ဖားကန့်က စစ်တပ်စခန်းကုန်း ၅ ခုကို KIA/ PDF တပ်တွေသိမ်း

ဓာတ်ပုံ ရင်းမြစ်, Naw Tu Awng
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက စစ်တပ်အထိုင်ချတပ်စွဲထားတဲ့ တပ်စခန်းကုန်း ၅ ခုကို ကချင်လွတ်လပ်ရေးတပ်(KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်တွေက မနေ့ ဧပြီ ၂ ရက်မှာ သိမ်းနိုင်ခဲ့တယ်လို့ ဘီဘီစီရဲ့မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
“မော်ဝမ်လေးမှာက ၃ ကုန်း၊ မော်ဝမ်ကြီးမှာက ၂ ကုန်း ၅ ကုန်းသိမ်းလိုက်တာ” လို့ သူက ဆိုပါတယ်။
KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးမှူးနော်ဘူကတော့ “သင်္ချိုင်းကုန်းထဲမှာ စစ်ကော်မရှင်ထိုင်ထားတဲ့ ခြေကုပ်စခန်း ၃ ခုကိုတော့ ရထားတယ်လို့သိရတယ်”လို့ ဘီဘီစီကို ဒီနေ့ ဧပြီ ၃ ရက် မနက်ပိုင်းမှာ ဖြေကြားပါတယ်။
စစ်တပ်က စခန်းကုန်းနေရာကို လက်လွှတ်ရပြီးတဲ့နောက် မနေ့ ညနေပိုင်းကတည်းကစပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေတယ်လို့ သူကဆိုပါတယ်။
စစ်တပ်က လက်လွှတ်ထားရတဲ့ စခန်းကုန်းနေရာတွေကို ဒီနေ့ ဧပြီ ၃ ရက် မနက်ပိုင်းအထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် မြို့အတွင်းက မှော်ဝမ်းကြီး၊ မှော်ဝမ်းလေး၊ မှော်ဆီဆာ၊ ဖားပြင်၊ ယူမာကျေးရွာနဲ့ မရှိကထောင် ရပ်ကွက်တွေဘက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သူကဆကက်ပြောပါတယ်။
တိုက်ပွဲကြောင့် ဖားကန့်၊ မြစ်ကြီးနားလမ်း၊ လုံးခင်းအဝင်ဂိတ်ကို စစ်တပ်က ပိတ်ဆို့ခဲ့ပြီး မနေ့ ညနေပိုင်းလောက်မှ ပြန်ဖွင့်ပေးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ဖေဖော်ဝါရီ နဲ့ မတ်လတွေတုန်းကလည်း ဖားကန့်မြို့မှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ခေတ္တငြိမ်သက်သွားပေမဲ့ ဧပြီ ၂ ရက်ကစတင်ပြီး KIA/ PDF တပ်တွေက ထိုးစစ်ပြန်ဖော်ပြီး စခန်းကုန်း ၅ ခုကို သိမ်းယူထားပါတယ်။



