ထရမ့်က အရှေ့အလယ်ပိုင်းကို စစ်သား ၁၀,၀၀၀ ထပ်ပို့နိုင်ရေး စဉ်းစားနေ- WSJ သတင်း

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
The Wall Street Journal ရဲ့ သတင်းအရ သမ္မတထရမ့်က အရှေ့အလယ်ပိုင်းဒေသကို မြေပြင်တပ်သား ၁၀,၀၀၀ ထပ်ပို့ဖို့ စဉ်းစားနေတယ်လို့ ဖော်ပြပါတယ်။
ဒီသတင်းက အီရန်မြို့တော် တီဟီရန်နဲ့ ညှိနှိုင်းရေးတွေကို လုပ်နေတယ်ဆိုတဲ့အချိန်မှာတောင် ထရမ့်အတွက် စစ်ရေးရွေးချယ်စရာတွေ ပိုများလာအောင် ဒီစစ်အင်အားပို့မှုကို လုပ်ချင်တာလို့ ကောက်ချက်ချပါတယ်။
ထပ်ပို့မယ်ဆိုတဲ့အထဲမှာ မြေပြင်စစ်တိုက်ရာမှာ အထူးလေ့ကျင့်ထားတဲ့ခြေလျင်စစ်သားတွေနဲ့ လက်နက်နဲ့ ကျည်ဆံတွေအသင့်တပ်ဆင်ထားတဲ့ သံချပ်ကာယာဥ်တွေ ပါဝင်နိုင်ပြီး အရင်ကတည်းက အရှေ့အလယ်ပိုင်းဒေသထဲကို ပို့ထားပြီးသား အမေရိကန် မရိန်းတပ်သား ၅,၀၀၀ အပြင် ထပ်တိုးပို့မယ့် သဘောဖြစ်ပါတယ်။
ဒါပေမယ့် ဒီတပ်တွေကို ဘယ်နေရာကို တိတိကျကျ ပို့မယ်ဆိုတာတော့ မသိရသေးပါဘူး။
ဘီဘီစီကတော့ အဲဒီသတင်းနဲ့ပတ်သက်ပြီး အိမ်ဖြူတော်နဲ့ ပင်တဂွန်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
ကျောင်းကို တိုက်ခိုက်တာ'စစ်ရာဇဝတ်မှု'- အီရန် နိုင်ငံခြားရေးဝန်ကြီး

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
ကုလသမဂ္ဂအစည်းအဝေးမှာ အွန်လိုင်းဗီဒီယိုကတဆင့် ပါဝင်တက်ရောက်ပြောခဲ့တဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရာချီက အမေရိကန်- အစ္စရေးနဲ့ အီရန်ကို ကြားဖြစ်နေတဲ့ စစ်ပွဲကို "နျူကလီးယားလက်နက်ရှိတဲ့ အင်အားကြီး ၂ နိုင်ငံက အတင်းအကျပ်လုပ်ထားတဲ့ မတရားစစ်ပွဲ" လို့ ပြောပါတယ်။
သူက အမေရိကန်ကိုဆွေးနွေးမှုတွေရှိနေတဲ့အချိန် ဖေဖော်ဝါရီလ ၂၈ ရက်မှာ အီရန်ကို တိုက်ခိုက်ခဲ့တာကြောင့် "၉ လအတွင်း ဒုတိယအကြိမ် သံတမန်ရေးလှည့်စားချက်" လို့ စွပ်စွဲပါတယ်။
အီရန်၊ မီဘတ်စ်မြို့မှာရှိတဲ့ မိန်းကလေးကျောင်းတစ်ကျောင်း တိုက်ခိုက်ခံခဲ့ရတာကိုလည်း "ဒီတိုက်ခိုက်မှုတွေအတွင်း အဆိုးဆုံးနဲ့ စိတ်မကောင်းစရာအဖြစ်အပျက်တစ်ခု" လို့ ပြောပြီး "စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ပြစ်မှု" လို့ ပြောပါတယ်။
ဒီဖြစ်ရပ်ကို နိုင်ငံအားလုံးက ရှင်းလင်းပြတ်သားတဲ့ ပြစ်တင်ရှုတ်ချမှု လုပ်ဖို့၊ တာဝန်ယူခိုင်းဖို့လည်းအီရန်က တောင်းဆိုထားပါတယ်။ အမေရိကန်ဘက်ကတော့ ဒီတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောထားပါတယ်။
စုံစမ်းရေးအဖွဲ့တွေက စစ်ဆင်ရေးအစမှာ အမေရိကန်တပ်တွေက မရည်ရွယ်ဘဲ ကျောင်းကိုတိုက်ခိုက်မိတာဖြစ်နိုင်တယ်လို့ ယူဆကြပေမယ့် နောက်ဆုံးအဖြေကိုတော့မထုတ်ပြန်သေးပါဘူး။
အမေရိကန်တပ်တွေအခြေစိုက်တဲ့ ဒေသအနီးက လူထုထွက်ခွာကြဖို့ အီရန် သတိပေး
အီရန်ရဲ့ အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က အမေရိကန်တပ်တွေ တပ်စွဲထားတဲ့ ဒေသအနီးတွေမှာ နေထိုင်ကြတဲ့ အီရန်ပြည်သူတွေအနေနဲ့ အဲဒီနေရာတွေကနေ အမြန်ဆုံးထွက်ခွာကြဖို့ သတိပေးထားပါတယ်။
IRGC နဲ့ ဆက်စပ်နေတဲ့ Fars News Agency မှာ ထုတ်ပြန်တဲ့ ကြေညာချက်အရ၊ အမေရိကန်နဲ့ အစ္စရေးတို့က အရပ်သားနေရာတွေကို အသုံးပြုပြီး လူတွေကို လူသားဒိုင်းအဖြစ် သုံးနေတယ် လို့ စွပ်စွဲထားပါတယ်။ ဒါ့အပြင် အမေရိကန်ဘက်က အရပ်သားတွေ၊ အီရန်အရာရှိတွေကို သတ်ဖြတ်နေတယ် လို့လည်း ပြောထားပါတယ်။
စစ်ပွဲစတင်ပြီးကတည်းက IRGC က ဒီလို သတိပေးချက်တွေ မကြာခဏ ထုတ်နေပြီး၊ မတ်လ ၁၄ ရက်နေ့တုန်းကလည်း အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမေရိကန် စက်မှုလုပ်ငန်းနေရာနားမှာ နေထိုင်သူတွေကို ထွက်ခွာဖို့ သတိပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ခါထုတ်တဲ့ သတိပေးချက်မှာတော့ တိတိကျကျ ဘယ်နေရာဆိုတာ မပြောဘဲ ပိုပြီး ကျယ်ပြန့်တဲ့ သတိပေးမှုလို ဖြစ်နေပါတယ်။
အခုစစ်ပွဲအတွင်းမှာ IRGC ရဲ့ အဆင့်မြင့်တပ်အရာရှိတွေ အများအပြားသေဆုံးထားပါတယ်။
အီရန်စစ်ပွဲနဲ့ ထောက်ခံမှုကျဆင်းလာတဲ့သမ္မတထရမ့်

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
သမ္မတဒေါ်နယ်ထရမ့်ကို အမေရိကန်လူထုရဲ့ လူကြိုက်များမှုက ပြီးခဲ့တဲ့ ဇန်နဝါရီလ အိမ်ဖြူတော်ကို သူ တကျော့ပြန် ပြန်ဝင်လာပြီးနောက်ပိုင်းကစလို့ တဖြည်းဖြည်း ကျဆင်းလာပါတယ်။
အီရန်စစ်ပွဲ စတင်ပြီး ၃ ပတ်လောက်အကြာမှာတော့ အမေရိကန်နိုင်ငံတွင်း လောင်စာဆီဈေးနှုန်းက တစ်ဂါလံကို ပျမ်းမျှ ၄ ဒေါ်လာနီးပါးထိ တက်သွားပြီး၊ ထရမ့်ရဲ့ စီးပွားရေးဆိုင်ရာမူဝါဒအပေါ် ထောက်ခံမှုနှုန်းကတော့ ၂၉ ရာခိုင်နှုန်း အထိ ကျဆင်းသွားပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်၊ အီရန်စစ်ပွဲ စတင်ချိန်မှာတော့ သမ္မတကို အမြင်ကောင်းထားတဲ့ အမေရိကန်တွေက ၄၂ ရာခိုင်နှုန်း ရှိခဲ့ပေမယ့်၊ အခု ၃ ပတ်မြောက်မှာတော့ ၄၀ ရာခိုင်နှုန်း အထိ ကျဆင်းသွားပါတယ်။
ဒါပေမယ့် ထောက်ခံမှုနှုန်းကြီးကြီးမားမား မလျော့သေးတာကတော့ အမေရိကန်ပြည်သူအများစုက အမေရိကန်ရဲ့ စစ်ရေးဝင်ရောက်မှုကို မထောက်ခံခဲ့ပေမယ့် သူ့ကို အမာခံ နိုင်ငံရေးအုပ်စုက ဆက်လက်ထောက်ခံနေသေးတာကြောင့် ဖြစ်နိုင်တယ်လို့ Pew Research Center ရဲ့ အချက်အလက်တွေက ပြောပါတယ်။
နောက်ဆုံး Quinnipiac University Poll ရဲ့ စစ်တမ်းတစ်ခုအရ ရီပတ်ဘလီကန်ပါတီဝင်တွေထဲမှာ ၈၆ ရာခိုင်နှုန်း က အီရန်အပေါ် အမေရိကန်ရဲ့ စစ်ရေးအရ အရေးယူမှုကို ထောက်ခံပြီး၊ ၈၀ ရာခိုင်နှုန်းက သမ္မတထရမ့်ရဲ့ ကိုင်တွယ်ပုံကို သဘောကျနှစ်ခြိုက်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် မဲပေးခွင့်ရှိသူအားလုံးထဲမှာတော့ ဒီကိန်းဂဏန်းတွေက ၃၉ ရာခိုင်နှုန်းကနေ ၃၄ ရာခိုင်နှုန်းဖြစ်သွားပြီး ၅ ရာခိုင်နှုန်းလျော့ကျသွားပါတယ်။
အီရန်ရဲ့ စွမ်းအင်စက်ရုံတွေကို တိုက်ခိုက်မယ့် အစီအစဉ်ကို နောက်ထပ် ၁၀ ရက် ရပ်ထားမယ်
သမ္မတထရမ့်က အီရန်ရဲ့ စွမ်းအင်စက်ရုံတွေကို တိုက်ခိုက်မယ့် အစီအစဉ်ကို နောက်ထပ် ၁၀ ရက် ထပ်ပြီး ရပ်ထားမယ်လို့ မတ် ၂၆ ရက် ကြာသပတေးနေ့ကအစိုးရအဖွဲ့အစည်းအဝေးအပြီးမှာ ပြောပါတယ်။
အဲဒါက အီရန်နဲ့ ဆွေးနွေးမှုတွေ "ဆက်လက်လုပ်နေဆဲ" လို့ နားလည်ရပါတယ်။
ကြာသပတေးနေ့ အစည်းအဝေးက စစ်ပွဲစတင်ပြီးနောက် အစိုးရအဖွဲ့ရဲ့ ပထမဆုံးအစည်းအဝေးလည်း ဖြစ်ပါတယ်။
ထရမ့်ပြောတဲ့ အချက်တွေကတော့...
- အမေရိကန်က အီရန်ရဲ့ ရေတပ်နဲ့ လေတပ်ကို "လုံးဝဖျက်ဆီးပြီးသား" လို့ ပြောပါတယ်။
- မစ်ဆိုင်း(ဒုံးကျည်) ပစ်လွှတ်စနစ်တွေကိုလည်း ၉၀ ရာခိုင်နှုန်းနီးပါး ဖျက်ဆီးပြီးသား ဖြစ်တယ်လို့ ပြောပြီး၊ မစ်ဆိုင်းတွေကိုလည်း ၉၀ ရာခိုင်နှုန်းကျော် ဖျက်ဆီးထားနိုင်တယ်လို့ ဆိုပါတယ်။
- အီရန်ဘက်က စာချုပ်ချုပ်ဖို့ တောင်းဆိုနေတယ်လို့ သူက ပြောပါတယ်။
- အီရန်ဘက်က မညှိနှိုင်းဘူးဆိုရင်တော့ "ဆက်ပြီး တိုက်ခိုက်သွားမယ်" လို့ သတိပေးပြန်ပါတယ်။
- '' အီရန်က တိုက်ရေးခိုက်ရေး မကောင်းဘူး၊ ဒါပေမယ့် ညှိနှိုင်းတာတော့ အတော်ကောင်းတယ်" လို့ ပြောပါတယ်။ အီရန်ဘက်ကတော့ အမေရိကန်နဲ့ ဆွေးနွေးနေတယ်ဆိုတာကို မကြာခဏ ငြင်းနေပါတယ်။
- အစည်းအဝေးမှာပါဝင်ခဲ့တဲ့ အမေရိကန်အထူးကိုယ်စားလှယ် စတိဗ်ဝဗ်ကော့ဖ် အမေရိကန်ဘက်က အချက် ၁၅ ချက်ပါ ညှိနှိုင်းရေးအစီအစဥ်ကို ပါကစ္စတန်ကတဆင့် အီရန်ကို ပို့ထားတယ်လို့ ပြောပါတယ်။
- အီရန်က အပစ်အခတ်ရပ်စဲရေးကို လက်မခံဘူးဆိုရင် " အီရန်တွေအတွက် အမေရိကန်က အိမ်မက်ဆိုးဖြစ်သွားမယ်" လို့ သတိပေးပြီး "ဆက်ပြီး တိုက်ခိုက်သွားမယ်" လို့ ပြောထားပါတယ်
ဆီဈေးတက်တာကို အာရှနိုင်ငံတွေ ဘယ်လိုဖြေရှင်းနေလဲ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
ဟော်မုဇ် ရေလက်ကြားကနေ ဖြတ်သန်းသွားတဲ့ ရေနံနဲ့ သဘာဝစွမ်းအင်ရဲ့ ၉၀ ရာခိုင်နှုန်းခန့်က အာရှနိုင်ငံတွေကို သွားတာကြောင့်၊ အာရှဟာ အခုလောင်စာဆီအကျပ်အတည်းကို ရှေ့တန်းမှာ တိုက်ရိုက်ထိတွေ့နေရတဲ့ ဒေသဖြစ်လာပါတယ်။
- တောင်ကိုရီးယားက ရေနံသုံးဓာတုထုတ်လုပ်ငန်းတွေမှာ အသုံးများတဲ့ ရေနံကနေ ထုတ်တဲ့ လောင်စာဆီတစ်မျိုးကို ပြည်ပထုတ်ပို့ခွင့် ပိတ်လိုက်ပါတယ်။ နောက်ပြီး စွမ်းအင်ချွေတာဖို့ အစိုးရအဆောက်အအုံတွေမှာ လျှပ်စစ်မီးကို တဝက်ပဲ သုံးစွဲခွင့်ပြုထားပါတယ်။
- ဂျပန်ကတော့ ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံ တွေကို အပြည့်လည်ပတ်ခွင့် ယာယီပေးဖို့ စီစဉ်နေပါတယ် (အရင်က ၅၀ ရာခိုင်နှုန်း အောက်ပဲ လည်ပတ်ခွင့်ရှိခဲ့တာ)
- ဗီယက်နမ်က လောင်စာဆီဈေးတက်နေမှုကို လျှော့ချဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအခွန်ကို ယာယီဖယ်ရှားလိုက်ပြီး သောကြာနေ့မှာ ဆီဈေးကို လေးပုံတစ်ပုံလောက် လျှော့နိုင်ခဲ့တယ်လို့ ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီအခွန်လျှော့မှုကို ဧပြီ ၁၅ ရက်အထိ ဆက်ထားမယ်လို့ ဆိုပါတယ်။
- စင်ကာပူကတော့ လေယာဉ်တွေအတွက် သတ်မှတ်ထားတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လောင်စာဆီပေါ် သတ်မှတ်တဲ့ အခွန်ကောက်မယ့် အစီအစဥ်ကို ၂၀၂၇ အထိ ဇန်နဝါရီအထိရွှေ့လိုက်ပါတယ်။
- ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တော် မနီလာမှာ သယ်ယူပို့ဆောင်ရေးလုပ်သားတွေ ဆန္ဒပြမှု ဒုတိယနေ့ထိ ဆက်လက်ဖြစ်နေပါတယ်။ ဆီဈေးတက်လာတာကြောင့် သူတို့ရှေ့ဆက်ဖို့ ခက်ခဲနေတယ်လို့ ပြောကြပါတယ်။ ဒီအခြေအနေကြောင့် နိုင်ငံအနေနဲ့လည်း စွမ်းအင်အရေးပေါ်အခြေအနေကို ကြေညာထားပါတယ်။








