မတ် ၂၈ ရက် နိုင်ငံတဝန်းသတင်းများအနှစ်ချုပ် - ကျားဖြန့်ကြောင့် ထိုင်းမှာ တိုးရစ်ဖုန်းဆင်းကတ်တချို့ ပိတ်သိမ်းခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းမှာ မြန်မာနိုင်ငံသားအပါအဝင် နိုင်ငံခြားသားတွေကိုင်ဆောင်တဲ့ ခရီးသွားဖုန်းဆင်းကတ်တချို့ ပိတ်သိမ်းခံရတာတွေ ကြုံတွေ့နေရတယ်လို့ ဆင်းကတ်ပိတ်ခံရတဲ့ ထိုင်းရောက်မြန်မာတချို့က ဘီဘီစီကိုပြောပါတယ်။
လက်ရှိမှာတော့ ထိုင်းဖုန်းအော်ပရေတာ တစ်ခုဖြစ်တဲ့ Dtac ရဲ့တိုးရစ်ဆင်းကတ်တွေ အများစုပိတ်ခံနေရတာဖြစ်တယ်လို့ သိရပါတယ်။
ကျားဖြန့်နဲ့ဆက်စပ်တဲ့ မူဝါဒအသစ်တစ်ခုကြောင့် ဆင်းကတ်တွေကို အခုလိုပိတ်သိမ်းရတာလို့ Dtac ရဲ့ ဝန်ဆောင်မှုဌာနဘက်က Dtac သုံးစွဲသူတွေကို တုံ့ပြန်ဖြေကြားတဲ့အကြောင်း Dtac ဆင်းကတ်သုံးစွဲသူတစ်ဦးက ပြောပါတယ်။
"ဆင်းကတ်အသစ်တွေ ထပ်ဝယ်နေရတယ်။ ဘဏ်တွေမှာလည်း ဆင်းကတ်အသစ် မှတ်ပုံလာတင်တဲ့ နိုင်ငံခြားသားတွေများနေတယ်" လို့ ဘန်ကောက်က မြန်မာတစ်ဦးက ဒီနေ့ကြုံရတဲ့အခြေအနေကိုပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကစပြီး ခုလို ပိတ်သိမ်းနေတာဖြစ်ပြီး ပိတ်ခံရတဲ့ ဆင်းကတ်တွေဟာ ဖုန်းခေါ်ဆိုမှုတွေဆက်လုပ်လို့မရဘဲ အင်တာနက်တစ်မျိုးတည်းပဲ သုံးလို့ရတော့တယ်လို့ သူက ဆက်ရှင်းပြပါတယ်။
ငလျင်တစ်နှစ်ပြည့် စစ်ခေါင်းဆောင် ဘာပြောလဲ

အင်အားပြင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ကဏ္ဍအသီးသီးရဲ့ ၈၁ ရာခိုင်နှုန်း ပြင်ဆင်ဆောင်ရွက်ပြီးပြီလို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်နေတဲ့ မတ် ၂၈ ရက် ငလျင်ကြီးလှုပ်ခတ်မှုတစ်နှစ်ပြည့် အခမ်းအနားမှာ ပြောလိုက်တာပါ။
နောက်တက်လာမယ့် အစိုးရအဖွဲ့အသစ်ကလည်း နိုင်ငံတော် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆက်လုပ်နိုင်မယ်လို့ ယုံကြည်တယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် မြန်မာဟာ နိုင်ငံပေါင်း ၁၉၃ နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်ဖြစ်နိုင်ခြေနဲ့ထိခိုက်လွယ်မှုတွေကို တိုင်းတာတဲ့ အစီရင်ခံစာ (World Risk Index) မှာ နံပါတ် ၆ နေရာမှာ ရောက်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းတွေကို သေချာဆောင်ရွက်ဖို့ အရေးတကြီးလိုအပ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
နေပြည်တော်မှာလုပ်တဲ့ ငလျင်တစ်နှစ်ပြည့်အခမ်းအနားကို မြန်မာဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားအပါအဝင် နိုင်ငံတကာက သံရုံးအကြီးအကဲတွေလည်း တက်ရောက်နေကြပါတယ်။
ပခုက္ကူမြို့က စက်သုံးဆီဆိုင် ဓားပြတိုက်ခံရပြီး ဆိုင်ရှင်တစ်ဦးဓားထိုးခံရ

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မကွေးတိုင်း၊ ပခုက္ကူမြို့ က တောင်ဇလပ်စက်သုံးဆီအရောင်းဆိုင် ဓားပြတိုက်ခံရပြီး ဆိုင်ရှင်လူငယ် အမျိုးသားတစ်ဦး ဓားနဲ့အထိုးခံလိုက်ရတယ်လို့ မြို့ခံတချို့က အတည်ပြုပါတယ်။
မတ် ၂၆ ရက်ပိုင်းမှာ လူ ၄ ယောက်ပါတဲ့အဖွဲ့က ဆိုင်ထဲထိဝင်ဓားပြတိုက်ခဲ့တာဖြစ်ပြီး ဆိုင်ပိုင်ရှင်မိသားစုထဲက အသက် ၃၀ ဝန်းကျင်ရှိတဲ့ သားဖြစ်သူကိုလည်း ဓားနဲ့ထိုးသွားတယ်လို့ ဆိုင်ရှင်မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
"သေဆုံးတယ်ဆိုတာ မဟုတ်ပါဘူး။ ဓားနဲ့ထိုးခံလိုက်ရတာ သားအငယ်ဖြစ်သူပါ" လို့ သူကဆိုပါတယ်။
ဓားပြလာတိုက်တဲ့ လူ ၄ ယောက်မှာလည်း ပစ္စတိုသေနတ်တချို့ ပါလာတယ်လို့ သူကဆိုပြီး ဖုန်းနဲ့ ပစ္စည်းတချို့ ပါသွားတယ်လို့သိရပါတယ်။
တောင်ဇလပ်ဆီဆိုင်ဟာ တခြားစက်သုံးဆီအရောင်းဆိုင်တွေလို ပန့် နဲ့ ဖြည့်သွင်းဝယ်ရတဲ့ ဆီဆိုင်မဟုတ်ဘဲ လက်လီ၊ လက်ကား ပုံးတွေနဲ့ ရောင်းချတဲ့ ဆီဆိုင်လို့ မြို့ခံ တစ်ဦးက ပြောပါတယ်။
စစ်တပ်ကိုထောက်ခံတဲ့ တယ်လီဂရမ်သတင်းချန်နယ်တွေမှာတော့ ဒီဓားပြတိုက်တဲ့ လူ ၄ ဦးဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်(PDF) တွေဖြစ်တယ်လို့ စွပ်စွဲရေးသားဖော်ပြနေကြပါတယ်။
မြို့ခံတချို့ကတော့ ပခုက္ကူမြို့ပေါ်မှာ စစ်တပ်စခန်းချထားတဲ့ဂိတ်တွေ အများအပြားရှိတယ်လို့ ပြောပြီး စစ်တပ်ထိန်းချုပ်မှုအောက်က ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကလည်း အရပ်သားအင်္ကျီနဲ့ပဲ သေနတ်ကိုင်ဆောင်ပြီး မြို့ထဲသွားတာတာတွေရှိနေတယ်လို့ ထုတ်ပြောပါတယ်။
ပခုက္ကူမြို့နယ်ထဲမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးကတော့ ပခုက္ကူမြို့ထဲမှာဖြစ်ပျက်နေတဲ့ ရာဇဝတ်မှုတွေအတွက် ရက်ပိုင်းအတွင်း သတင်းထုတ်ပြန်နိုင်ဖို့ စီစဉ်နေဆဲဖြစ်တယ်လို့ ဘီဘီစီကို ဒီနေ့ မတ် ၂၈ ရက်နေ့လယ်ပိုင်းမှာ ဖြေဆိုပါတယ်။
"ဓားပြတိုက်ခံရတာက တကယ်ပါ။ အချက်အလက်အတိအကျနဲ့ ပြောပြနိုင်အောင် စနစ်တကျစီစဉ်နေပါတယ်" လို့ သူက ဖြည့်ပြောပါတယ်။
ဒါပေမဲ့ ဆီဆိုင်ဓားပြတိုက်ခံရတာနဲ့ ဆိုင်ရှင်လူငယ်ဓားထိုးခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ PDF အဖွဲ့ဝင်တွေနဲ့ သက်ဆိုင်မှုရှိ၊ မရှိ မေးမြန်းရာမှာတော့ ဖြေဆိုဖို့ ငြင်းဆန်ထားပါတယ်။
အမေရိကန်လေယာဉ်တင်သင်္ဘောကြီး အရှေ့အလယ်ပိုင်းကို ထွက်ခွာဖို့ပြင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
နေတိုးကို ထရမ့်စိတ်ပျက်
ရေပေါ်လေတပ်စခန်းလို့ တင်စားခံရတဲ့ လေယာဉ် ၈၀ ကျော်တင်နိုင်တဲ့ အမေရိကန်လေယာဉ်တင်သင်္ဘော USS George HW Bush ကို အရှေ့အလယ်ပိုင်းဒေသက အမေရိကန်ဗဟိုကွပ်ကဲရေးဌာနရဲ့ စီမံမှုအောက်ကို စေလွှတ်တော့မှာဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေက ဘီဘီစီရဲ့ မိတ်ဖက် အမေရိကန်သတင်းဌာနစီဘီအက်စ်သတင်းဌာနကို ပြောပါတယ်။
လေယာဉ်တင်သင်္ဘောကြီးနဲ့ သူ့ရဲ့ တိုက်ခိုက်ရေးရေယာဉ်အုပ်စုဟာ ကြိုတင်လေ့ကျင့်မှုကို ပြီးဆုံးခဲ့ပြီးဖြစ်ပါတယ်။
ဒါကြောင့် အီရန်ကိုတိုက်ခိုက်နေတဲ့ တပ်တွေကို မကြာခင်သွားရောက်အားဖြည့်တော့မယ်လို့ အမေရိကန်အစိုးရအရာရှိတွေက ပြောပါတယ်။
အီရန်ကိုတိုက်နေတဲ့ အမေရိကန်တပ်တွေဆီကို ပဲ့ထိန်းဒုံးကျည်တွေ တင်ဆောင်ထားတဲ့ အမေရိကန်ဖျက်သင်္ဘောနှစ်စီးဖြစ်တဲ့ USS Donald Cook နဲ့ USS Mason တို့လည်း အခုအပတ်မှာပဲ အမေရိကန်က ထွက်ခွာသွားပြီဖြစ်ပါတယ်။
နောက်ထပ်စစ်သင်္ဘောတစ်စင်းဖြစ်တဲ့ USS Ross ဟာလည်း အမေရိကန်ပြည်ထောင်စုကနေ အခုအပတ်အတွင်းထွက်ခွာသွားပြီဖြစ်ပေမဲ့ သူ့ရဲ့ ဦးတည်ရာကိုတော့ အများပြည်သူ သိရှိခွင့်မရှိသေးပါဘူး။
သမ္မတထရမ့်က အရှေ့အလယ်ပိုင်းဒေသကို မြေပြင်တပ်သား ၁၀,၀၀၀ ထပ်ပို့ဖို့ စဉ်းစားနေတယ်လို့ သတင်းတွေထွက်ပေါ်အပြီး အခုလိုစစ်ရေးသတင်းတွေ ဆက်တိုက်ဖြစ်ပေါ်နေတာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထရမ့်က အမေရိကန်ဟာ အီရန်ကို အမှုန့်ကြိတ်နေပြီလို့ မိုင်ယာမီမှာပြုလုပ်တဲ့ အနာဂတ်ရင်းနှီးမြှုပ်နှံမှုရှေ့ဆောင်ဖိုရမ်မှာ ပြောပါတယ်။
ပြီးတော့ အီရန်ဟာ သဘောတူညီမှုတစ်ခုရယူဖို့ အသနားခံတောင်းဆိုနေလို့ ထရမ့်က ဆက်လက်ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ နှစ်နိုင်ငံကြား သဘောတူညီမှုရယူဖို့ လုပ်ဆောင်နေပြီလို့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ အမေရိကန်နဲ့ အီရန်တို့ကြား ပြောဆိုမှုတွေက အတော်ကို ဆန့်ကျင်နေပါတယ်။
အမေရိကန်နဲ့သဘောတူညီမှုယူနေတာမရှိဘူးလို့ အီရန်က ပြောဆိုထားပြီးဖြစ်ပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့ပူးပေါင်းပြီး အီရန်ကိုတိုက်ခိုက်ခဲ့ပြီးနောက် အီရန်က ဆော်ဒီအာရေဗျအပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံတွေကို တိုက်ခိုက်မှုတွေ လုပ်ဆောင်နေချိန်မှာ ဆော်ဒီအာရေဗျအစိုးရ စီမံတဲ့ ဖိုရမ်ကို ပြုလုပ်နေတာဖြစ်ပါတယ်။ ထရမ့်က ဆော်ဒီအာရေဗျရဲ့ အကူအညီတွေနဲ့ပတ်သက်လို့ ချီးကျူးစကားပြောဆိုခဲ့ပေမဲ့ အီရန်ကို အမေရိကန်တိုက်ခိုက်မှုမှာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ အကူအညီတွေကတော့ မလုံလောက်ဘူးလို့ ပြောပါတယ်။
"နေတိုးနဲ့ပတ်သက်လို့ ကျွန်တော် အတော်ကိုစိတ်ပျက်ပေမဲ့ အရှေ့အလယ်ပိုင်းက မဟာမိတ်တွေနဲ့တော့ စိတ်ပျက်တာမရှိပါဘူး" လို့ ထရမ့်က ပြောပါတယ်။
သံတောင်ကြီးက စစ်တပ်လေ့ကျင့်ရေးသင်တန်းကျောင်း ပစ်ခတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, T5 Wings
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့မှာရှိတဲ့ ဘုရင့်နောင် တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်း မနေ့ ညပိုင်းက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ပြန်ပါတယ်။
သင်တန်းကျောင်းထဲ တပ်မတော်နေ့ အခမ်းအနားကျင်းပနေချိန် ည ၇ နာရီဝန်းကျင်လောက်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၄ လုံးကတော့ ကျောင်းဝင်းထဲရောက်အောင် ပစ်ခတ်နိုင်ခဲ့တယ်လို့ BWM က ပြောပါတယ်။
တစ်ဖက်မှာလည်း စစ်ကော်မရှင်တပ်နဲ့ နီးစပ်သူတစ်ဦးကတော့ ပစ်ခတ်မှုကြောင့် ထိခိုက်ခဲ့တာမရှိဘူးလို့ ဆိုပါတယ်။
မတ် ၂၇ ရက်ပစ်ခတ်မှုကို BWM နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)ရဲ့ တပ်မဟာ ၂၊ တပ်ရင်း ၅ က တပ်ဖွဲ့ဝင်တွေအပြင် တခြားပူးပေါင်းအဖွဲ့ ၂ ခုနဲ့ ပူးတွဲလုပ်ဆောင်ခဲ့တာလို့ BWM က ဆိုပါတယ်။
တပ်မတော်နေ့ မတိုင်ခင် မတ် ၂၅ ရက်တုန်းကလည်း စစ်ကော်မရှင်တပ်ရဲ့ မကွေးလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWM က ပြောထားပါတယ်။
အလားတူ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ထဲက စစ်တပ်ရဲ့ သရက်နှစ်ခွဂိတ်ကိုလည်း မတ်လ တတိယအပတ်ထဲမှာပဲ တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးအလုံး ၁၀၀ ကျော်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ T5 Wings ဒရုန်းအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်ကတော့ မကွေးလေတပ်စခန်းအပါအဝင် ဘုရင့်နောင်လေ့ကျင့်ရေးသင်တန်းကျောင်းနဲ့ ဂိတ်စခန်းတွေ ပစ်ခတ်ခံရတာနဲ့ပတ်သက်လို့ မတ် ၂၈ ရက်အထိ သတင်းမထုတ်ပြန်သေးပါဘူး။
မြန်မာပြည်သူ ၁၆ သန်းကျော် အကူအညီလိုအပ်နေဆဲလို့ ယူနီဆက်ဖ်ပြော

ဓာတ်ပုံ ရင်းမြစ်, Sai Aung MAIN/ Getty Images
မြန်မာမှာ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့တာ တစ်နှစ်ပြည့်သွားပေမယ့် နိုင်ငံထဲက လူပေါင်း ၁၆ ဒသမ ၂ သန်းခန့်ဟာ လူသားချင်းစာနာ အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ကလေးသူငယ်ဆိုင်ရာအကူအညီပေးရေး၊ ကုလသမဂ္ဂကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့ ( ယူနီဆက်ဖ်) က ထုတ်ပြန်လာပါတယ်။
ကုလသမဂ္ဂ(UN) ကလည်း ငလျင်ကြောင့် လူမှုဘဝပြောင်းလဲသွားတဲ့သူတွေအနေနဲ့ ကုစားတဲ့ ခရီးလမ်းဟာ လက်ရှိမှာ စတင်နေဆဲအခြေအနေပဲ ရှိသေးတယ်လို့ ငလျင်ကြီးလှုပ်ခတ်မှု ၁ နှစ်ပြည့်တဲ့ ဒီနေ့ မတ် ၂၈ ရက်မှာ ထုတ်ပြန်လာပါတယ်။
အကူအညီတွေ လူပေါင်းသန်းနဲ့ချီလိုအပ်နေပေမယ့် ကူညီဖို့ ရန်ပုံငွေတွေကတော့ အလွန်နည်းနေသေးတယ်လို့ ယူနီဆက်ဖ်က ပြောပါတယ်။
အလားတူ ငလျင်လှုပ်ခတ်တဲ့ကာလအတွင်း နိုင်ငံတဝန်းက မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ပေါင်းပြီး ငလျင်ဘေးသင့်ဒေသက ကလေးငယ် ၂ ဒသမ ၁ သန်းကျော်အပါအဝင် လူပေါင်း ၄ ဒသမ ၆ သန်းအတွက် အသက်ကယ်ဆယ်ရေးနဲ့ မရှိမဖြစ်လိုအပ်တဲ့ အကူအညီတွေ ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ကတော့ စစ်ကိုင်းနဲ့ မန္တလေးက အများနဲ့ဆိုင်တဲ့အဆောက်အဦတွေကို ဦးစားပေးပြင်ဆင်ဆောင်ရွက်ခဲ့ပြီး ကျပ် ၁ ဒသမ ၆ ထရီလီလျံအထိ ထောက်ပံ့ခဲ့တယ်လို့ ပြောထားပါတယ်။
ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက်ပိုင်းကစလို့ ၂၀၂၆ ခုနှစ် မတ်လအထိ ငလျင်ဒဏ် အဓိက ထိခိုက်ခံစားခဲ့ရတဲ့ မန္တလေးနဲ့ စစ်ကိုင်းတိုင်းထဲက နေရာအများစုမှာ စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲတွေဆက်ပြင်းထန်နေဆဲဖြစ်ပါတယ်။
မြန်မာစစ်တပ်ကို တရားဝင်မှုမပေးဖို့ သမ္မတထရမ့်ကို ကန်အောက်လွှတ်တော်အမတ်တချို့တိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာဆိုင်ရာ မူဝါဒတွေနဲ့ပတ်သက်လို့ ပြန်သုံးသပ်ဖို့ တိုက်တွန်းထားတဲ့ အိတ်ဖွင့်ပေးစာတစ်စောင်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုဆီ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီကပေးပို့လိုက်ပါတယ်။
ထရမ့်အစိုးရနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေကို ပြန်သုံးသပ်နေချိန်မှာပဲ အမေရိကန်လွှတ်တော်ရဲ့ နှစ်ပါတီသဘောတူညီတဲ့ ဦးစားပေးတိုက်တွန်းချက်တွေကို အခုလိုပေးပို့တာဖြစ်ပါတယ်။
မြန်မာစစ်တပ်ကဦးဆောင်ပြောင်းလဲနေတဲ့ အစိုးရသစ်တစ်ခုဖွဲ့ဖို့ပြင်ဆင်နေချိန်မှာပဲ ဒီတိုက်တွန်းချက်ထွက်လာတာဖြစ်ပါတယ်။
အဲဒီစာကို အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီရဲ့ အဆင့်မြင့်အဖွဲ့ဝင် ဂရက်ဂိုရီ ဒဗယ်လျူ မီခ်စ်၊ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ ဆပ်ကော်မတီရဲ့ ဥက္ကဋ္ဌနဲ့ အဆင့်မြင့်အဖွဲ့ဝင်ဖြစ်တဲ့ ယန်းကင်မ် နဲ့ အေမီ ဘာရာတို့အပြင် တောင်အာရှနဲ့ အလယ်အာရှ ဆပ်ကော်မတီရဲ့ အဆင့်မြင့်အဖွဲ့ဝင် ဆစ်ဒနီ ကမ်လက်ဂါ ဒပ်ဖ်တို့က သဘောတူညီလက်မှတ်ရေးထိုးတာကြတာဖြစ်ပါတယ်။
အာဏာသိမ်း ၅ နှစ်ကျော်အထိ မြန်မာဟာ အကြမ်းဖက်မှုတွေထဲမှာ နစ်မွန်းနေဆဲဖြစ်တာကြောင့် အမေရိကန်အနေနဲ့ မြန်မာလူထုဘက်ကနေ ရပ်တည်ပေးဖို့ အရေးကြီးတဲ့အကြောင်း စာထဲမှာ ထောက်ပြထားပါတယ်။
မြန်မာစစ်တပ်အနေနဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တိုးပြီးလုပ်ဆောင်နေတယ်လို့လည်း အိတ်ဖွင့်ပေးစာထဲမှာ ရေးသားထားပါတယ်။ စစ်တပ်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာလည်း နိုင်ငံရေးပါတီ ၄၀ ကျော်ကို ဖျက်သိမ်းပြီးမှ ကျင်းပခဲ့တာဖြစ်ပြီး အဲဒီရွေးကောက်ပွဲဟာ မြန်မာစစ်တပ်ကို တရားဝင်မှုပေးဖို့ ကြိုးပမ်းမှုတစ်ခုသာဖြစ်ပြီး လူထုဆန္ဒကို ကိုယ်စားမပြုတဲ့အကြောင်း အမေရိကန်အမတ်တွေက ပြောထားပါတယ်။
မြန်မာစစ်တပ်ကို တရုတ်နဲ့ ရုရှားက စောင့်ကြည့်ရေးနည်းပညာအပါအဝင် လက်နက်တွေထောက်ပံ့နေပြီး စစ်ရေးအရ ကူညီမှုတွေရှိနေတယ်လို့ အမတ်တွေကပြောပါတယ်။
အီရန်ကနေ လေယာဉ်လောင်စာဆီ ဝယ်ယူလို့ရနေတဲ့အခြေအနေကလည်း ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ စာထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။
ဒါကြောင့် အမေရိကန်အနေနဲ့ မြန်မာစစ်တပ်နဲ့ ထိတွေ့ဆက်ဆံမှုတွေလုပ်တာဟာ အမေရိကန်ရဲ့ ဩဇာကိုလျော့ကျစေတာကြောင့် နိုင်ငံရေးအရ တရားဝင်မှုမပေးဖို့ အမေရိကန် လွှတ်တော်အမတ်တွေက တိုက်တွန်းထားပါတယ်။
အလားတူ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပြင် မြန်မာမှာဆက်ရှိနေတဲ့ အွန်လိုင်းငွေလိမ်စင်တာတွေအပေါ် ပိတ်ဆို့အရေးယူတာတွေလုပ်ဖို့ကိုလည်း ပြောထားပါတယ်။
ဒါ့အပြင် အမေရိကန်အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ညှိနှိုင်းဆောင်ရွက်ဖို့ အဆင့်မြင့်တာဝန်ရှိသူတစ်ဦး ခန့်အပ်ပေးဖို့၊ ဒီမိုကရေစီနည်းကျ ပါဝင်သူတွေနဲ့ ထိတွေ့ဆက်ဆံတာအပြင် ရိုဟင်ဂျာနဲ့ အခြား ဒုက္ခသည်တွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့ သမ္မတ ထရမ့်ကို စာထဲမှာ တိုက်တွန်းထားပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေးမှာ လောင်စာဆီကိစ္စဆွေးနွေးမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
လာမယ့်မေလမှာလုပ်မယ့် အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးပွဲမှာ လောင်စာဆီပြဿနာတွေကို ဆွေးနွေးသွားမယ်လို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတ ဖာဒီနန်မားကို့စ်က ကြေညာလိုက်ပါတယ်။
ရေနံအကျပ်အတည်းအပြင် အရှေ့အလယ်ပိုင်းနဲ့ အနောက်ဘက်က ပဋိပက္ခတွေဆက်ရှိနေပေမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက မေလမှာ အစည်းအဝေးကျင်းပဖို့ကို သဘောတူညီခဲ့ကြတယ်လို့ ဖိလစ်ပိုင်ဘက်က ထုတ်ပြန်ပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်ထိပ်သီးအစည်းအဝေးတွေကို မေ ၈ ရက်နဲ့ ၉ ရက်မှာ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တော်မှာ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။
အရှေ့အလယ်ပိုင်းက ပဋိပက္ခတွေကြောင့် ဖြစ်လာတဲ့ ရေနံအကျပ်အတည်းတွေနဲ့ပတ်သက်ပြီး ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေ ထောက်ပံ့မှုကို အဲဒီအစည်းအဝေးပွဲမှာ ဆွေးနွေးမယ်လို့ သမ္မတ ဖာဒီနန် မားကို့စ်က ပြောပါတယ်။
ဒါ့အပြင် ရွှေ့ပြောင်းအလုပ်သမားအရေးနဲ့ အစားအစာထောက်ပံ့မှုဆိုင်ရာ အခြေအနေတွေကိုလည်း ဆွေးနွေးသွားဖို့ရှိတယ်လို့ သိရပါတယ်။












