မြန်မာသင်္ကြန် နဲ့ သံချပ် ပိတ်ပင်ခံရ

မကြာခင်က ဖွဲ့စည်းလိုက်တဲ့ မြန်မာအစိုးရ ယဉ်ကျေးမှု ဝန်ကြီးဌာန ကသင်္ကြန် မှာ သံချပ် မထိုးရဘူးလို့ မြန်မာသတင်းစာ တွေမှာ အမိန့်ထုတ် တားမြစ်ခဲ့ပါတယ်။ သင်္ကြန် နဲ့ သံချပ် ဟာ ဒွန်တွဲနေလို့ မြန်မာ့ ရိုးရာ အရ ကျေးလက် အနုပညာပါ ပိတ်ပင်ခံရ သလို ဖြစ်နေပါတယ်။
ဒီအချက်ကို ကဗျာဆရာ မောင်စွမ်းရည်က ဘီဘီစီ ကို ရှင်းပြရာမှာ လူထုတေးသံ သံချပ် ကို ပိတ်ပင်တဲ့ အတွက် အနုပညာ အရရော ယဉ်ကျေးမှု အရပါ နစ်နာ ဆုံးရှုံးမှု ရှိတာကို ထောက်ပြ ပြောဆိုပါတယ်။
ဉာဏ်ရွှင်တဲ့ လူထုဟာ စုပေါင်းပြီး အမြင်မတော်တဲ့ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး နဲ့ လူမှုရေး စတာတွေကို ပြုပြင်စေလိုတဲ့ ရည်ရွယ်ချက် နဲ့ ဟာသ မြောက်အောင် ရေးဖွဲ့မှု ဟာ ကမ္ဘာမှာ ဗမာပဲ ရှိမယ်လို့ ထင်မြင်ကြောင်းလဲ ဆရာမောင်စွမ်းရည် က ရှင်းပြပါတယ်။
ရှေးက ဘုရင်များ ပင် လူထုအသံ ကို စနည်းနာ လေ့ ရှိကြပေမဲ့ လက်ရှိ မြန်မာအစိုးရသစ် က ပြည်သူ့အသံ မနာကြားလိုတဲ့ အစိုးရ ဖြစ်နေလို့ ဘယ်လို ဒီမိုကရေစီ လဲ လို့ မေးရမလို ဖြစ်နေကြောင်း၊ ဆရာမောင်စွမ်းရည် က ဘီဘီစီ ကို ပြောပြပါတယ်။




