MH370 ရှာဖွေမှု နေရာမှန်တယ်လို့ သြစတြေးလျပြော

ဓာတ်ပုံ ရင်းမြစ်, AFP
ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH370 ကို မှန်ကန်တဲ့ နေရာမှာ ရှာဖွေနေတယ်လို့ ယုံကြည်ကြောင်း သြစတြေးလျ အရာရှိတွေက ပြောပါတယ်။
လေယာဉ်ပျက်ဟာ အိန္ဒိယ သမုဒ္ဒရာထဲက ရှာဖွေရေး ဧရိယာရဲ့ တောင်ဘက် အစွန်းပိုင်းမှာ ရှိနေနိုင်တယ်လို့ ခန့်မှန်းချက် အသစ်က ညွှန်ပြနေပြီး၊ ရှာဖွေမှုတွေကို အဲဒီနေရာမှာ ဦးစားပေး လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။
MH370 လေယာဉ်ဟာ ၂၀၁၄ မတ်လက လူ ၂၃၉ ဦး တင်ဆောင်ပြီး ကွာလာလမ်ပူ ကနေ ဘေဂျင်းကို ပျံသန်းစဉ် ပျောက်ဆုံး ခဲ့တာပါ။
လေယာဉ်ပျက်ကို ရှာတွေ့လိမ့်မယ်လို့ အရာရှိတွေက ထင်မြင်နေကြောင်း သြစတြေးလျ ဒုတိယ ဝန်ကြီးချုပ် Warren Truss က ပြောပါတယ်။
MH370 ရဲ့ တောင်ပံ အစိတ်အပိုင်း တစ်ခုကို ရှာဖွေရေး ဧရိယာနဲ့ ကီလိုမီတာ ၄ ထောင်လောက် ဝေးတဲ့ ရီယူနီယံ ကျွန်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လက တွေ့ခဲ့ကြပါတယ်။
ပင်လယ်ရေစီးကြောင်းတွေက အဲဒီ အစိတ်အပိုင်းကို သယ်ဆောင်သွားတာ ဖြစ်ပြီး ရှာဖွေရေး ဧရိယာကို ပြောင်းလဲဖို့ မလိုဘူးလို့ အရာရှိတွေက ပြောပါတယ်။




