထရမ့်ရဲ့ ပြောစကားတွေက နောက်ထပ် သူ ဘာခြေလှမ်းကြီးပြင်ဖို့ ကြံနေတယ်ဆိုတာကို နည်းနည်းပဲ မှန်းနိုင်ပါတယ်။

ဒါပေမဲ့ သဘောတူညီမှုကို ထရမ့်က အီရန်အစိုးရထက်ပိုပြီး အပူတပြင်းလိုချင်နေတယ်လို့ သံသယရှိသူတွေ များပါတယ်။ အီရန်နဲ့ အမေရိကန်ကြား မတရား ကွာဟနေတဲ့အနေအထားကိုလည်း ဒီသဘောတူညီမှုက ပေါင်းကူးပေးဖို့ လိုပါတယ်။