ကမ္ဘာတလွှား လောင်စာဆီစျေးကြီးမြင့်မှုကိုဘယ်လိုဖြေရှင်းနေလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images/BBC
ပူပြင်းလှတဲ့ နေရောင်အောက်မှာ လောင်စာဆီအတွက် စောင့်ဆိုင်းနေရတဲ့ ကား ဆိုင်ကယ်နဲ့ ရှည်လျားလှတဲ့ ကားတန်းကြီးကို မြန်မာနိုင်ငံတဝန်းမှာ တွေ့မြင်နေရပါတယ်။
ကမ္ဘာတလွား လောင်စာဆီ အခက်ကြုံနေကြရတာ တတိယအပတ်ကို ရောက်လာချိန်မှာ လောင်စာဆီဖြည့်ဖို့ ဆိုင်မှာ စောင့်ဆိုင်းပြီးတဲ့နောက် အပူဒဏ်ကြောင့် လူတွေ မူးလဲပြီး သေဆုံးရသူတွေ ရှိလာပါတယ်။
မြန်မာနိုင်ငံမှာ သာမက အမေရိကန်-အစ္စရေးတို့ရဲ့ အီရန်နဲ့ စစ်ပွဲကြောင့် ကမ္ဘာတဝန်းမှာ ရေနံထောက်ပံ့ရေးကွင်းဆက်ကို တစ်လကျော်ကြာ ထိခိုက်လာနေပြီး နိုင်ငံအသီးသီးက လောင်စာဆီဖြန့်ဖြူးရေးဌာနတွေ၊ ဆီဆိုင်တွေမှာ ကားတန်းရှည်ကြီးတွေ ပိုမြင်လာနေရပါတယ်။
အခွန် ဖြေလျှော့ပေးခြင်းနဲ့ လောင်စာဆီခွဲတမ်းတွေ သတ်မှတ်ခြင်းက အစ လောင်စာဆီသုံးစွဲမှု လျှော့ချဖို့ အရေးယူဆောင်ရွက်ချက်တွေအထိ ကမ္ဘာတစ်ဝန်းမှာရှိတဲ့အစိုးရတွေက လောင်စာဆီစျေးနှုန်းမြင့်တက်မှုကို လျှော့ချဖို့ ရည်ရွယ်တဲ့မူဝါဒတွေကို အကောင်အထည်ဖော်လျက်ရှိပါတယ်။
အရှေ့အာဖရိကမှာတော့ ပုပ်သိုးလွယ် သွင်းကုန်အတွက် ပိုထည့်တွက်
ကာလက် မိုဂတ်စ် (ဘီဘီစီကမ္ဘာတလွှား)
ကင်ညာနိုင်ငံမှာတော့ လောင်စာဆီ စျေးမြင့်တက်မှုကြောင့် ကုန်သွယ်ရေးမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိပြီး ပျက်စီးလွယ်တဲ့ ပို့ကုန်တွေကို ဦးစားပေးတင်ပို့နေရပါတယ်။ ကင်ညာဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ပန်း၊ ထောပတ်သီးနဲ့ ဟင်းသီးဟင်းရွက်လို လတ်ဆတ်တဲ့ ထွက်ကုန်တွေကို လျင်လျင်မြန်မြန် တင်ပို့နိုင်ဖို့ ဆိပ်ကမ်းလုပ်ငန်းတွေကို ချိန်ညှိဆောင်ရွက်ပေးနေရတယ်လို့ ဒေသတွင်း သတင်းစာ တစောင်ဖြစ်တဲ့ The Nation မှာ ဖော်ပြပါတယ်။
တစ်ချိန်တည်းမှာ နိုင်ငံက ပန်းလုပ်ငန်းမှာ ဒေါ်လာသန်းနဲ့ ချီ အရှုံးပေါ်နေပါတယ်။ ကင်ညာနိုင်က စိုက်ပျိုးထုတ်လုပ်သူနဲ့ တင်ပို့သူတွေ ကိုယ်စားပြုတဲ့ ပုဂ္ဂလိကကဏ္ဍအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ကင်ညာပန်းကောင်စီ အဆိုအရ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခကြောင့် သုံးပတ်အတွင်း ဒေါ်လာ ၄.၂ သန်းကျော် ဆုံးရှုံးခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
ကင်ညာနိုင်ငံက လက်ဖက်စိုက်တောင်သူနဲ့ တင်ပို့သူတချို့က လက်ဖက်ထုတ်လုပ်မှုနဲ့ ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်တွေ ဆက်လက်မြင့်တက်နေတာကြောင့် အနာဂတ်နဲ့ပတ်သက်ပြီး မသေချာမရေရာမှုတွေ ရှိနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။
အိမ်နီးချင်း အီသီယိုးပီးယားနိုင်ငံမှာ ဝန်ကြီးချုပ် အဘီယာ အာမက် က လောင်စာဆီဖြန့်ဖြူးသူတွေ၊ ရောင်းချ ဝန်ဆောင်မှုပေးသူတွေနဲ့ သုံးစွဲသူတွေကို လောင်စာဆီအရန် ထားကြဖို့နဲ့ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို ဦးစားပေး လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။
နိုင်ဂျီးရီးယားမှာ လျှပ်စစ်ကားနဲ့ CNG ကားတွေ တိုးမြှင့်ပြောင်းသုံး
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ခရစ် ဝေါ်ကာ (ဘီဘီစီ ကမ္ဘာတလွှား)
နိုင်ဂျီးရီးယားမှာတော့ အီရန်စစ်ပွဲစတင်ကတည်းက ဓာတ်ဆီစျေးနှုန်း နှစ်ဆနီးပါး မြင့်တက်ခဲ့ပါတယ်။
နိုင်ဂျီးရီးယားဟာ အဓိကရေနံထုတ်လုပ်တဲ့နိုင်ငံဖြစ်ပေမဲ့ အစိုးရပိုင် ရေနံသန့်စင်စက်ရုံတွေထဲက တစ်ခုမှ လည်ပတ်နိုင်ခြင်းမရှိပါဘူး။
ပြီးခဲ့တဲ့နှစ်က ပုဂ္ဂလိကကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Dangote ရဲ့ ရေနံသန့်စင်စက်ရုံ စတင်ဖွင့်လှစ်တဲ့အထိ သန့်စင်ပြီး ရေနံထွက်ကုန်တွေကို ပြည်ပကတင်သွင်းမှုအပေါ် အစိုးရက နှစ်ပေါင်းများစွာ မှီခိုအားထားခဲ့ရပါတယ်။ ရေနံ သန့်စင်စက်ရုံအသစ်က ဓာတ်ဆီစျေးနှုန်းကို လျှော့ချပေးနိုင်ခဲ့ပေမဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့အီရန်အပေါ် တိုက်ခိုက်မှုတွေက ကြီးကြီးမားမားသက်ရောက်မှု ရှိခဲ့ပါတယ်။
သယ်ယူပို့ဆောင်ရေးစရိတ်တွေ လျှော့ချပေးနိုင်ဖို့ နိုင်ဂျီးရီးယားသမ္မတ ဘိုလာ အမ္မာဒူ တီနူဘူ က Compressed Natural Gas(CNG) မော်တော်ယာဉ်ပြောင်းလဲတပ်ဆင်မှု အစုံအလင်နဲ့လျှပ်စစ်ယာဉ်(EV)တွေ ဖြန့်ကြက် အသုံးပြုမှုကို အရှိန်မြှင့်ရန် စီစဉ်ထားပါတယ်။
အဲဒီအစီအစဥ်ထဲမှာ ဓာတ်ငွေ့ပိုက်လိုင်း၊ ဖြည့်ဖြူးရေးအပိုင်း၊ ပေါင်းစပ်ထားတဲ့လောင်စာဖြည့်ဌာနတွေနဲ့ CNG ယာဉ်တွေနဲ့ ပြောင်းလဲတပ်ဆင်မှုအစီအစဉ်တွေအပါအဝင် CNG အခြေခံအဆောက်အအုံတွေ ချထားရေး ပါဝင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
ဒီဆောင်ရွက်ချက်ဟာ နိုင်ငံတစ်ဝန်း EV လျှပ်စစ်ကားတွေ အားသွင်းတဲ့ အခြေခံအဆောက်အအုံတွေနဲ့ ဆက်စပ်ရင်းနှီးမြှုပ်နှံမှုတွေ၊ အဲဒီလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနဲ့ လုပ်ငန်းဖြန့်ကြက်ရေးတို့ကိုလည်း ရှေ့ဆောင်ဆောင်ရွက်သွားမယ်လို့ သမ္မတက ပြောကြားခဲ့ပါတယ်။
မစ္စတာ တီနူဘူဟာ နိုင်ဂျီးရီးယားတစ်ဝန်း ယာဉ်ပြောင်းလဲတပ်ဆင်မှု အစုံအလင်ကို အရှိန်အဟုန်နဲ့ ဖြန့်ကြက်ပြီး ဒါတွေကို တတ်နိုင်တဲ့စျေးနှုန်းနဲ့ လက်လှမ်းမီနိုင်စေဖို့ တွန်းအားပေးနေပါတယ်။
"ဒီလိုအောင်မြင်စေဖို့ အထက်ပါဆောင်ရွက်ချက်တွေဟာ CreditCorp Nigeria၊ ဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ တခြားမိတ်ဖက်တွေနဲ့ ပူးပေါင်းကာ ဆန်းသစ်ပြီး ကုန်ကျစရိတ်သက်သာတဲ့ ဘဏ္ဍာငွေထောက်ပံ့မှုပုံစံတွေ ဖော်ဆောင်သွားမှာဖြစ်ပြီး ပြောင်းလဲတပ်ဆင်မှုတွေကို ပြည်သူတွေအတွက် ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်စေမယ်" လို့ သူက ပြောကြားခဲ့ပါတယ်။
တီနူဘူဟာ CNG သုံးစွဲမှု လက်လှမ်းမီအောင် လျင်လျင်မြန်မြန် တိုးချဲ့ဖို့ အတွက် မိုဘိုင်းလောင်စာဖြည့်ဌာနတွေ (Mobile Refuelling Units - MRUs)ကိုလည်း အရှိန်မြှင့် ဖြန့်ကြက်ဖို့ ညွှန်ကြားခဲ့ပါတယ်။
ဒီဆောင်ရွက်ချက်ဟာ သဘာဝဓာတ်ငွေ့သုံး ယာဉ်တွေနဲ့ လျှပ်စစ်ကား EV တွေ နှစ်မျိုးစလုံးကို လွှမ်းခြုံကာ နိုင်ငံတဝန်း သဘာဝပတ်ဝန်းကျင် သန့်ရှင်းစေတဲ့ရွေ့လျားသွားလာမှုဆိုင်ရာ မဟာဗျူဟာတစ်ခုလုံးကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်တဲ့ဦးဆောင်အဖွဲ့အစည်းအဖြစ် ဆောင်ရွက်မယ်လို့ သူက ပြောကြားခဲ့ပါတယ်။
ဗီယက်နမ်မှာတော့ လောင်စာဆီခွန်ကောက်မှု ရုပ်သိမ်းပေး
ကျန်ဗို(ဘီဘီစီကမ္ဘာတလွှား)
ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့က ဗီယက်နမ်အစိုးရဟာ "နိုင်ငံတော်ရဲ့ အကျိုးစီးပွားအတွက်" ဆိုပြီး မတ်လ ၂၇ ရက် ကနေ ဧပြီလ ၁၅ ရက်အထိ လောင်စာဆီအပေါ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခွန်ကို ဖြေလျှော့ပေးဖို့ အရေးပေါ် ဆုံးဖြတ်ချက်ချခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါဟာ အီရန်စစ်ပွဲကြောင့် ရေနံဈေးကွက်အတွက် ခံနိုင်ရည်ရှိစေမဲ့ နောက်ဆုံးကြိုးပမ်းချက် အဖြစ် မှတ်ယူနိုင်ပါတယ်။ ရလဒ်အနေနဲ့ ဗီယက်နမ်နိုင်ငံက လောင်စာဆီစျေးနှုန်းတွေဟာ ကမ္ဘာ့ရေနံစျေးနှုန်းကျဆင်းမှုနဲ့ အခွန်လျှော့ချမှုတို့ရဲ့ပေါင်းစပ်သက်ရောက်မှုကြောင့် အမှန်တကယ် ကျဆင်းသွားခဲ့သော်လည်း အစိုးရအတွက်တော့ အခွန်ငွေ အတော်အသင့် ဆုံးရှုံးသွားတာ ဖြစ်ပါတယ်။
ဗီယက်နမ်မှာ Nghi Son နဲ့ Binh Son သန့်စင်စက်ရုံ နှစ်ရုံရှိပေမဲ့ သွင်းကုန်လောင်စာဆီအပေါ် ကြီးကြီးမားမား မှီခိုနေရတာကြောင့် မတ်လအစောပိုင်းကတည်းက စွမ်းအင်ချွေတာရေး ဆောင်ရွက်ချက်တွေကို စတင်ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Nhac NGUYEN / AFP via Getty Images
ဗီယက်နမ်ဟာ လောင်စာဆီချွေတာဖို့ ပြည်သူတွေနဲ့ အရပ်ဘက်ဝန်ထမ်းတွေကို နေအိမ်ကနေအလုပ်လုပ်ကြဖို့ အစိုးရက တိုက်တွန်း အားပေးခဲ့ပါတယ်။
အစိုးရဟာ ကာတာ၊ ကူဝိတ်၊ အယ်လ်ဂျီးရီးယားနဲ့ ဂျပန်နိုင်ငံအပါအဝင် နိုင်ငံအများအပြားထံ ကနေ လောင်စာဆီအကူအညီတောင်းခံခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့တုန်းက ဝန်ကြီးချုပ် ဖမ်မင်ချင်းဟာ ရုရှားနိုင်ငံကို သွားရောက်ချိန်မှာ နှစ်နိုင်ငံစလုံးမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုနဲ့ပတ်သက်လို့ ရုရှားနိုင်ငံနဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
ဝန်ထမ်းတွေ အိမ်ကနေ အလုပ်လုပ်ဖို့ အားပေးတဲ့နေရာမှာ ဗီယက်နမ် တစ်နိုင်ငံတည်းတော့ မဟုတ်ပါဘူး။ မြန်မာမှာလည်း စစ်ကော်မရှင်ဟာ ပြည်တွင်းမှာ လောင်စာဆီခြိုးခြံချွေတာရေး အစီအမံ တစ်ရပ်အနေနဲ့ ဒီမူဝါဒကို စတင်ကျင့်သုံးနေပါတယ်။
လောင်စာဆီကို ခွဲတမ်းနဲ့ ရောင်းချပေးနေတဲ့မြန်မာ
မီမီခိုင် (ဘီဘီစီမြန်မာပိုင်း)
မြန်မာမှာတော့ စစ်ကော်မရှင်က ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်ကစလို့ အင်ဂျင်အရွယ်အစားအလိုက် လောင်စာဆီခွဲတမ်းသတ်မှတ်မှုကို အကောင်အထည်ဖော်မယ်လို့ ပြောပါတယ်။
လက်ရှိမှာတော့ လောင်စာဆီထောက်ပံ့မှု လုံလောက်နေပေမဲ့ အနာဂတ်မှာ ဖြစ်လာနိုင်မယ့်စွမ်းအင်ဆိုင်ရာ စိန်ခေါ်မှုတွေအတွက် ကြိုတင်ပြင်ဆင်ဖို့ အခုလိုချွေတာရေးအစီအမံတွေကို လုပ်ရတာလို့ ပြောပါတယ်။
စစ်ကော်မရှင်လက်အောက်မှာရှိတဲ့ စွမ်းအင်ဝန်ကြီးဌာနက မြန်မာနိုင်ငံမှာ လောင်စာဆီပြတ်လပ်မှုမဖြစ်စေဖို့ လောင်စာဆီသုံးစွဲမှုကို စောင့်ကြည့်စစ်ဆေးတာတွေနဲ့ စီမံခန့်ခွဲတာတွေကို ဆောင်ရွက်နေကြောင်း ပြောကြားထားပါတယ်။
စစ်ကောင်စီဟာ လောင်စာဆီပြတ်လပ်မှုကို ကာကွယ်ဖို့နဲ့ လောင်စာဆီသုံးစွဲမှုလျှော့ချဖို့ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၂၆ ခုနှစ် မတ်လ ၂၅ ရက်က စပြီး အစိုးရရုံးတွေမှာအပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အိမ်ကနေ အလုပ်လုပ်တဲ့(WFH) အစီအစဉ်ဆောင်ရွက်မယ်လို့လည်း ကြေညာထားပါတယ်။
ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေကိုလည်း ဖြစ်နိုင်ရင် အိမ်ကနေ အလုပ်လုပ်တဲ့အစီအစဉ်ကို ကျင့်သုံးဖို့ အားပေးထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဘီဘီစီမြန်မာပိုင်း
လောင်စာဆီခွဲတမ်းစနစ်အရ တစ်ပတ်မှာ တစ်ကြိမ် ဒါမှမဟုတ် အများဆုံး နှစ်ကြိမ်ခွဲကာ လောင်စာဆီ ဝယ်ယူနိုင်ပြီး ခွဲတမ်းတွေကို ဘားကုဒ်နဲ့ QR ကုဒ်စနစ်တွေနဲ့ ခြေရာခံ ဆောင်ရွက်နေပါတယ်။
ယာဥ်ရှေ့ လေကာမှန်မှာ ရှင်းရှင်း တောက်တောက်ပြောင်ပြောင် ကပ်ထားတဲ့ စတစ်ကာ ပြသထားတဲ့ယာဉ်တွေ လောင်စာဆီဝယ်ယူခွင့်ရှိပြီး ဆီဆိုင်အရောင်းဝန်ထမ်းတွေက လောင်စာဆီမရောင်းချမီ ဘားကုဒ်ကို စကင်န်ဖတ်ပြီးမှ ရောင်းချရမှာ ဖြစ်ပါတယ်။
မော်တော်ဆိုင်ကယ်တွေလည်း တပတ်မှာ ရှစ်လီတာအထိ နှစ်ကြိမ်ခွဲကာ ဝယ်ယူရတာ ဖြစ်ပြီး သုံးဘီးယာဉ်တွေကတော့ ၂၅ လီတာအထိ သုံးကြိမ်ခွဲ ဝယ်ယူနိုင်ပါတယ်။ ပုဂ္ဂလိကနဲ့ အစိုးရယာဉ်တွေကတော့ အင်ဂျင်အရွယ်အစားပေါ် မူတည်ပြီး (၂,၀၀၀ စီစီ ကနေ ၃,၀၀၀ စီစီအထက်) တစ်ပတ်မှာ ၃၅ လီတာ ကနေ ၄၅ လီတာအထိ နှစ်ကြိမ်ခွဲကာ ဝယ်ယူခွင့်ပြုတာ ဖြစ်ပါတယ်။
အရေးပေါ်ယာဉ်တွေနဲ့ ပြည်သူ့ဝန်ဆောင်မှုယာဉ်တွေအတွက် သတ်မှတ်ချက်တွေ ချမှတ်တာမျိုး မရှိပါဘူး။

ဓာတ်ပုံ ရင်းမြစ်, SUPATTRA PLONGKLUM / THAI NEWS PIX
လောင်စာဆီကုန်သွားနိုင်တဲ့အလားအလာကြောင့် မြန်မာမှာ ဆီခြိုးခြံချွေတာရေးအစီအစဉ်တွေ ချမှတ်နေချိန်မှာပဲ အစောပိုင်း လောင်စာဆီ ပြတ်တောက်မှု ကြုံခဲ့ရတဲ့ ထိုင်းမှာလည်း ဆီစျေးမြင့်တက်နေပါတယ်။
ထိုင်းမှာလည်း ဒီဇယ် ပြတ်လုနီးဖြစ်ခဲ့
ပန်နီဆာ ပန်မိုချာ (ဘီဘီစီ ထိုင်းဘာသာစကားဌာန)
ထိုင်းနိုင်ငံမှာတော့ လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း နိုင်ငံတစ်ဝန်းက လောင်စာဆီဖြန့်ဖြူးရေးဆိုင်တွေမှာ အထူးသဖြင့် ဘန်ကောက်မြို့ပြင်မှာရှိတဲ့ ဆီဆိုင်တွေမှာ ဒီဇယ်ဆီ ကုန်ခမ်းသွားခဲ့ပြီး စက်သုံးဆီ အမျိုးမျိုးအနက် ဒီဇယ်ဆီက ဆိုင်တွေမှာ ပထမဆုံးကုန်သွားတဲ့ လောင်စာဆီဖြစ်ပါတယ်။
ဒီပြတ်လပ်မှုဟာ ဒီဇယ်ဆီကို သာမန်ကားမောင်းသူတွေကနေ သူတို့ရဲ့ မရှိမဖြစ်စက်ယန္တရားတွေ မောင်းနှင်ဖို့ မှီခိုအားထားရတဲ့ စိုက်ပျိုးရေးနဲ့ ငါးလုပ်ငန်းကဏ္ဍတွေ အထိ ကဏ္ဍအသီးသီးကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ပါတယ်။
ထိုင်း အာဏာပိုင်တွေဟာ အဓိက ဆီသိုလှောင်ရုံတွေနဲ့ သီးခြား ဆီတိုင်ကီတွေကိုပါ စစ်ဆေးတာတွေကို စတင် အရေးယူ လုပ်ဆောင်ခဲ့ပါတယ်။ စည်းမျဉ်းအသစ်တွေအရ အခုအခါ လောင်စာဆီကုမ္ပဏီတွေဟာ အရန်ဆီတွေကို ထုတ်ယူသုံးစွဲခွင့်ရှိပြီး ဖြန့်ဖြူးရေးဆိုင်ရာ အတားအဆီးတွေကို ဖြေလျှော့ဖို့နဲ့ ၂၄ နာရီ သယ်ယူပို့ဆောင်ရေးကို ခွင့်ပြုထားပါတယ်။
မတ်လအစောပိုင်းကတည်းက ကြေညာခဲ့တဲ့အခြားမူဝါဒတွေမှာ အိမ်ကနေ အလုပ်လုပ်တဲ့အစီအစဉ်တွေ၊ အစိုးရအဆောက်အအုံတွေမှာ စွမ်းအင်သုံးစွဲမှု လျှော့ချဖို့ (လေအေးပေးစက်ကို ၂၆ ဒီဂရီစင်တီဂရိတ်အောက် မထားဖို့နဲ့ အရပ်ဘက်ဝန်ထမ်းတွေကို ယူနီဖောင်းဝတ်စုံအစား အင်္ကျီလက်တိုဝတ်ဖို့ ခွင့်ပြုတာအပါအဝင်) အစိုးရဌာနတွေရဲ့ နိုင်ငံရပ်ခြား လေ့လာရေးခရီးစဉ်အားလုံးကို ချက်ချင်းရပ်ဆိုင်းရန် အမိန့်လည်း ပါဝင်ပါတယ်။









