MH370 ရှာဖွေရေးအဖွဲ့ ရေအောက်ကိရိယာ ဆုံးရှုံး

ဓာတ်ပုံ ရင်းမြစ်, Getty
မလေးရှား လေကြောင်းလိုင်းရဲ့ ပျောက်ဆုံး လေယာဉ် MH370 ကို ရှာဖွေနေတဲ့ သြစတြေးလျ ရှာဖွေရေး အဖွဲ့က သူတို့ အသုံးပြုနေတဲ့ အသံလှိုင်းသုံး ရေအောက် ရှာဖွေရေး ကိရိယာကို လက်လွှတ် ဆုံးရှုံး လိုက်ရတယ်လို့ ပြောပါတယ်။
Towfish လို့ ခေါ်တဲ့ ရေအောက် ရှာဖွေရေး ကိရိယာဟာ သမုဒ္ဒရာ ကြမ်းပြင်ကနေ မီတာ ၂ ထောင်ကျော် ထိုးထွက် နေတဲ့ ရွှံ့မီးတောင် တစ်လုံးနဲ့ တိုက်မိ ခဲ့တာလို့ တနင်္ဂနွေနေ့က သတင်း ထုတ်ပြန် ခဲ့တာပါ။
အဲဒီ ကိရိယာနဲ့ အတူ ၃ မိုင်လောက် ရှည်တဲ့ ပြတ်တောက်သွားတဲ့ ကေဘယ်ကြိုးပါ အိန္ဒိယ သမုဒ္ဒရာ ကြမ်းပြင်ပေါ်ကို ရောက်ရှိ နေတယ်လို့ ဆိုပါတယ်။
ရှာဖွေရေး အဖွဲ့ကတော့ အဲဒီ ကိရိယာနဲ့ ကေဘယ်ကြိုးတွေကို ပြန်ဆယ်ယူ နိုင်လိမ့်မယ်လို့ ယုံကြည် ထားကြပါတယ်။
အခုလို ရေအောက် ရှာဖွေရေး ကိရိယာ လက်လွှတ် ရမှုကြောင့် ဇွန်လမှာ ပြီးဆုံးမယ်လို့ မျှော်မှန်းထားတဲ့ သူတို့ရဲ့ ရှာဖွေရေး အစီအစဉ်တွေကို နှောင့်နှေး စေမလား ဆိုတာကိုတော့ ပြောဆိုခြင်း မရှိပါဘူး။
MH370 လေယာဉ်ဟာ ၂၀၁၄ မတ်လမှာ လူ ၂၃၉ ဦး တင်ဆောင်ပြီး ကွာလာလမ်ပူ ကနေ ဘေဂျင်းကို ပျံသန်းစဉ် ပျောက်ဆုံး ခဲ့တာပါ။ ဂြိုဟ်တု အချက်အလက်တွေ အရ လေယာဉ်ဟာ အိန္ဒိယ သမုဒ္ဒရာထဲမှာ ပျက်ကျ ခဲ့တယ်လို့ ယူဆ ရပေမယ့် အပျက်အစီး အကြွင်းအကျန် အနေနဲ့ ရီယူနီယံ ကျွန်းပေါ် လာတင်နေတဲ့ တောင်ပံ အစိတ်အပိုင်းငယ် တစ်ခုကိုသာ တွေ့ရှိ ရပါသေးတယ်။




