တိုက်ရိုက်ထုတ်လွှင့်မှု, စစ်ခေါင်းဆောင် သမ္မတတာဝန်ယူအစိုးရမဖွဲ့ခင် တရုတ်ပထမဆုံးတွေ့

စစ်ခေါင်းဆောင် သမ္မတတာဝန်ယူအစိုးရမဖွဲ့ခင် တရုတ်ပထမဆုံးတွေ့တဲ့သတင်းအပါအဝင် ဧပြီ ၇ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

စစ်ခေါင်းဆောင် သမ္မတတာဝန်ယူအစိုးရမဖွဲ့ခင် တရုတ်သံအမတ် မစ္စ မာကျားက နေပြည်တော်မှာ စစ်ခေါင်းဆောင်ကို လာရောက်တွေ့ဆုံပါတယ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ရေနံထွက်ပေမဲ့ မြန်မာမှာ လောင်စာဆီဘာကြောင့် ရှားပါးနေလဲ

    မင်းလှမြို့နယ်ထဲက ရေနံမြေတစ်ခုမှာတွေ့ရတဲ့လုပ်သားတစ်ဦး (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မင်းလှမြို့နယ်ထဲက ရေနံမြေတစ်ခုမှာတွေ့ရတဲ့လုပ်သားတစ်ဦး (ပုံဟောင်း)

    အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ရေနံသယ်ယူပို့ဆောင်ရေးရဲ့အရေးပါဆုံး လမ်းကြောင်းတစ်ခုဖြစ်တဲ့ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရချိန်မှာ ကမ္ဘာ့နိုင်ငံအများစုက သူတို့ရဲ့လောင်စာဆီပြဿနာကို နည်းလမ်းအမျိုးမျိုးနဲ့ ဖြေရှင်းဖို့ ကြိုးစားနေကြပါတယ်။

    ဒီတကြိမ်တည်းအရေးထက် နောင်မှာ အလားတူပြဿနာဖြစ်လာရင် ဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့ ရေရှည်အတွက်ပါ တွက်ချက်လာကြတာပါ။ မြန်မာက အာဏာပိုင်တွေကတော့ ယာဥ်ကို စုံ/မ ရက်ခွဲပြီး စက်သုံးဆီရောင်းသလို ယာဥ်အင်ဂျင်အမျိုးအစားအလိုက် ဆီဝယ်နိုင်တဲ့ပမာဏကို သတ်မှတ်ပြီး ကန့်သတ်ရောင်းချကာ စက်သုံးဆီအကျပ်အတည်းကို ဖြေရှင်းနေပါတယ်။

    ကမ္ဘာလုံးဆိုင်ရာရေနံနဲ့လောင်စာဆီပြဿနာအကျပ်ဆိုက်လာချိန်မှာ မြန်မာလူထုကြားမှာ မေးခွန်းထွက်ပေါ်လာတာက ရေနံစိမ်းထွက်တဲ့မြန်မာမှာ ရေနံချက်စက်ရုံတွေ ဘာကြောင့်မလည်ပတ်နိုင်သလဲဆိုတာနဲ့ လောင်စာဆီကို ဘာကြောင့် ပြည်ပနေ မှာယူသုံးစွဲနေရသလဲဆိုတာပါ။

    ဘီဘီစီက အဲဒီမေးခွန်းတွေရဲ့အဖြေအတွက် စွမ်းအင်ဝန်ကြီးဌာနရဲ့ဝန်ထမ်းဟောင်းနဲ့လက်ရှိဝန်ထမ်းတွေ၊မြန်မာက ရေနံကြောတွေနဲ့ ရေနံချက်စက်ရုံတွေအကြောင်း နားလည်တတ်ကျွမ်းသူတွေနဲ့ မေးမြန်းပြီး ခြေရာကောက်ကြည့်ခဲ့ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  2. စစ်ခေါင်းဆောင် သမ္မတတာဝန်ယူအစိုးရမဖွဲ့ခင် တရုတ်ပထမဆုံးတွေ့

    စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ်တို့တွေ့ဆုံနေတဲ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ်တို့တွေ့ဆုံနေတဲ့မြင်ကွင်း

    လွှတ်တော်က သမ္မတအဖြစ်ရွေးထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ တာဝန်မယူခင်နဲ့ အစိုးရ မဖွဲ့ခင် ပထမဆုံးလာတွေ့တဲ့ တရုတ်သံအမတ်က တရုတ် - မြန်မာ နှစ်နိုင်ငံ နယ်စပ်နဲ့ ကုန်သွယ်ရေးကိစ္စတွေ ဆွေးနွေးသွားပါတယ်။

    တရုတ်သံမတ်အကြီး မစ္စမာကျားက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မနေ့ ဧပြီ ၆ ရက်က နေပြည်‌တော်မှာ လာရောက်တွေ့ဆုံခဲ့ချိန်မှာ အခုလိုဆွေးနွေးခဲ့တာလို့ စစ်ကော်မရှင်က နိုင်ငံပိုင်သတင်းစာကနေ ကြေညာပါတယ်။

    တရုတ်သံအမတ်ဟာ နေပြည်တော်မှာ အစိုးရသစ်မဖွဲ့ခင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပထမဆုံးလာတွေ့တဲ့ နိုင်ငံတကာ သံအမတ်လည်းဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုမှာ တရုတ်- မြန်မာနယ်စပ် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေး နဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်နိုင်ရေးကို ဆွေးနွေးခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပါတယ်။

    သံအမတ်က တွေ့ဆုံချိန်မှာ တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့သဝဏ်လွှာကိုလည်း စစ်ခေါင်းဆောင်ထံ လက်ရောက်ပေးအပ်ခဲ့တယ်လို့ စစ်ကော်မရှင်က ဖော်ပြပါတယ်။ တရုတ်အနေနဲ့ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ပြီး နာရီပိုင်းအတွင်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့တဲ့အတွက် ကျေးဇူးတင်တယ်လို့လည်း စစ်ခေါင်းဆောင်က ထည့်ပြောပါတယ်။

    မတ် ၆ ရက်က တွေ့ဆုံပွဲမှာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး နဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ လုံခြုံရေး နဲ့ ကဏ္ဍ ပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

  3. မင်္ဂလာပါ။ ဧပြီ ၇ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။