အီရန်စစ်ပွဲလှိုင်း ရိုက်ခတ်တဲ့မြန်မာ့စက်သုံးဆီ ပြင်ပပေါက်ဈေး ကျပ် တစ်သောင်းကျော်

ရန်ကုန်မြို့က စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်မှာ မတ်လ ၂၅ ရက်တုန်းက ဆီရောင်းချနေတဲ့ မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့က စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်မှာ မတ်လ ၂၅ ရက်တုန်းက ဆီရောင်းချနေတဲ့ မြင်ကွင်း
ဖတ်ရန်အချိန်: မိနစ် ၁၂

အရှေ့အလယ်ပိုင်းက အီရန်နိုင်ငံကို အမေရိကန်နဲ့ အစ္စရေးတို့ ပေါင်းတိုက်တဲ့အီရန်စစ်ပွဲ တစ်လပြည့်ပါပြီ။ ရေနံထွက်တဲ့ဒေသက ဒီပဋိပက္ခရဲ့ရိုက်ခတ်မှုကြောင့် မြန်မာမှာ စက်သုံးဆီစျေးနှုန်းလည်း အရှိန်ကောင်းကောင်းနဲ့မြင့်တက်နေပါတယ်။ စက်သုံးဆီ တစ်လီတာအတွက် ပြင်ပပေါက်ဈေးက ကျပ်တစ်သောင်းအထက်မှာ ရှိနေတယ်လို့ နိုင်ငံတလွှား နေရာဒေသ ၈ ခုထက်မနည်းက ဒေသခံတွေက ပြောပါတယ်။

ကြမ်းခင်းဈေး တစ်သောင်းအထက်ရှိလာတာကို ယေဘုယျအားဖြင့် ၃ မျိုး ခွဲနိုင်ပါတယ်။ စစ်ကော်မရှင်အုပ်ချုပ်ရေးယန္တရား လည်ပတ်တဲ့မြို့တွေပေါ်က ပြင်ပဈေးကွက်၊ ဝေးလံခေါင်ဖျားတဲ့နေရာတွေက ဆီပေါက်ဈေးနဲ့ တော်လှန်ရေးအင်အားစု စိုးမိုးဒေသတွေက စက်သုံးဆီအခြေအနေဆိုပြီး ခွဲခြမ်းနိုင်ပါတယ်။

အီရန်စစ်နဲ့အတူ သီတင်းပတ်ချီကြာလာတဲ့မြန်မာ့စက်သုံးဆီ ရှားပါး ကန့်သတ်မှုနဲ့ စျေးကြီးမြင့်မှုဟာ နိုင်ငံမြောက်ဖျားပိုင်းက ပူတာအိုမြို့အထိ ရိုက်ခတ်ပါတယ်။

ပူတာအိုမြို့ဟာ ကချင်ပြည်နယ်အတွင်း စစ်ရေးတင်းမာစဉ်ကတည်းက ကုန်စည်စီးဆင်းမှုရှားပါးနေတဲ့ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိုဝေးလံပြီး သွားလာရခက်ခဲတဲ့ဒေသကို မြစ်ကြီးနားမြို့က တဆင့်သာ စက်သုံးဆီတင်သွင်းနေရတာ ဖြစ်ပါတယ်။

လုံခြုံရေးအရ ဦးသောင်းလို့ အမည်လွှဲသုံးထားတဲ့ ပူတာအိုမြို့ခံကတော့ "လမ်းမှာ ဆီကား ဖြတ်လာရတဲ့ ဂိတ်တွေကလည်း အခွန်တွေ တောင်းတယ်။ တပ်မတော်ဂိတ်ကတော့ တောင်းချင်သလို တောင်းတယ်။ KIA ဂိတ်ကတော့ သတ်မှတ်ဈေးကို ပြေစာပြန်ရတယ်တဲ့။ အဲဒါကြောင့် ဈေးပိုတက်တယ်လို့ သိရတာပဲ" လို့ သူသိရှိထားတာကို ပြောပြပါတယ်။

"အဲဒါကြောင့် ကျွန်တော်တို့ဆီမှာ ပန့်ဆိုင်(ဆိုင်ကြီး) ဈေးကိုပဲ တစ်လီတာကို ၁၅,၀၀၀ ဈေးရှိတယ်။ ဝယ်တာ လီတာလည်း အပြည့်မရဘူး။ အပြင်မှာဆိုရင် ရေသန့်တစ်ဘူး(တစ်လီတာ)ဈေးက တစ်သောင်းပဲ" လို့ ဦးသောင်းက ‌ဆက်ပြောပါတယ်။

ဒါဟာ မတ် ၂၈ ရက်မှာ ကိုယ်ပိုင်ကားအတွက် ဝယ်ယူရတဲ့ဆီဈေးနှုန်းလို့ သိရပါတယ်။

ဒီလိုလမ်းပန်းဆက်သွယ်ရခက်တဲ့မြို့မှာပဲ ဆီဈေး တစ်သောင်းကျော်နေတာ မဟုတ်ပါဘူး။ စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်တဲ့မြို့တွေမှာပါ ပြင်ပဆီဈေးက တရှိန်ထိုး တက်လာပါတယ်။

မတ် ၂၉ ရက် နေပြည်တော်မှာ ဆီဖြည့်ပေးနေတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မတ် ၂၉ ရက် နေပြည်တော်မှာ ဆီဖြည့်ပေးနေတဲ့မြင်ကွင်း

စက်သုံးဆီမှောင်ခိုဈေးကွက် ဘာကြောင့်ပေါ်လာ

မတ် ၂၉ ရက် နေပြည်တော်မှာ ဆီဝယ်ယူဖို့တန်းစီနေရတဲ့ ဆိုင်ကယ်မောင်းနှင်သူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မတ် ၂၉ ရက် နေပြည်တော်မှာ ဆီဝယ်ယူဖို့တန်းစီနေရတဲ့ ဆိုင်ကယ်မောင်းနှင်သူတွေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

"လူနာတင်ကားပေါ်မှာ လူနာပါလာရင်တော့ ချက်ချင်းဆီဖြည့်ပေးပြီး သတ်မှတ်သလောက် ရောင်းပေးတယ်" လို့ တောင်ငူမြို့က Taungoo Rescue အရေးပေါ်ကယ်ဆယ်ရေးပရဟိတအဖွဲ့ တာဝန်ခံ ကိုမိုးဟိန်းကျော်က ပြောပါတယ်။

စစ်ကော်မရှင်အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်တဲ့ ပဲခူးတိုင်း၊ တောင်ငူမြို့ပေါ်မှာ ကားနံပါတ် စုံ - မ စနစ်အရ အလှည့်ကျရက်အတိုင်း ကား၊ ဆိုင်ကယ်တွေ မောင်းနှင်ရသလို သတ်မှတ်ပမာဏအလိုက် စက်သုံးဆီ ရောင်းချပေးတာ ဖြစ်ပါတယ်။ စက်သုံးဆီရောင်းချတဲ့ဆိုင်တွေမှာ တန်းစီဝယ်ယူကြပြီး ပြင်ပဆီဈေးကွက်လည်း ဖြစ်လာပါတယ်။

"လူနာမပါတဲ့ လူနာတင်ကားတွေ၊ အောက်ဆီဂျင်တင်တဲ့ကားတွေဆိုရင် ကျွန်တော်တို့လည်း အများနည်းတူပဲ တန်းစီရတယ်။ တစ်ခါတလေ အရေးပေါ်သွားရမှာကြောင့်လို့ ခွင့်တောင်းလည်း တချို့ဆိုင်က ရတယ်။ တချို့က မရဘူး"

"ဒီတော့ ကယ်ဆယ်ရေးလမ်းကြောင်းသွားဖို့ အစစအရာရာ ပြန်တွက်ဆနေရတယ်" လို့ ကိုမိုးဟိန်းကျော်က ရှင်းပြပါတယ်။

ဆီတန်းစီဖို့ အချိန်မပေးလိုသူတွေ၊ လိုအပ်သလောက်ဝယ်ယူလိုသူတွေအတွက် တောင်ငူမှာလည်း ပြင်ပဈေးကွက် တနည်းအားဖြင့် မှောင်ခိုဈေးကွက် ကြီးထွားလာပါတယ်။

"ဆိုင်တွေမှာက ဆိုင်ကယ်တစ်စီးကို တစ်သောင်းဖိုး ဖြည့်လို့ရတယ်။ အပြင်မှာကတော့ လိုသလောက်ဝယ်လို့ ရတာပေါ့။ မနေ့ (မတ် ၂၈) ဆိုရင် တစ်လီတာကို ၁၃,၀၀၀ ရောင်းတာ ရှိတယ်။ ၁၁,၀၀၀ ရောင်းတာလည်း ရှိတယ်" လို့ တောင်ငူမြို့ပေါ်က အခြေအနေကို ကိုမိုးဟိန်းကျော်က ပြောပါတယ်။

မတ် ၂၈ ရက်က မုံရွာမြို့ပေါ်မှာ ဆီတန်းစီနေရတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မတ် ၂၈ ရက်က မုံရွာမြို့ပေါ်မှာ စက်သုံးဆီတန်းစီနေရတဲ့မြင်ကွင်း

စစ်ကော်မရှင်ထိန်းချုပ် မြို့ဖြစ်သလို တိုင်းစစ်ဌာနချုပ်လည်းရှိတဲ့ မုံရွာမှာလည်း စက်သုံးဆီ ပြင်ပပေါက်ဈေးက ၉၂ အမျိုးအစားဆီ တစ် ပေပါကို မြန်မာငွေကျပ် ၂၄ သိန်း ရှိပါတယ်။ လီတာ ၂၂၀ ပါဝင်တဲ့ ၉၅ အမျိုးအစား ဆီ တစ်ပေပါကို ၂၇ သိန်း ကျသင့်ပါတယ်။

ဒီပမာဏကို ပျမ်းမျှတွက်ကြည့်ရင် ၉၂ တစ်လီတာကို ၁၁,၀၀၀ ကျပ်ဝန်းကျင်နဲ့ ၉၅ တစ်လီတာကို ၁၃,၀၀၀ ကျပ်ဝန်းကျင်ရှိတဲ့သဘောပါ။

"ကျွန်တော်တို့ မုံရွာမှာက အများစုက Without (လိုင်စင်မဲ့) တွေ များတယ်လေ။ ဆိုင်မှာလည်း သွားဝယ်လို့ မရတော့ အပြင်မှာပဲ ဝယ်ကြတာပေါ့" လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

ဒီဈေးနှုန်းတွေကို လက်လှမ်းမမှီသူတွေကတော့ ဆီဆိုင်ကြီးတွေမှာ တန်းစီပြီး သတ်မှတ်‌ဈေး အတိုင်း ဝယ်ယူကြတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကော်မရှင်ရဲ့စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ မတ် ၂၉ ရက်ထုတ် ရည်ညွှန်းလက်လီဈေးအရ မုံရွာမြို့ပေါ်မှာ ၉၂ တစ်လီတာကို ၄,၆၀၅ ကျပ်နဲ့ ၉၅ တစ်လီတာကို ၅,၁၃၀ ကျပ် ဖြစ်ပါတယ်။

ဒါကြောင့် ပြင်ပပေါက်ဈေးဟာ သတ်မှတ်ဈေးထက် ၅၈ ရာခိုင်နှုန်းကျော် ဈေးကြီးမြင့်နေတာကို တွေ့ရပါတယ်။

မန္တလေးမြို့ပေါ်မှာတောင် ပြင်ပပေါက်ဈေးက တစ်လီတာကို ၁၃,၀၀၀ ကျပ်အထိ ရှိနေပါပြီ။

"အခုကျတော့ တစ်ပတ် နှစ်ရက်၊ ၈ လီတာ တန်းစီစရာ မလိုဘူးလို့ ကြေညာထားပေးမဲ့ တန်းစီနေရ တုန်းပဲလေ" လို့ သွားသွားလာလာအတွက် ဆိုင်ကယ်အသုံးပြုတဲ့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကော်မရှင်ဟာ မန္တလေးအပါအဝင် ရန်ကုန်၊ နေပြည်တော်နဲ့ တောင်ကြီးမြို့တို့မှာ ကားတွေအတွက် Barcode၊ ဆိုင်ကယ်တွေအတွက် QR code တွေ ထုတ်ပေးပြီး Application (အက်ပလီကေးရှင်း) အသုံးပြု စစ်ဆေးတဲ့နည်းလမ်းနဲ့ ဆီဆိုင်ကြီးတွေမှာ ဆီဝယ်ခွင့်ကို စီစဉ်ပါတယ်။

ဒါပေမဲ့လည်း ဆီတန်းစီရမြဲဖြစ်ပြီး နွေရာသီကာလ ပူပြင်းတဲ့ဒဏ်ကြောင့်ပါ အလွယ်တကူရနိုင်တဲ့ ပြင်ပပေါက်ဈေးအတိုင်း ဝယ်ယူနေရတယ်လို့ မန္တလေးမြို့ခံတချို့ဆီကနေ သိရပါတယ်။

တော်လှန်ရေးဒေသက စက်သုံးဆီဈေး

ဒီပဲယင်းမှာ ထော်လာဂျီ၊ ဆိုင်ကယ်တို့ကိုသုံးပြီး စစ်ရှောင်ကြရတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး

ဓာတ်ပုံ ပုံစာ, ဒီပဲယင်းမှာ ထော်လာဂျီ၊ ဆိုင်ကယ်တို့ကို သုံးပြီး စစ်ရှောင်ကြရတဲ့မြင်ကွင်း

တော်လှန်ရေးအင်အားစုအသီးသီး စိုးမိုးထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်း၊ ကယား(ကရင်နီ)၊ ချင်းနဲ့ ရခိုင်တို့က စက်သုံးဆီဈေးနှုန်းတွေလည်း ဆထက်တိုး မြင့်တက်နေပါတယ်။ ဒီဒေသတွေမှာတော့ ဆီဆိုင်ကြီးတွေထက် ဆီကုန်သည်ကြီးတွေ လာရောက်ရောင်းချတဲ့ ဈေးကွက်ပေါ် မူတည်ပါတယ်။

"၉၂ တစ် ဂါလံကို ၄၅,၀၀၀ ကျပ် ပေးရတယ်။ တစ်လီတာကို ၁၀,၁၅၀ လောက် သွားကျတာပေါ့။ ဝယ်ဖို့ကလည်း ရတဲ့နေ့ရ၊ မရတဲ့နေ့ မရပဲ" လို့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူ ကိုသစ္စာက ပြောပါတယ်။

ဒီပဲယင်းမြို့နယ်ထဲမှာလည်း စက်သုံးဆီရှားပါးမှု ကြုံနေရပါပြီ။ စစ်ကော်မရှင် ဆက်စိုးမိုးထားနိုင်တဲ့ ဒီပဲယင်းအပိုင် စိုင်ပြင်မြို့ပေါ်မှာသာ ဆီဆိုင်ကြီးတချို့ ဖွင့်လှစ်ထားနိုင်တဲ့အခြေအနေပါ။

"အီရန်စစ်ပွဲ စဖြစ်ပြီး ရက်ပိုင်းပဲရှိသေးတယ် ဆီဆိုင်တွေ အကုန်ပိတ်ကုန်တာ။ အဲဒီအချိန်တုန်းက တစ်လီတာကို ၄,၀၀၀၊ ၅,၀၀၀ ပတ်ချာလည်ပဲ ရှိတယ်။ အကန့်အသတ်နဲ့ပြန်ရောင်းတော့ ၈,၀၀၀၊ ၉,၀၀၀ လောက်ရှိမယ်။ ဒီတစ်ပတ်မှ ပိုပြီး ဈေးတက်လာတာ" လို့ ကိုသစ္စာက ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ဖြတ်လေးဖြတ်ကန့်သတ်မှုတွေရှိပြီး လျှပ်စစ်မီးပါဖြတ်တောက်ခံထားရတဲ့ ဒီပဲယင်း မြို့နယ်ရဲ့စက်သုံးဆီဈေးဟာ အီရန်ပဋိပက္ခ မတိုင်ခင်ကတည်းက သတ်မှတ်ဈေးထက် နှစ်ဆနီးပါး များလေ့ရှိပါတယ်။

အခုတော့ ဆီဈေး ထက်ဝက်ကျော်တက်သွားတာကြောင့် နေ့စဉ်သွားလာရေးအတွက် စက်ဘီးတွေကို ပိုအသုံးပြုလာကြပါတယ်။ ပဲ၊ နှမ်း စိုက်ပျိုးရေးရာသီဖြစ်တာကြောင့် စိုက်ကွင်းထဲ ရေသွင်းဖို့ စက်သုံးဆီလိုအပ်နေပြန်ပါတယ်။

ဒါကြောင့် မြို့နယ်အတွင်း စက်သုံးဆီ မပြတ်လပ်သွားအောင်စီမံနိုင်ရေး ဆွေးနွေးတိုင်ပင်နေ တယ်လို့ ကိုသစ္စာက လတ်တလောဆောင်ရွက်ချက်ကို ပြောပါတယ်။

"ဝန်ကြီးဌာနကတော့ တိုင်းအတွင်း ဝင်လာတဲ့ဆီတွေကို တိုင်းအပြင် ပြန်မထွက်အောင် စာထုတ်ထားတာတော့ရှိတယ်။ ကိုယ့်တိုင်းထဲမှာ ဆီလုံလောက်အောင် ဆီကားတွေကို ကန့်သတ်ထားတာ ရှိတယ်" လို့ သူက ဆက်ပြောပါတယ်။

စစ်ကိုင်းတိုင်းအနောက်ပိုင်းနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ချင်းပြည်နယ်မှာတော့ ဆီဆိုင်ကြီးတချို့ ပိတ်ထားတာကို တွေ့ရတယ်လို့ ချင်းဘက်ကို ခရီးသွားနေသူတစ်ဦးဆီကနေ သိရပါတယ်။

"ဝယ်လို့ကို မရတာ။ မင်းတပ်၊ မတူပီမှာလေ ဆိုင်တွေ အကုန်ပိတ်။ အရင်စုထားတာတွေကိုပဲ ထုတ်သုံး နေကြတယ်" လို့ ခရီးသွားလာရာတလျှောက် မျက်မြင်တွေ့ခဲ့ရတဲ့အခြေအနေကို သူက ပြောပါတယ်။

ချင်းပြည်နယ်ကို ပြည်မကနေ စက်သုံးဆီဝင်ရောက်မှု အခက်အခဲရှိနေပေမဲ့ နယ်စပ်ဖြစ်တဲ့ အိန္ဒိယနိုင်ငံဘက်ခြမ်းကနေ ဆီရရှိနေဆဲပါ။ ဒါပေမဲ့ စက်သုံးဆီဈေးမြင့်တက်မှုကိုတော့ ရင်ဆိုင် နေရပါတယ်။

နောက်ထပ်နယ်စပ်ဖြစ်တဲ့ တရုတ် - မြန်မာနယ်စပ်က ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း စက်သုံးဆီစျေး တက်နေပါတယ်။ ကိုးကန့်တပ် (MNDAA) ထိန်းချုပ်တဲ့ အထူးဒေသ ၁ မှာတော့ တရုတ်ယွမ်ဈေးအတိုင်း ဈေးတက်နေတာပါ။

"တက်စျေးဗျ။ ဒီဇယ်ကတော့ တစ်လီတာ ၁၆ ယွမ်နဲ့ ၉၅ ကတော့ တစ်လီတာ ၁၇ ယွမ်ပါ။ ပုံမှန်ဆို ၉၅ က တစ်လီတာကို ၇.၆ ယွမ်၊ ဒီဇယ်က ၈ ယွမ်ပါ" လို့ ကိုးကန့်ဒေသမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

တရုတ်ငွေ တစ်ယွမ်ကို မြန်မာငွေ ၆၄၃ ကျပ် ကာလပေါက်ဈေးနဲ့ တွက်ကြည့်မယ်ဆိုရင် ဒီဇယ် တစ်လီတာက ၁၀,၂၈၈ ကျပ်ဖြစ်ပြီး ၉၅ တစ်လီတာက ၁၀,၉၃၁ ကျပ်ဖြစ်ပါတယ်။

မြန်မာအရှေ့အနောက် ကရင်နီနဲ့ ရခိုင်က စက်သုံးဆီဈေး

၂၀၂၄ ခုနှစ်တုန်းက ကယား (ကရင်နီ) မှာ စက်သုံးဆီဝယ်ယူရတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ်တုန်းက ကယား(ကရင်နီ) မှာ စက်သုံးဆီဝယ်ယူရတဲ့မြင်ကွင်း

ကရင်နီတော်လှန်ရေးလက်နက်ကိုင်တပ်တွေစိုးမိုးထားတဲ့ ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆို မြို့နယ်အနောက်ခြမ်းမှာလည်း စက်သုံးဆီဈေးဆက်တိုက်မြင့်တက်နေပါတယ်။

"ပထမဈေး စတက်တုန်းက ဝယ်တာက ၈,၀၀၀။ မနေ့ (မတ် ၂၈) က ၉၂ ဝယ်တာ တစ်လီတာ တစ်သောင်း ပေးရတယ်။ ဆီတော့ ဝယ်ရလွယ်တယ်။ ဈေးကြီးတာပါ" လို့ စစ်ရှောင်အရေး ဆောင်ရွက်ပေးနေတဲ့ Karenni Hope အဖွဲ့တာဝန်ခံ ကိုလွှမ်းက ပြောပါတယ်။

လျှပ်စစ်မီးမရှိတာကြောင့် စိုက်ပျိုးရေး၊ ဆန်စက်၊ ရေစက်ကစလို့ စက်သုံးဆီကိုသာ အားကိုးရတဲ့ ကရင်နီမှာ နောက်ဆက်တွဲအဖြစ် ကုန်‌ဈေးနှုန်း တက်လာတာကိုပါ ရင်ဆိုင်နေရပြီလို့ သူက မြေပြင် အခြေအနေကို ရှင်းပြပါတယ်။

"စစ်ရှောင်တွေအတွက် ရေတင်ပေးဖို့ပါ အခက်အခဲကြုံနိုင်တယ်" လို့ ကိုလွှမ်းက ဆက်ပြောပါတယ်။

အထူးသဖြင့် ဒီးမော့ဆိုဒေသဟာ နွေရာသီကာလရောက်တိုင်း သောက်သုံးရေရှားပါးမှု ကြုံရလေ့ရှိတာကြောင့် စက်သုံးဆီဈေးတက်မှုရဲ့နောက်ဆက်တွဲအတွက် စိုးရိမ်နေကြရပါတယ်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ကတော့ ထိုင်းနိုင်ငံဘက်ကလည်း စက်သုံးဆီ တချို့ရရှိတာ ရှိသလို ပြည်နယ်အတွင်းဖြတ်သန်းသွားလာတဲ့ ဆီတင်ကားတွေကို အခွန်ကင်းလွတ်ခွင့်ပေးထားတယ်လို့ သိရပါတယ်။

"လွန်ခဲ့တဲ့တစ်ပတ်ကစပြီး ဆီတင်သွင်းတာတွေကို အခွန်ကောက်ခံတာနဲ့ပတ်သက်လို့ ယာယီ ဆိုင်းငံ့ထားတယ်။ ဆီဈေးတွေမတက်အောင် ကြပ်မတ်တာထက် ပြည်နယ်ထဲကို ဆီဝင်အောင် စီမံတာက ပိုပြီးသင့်တော်ပါတယ်။ ဆီဝင်တဲ့ပမာဏများရင် ဆီဈေးကျနိုင်မလားဆိုတဲ့ စဉ်းစားချက် ရှိပါတယ်" လို့ IEC ရဲ့ အတွင်းရေးမှူး ကိုဗညားက ပြောပါတယ်။

အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ထဲမှာတော့ ၂၀၂၃ ခုနှစ် တကျော့ပြန်တိုက်ပွဲစဖြစ်တုန်းက စက်သုံးဆီဈေးဟာ တစ်လီတာကို ကျပ် ၃ သောင်းအထိ ဈေးမြင့်တက်ခဲ့ဖူးပါတယ်။

လက်ရှိမှာတော့ ဆီကုန်သည်တွေကတဆင့် ဆီရရှိနေဆဲဖြစ်လို့ ရခိုင်မှာ တန်းစီဝယ်ယူရတဲ့ အနေအထား မရှိသေးဘူးလို့ စာရေးဆရာ ကိုဝေဟင်အောင်က မြေပြင်အခြေအနေကို ပြောပြပါတယ်။

"မနေ့ (မတ် ၂၈) က ကျွန်တော် ခရီးထွက်ရင် မြောက်ဦးမြို့နယ်ဘက်က ရွာတစ်ရွာမှာ ဆီဝင်ထည့်ရင်း ၈,၀၀၀ နဲ့ ထည့်ခဲ့ရလို့ပါ။ တချို့နေရာတွေကတော့ ၇,၀၀၀ လောက် ရောင်းကြတယ် လို့ ကြားမိသေးတယ်" လို့ ကိုဝေဟင်အောင်က ပြောပါတယ်။

ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့တဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် စိုးမိုးနေရာတွေထဲမှာ ရခိုင်က စက်သုံးဆီစျေးနှုန်း သက်သာနေဆဲလို့ နားလည်နိုင်ပါတယ်။

"ရေရှည်ဆိုရင်တော့ ထိလောက်ပါတယ်။ တကမ္ဘာလုံးတောင် ထိတယ်ဆိုတော့ ရခိုင်လည်း ပါလောက်ပါတယ်။ အခုထိတော့ နည်းနည်း အဆင်ပြေနေသေးတယ်လို့ ပြောရင်ရပါတယ်" လို့ ကိုဝေဟင်အောင်က ဆက်ပြောပါတယ်။

ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ကရင်နီ၊ ရှမ်းမြောက်နဲ့ ကချင် စတဲ့ နိုင်ငံတလွှားက ဒေသခံတွေကို မေးမြန်းပြီးနောက် တူညီတဲ့အချက်ဟာ စက်သုံးဆီဈေးကွက် ကမောက်ကမ ဖြစ်နေပြီး ရက်ပိုင်းအတွင်း ထက်ဝက်ကျော် ဈေးခုန်တက်နေတာကို ထင်သာမြင်သာတွေ့ရပါတယ်။