တိုက်ရိုက်ထုတ်လွှင့်မှု, အမ်းက အေအေမြို့နယ်မှူးဆီ ပို့မယ့် စိတ်ကြွဆေးပြားတွေကို ဖမ်းမိတယ်လို့ စစ်ကော်မရှင်ပြော

အမ်းမြို့နယ်က အေအေမြို့နယ်မှူးဆီပို့ဆောင်မယ့် စိတ်ကြွဆေးပြားပေါင်း ၇၈ သိန်းကိုဖမ်းမိတယ်လို့ စစ်ကော်မရှင်ထုတ်ပြန်တဲ့သတင်းအပါအဝင် ဧပြီ ၆ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ဝမ်ဟိုင်ဒေသကနေ ရခိုင်၊ အမ်းအထိသယ်ဆောင်မယ့် စိတ်ကြွဆေးပြား ၇၈ သိန်းကို ဖမ်းဆီးရမိတဲ့ စစ်ကော်မရှင်က အေအေကို ထပ်မံ စွပ်စွဲထုတ်ပြန်
  • ဒီနေ့ ကချင်ပြည်နယ်မှာ နေရာကျဲကျဲနဲ့ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ တနင်္သာရီ၊ ချင်းနဲ့ ရှမ်း(တောင်နဲ့အရှေ့ပိုင်း) တို့မှာ နေရာကွက်ကျားမိုးထစ်ချုပ်ရွာပြီး ဧပြီ ၁၀ ရက်အထိ မိုးရွာမယ့် ခန့်မှန်းချက်ရှိ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. တိုင်းဒေသကြီးနဲ့ပြည်နယ် ၇ ခုမှာ ဒီနေ့မိုးရွာဖို့ရှိ - မိုးဇလ

    ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်က မိုးရွာတဲ့ရက်မှာ ရိုက်ကူးထားတဲ့ ပုံဟောင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်က မိုးရွာတဲ့ရက်မှာ ရိုက်ကူးထားတဲ့ ပုံဟောင်း

    နိုင်ငံတဝန်းက ပြည်နယ်နဲ့ တိုင်းဒေသကြီး ၇ ခုမှာ ဒီနေ့ မိုးရွာနိုင်ခြေရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ မနက်ပိုင်းမှာ ကြေညာပါတယ်။

    ကချင်ပြည်နယ်မှာ နေရာကျဲကျဲနဲ့ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ တနင်္သာရီ၊ ချင်းနဲ့ ရှမ်း(တောင်နဲ့အရှေ့ပိုင်း) တို့မှာ နေရာကွက်ကျားမိုးထစ်ချုပ်ရွာဖို့ရှိပြီး ရွာမယ့် ရာခိုင်နှုန်းက ၈၀ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီတိုင်းနဲ့ ပြည်နယ် ၇ ခုကလွဲရင် ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းမယ်လို့ ကြေညာထားပါတယ်။

    မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်ကတော့ ဧပြီ ၆ ရက်နေ ၁၀ ရက်အတွင်း ရခိုင်၊ စစ်ကိုင်း၊ မန္တလေးနဲ့ ရှမ်း‌မြောက်ပိုင်း၊ ချင်းနဲ့ ကချင်ပြည်နယ်စတဲ့ စုစုပေါင်း ပြည်နယ်နဲ့တိုင်း ၆ ခုကို မိုးအနည်းငယ်ကနေ မိုးများနိုင်တဲ့ဒေသတွေအဖြစ် လူမှုကွန်ရက်မှာ ခန့်မှန်းရေးသားပါတယ်။

    အသေးစိတ်ခန့်မှန်းချက်အနေနဲ့ မန္တလေးတိုင်းမြောက်ပိုင်းက သပိတ်ကျင်းနဲ့ မိုးကုတ်မြို့နယ်တွေမှာ မိုးအသင့်အတင့်ရွာမယ်လို့ ခန့်မှန်းထားတာပါ။

    ဧပြီ ၇ ရက်မှာတော့ မိုးကုတ်မှာ မိုးပိုများကာ မိုးသည်းထန်နိုင်ပြီး လာမယ့်သောကြာနေ့အထိ ဆက်လက်မိုးစွေနိုင်တယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

    စစ်ကိုင်းတိုင်းထဲက ဒေသအတော်များများမှာ မိုးအနယ်ငယ်ရွာပြီး ခန္တီးနဲ့ နမ်စီဘွန်းမှာတော့ ဧပြီ ၆ ရက်ကနေ ၄ ရက်ဆက်တိုက် မိုးဆက်ရွာနိုင်တာပါ။

    ကချင်ပြည်နယ်မှာတော့ ဧပြီ ၁၃ ရက်အထိ မိုးဆက်ရွာနေနိုင်ပြီး နေရာကွက်ကာ မိုးသည်းထန်နိုင်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

    ဒီမိုးရွာသွန်းမှုဟာ အီကွေတာတောင်ဘက်ခြမ်းက မုန်တိုင်းတွေကြောင့် အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းနဲ့ အိန္ဒိယမြောက်ပိုင်းကုန်းတွင်းလေစီးကြောင်း တွေအားကောင်းလာကာ အနောက်ဘက်က မိုးတိမ်တောင်တွေ မြန်မာနိုင်ငံထဲ ဆက်လက် ဝင် ရောက်လာတာကြောင့်လို့ ဆိုပါတယ်။

    ဧပြီ ၆ ရက်ဒီနေ့ကနေ ၁၂ ရက်အထိ ရခိုင်၊ ရှမ်းနဲ့ မန္တလေးတိုင်းတို့ရဲ့ မြောက်ပိုင်း၊ စစ်ကိုင်းနဲ့ ကချင်တို့မှာ မိုးထစ်ချုန်းရွာမယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

    မိုးတိမ်တွေ ဝင်ရောက်တဲ့လမ်းကြောင်းပေါ်မူတည်ပြီး ရှမ်းတောင်ပိုင်းနဲ့ မွန်ပြည်နယ်တို့မှာလည်း မိုးအနည်းငယ်ထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။

  2. နေပြည်တော်က သမ္မတရွေးပွဲနဲ့ နိုင်ငံတဝန်းက စစ်ရှိန်

    နေပြည်တော်မှာ ဧပြီလ ၅ ရက်တုန်းက ပြုလုပ်တဲ့ နေပြည်တော်မှာ ဧပြီလ ၅ ရက်တုန်းက ပြုလုပ်တဲ့ စစ်ကောင်စီကနေ စစ်ကော်မရှင်အသွင်ပြောင်းတဲ့အထိ တာဝန်ထမ်းခဲ့ကြသူတွေကို အသိအမှတ်ပြုလက်ဆောင်ပေးတဲ့

    ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

    ဓာတ်ပုံ ပုံစာ, ဧပြီလ ၅ ရက်တုန်းက ပြုလုပ်တဲ့ စစ်ကောင်စီကနေ စစ်ကော်မရှင်အသွင်ပြောင်းတဲ့အထိ တာဝန်ထမ်းခဲ့ကြသူတွေကို အသိအမှတ်ပြုလက်ဆောင်ပေးတဲ့အခမ်းအနားလို့ နေပြည်တော်က သတင်းထုတ်

    နေပြည်တော်မှာတော့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ ၁၅ နှစ်ကြာ ရယူခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို လွှဲပြောင်းပေးတာ၊ လွှတ်တော်က သူ့ကို သမ္မတအဖြစ် ရွေးချယ်တာနဲ့ မကြာခင်မှာပဲ သူဦးဆောင်တဲ့အစိုးရတစ်ရပ်ပေါ်လာဖို့ ကြိုးပမ်းတာတွေ ရှိနေပါတယ်။

    နေပြည်တော်က ဒီဖြစ်စဉ်တွေဟာ မတ်လကုန်ပိုင်းနဲ့ ဧပြီလ ပထမ သီတင်းပတ်အတွင်းမှာပဲ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

    ဒီကာလအတွင်း စစ်တပ်ကို စီမံတဲ့သူနဲ့ စစ်ဆင်ရေးတွေကို ကိုင်တွယ်တဲ့သူတွေ ပြောင်းသွားပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ တော်လှန်ရေးတပ်တွေကို စစ်တပ်က လေကြောင်းအားပြု တိုက်ခိုက်မှု ဆက်ရှိနေသလို အရပ်သားသေဆုံးမှုတွေလည်း ဆက်ရှိနေပါတယ်။

    စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကို စောင့်ကြည့်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ကတော့ မတ်လ ၂၇ ရက်နဲ့ ဧပြီလ ၂ ရက်အတွင်း စစ်တပ်က အရပ်သားနေရာတွေကို တိုက်ခိုက်မှုအများဆုံးခံရတာဟာ စစ်ကိုင်းတိုင်းထဲမှာဖြစ်ပွားခဲ့တယ်လို့ အချက်အလက်စုဆောင်းဖော်ပြပါတယ်။

    နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ဘက်အရပ်ဘက် အာဏာဗဟိုချက် အပြောင်းအလဲလုပ်ဖို့ ကြိုးပမ်းနေတယ်လို့ဆိုပေမဲ့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာ နိုင်ငံထဲ စစ်ရှိန်မရပ်တဲ့အခြေအနေဖြစ်နေပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  3. အမ်းက အေအေမြို့နယ်မှူးဆီ ပို့မယ့် စိတ်ကြွဆေးပြားတွေကို ဖမ်းမိတယ်လို့ စစ်ကော်မရှင်ပြော

    ဧပြီ ၄ ရက်မှာ စစ်ကော်မရှင် ဖမ်းဆီးရမိတယ်ဆိုတဲ့ စိတ်ကြွဆေးပြားတင်ဆောင်လာတဲ့ ထော်လာဂျီ

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, ဧပြီ ၄ ရက်မှာ စစ်ကော်မရှင် ဖမ်းဆီးရမိတယ်ဆိုတဲ့ စိတ်ကြွဆေးပြားတင်ဆောင်လာတဲ့ ထော်လာဂျီ

    ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က အေအေမြို့နယ်မှူးဆီပို့ဆောင်မယ့် စိတ်ကြွဆေးပြားပေါင်း ၇၈ သိန်းကို နတ်မောက်မြို့နယ်၊ ရွာတော်စစ်ဆေးရေးဂိတ်နဲ့ စိုင်ကောင်းရွာ မှာ ဧပြီ ၄ ရက်က ဖမ်းဆီးရမိတယ်လို့ စစ်ကော်မရှင်က သတင်းထုတ်လာပါတယ်။

    ရမည်းသင်း-ပဒါန်းကနေတဆင့် ရခိုင်ပြည်နယ်ထဲကို သယ်ယူဖို့ပြင်တယ်လို့ဆိုတဲ့ ဒီဆေးပြားတွေရဲ့တန်ဖိုးဟာ ငွေကျပ် ၁၁ ဒသမ ၇ ဘီလျံရှိတယ်လို့လည်း စစ်ကော်မရှင်ရဲ့ ဧပြီ ၅ ရက် ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

    သတင်းပေးတဲ့သူရှိလာတာကြောင့် ဒီမူးယစ်ဆေးတွေကို ၂ ကြိမ် ဖမ်းဆီးမိခဲ့တာလို့လည်း ဆိုပါတယ်။

    ဧပြီ ၄ ရက်က ရွာတော်စစ်ဆေးရေးဂိတ်မှာ မျိုးမင်းအောင်ဆိုသူအမျိုးသား မောင်းနှင်လာတဲ့ တိုယိုတာ ပရာဒိုကားနဲ့ စိုင်ကောင်းရွာမှာ မင်းမင်းခိုင်ဆိုသူအမျိုးသား မောင်းနှင်လာတဲ့ထော်လာဂျီတို့ကနေ ဆေးပြားတွေကို ဖမ်းမိတာလို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။

    အဲဒီထော်လာဂျီနဲ့အတူ လိုက်လာတဲ့ နောက်ထပ်အမျိုးသားတစ်ဦးကိုလည်း ဖမ်းခဲ့တယ်လို့ စစ်ကော်မရှင်က ပြောပါတယ်။

    ဒီစိတ်ကြွဆေးတွေကို ရှမ်းပြည်နယ်၊ပင်လောင်းမြို့နယ်၊ တီဂျစ်ရွာက ကျော်ဝင်းအောင်(ခ)ပအို့ဝ်ဆိုသူက ဝမ်ဟိုင်းဒေသကနေ ကလောထိ ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ဖမ်းဆီးခဲ့သူ ၃ ဦးဟာ ဒီကနေမှ မန္တလေးတိုင်းထဲက ရမည်းသင်း-ပျော်ဘွယ်- နတ်မောက်ကနေ မကွေးတိုင်းထဲက ပဒါန်းမြို့နယ်ကိုသုံးပြီး အမ်းမြို့နယ်ထဲကို ပို့ဆောင်မှာဖြစ်တယ်လို့ စစ်ကော်မရှင်က စွပ်စွဲပါတယ်။

    မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုတွေမှာ အာရက္ခတပ်တော်(အေအေ)အရာရှိတွေနဲ့ ဆက်နွှယ်နေတယ်လို့ဆိုပြီး စစ်ကော်မရှင်ရဲ့ ၃ ကြိမ်ထက်မနည်း စွပ်စွဲဖော်ပြချက်တွေနဲပတ်သက်လို့ အေအေရဲ့တုံ့ပြန်ချက်ချက်ကိုရဖို့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခံထံ ဘီဘီစီက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ် စက်တင်ဘာနဲ့ ဒီဇင်ဘာလမှာ အေအေနဲ့ဆက်နွှယ်တဲ့မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တယ်လို့ဆိုတဲ့ စစ်ကော်မရှင်ထုတ်ပြန်ချက်တွေကိုတော့ ဦးခိုင်သုခက စစ်တပ်ရဲ့ စစ်ရေးရှုံးနိမ့်မှုများလာတာကြောင့် လုပ်ကြံစွပ်စွဲတာလို့ တုံ့ပြန်ပြောထားပါတယ်။

    အေအေဟာ အမ်းမြို့နယ်အခြေစိုက် စစ်တပ်ရဲ့အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ တိုက်ခိုက်သိမ်းယူပြီး အဲဒီအချိန်ကတည်းက အမ်းကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

    အဲဒီကတည်းက ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ကို ဝင်လာတဲ့စစ်ကော်မရှင်တပ်ကို ပိတ်ဆို့ဟန့်တားတဲ့တိုက်ပွဲတွေဟာ မကွေးတိုင်း၊ ပဒါန်းမြို့နယ်ကို ဆက်ထားတဲ့ အမ်း - ပဒါန်းလမ်းပေါ်မှာလည်း စစ်တပ်နဲ့ အေအေ ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။

  4. မင်္ဂလာပါ။ ဧပြီ ၆ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။