အမေရိကန်နဲ့အစ္စရေးပေါင်းတိုက်တဲ့ အီရန်စစ်ကြာလာရင် လေယာဥ်ခရီးစဥ်တွေ ဘယ်လိုပြောင်းလဲသွားမလဲ

- ရေးသားသူ, သီအို လက်ဂတ်
- ရာထူးတာဝန်, ပို့ဆောင်ဆက်သွယ်ရေး သတင်းထောက်
- ဖတ်ရန်အချိန်: မိနစ် ၁၉
ဟိုးအတိတ်မှာ ဗြိတိန်ကနေ ကမ္ဘာ့အရှေ့ခြမ်း သူ့အင်ပါယာထဲက အိန္ဒိယတို့ သြစတြေးလျတို့ဆီ လေကြောင်းခရီးနဲ့ သွားကြမယ်ဆိုရင် ရေပြင်ပေါ် ရပ်နားလို့ ရတဲ့ လေယာဥ် (flying boat)တွေနဲ့ တတ်နိုင်သူ လူချမ်းသာတွေက သွားကြပြီး သဲဖုန် ထူထူနဲ့ ဒီအရပ်က ခရီးစဥ်အတွင်း ညအိပ် ရပ်နားစရာနေရာပါ။ ၁၉၆၀ နှစ်တွေထဲ ရောက်လာတဲ့အခါမှာတော့ ဒီအရပ်မှာ ကန္တာရက သဲတွေနဲ့ လုပ်ထားတဲ့လေယာဥ်ပြေးလမ်း ရှိလာပြီး ခရီးသွားလေယာဥ်တွေ ကမ္ဘာအနှံ့ကို ခရီးဆက်ကြဖို့ အဲဒီမှာ တထောက် ဆင်းကာ လောင်စာဆီ ဖြည့်ကြပါတယ်။
ဒီနေ့ကာလမှာတော့ ဒူဘိုင်းဟာ ကမ္ဘာ့လေကြောင်းခရီးသွားလုပ်ငန်းရဲ့ပင်မအချက်အချာတွေထဲက တစ်ခုဖြစ်လာပြီး ဒူဘိုင်းနိုင်ငံတကာလေဆိပ်က သူ့ရဲ့နှလုံးသားပါ။ ကြမ်းခင်း အီတလီကျောက်ပြားတွေနဲ့ ခမ်းနားလှတဲ့ စင်္ကြန်လမ်းတွေ၊ လင်းလက်နေတဲ့ကုန်တိုက်တွေ စတဲ့ တောက်ပမှု အစုံစုံပြည့်နေတဲ့ ဒီလေဆိပ်မှာ ၂၀၂၄ ခုနှစ်အတွင်း ခရီးသွား ၉၂ သန်းကျော် ဖြတ်သန်းသွားခဲ့ကြပါတယ်။
ဒါကြောင့် ဒူဘိုင်းနိုင်ငံတကာ လေဆိပ်ဟာ တစ်နှစ်ကို ခရီးသွား ၈၃ သန်း နီးပါးလောက် သုံးကြတဲ့ လန်ဒန် ဟီသရိုး လေဆိပ်ကို ကျော်တက်ပြီး ကမ္ဘာ့ လူအစည်ဆုံး လေဆိပ်အဖြစ် ရှိလာနေတာပါ။ ပင်လယ်ကွေ့မှာ ဒူဘိုင်းဟာ တစ်ခုတည်းသော ဆုံရပ်မဟုတ်ပါဘူး။ ယူအေအီး (အာရပ်စော်ဘွားများနိုင်ငံ)ရဲ့ မြို့တော်က အဘူဒါဘီလေဆိပ်နဲ့ ကာတာမြို့တော်က ဒိုဟာလေဆိပ်တို့ကလည်း ဒူဘိုင်းလေဆိပ်လောက်သာ မစည်ကားပေမဲ့ သူတို့ကလည်း တနှစ် တနှစ် ခရီးသည် စုစုပေါင်း ၈၇ သန်းကို ဝန်ဆောင်ပေးနေကြတာပါ။
ပုံမှန်အခြေအနေမှာဆိုရင် ဒီ ပင်လယ်ကွေ့ လေဆိပ် ၃ ခုကနေ နေ့စဥ် လေကြောင်း ခရီးစဥ် ၃,၀၀၀ ကျော်ရှိပြီး အများစုက ဒေသတွင်းက လေကြောင်းလိုင်းတွေဖြစ်တဲ့ အမ်မရိတ်စ်( Emirates)၊ အက်တီဟက် (Etihad)၊ ကာတာ (Qatar)စတဲ့လေကြောင်းကုမ္ပဏီက ပြေးဆွဲနေတဲ့ ခရီးစဥ်တွေပါ။
ဒါပေမဲ့ အရှေ့အလယ်ပိုင်းပဋိပက္ခက ကမ္ဘာ့လေကြောင်း ခရီးသွားလာမှုတွေကို ရုတ်တရက်နဲ့ အကြီးအမား ထိခိုက်သွားစေပါတယ်။ ပထမဆုံးဖြစ်လာတာက ကမ္ဘာ့လူသုံးအများဆုံး လေကြောင်းလမ်းတွေမှာ ပျံသန်းကြတဲ့ လေယာဥ်ခရီးစဥ်တွေ အကြောသေသလို ဖြစ်သွားပြီး လေယာဥ်တွေလည်း လေဆိပ်တွေမှာ ရပ်နားထားရသလို သိန်းနဲ့ချီတဲ့ ခရီးသည်တွေလည်း သောင်တင်သွားခဲ့ပါတယ်။ အခုချိန်ထိ အဲဒီ ဒေသမှာ လေကြောင်းသွားလာမှုက အကြီးအမား သက်ရောက်မှု ခံနေရဆဲပါ။

နောက် ထိခိုက်လာမှုက လောင်စာဆီပါ။ အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်တဲ့ အခါမှာ ပင်လယ်ကွေ့နိုင်ငံတွေ ဆီက ရေနံ ထောက်ပို့တဲ့လမ်းကြောင်းက အချုပ်ခံလိုက်ရပြီး ဒီအရေးက စိုးရိမ်စရာ ဖြစ်လာပါတယ်။
ဒီအရပ်ကနေ ပုံမှန်ဆိုရင် ဥရောပအတွက် လေယာဥ်ဆီ ၅၀ ရာခိုင်နှုန်းလောက်ကို တင်သွင်းနေတာဖြစ်ပြီး အခုပဋိပက္ခ စဖြစ်ပြီးနောက်ပိုင်း လေယာဥ်ဆီတွေ ရှားပါးလာမှာကို စိုးရိမ်ကြတဲ့အတွက် စျေးနှုန်းက အရင်ကထက် ၂ ဆ တက်နေပါတယ်။ အကျိုးဆက်အရ တချို့လေကြောင်းလိုင်းတွေဆိုရင် လေကြောင်းခရီးစဥ်အရေအတွက်ကို လျှော့ချထားပါပြီ။
ဒီအရေးတွေက ရေတိုပဲ ဖြစ်မှာပါလို့ ဒီလုပ်ငန်းဆိုင်ရာဝန်းကျင်မှာ တွေးနေကြသူရှိသလို လေယာဥ်ဆီ စျေးကြီးတာက လအတော်ကြာလာနိုင်ကြောင်း တွေးဆသူတွေလည်း ရှိပါတယ်။ ဒါ့အပြင် ရေရှည်ဖြစ်လာရင် သက်ရောက်မှုတွေက ဘယ်လိုဖြစ်လာလေမလဲဆိုတဲ့အမေးကိုလည်း ထုတ်လာနေကြပါပြီ။
ဒီအရပ်ကနေ ဖြတ်သန်းသွားကြတဲ့ "ပင်လယ်ကွေ့ မိုဒယ်" လေကြောင်းခရီးသွားလာမှုက ခရီးဝေးသွားလေယာဥ်ခရီးစဥ်ကို ပိုအောင်မြင်တဲ့ခေတ်သစ်တခုဆီ ပြောင်းလဲပေးခဲ့သလို ကုန်ကျစရိတ်လည်း သက်သာစေခဲ့တာပါ။ အခုတော့ အဲဒီဒေသမှာ ဖြစ်နေတဲ့ပဋိပက္ခအရေးဟာ လေကြောင်းခရီးစဥ်တွေ ဒီဆုံရပ်တွေကို မှီခိုနေကြတဲ့လေကြောင်းလိုင်းတွေ၊ ခရီးသည်တွေ၊ အရှေ့အလယ်ပိုင်းအတွင်းက စီးပွားရေးလုပ်ငန်းတွေ အပေါ် ကြီးမားတဲ့သက်ရောက်မှုတွေ ဖြစ်လာနေပါတယ်။
လေယာဥ်ပေါ်တက်မယ့် ဂိတ်တွေမှာ ကသောင်းကနင်းတွေ ဖြစ်နေ
ဖေဖော်ဝါရီ လကုန်ပိုင်းမှာ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို တိုက်ခိုက်လိုက်ပြီးနောက်ပိုင်း အရင်ဆိုရင် ချောချောမွေ့မွေ့ လည်ပတ်နေလေ့ရှိတဲ့ ပင်လယ်ကွေ့ ခရီးသွားဆုံရပ်တွေဟာ ရုတ်ချည်း ရပ်ဆိုင်းသွားပါတယ်။
ဒေသတလွှားက လေပိုင်နက်တွေ ပိတ်သွားသလို လေယာဥ်တွေလေဆိပ်မှာ ရပ်ထားရပါတယ်။ခရီးစဥ် စထားပြီးသား တချို့လေယာဥ်တွေတောင် လေထဲကနေ နောက်ပြန်လှည့်ခဲ့ရပါတယ်။
ဒူဘိုင်း၊ အဘူဒါဘီနဲ့ ကာတာတို့မှာ သောင်းနဲ့ချီတဲ့ ခရီးသည်တွေ သောင်တင်သွားပါတယ်၊ သူတို့ထဲက အများအပြားက ဒီအရပ်တွေမှာ လေယာဥ်ပြောင်းပြီး ခရီးဆက်သွားရမယ့် သူတွေပါ။ အဲဒီကာလမှာပဲ အီရန်က တုံ့ပြန်ပြီး ပစ်လိုက်တဲ့ဒရုန်းတွေ၊ မစ်ဇိုင်းတွေကြောင့် လေဆိပ်နဲ့ ဟိုတယ်တွေမှာ ပိတ်မိနေတဲ့လူတွေအဖို့ ကြောက်ရွံ့ ထိတ်လန့်စရာ ဝန်းကျင်အောက်မှာ နေ နေကြရတဲ့အဖြစ်ကို ကြုံနေရပါတယ်။
ကမ္ဘာတလွှားက တခြားခရီးသွားအများအပြားလည်း သူတို့ရဲ့လေယာဥ်ခရီးစဥ်က ပင်လယ်ကွေ့လေဆိပ်တွေကို ဖြတ်သန်းသွားရမှာကြောင့် သူတို့စီစဥ်ထားတဲ့ခရီးကို မထွက်နိုင်ကြတော့ပါဘူး။ တခြားအစားထိုးစရာ ခရီးသွားလမ်းကြောင်းက ဘာလဲဆိုတာကို သူတို့ အသည်းအသန် လိုက်ရှာနေကြရပါတယ်။

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အမ်မရိတ်စ်နဲ့ အက်တီဟက် လေကြောင်းလိုင်းတွေက ရက်ပိုင်းအတွင်းမှာပဲ ခရီးသည်တွေ အိမ်ပြန်နိုင်အောင် ခရီးစဥ်တချို့ စီစဥ်ပေးခဲ့ကြပြီး နောက်ပိုင်းမှာ ကာတာလေကြောင်းလိုင်းကလည်း အလားတူလုပ်ဆောင်ပေးခဲ့ပါတယ်။ ဒေသအပြင်ဘက်မှာ အခြေစိုက်ကြတဲ့ လေကြောင်းကုမ္ပဏီတွေကလည်း သောင်တင်နေတဲ့လူတွေ အိမ်ပြန်ရောက်နိုင်ရေးအတွက် လေယာဥ်ခရီးစဥ်တွေ စီစဥ်ပေးခဲ့ကြပါတယ်။ ဗြိတိန်အပါအဝင် တချို့နိုင်ငံတွေက အစိုးရတွေကလည်း စင်းလုံးအငှားလေယာဥ်တွေ ငှားပြီး သူတို့ နိုင်ငံသားတွေ ဒီဒေသကနေ ထွက်ခွာနိုင်အောင် လုပ်ဆောင်ပေးကြပါတယ်။
ဒေသတွင်း အဓိကလေကြောင်းကုမ္ပဏီ ၃ ခုက ပင်လယ်ကွေ့ ဆုံချက်လေဆိပ်တွေကနေ လေကြောင်းခရီးစဥ်တွေ ပုံမှန်အတိုင်း ပြန်ဆွဲပေးပြီး နောက်ပိုင်းမှာတော့ အခြေအနေတွေက တစုံတရာ ပြန်တည်ငြိမ်လာပါတယ်။ ဒါပေမဲ့ ခရီးစဥ်အချိန်တွေက အကန့်အသတ်နဲ့ ဖြစ်ပြီး ရွှေ့ဆိုင်းရတာတွေကလည်း ဖြစ်တတ်ပါတယ်။ လေကြောင်းသွားလာမှု စောင့်ကြည့်ရေးအဖွဲ့ တခုဖြစ်တဲ့ စီရီယမ်(Cirium)ရဲ့စာရင်းတွေအရ ပဋိပက္ခစဖြစ်ပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းကို သွားကြမယ့် လေကြောင်းခရီးစဥ် ၃၀,၀၀၀ ကျော်ကို ဖျက်သိမ်းလိုက်ရကြောင်း သိရပါတယ်။
ဒီလိုဖျက်သိမ်းခံလိုက်ရတဲ့ခရီးစဥ်တွေ အတော်များများရဲ့အကြောင်းတွေလည်း ခရီးသည်တွေက သူတို့ အတွေ့အကြုံတွေ၊ သူတို့ရဲ့စိတ်ပျက်ရမှုတွေကို လူမှုမီဒီယာမှာ တင်ကြတာ၊ မီဒီယာတွေနဲ့ အင်တာဗျူးကြတာတွေကတဆင့် လူအများအကြား ဟိုးလေးတကျော် ဖြစ်ခဲ့ရပါတယ်။
ဒီထဲက တခုကတော့ မဲလ်ဘုန်းမြို့ကနေ ဒိုဟာမှာ တဆင့်ပြောင်းပြီး ဗင်းနစ်မြို့ကိုသွားနေတဲ့ အီယန် စကော့ရဲ့အဖြစ်ပါ။ သူ စီးလာတဲ့လေယာဥ်က ကာတာကနေ ထွက်ခွာလာပြီး လေထဲရောက်နေပါပြီ။ အဲဒီမှာ နောက်ပြန်လှည့်ဖို့ အမိန့်ရောက်လာတော့ သူ ကာတာက ဟိုတယ်တခုမှာ ရက်အတော်ကြာ သောင်တင်သွားပါတယ်။ အဲဒီကနေ သူ သဲကန္တာရကို ၂ ရက်ခရီး ကားမောင်းဖြတ်ခဲ့ရပြီး အိုမန်ကိုရောက်၊ အဲဒီကနေ တဖြည်းဖြည်းနဲ့ လေယာဥ်ရပြီး အဲဒီဒေသကနေ ထွက်ခွာလာနိုင်ခဲ့ပါတယ်။
သူက အနာဂတ်မှာ လေယာဥ်နဲ့ ခရီးသွားရင် ပင်လယ်ကွေ့ လေဆိပ်တွေကနေတဆင့် မသွားတော့ပဲ ရှောင်ကြဉ်တော့မယ်လို့ ဆိုပါတယ်။ အခု စစ်ပွဲပဋိပက္ခက ပြီးသွားရင်တောင် သူက အဲဒီ လမ်းကြောင်းက မသွားတော့ဘူးတဲ့၊ ဘာလို့လဲဆိုတော့ ဒီအရပ်မှာ ပြဿနာတွေက ပြီးသွားမယ်ဆိုတာကို သူ "မယုံကြည်" လို့ပါလို့ ဆိုပါတယ်။
ပင်လယ်ကွေ့ လေဆိပ်တွေက အောင်မြင်တာ ဘာကြောင့်လဲ
အီယန်လို ခရီးသွားတွေရဲ့ အဆုံးအဖြတ်က ဒီ ပင်လယ်ကွေ့ ဆုံရပ်တွေအပေါ် အားထား လုပ်ကိုင်နေသူတွေအဖို့ ပူပန်စရာပါ။
ခရီးသွား တဝက်ကျော်က နိုင်ငံထဲကို ခြေမချပဲ လေဆိပ်မှာ လေယာဥ်ပြောင်းရုံပဲ လာရောက်ကြတဲ့ ဒူဘိုင်းမှာတောင် ခရီးသွားလုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ ပိုပြီး ဖြစ်ထွန်းလာအောင် ပြုပြင်ပြောင်းလဲနေကြတာပါ။
ပြီးခဲ့တဲ့နှစ်အတွင်း ဒူဘိုင်းကို ရောက်လာတဲ့ ခရီးသွား ၄၇ ရာခိုင်နှုန်းက နောက်လေယာဥ်ကို ပြောင်းစီး ကြဖို့ လေဆိပ်မှာ တထောက် ခဏနားကြတာဖြစ်ပြီး အဲဒီလိုမျိုးက အဘူဒါဘီမှာ ၅၄ ရာခိုင်နှုန်း၊ ဒိုဟာမှာ ၇၄ ရာခိုင်နှုန်းအသီးသီးရှိကြောင်း လေကြောင်းခရီး အချက်အလက်ဆိုင်ရာအဖွဲ့ (OAG)ရဲ့ စာရင်းတွေအရ သိရပါတယ်။
ဒါက ပင်လယ်ကွေ့ လေကြောင်းခရီး မိုဒယ်ရဲ့ အနှစ်သာရပါ။ ကမ္ဘာတလွှားမြို့အသီးသီးကနေ ခရီးဝေးသွားကြမယ့်သူတွေ ဒီလေဆိပ်တွေမှာ တထောက်နားပြီး ခရီးဆက်မယ်၊ ဒီလိုဆက်နိုင်အောင်လည်း ခရီးစဥ်တွေကို အချိန်ကိုက် သေသေချာချာ စီစဥ်ထားကြတာပါ။ ဒီနည်းနဲ့ ဘော့စတွန်ကနေ ဘာလီ ဒါမှမဟုတ် အမ်စတာဒမ်ကနေ အန်တာနာနာရီဗို (မက်ဒါဂါစကာ မြို့တော်)အထိ ကြားမှာ ခဏလေးနားပြီး အခက်အခဲမရှိ ဆက်ပြီး ခရီးသွားနိုင်ကြတာပါ။
ဟိုးအရင် သမရိုးကျ လေကြောင်းခရီးသွား မိုဒယ်တုန်းကဆိုရင် ခရီးသည်တွေက ဒေသဆိုင်ရာ ခရီးတိုလေကြောင်းခရီးစဥ်တွေ သုံးပြီး ဒေသတွင်းက ဆုံရပ် လေဆိပ်ကြီးကိုလာ၊ အဲဒီမှာ နောက်ထပ် လေယာဥ်လက်မှတ် ဝယ်ဖို့ စကားပြောရ လုပ်ရနဲ့ ပြီးမှ အဲဒီကနေ ခရီးရှည် ပျံသန်းဖို့ ပိုကြီးတဲ့လေယာဥ်ဆီကို ပြောင်းတက်ပြီး ခရီးရှည်ကို ဆက်ထွက် သွားကြရတာပါ။ အခုက ကမ္ဘာ့ နေရာတိုင်းက မြို့တော်တွေက သာမက ဒုတိယအဆင့်ကြီးမားတဲ့ မြို့တွေကနေ တခါတည်း ကိုယ့်ရဲ့ခရီးရှည်ကို စတင်နိုင်ကာ အလယ်မှာ တထောက်လေးနား၊ လမ်းမှာ ခရီးအတွက် ထပ်စီစဥ်စရာ မလိုဘဲ ကိုယ်ရည်ရွယ်ရာခရီးကို အဆုံးရောက်အောင် ဆက်သွားနိုင်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NurPhoto via Getty Images
"ပင်လယ်ကွေ့ကနေ ပျံသန်းချိန် ၃ နာရီလောက်အတွင်းမှာပဲ အရှေ့အလယ်ပိုင်း၊ အိန္ဒိယ၊ တရုတ် စတဲ့နိုင်ငံတွေ အထိသွားနိုင်မယ်။ ဒါက သိပ်ကြီးမားတဲ့ စျေးကွက်ပါ" လို့ အဘူဒါဘီ အခြေစိုက် အက်တီဟက် လေကြောင်းလိုင်းက အရင် စီအီးအို ဂျိမ်းစ် ဟောဂန်က ရှင်းပြပါတယ်။ လေယာဥ်ခရီးစဥ်တွေကို ၂၀၀၆ ကနေ ၂၀၁၇ အထိ ၁၁ နှစ်ကြာ သူ စီမံကွပ်ကဲခဲ့ပြီး အဲဒီကာလမှာ သူ့ ကုမ္ပဏီ လုပ်ငန်းတွေ ခပ်မြန်မြန်ကြီးထွားလာခဲ့တာကို မြင်ခဲ့ရပါတယ်။ အက်တီဟက် လေကြောင်းလိုင်းက ၂၀၀၃ မှာ စတင်ခဲ့တာပါ။
"ပင်လယ်ကွေ့ လေကြောင်းလိုင်းတွေက ခိုင်မာတဲ့ကွန်ရက်တွေကို တည်ဆောက်နိုင်ခဲ့ပါတယ်။ဆုံချက်မြို့တွေ၊ မြို့တော်တွေကို ချိတ်ဆက်နိုင်ရုံမက ဒုတိယအဆင့်၊ တတိယအဆင့်မြို့တွေကနေလည်း တထောက်နား ခရီးဆက်ရုံနဲ့ လိုရာကို သွားနိုင်ကြပါတယ်" လို့ သူက ပြောပါတယ်။
လေကြောင်းဆိုင်ရာအကြံပေးအဖွဲ့ ဖြစ်တဲ့ Aviation Advocacy က စီမံခန့်ခွဲမှု ဒါရိုက်တာ အင်ဒရူး ချာလ်တန်က ဒီအပေါ် သဘောတူပါတယ်။ "ပင်လယ်ကွေ့ဟာ အခုခေတ် နည်းပညာတွေနဲ့ အတူ ကမ္ဘာပေါ်က ဘယ်နေရာကိုဖြစ်ဖြစ် သွားနိုင်ပါတယ်။"
သူ့အမြင်အရ ဥရောပနဲ့ အမေရိကန်က လေကြောင်းလိုင်းကုမ္ပဏီတွေ မျက်စိလျှမ်းခဲ့တဲ့ တရုတ်နဲ့ အိန္ဒိယလို စျေးကွက်တွေကို ဒီပင်လယ်ကွေ့ လေကြောင်းလိုင်းတွေက ဒီအခြေအနေတွေအပေါ်အသုံးချပြီး ဒီရာစုနှစ် အစောပိုင်းလောက်မှာ အကျိုးထူး ရယူနိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။
လေကြောင်းကုမ္ပဏီတွေထဲ ပင်လယ်ကွေ့ လေကြောင်းလိုင်းတွေက နောက်မှာ ပေါ်ထွန်းလာတဲ့ ကုမ္ပဏီအသစ်တွေဖြစ်ပြီး သူတို့ တည်ဆောက်နေတဲ့ လေယာဥ်ခရီးစဥ် မိုဒယ်နဲ့ လိုက်ဖက်တဲ့ လေယာဥ် အမျိုးအစားတွေကို ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။
ထိုင်ခုံ ၃၀၀ ဆန့် ပြီး မိုင်ပေါင်း ၇,၀၀၀ ကျော်အထိ ပျံသန်းနိုင်တဲ့ ဘိုးအင်း ၇၇၇(Boeing 777) တွေကို အစပိုင်းမှာ ဝယ်ယူဖြည့်တင်းခဲ့ပြီး နောက်ပိုင်းမှာတော့ ခရီးသည် ၅၀၀ ကျော် တင်နိုင်တဲ့ အဲဘတ်စ် အေ ၃၈၀ (Airbus A380) တွေက ပို အသုံးတည့်ခဲ့ပါတယ်။ အဲဘတ်စ် လေယာဥ်တွေက အဆင်းနဲ့ အတက်မှာ နှိုင်းယှဥ်မှုအရ လမ်းကြောင်း တိုတာကြောင့် လေယာဥ် အဝင်အထွက်များတဲ့ လေဆိပ်တွေနဲ့ ပိုပြီး ကိုက်ညီပါတယ်။
"အရင်နဲ့ ကွာခြားချက်က ထင်ထင်ရှားရှားပေါ်လာတယ်" လို့ မစ္စတာ ဟောဂန်က ဆိုရင်း "အရင် သမရိုးကျ စျေးကွက်တွေဖြစ်တဲ့ အမေရိကန်၊ ဥရောပ၊ သြစတြေးလျနဲ့ အဲဒီနားတဝိုက်က အာရှနိုင်ငံတွေဘက်ကို ပျံတဲ့လေကြောင်းလိုင်းတွေထက် သူတို့က ဝန်ဆောင်မှု ပိုပေးလာနိုင်တယ်" လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Anadolu via Getty Images
ဒီလိုနဲ့ပင်လယ်ကွေ့လေကြောင်းလိုင်းတွေနဲ့ ဆုံချက်လေဆိပ်တွေဟာ ဒီထောင်စုနှစ် အစပိုင်းကစပြီး အမြန် ဖွံ့ဖြိုးလာကာ ခရီးရှည်လေကြောင်းခရီးစဥ်တွေရဲ့အကူးအပြောင်း အဓိကလမ်းဆုံ ဖြစ်လာပါတယ်။
"ဒီနေရာဟာ ဥရောပနဲ့ မြောက်အမေရိကကနေ သြစတြေးလျ၊ အရှေ့တောင်အာရှ၊ စင်ကာပူ၊ ဟောင်ကောင်၊ အိန္ဒိယစတာတွေကို ခရီးစဥ်ဆက်ဖို့ ရှိတဲ့ခရီးသည်တွေ ရောက်ရှိလာရာ ဆုံမှတ် ဖြစ်လာတယ်" လို့ အိုအေဂျီက အကြီးတန်း သုတေသီ ဂျွန် ဂရန့်က ပြောပါတယ်။
"၁ နာရီလောက်ကြာတဲ့အချိန်ပိုင်းအတွင်းမှာ လေယာဥ် ခရီးစဥ် ၉၀ - ၁၀၀ အထိ ရောက်လာတယ်၊ နောက် ၁ နာရီ၊ ၂ နာရီလောက်အကြာမှာပဲ အဲဒီလေယာဥ်တွေက ပြန်ထွက်ခွာ သွားကြပြီ။ ဒီဝန်ဆောင်မှုတွေဟာ သိပ်ကို စွမ်းဆောင်ရည်မြင့်တာကို ပြသနေတာပါ။"
ဒါတွေ အားလုံးဟာ ခရီးရှည် လေကြောင်းပျံသန်းမှု ကုန်ကျစရိတ်အပေါ်ကိုလည်း ထူးထူးခြားခြား အကျိုးပြုပါတယ်။
"အပြိုင်အဆိုင်ရှိမှုက စျေးကို ချပေးပါတယ်၊ ပင်လယ်ကွေ့ လေကြောင်းလိုင်းတွေက အပြိုင်အဆိုင်ရှိမှုအရေးမှာ အပြောင်းအလဲကြီးတခုပါ" လို့ မစ္စတာ ကာလ်တန်က ပြောပါတယ်။ နောက်ပြီး "သူတို့က ခရီးရှည်အတွက် စွမ်းဆောင်ရည်တွေ ထည့်သွင်းကြတယ်၊ ခရီးရှည် စျေးကွက်အတွက် ပြိုင်ဆိုင်ကြတယ်၊ သူတို့က စျေးနှုန်းကို တကယ့်ကိုပဲ ချနိုင်ခဲ့ကြပါတယ်" လို့ လည်း သူက ဆိုပါတယ်။
ဒါပေမဲ့ အခုအရှေ့အလယ်ပိုင်းပဋိပက္ခက ဒါတွေအားလုံးကို ဖရိုဖရဲဖြစ်အောင် လုပ်ပစ်လိုက်ပြီလို့ တက္ကဆက်မှာရှိတဲ့ ဘိတ်ကာအင်စတီကျုက အရှေ့အလယ်ပိုင်းရေးရာကျွမ်းကျင်သူ ခရစ်လျှံ ကိုတက်စ် အယ်ရစ်ချ်ဆန်က ပြောပါတယ်။ ရေရှည်ဖြစ်လာတဲ့ပဋိပက္ခက ပင်လယ်ကွေ့ကို ဖြတ်သန်းပျံသန်းသွားလာကြတဲ့ခရီးသွားတွေကို တွန့်ဆုတ်စေမှာဖြစ်သလို အဲဒီက လေကြောင်းလိုင်းတွေအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိလာမယ်လို့ သူက ဆိုပါတယ်။
"ဒီပဋိပက္ခ ကြာလာလေလေ၊ ဒီစီးပွားရေးလုပ်ငန်း မိုဒယ်အပေါ် မေးခွန်းထုတ်လာ လေလေပါပဲ" လို့ သူက ပြောပါတယ်။ "လူတွေက သူတို့ ဒီလမ်းကိုသွားရင် လမ်းမှာပိတ်မိနေမလား၊ လေဆိပ်က ပိတ်နေမလား၊ ဒရုန်းက ဒုက္ခပေးမလား။ ဆိုတော့ သူတို့ခရီးသွားရမှာ မလုံခြုံတော့ဘူးလို့ မြင်လာရင် ဒီစီးပွားရေး လုပ်ငန်းက အကြီးအမား ထိခိုက်သွားမှာလေ။"
လေယာဥ်ခတွေက ဘာကြောင့် စျေးတက်လာနိုင်တာလဲ
ကမ္ဘာလုံးဆိုင်ရာလေကြောင်းခရီးတွေမှာ အဓိကဆုံမှတ်အဖြစ်ရှိနေတဲ့ ပင်လယ်ကွေ့ရဲ့ ဂုဏ်သိက္ခာကို ဒီပဋိပက္ခက ဘယ်လောက်အတိုင်းအတာအထိ ဖျက်ဆီးလိုက်ပြီလဲဆိုတာနဲ့ ဒီစီးပွားရေး မိုဒယ် ရေရှည်ထိခိုက်သွားတော့မှာလား ဆိုတဲ့အမေးတွေက မေးခွန်းကြီးတွေ ဖြစ်လာပါပြီ။
ချာလ်တန်ကတော့ ပဋိပက္ခက ဘယ်လောက်ကြာမလဲဆိုတဲ့ အပေါ် မူတည်တယ်လို့ ဆိုပါတယ်။ ပဋိပက္ခက မြန်မြန်ပြီးသွားရင် ပင်လယ်ကွေ့ လေကြောင်းလိုင်းတွေအနေနဲ့ အခြေအနေပျက်နေတဲ့ဘဝကနေ အမြန်ပြန် ရုန်းထနိုင်တယ်၊ ဘာကြောင့်လဲ ဆိုတော့ "သူတို့က စျေးကွက်ထဲကို လေယာဥ် လက်မှတ်ခ စျေးပေါပေါပေးပြီး ပြန်ဝင်လာမှာ မို့လို့ပါ" လို့ သူက ပြောပါတယ်။
ဒါပေမဲ့ ပဋိပက္ခက ရှည်ကြာနေရင်တော့ "ခရီးသွားတွေထဲ တခြားဆုံရပ်တွေ ဥပမာ - စင်ကာပူ၊ ဘန်ကောက်၊ ဟောင်ကောင်၊ တိုကျိုစတဲ့နေရာတွေကို အစားထိုးရွေးချယ်လာကြတဲ့ သူတွေ ပိုများလာမယ်" လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တချိန်တည်းမှာပဲ ပင်လယ်ကွေ့ လေကြောင်းလိုင်းတွေက ပုံမှန်အားဖြင့် ပေးနေတဲ့စွမ်းဆောင်နိုင်မှုတွေ ရေရှည်ကင်းမဲ့သွားရင် လေယာဥ်ခတွေက တက်လာမှာ မလွဲပဲလို့ သူက ပြောပါတယ်။
"ပင်လယ်ကွေ့လေကြောင်းလိုင်းတွေက လေယာဥ်လက်မှတ်စျေးတွေကို ချပေးခဲ့လား၊ တကယ့်ကို သူတို့ ချပေးနိုင်ခဲ့ပါတယ်။ ဒီတော့ ပင်လယ်ကွေ့လေကြောင်းလိုင်းတွေကို ဖယ်ကြည့်လိုက်၊ စျေးတွေက တက်လာမှာပဲ။"
ဒီအရှေ့အလယ်ပိုင်းပဋိပက္ခအကျပ်အတည်းကို ဥရောပလေကြောင်းလိုင်းတွေက လိုက်လျော ညီထွေအောင် တုံ့ပြန်နေကြပါပြီ။ သူတို့က အချိန်ဇယားတွေ ပြောင်းလဲလိုက်ကာ လေယာဥ်တွေ ပင်လယ်ကွေ့မှာ ရပ်နားစရာ မလိုတဲ့လေကြောင်းခရီးစဥ်တွေကို ထပ်တိုးလိုက်ပါတယ်။ ဥပမာ - ဘန်ကောက်နဲ့ စင်ကာပူဆီ ပျံသန်းမှုခရီးစဥ် အကြိမ်အရေအတွက်ကို ဗြိတိသျှလေကြောင်းလိုင်း(British Airways) က ထပ်တိုးလိုက်သလို လုဖ်သန်ဇာ(Lufthansa)နဲ့ အဲ ဖရန့်စ် ကေအယ်လ်အမ် (Air France KLM) တို့ကလည်း အာရှကို ပျံတဲ့လေကြောင်းခရီးစဥ်တွေကို ထပ်တိုးထားပါတယ်။
နိုင်ငံတကာလေကြောင်းပို့ဆောင်ရေးအဖွဲ့ (IATA)ရဲ့ ညွှန်ကြားရေးမှူးချုပ် ဝီလီ ဝက်ရှ်က ကမ္ဘာ့ လေယာဥ် ခရီးစဥ်စုစုပေါင်းရဲ့ ၉.၅ ရာခိုင်နှုန်းကို လုပ်ဆောင်နေတဲ့ ပင်လယ်ကွေ့ လေကြောင်းလိုင်းတွေကို အစားထိုးနိုင်တဲ့အရင်းအမြစ်တွေ ဥရောပလေကြောင်းလိုင်းတွေမှာ မရှိသေးဘူးလို့ ပြောပါတယ်။
မတ်လလယ်က ပဲရစ်မှာ လုပ်တဲ့အခမ်းအနား တစ်ခုအတွင်း သတင်းထောက်တွေကို သူက ပြောရာမှာ "ပင်လယ်ကွေ့က လေကြောင်းလိုင်းကုမ္ပဏီတွေ ပေးနေတဲ့စွမ်းဆောင်ရည်မျိုးကို ဥရောပ လေကြောင်းလိုင်းတွေက အစားထိုးဖြည့်ပေးနိုင်တဲ့အခြေအနေမှာ မရှိပါဘူး" လို့ ထည့်သွင်းပြောခဲ့ပြီး ပဋိပက္ခ လျော့ကျသွားတာနဲ့ တပြိုင်နက် ပင်လယ်ကွေ့လေကြောင်းလိုင်းတွေ မြန်မြန်ပြန် နာလန်ထူလာနိုင်ဖို့ မှန်းဆထားကြောင်း ဆိုခဲ့ပါတယ်။
ပင်လယ်ကွေ့ အိပ်မက် အဆုံးသတ်သွားပြီလား
အရင်ကလည်း ပင်လယ်ကွေ့ မိုဒယ်ရဲ့အနာဂတ်ကို မေးခွန်းထုတ်ခဲ့ဖူးကြပါတယ်။ အထူးသဖြင့် ကိုဗစ်ကပ် ကာလအတွင်းမှာပါ။ ခရီးဝေး ပျံသန်းတဲ့လေကြောင်းလိုင်းတွေ၊ ကြားတထောက်နားတဲ့နေရာတွေ၊ ကြီးမားတဲ့လေယာဥ်တွေကို သုံးရတာတွေ စတာတွေဟာ ပြောင်းလဲလာတဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေမှု ရှိမှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတချို့က ဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ကပ်ဘေးလွန်တဲ့အခါ အမ်မရိတ်စ်၊ အက်တီဟက်၊ ကာတာ စတဲ့ လေကြောင်းလိုင်းတွေဟာ ခပ်မြန်မြန် နာလန်ထူလာနိုင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း အမြတ်အစွန်းတွေ ကောင်းကောင်းရခဲ့ပါတယ်။
"လေကြောင်းလိုင်း ကုမ္ပဏီတွေဟာ ဆာ့စ် ဗိုင်းရပ်စ်ဘေး၊ ကိုဗစ် ကပ်၊ ကမ္ဘာအရပ်ရပ်က ပထဝီနိုင်ငံရေး အကျပ်အတည်းတွေ" ကို ဖြတ်သန်းခဲ့ရတယ်၊ နောက် "စတော့စျေးကွက် ပြိုလဲတာကိုလည်း ကြုံဖူးတယ်။ ဒါပေမဲ့ ပြန်ပြီး နာလန်ထူ လာနိုင်တာပဲလေ" လို့ ဂရန့်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
ဒါပေမဲ့ လေကြောင်းလိုင်းကုမ္ပဏီတွေသာမက ဒေသတွင်းမှာ အရေးကြီးရင်ဆိုင်ရမယ့် အရေးတခုက ရှိနှင့် နေပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း ဒူဘိုင်းဟာ လေကြောင်းခရီးစဥ် ဆုံရပ် အဖြစ်သာမက စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်းဆုံချက်နေရာဖြစ်ဖို့ကိုလည်း ရည်မှန်းလုပ်ဆောင်နေတာပါ။
"ပင်လယ်ကွေ့နိုင်ငံတွေက ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်းကဏ္ဍတွေကို အဓိက မှီခိုထားတာ ဖြစ်ပေမဲ့ အဲဒီကဏ္ဍတွေကို လျှော့ချပြီး တခြားစီးပွားရေးလုပ်ငန်းကဏ္ဍတွေကို ခွဲဖြန့်လုပ်ဆောင်ဖို့ အတွက် သူတို့ ခေါင်းဆောင်ပိုင်းတွေက အလေးထားလုပ်နေကြတာပါ" လို့ အက်တီဟက်ရဲ့ အရင် စီအီးအို ဂျိမ်းစ် ဟောဂန်က ပြောပါတယ်။
"လေကြောင်းလိုင်းတွေ ဆုံရပ်အဖြစ် လုပ်နိုင်တဲ့ စွမ်းရည်နဲ့အတူ တခြားကဏ္ဍတွေကို ခွဲဖြန့်ဖို့ လုပ်နေကြတာပါ။ လေကြောင်းလိုင်းလုပ်ငန်းကနေ ဆက်စပ်ပြီး နောက်ထပ် တခြားလုပ်ငန်းတွေကို ချဲ့ထွင်ပြီး လုပ်သွားဖို့ပါ။"
အာလ်ရစ်ချ်ဆန်ကလည်း ဒါကို လက်ခံပါတယ်။ ယူအေအီးဟာ "သူတို့ နိုင်ငံကို လူတိုင်းလာချင်အောင်၊ လာပြီး အလုပ်လုပ်ချင်အောင်၊ စီးပွားရေးလုပ်ငန်း လာထောင်ချင်အောင် လုပ်နေတာပါ၊ ဒူဘိုင်းကို အခြေပြုပြီး ဆွဲဆောင်နေတာပေါ့" လို့ သူက ဆိုပါတယ်။
ဒါပေမဲ့ လေယာဥ်တွေ ဒီအရပ်ကို အလာနည်းနေပြီး အခြေအနေ ပြန်ကောင်းလာဖို့ မြန်မြန်ပြန် မလုပ်နိုင်ဘူးဆိုရင် သူတို့ ရည်မှန်းထားတဲ့ခရီးသွားလုပ်ငန်းတွေလည်း အခြေအနေမကောင်းနိုင်ပါဘူး။
"ကျွန်တော့် အမြင်အရတော့ ဒါက ရေရှည် ထိခိုက်သက်ရောက်မှု ရှိပါတယ်။ လူတွေက လုံခြုံဘေးကင်းရေးကို အမြဲတွေးကြတယ်လေ" လို့ ခရီးသွားလုပ်ငန်းကုမ္ပဏီ တရစ်ဗာဂို (Trivago)ရဲ့ စီအီးအို ဂျိုဟန်းစ် သောမတ်စ်က ပြောပါတယ်။ ဘေးကင်းလုံခြုံရေးကိစ္စ ပြန်စိတ်အေးသွားကြဖို့က " ၂ နှစ်၊ ၃ နှစ် ကြာသွားနိုင်တယ်" လို့ သူက မှန်းထားပါတယ်။
ဟောဂန်ကတော့ ဒီထက် ပိုပြီး အကောင်းမြင်ပါတယ်။
"ဒါက အကျပ်အတည်းကြီး တစ်ခုပါ။ ဒါပေမဲ့ အချိန်မှီ ပြန်ကုစားနိုင်ပါတယ်" လို့ သူက ဆိုပါတယ်။ "ကျွန်တော် ဒါမျိုးကို အရင်ကလည်း နှစ်အတော်ကြာ တွေ့ခဲ့ဖူးပါတယ်။ တချို့က အစောပိုင်းမှာ တွန့်ဆုတ် နေနိုင်ပါတယ်၊ ဒါပေမဲ့ ခရီးသည်တွေကတော့ ပြန်လာကြမှာပါ။"
အရှေ့အလယ်ပိုင်းပဋိပက္ခဟာ ရေတိုမှာ ပင်လယ်ကွေ့ လေကြောင်းလိုင်းကုမ္ပဏီတွေ၊ ဆုံချက် လေဆိပ်တွေအပေါ် အကြီးအမား သက်ရောက်မှုတွေရှိမယ်ဆိုတာကတော့ ငြင်းချက်ထုတ်စရာ မရှိပါဘူး။ ခရီးသည်တွေ၊ စီးပွားရေးသမားတွေဟာ ဒီဒေသနဲ့ ပတ်သက်ရင် အခုအချိန်မှာ စိုးရိမ်ပူပန်မှုနဲ့ ချဉ်းကပ်ကြမှာပါ။
စစ်ပြုတာတွေ ချုပ်ငြိမ်းသွားမှသာ ကျဆင်းသွားတဲ့ဒေသတွင်းပုံရိပ်က ပြန်တက်လာနိုင်ပါတယ်။
ကမ္ဘာ့ လမ်းဆုံတခုအဖြစ် ပင်လယ်ကွေ့က ပြန်ဖြစ်လာရင်တော့ အရင်လိုပဲ လေကြောင်းလိုင်းတွေ၊ ဆုံရပ် စီးပွားရေးတွေ ပြန်ကောင်း လာမှာပါ။ ဒါပေမဲ့ စစ်ပွဲက မရပ်သွားရင်တော့ ကမ္ဘာ့ ခရီးရှည်သွား လေကြောင်းလိုင်းတွေရဲ့ အခက်အခဲက အကြီးအမား ဖြစ်လာမှာပါ။







