ငလျင်ကြီးတစ်နှစ်ပြည့် - ဘန်ကောက်ပြိုကျအဆောက်အဦကမြန်မာလုပ်သားတွေ

၂၀၂၆ ခုနှစ်၊ မတ်လဆန်းမှာမြင်ရတဲ့ ချက်တူချက်ပြိုကျအဆောက်အဦနေရာ မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, May Thazin Lei/ BBC Burmese

ဓာတ်ပုံ ပုံစာ, ၂၀၂၆ ခုနှစ်၊ မတ်လဆန်းမှာမြင်ရတဲ့ ချက်တူချက်ပြိုကျအဆောက်အဦနေရာ မြင်ကွင်း
    • ရေးသားသူ, နှင်းမို
    • ရာထူးတာဝန်, သတင်းထောက်/ ဘီဘီစီမြန်မာပိုင်း
  • ဖတ်ရန်အချိန်: မိနစ် ၁၅

မြန်မာနိုင်ငံသားတွေအတွက် ၂၀၂၅ မတ် ၂၈ ရက်ဟာ မမေ့နိုင်စရာရက်စွဲဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ငြိမ်သက်နေတဲ့ စစ်ကိုင်းပြတ်ရွေ့လှုပ်ခတ်ခဲ့တာကြောင့် လူဦးရေ ၄,၀၀၀ နီးပါးသေဆုံးခဲ့ရပါတယ်။ လူဦးရေသိန်းချီ အိုးမဲ့အိမ်မဲ့ဘဝရောက်ခဲ့ကြပြီး အိပ်မက်ဆိုးသဖွယ်ဖြစ်ခဲ့ကြတဲ့နေ့က ၂၀၂၆ မတ် ၂၈ ရက်မှာ တစ်နှစ်ပြည့်ပါပြီ။

မြန်မာမှာငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့ဒဏ်ကို အိမ်နီးချင်းနိုင်ငံတချို့လည်း သက်ရောက်ခံစားခဲ့ရပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာတော့ ၃၄ ထပ်ရှိတဲ့ ဆောက်လက်စ အဆောက်အဦတစ်ခု အလုံးလိုက် ပြိုကျခဲ့ပါတယ်။ အဲဒီလုပ်ငန်းခွင်မှာ မြန်မာရွှေ့ပြောင်းဆောက်လုပ်ရေးအလုပ်သမားတွေ အလုပ်လုပ်နေခဲ့ကြပြီး နေရာမှာတင် အသက်ပေးခဲ့ရသူတွေရော အသက်ဘေးကလွတ်လာသူတွေရော ဆယ်နဲ့ချီ ရှိပါတယ်။

ဘန်ကောက်၊ ချက်တူချက်အရပ်က ၃၄ ထပ်ရှိတဲ့ ဆောက်လုပ်လက်စစာရင်းစစ်ချုပ်ရုံးအဆောက်အဦ ပြိုကျမှုကနေ လွတ်ခဲ့တဲ့ မြန်မာအလုပ်သမားတချို့ဟာ လက်ရှိအချိန်အထိ ထိုင်းနိုင်ငံရဲ့ တခြားဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေကြဆဲပါ။

အရင်နဲ့မတူတော့တာက ကျယ်လောင်တုန်ဟီးတဲ့အသံကြားရင် ထိတ်လန့်စိတ်ဖြစ်နေကြသလို အမြင့်တက်ဖို့ စိုးရိမ်စိတ်တွေလည်း ပိုကဲလာပါတယ်။

"အသက်ဘေးကနေ လွတ်အောင်ပြေးခဲ့ရတော့ အခုလောက်ဆို နည်းနည်း အသံကြားတာနဲ့ ပြေးဖို့ လွှားဖို့ကိုပဲ သတိရတာပေါ့။ အထပ်မြင့်ကြီးတွေကို အခုချိန်ထိ မတက်ရဲသေးဘူး၊ ဒါအမှန်အတိုင်းပဲ" လို့ ငလျင်‌ဘေးက လွတ်လာသူ ကိုလှဝင်းနိုင်က ပြောပါတယ်။

ချက်တူချက်မှာ ဆုံးရှုံးလိုက်ရတဲ့ ဇနီးသည်

ဇနီးဖြစ်သူ မနန်းမွန်နဲ့အတူတူ ရိုက်ကူးထားတဲ့ တစ်တော့ဗီဒီယိုကို ပြန်ကြည့်ရှုနေတဲ့ ကိုလှဝင်းနိုင်

ဓာတ်ပုံ ရင်းမြစ်, May Thazin Lei/ BBC Burmese

ဓာတ်ပုံ ပုံစာ, မတ် ၂၈ ရက်မှာ ကွယ်လွန်ခဲ့တဲ့ မနန်းမွန်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ကပီအရပ်မှာရှိတဲ့ အလုပ်သမားတန်းလျားမှာ နေထိုင်နေဆဲ ကိုလှဝင်းနိုင်က ဇနီးဖြစ်သူကို လွမ်းမိတိုင်း နှစ်ယောက်အတူရိုက်ထားတဲ့ TikTok- တစ်ခ်တော့ဗီဒီယိုတွေကို ထုတ်ကြည့်မိတယ်လို့ ဘီဘီစီကို ရင်ဖွင့်ပါတယ်။

အိမ်ထောင်သက် ၁၅ နှစ်တာ ပေါင်းသင်းနေထိုင်ခဲ့တဲ့ ဇနီးဖြစ်သူ မနန်းမွန်ကို ငလျင်ဒဏ်ကြောင့် ချက်တူချက် အဆောက်အဦ ပြိုကျချိန်မှာ ဆုံးရှုံးလိုက်ရသူဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဇာတိဖြစ်တဲ့ ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဇလုံရွာမှာ အလုပ်အကိုင်ရှားပါးတာကြောင့် ဝင်ငွေပိုတိုးအောင် နှစ်ယောက်အတူ ပြည်ပထွက် အလုပ်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထိုင်းနိုင်ငံကိုလာခဲ့ကြသူတွေဖြစ်ပါတယ်။

နိုင်ငံကူးလက်မှတ်လုပ်ဖို့၊ နှစ်နိုင်ငံသဘောတူညီချက် (MOU) နဲ့ အလုပ်လုပ်ခွင့်ရဖို့ ဒိုးတူဘောင်ဖက် ရုန်းကန်ခဲ့ကြပြီး ဘန်ကောက်ကနာမည်ကျော် ချက်တူချက်ဈေးအနီးက ထိုင်းအစိုးရရဲ့ စာရင်းစစ်ချုပ်ရုံး ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ပထမဆုံးအလုပ်ဝင်ခဲ့ကြပါတယ်။

"အဲဒီနေ့ကထမင်းစား ခဏအိပ်ပြီးတော့ အလုပ်ပြန်ဝင်စအချိန်ပေါ့။ မိန်းကလေးတွေက နေရာခွဲလုပ်ရမယ် ဆိုပြီး အပေါ်တက်သွားတယ်။ ကျွန်တော်ကတော့ အထပ်နိမ့်မှာပဲ ဆက်လုပ်နေရတယ်

"ငလျင်လှုပ်ချိန် အကုန်ဆင်းပြေးကြတော့ ကျွန်တော်လည်း လှေကားအတိုင်းပြေးတာပဲ၊ ခေါင်းပေါ်က ဦးထုပ်တောင် ဘယ်နားကျွတ်မှန်းမသိဘူး။ အောက်ရောက်တော့လည်း ဖုန်မှုန့်တွေကြားပြေးရင်း ရပ်ထားတဲ့ ဘူဒိုဇာကြီးကို ခေါင်းနဲ့ဝင်တိုက်မိတာ သေပြီတောင်ထင်တာပါ။ ပြီးတော့ ဝုန်းဆိုပြီး အဆောက်အဦပြိုကျ သွားတာပဲ" လို့ အသက် ၃၈ နှစ်အရွယ် ကိုလှဝင်းနိုင်က သူ့အတွေ့အကြုံကို ပြန်ပြောပြပါတယ်။

ငလျင်လှုပ်ပြီးနောက် ဇနီးဖြစ်သူကိုရှာဖွေနေတဲ့ ကိုလှဝင်းနိုင် (ဘယ်)

ဓာတ်ပုံ ရင်းမြစ်, Social Media

ဓာတ်ပုံ ပုံစာ, ငလျင်လှုပ်ပြီးနောက် ဇနီးဖြစ်သူကိုရှာဖွေနေတဲ့ ကိုလှဝင်းနိုင် (ဘယ်)

၃၄ ထပ်အဆောက်အဦကြီး စက္ကန့်ပိုင်းအတွင်း ပြိုကျသွားတဲ့ ဗီဒီယိုက ကမ္ဘာတဝန်းပျံ့နှံ့ခဲ့ပါတယ်။

ဆောက်လုပ်ရေးကုမ္ပဏီရဲ့ လုပ်သားယူနီဖောင်းဝတ်ထားတဲ့ အလုပ်သမားတချို့ ရုန်းရင်းဆန်ခတ် ပြေးလွှား ငိုနေခဲ့ကြတဲ့ မြင်ကွင်းတွေက တစ်နှစ်ပြည့်ပြီဖြစ်ပေမဲ့ သူတို့အတွက် မနေ့တနေ့ကလို ကြေကွဲစရာဖြစ်ရပ်လို့ ပြောပါတယ်။

ကမ္ဘာတဝန်းက သတင်းမီဒီယာတွေကြားဖော်ပြခံရတဲ့ မြန်မာအလုပ်သမားတွေရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပြန်လည်ရှာဖွေနေတဲ့ ဓာတ်ပုံတွေထဲမှာ ကိုလှဝင်းနိုင်လည်း အပါအဝင်ပါ။

"ဟုတ်တယ် ကျွန်တော့်ပုံပါ။ ပြိုပြီးတော့ပြေးတာ လမ်းလယ်မှာရှိတဲ့ ပန်းပင်တွေနားရောက်တယ်။ ပြီးမှ ကျွန်တော့်မိန်းမကို သတိရပြီး ပြန်ရှာတာ၊ ဖုန်းကလည်း အဲဒီကတည်းက စက်ပိတ်သွားပြီ။ သူလည်း ကျွန်တော့်လို ပြေးလွှားနေမလားဆိုပြီး အဆောက်အဦနား ပြန်လာကြည့်လိုက်၊ ပတ်ဝန်းကျင်ကို ပတ်ရှာလိုက် ဖြစ်နေတာပါ" လို့ ကိုလှဝင်းနိုင်က ဆက်ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ အလုံးလိုက်ပုံကျနေတဲ့ အဆောက်အဦအပျက်အစီးတွေကြားမှာ လူရှာဖွေရေးတွေလုပ်ခဲ့ပါတယ်။ နည်းပညာမြှင့် စက်ရုပ်ခွေးတွေကစလို့ မြေအောက်ကြည့်ကင်မရာတွေပါ သုံးပြီး ရှာဖွေခဲ့တာပါ။ အဲဒီရှာဖွေမှုတွေကို လှမ်းမြင်ရတဲ့နေရာတိုင်းကနေ လိုက်ကြည့်ရင်း ဇနီးဖြစ်သူရဲ့ သတင်းကြားရဖို့အတွက် တစ်လကျော် သူစောင့်ဆိုင်းခဲ့ရပါတယ်။

"သူ့အလောင်းကိုပြန်တွေ့တော့ စိတ်ချလက်ချသာ ကောင်းရာမွန်ရာသွားဖို့ပဲ ပြောမိတယ်။ ရွာမှာကျန်တဲ့ သားလေးကို ကျွန်တော်စောင့်ရှောက်သွားမှာပါ" လို့ မျက်ရည်တွေ ဝိုင်းလာရင်း အသံခပ်လေးလေးနဲ့ ဘီဘီစီကိုပြောပါတယ်။

သွပ်ပြားတွေအမိုးအကာလုပ်ကာ တည်ဆောက်ထားတဲ့ နှစ်ထပ်တိုက် အလုပ်သမားတန်းလျားကအခန်းမှာ ထိုင်ကာ လက်နှစ်ဖက်ကို ခပ်တင်းတင်းယှက်ထားရင်း တစ်နှစ်တာကြုံတွေ့ခံစားရတာတွေကို ဖြည်းဖြည်းချင်း သူပြန်ပြောင်းပြောပြခဲ့ပါတယ်။

မြန်မာ့ငလျင်ကြီးအဖျားခတ်လို့ ချက်တူချက် အဆောက်အဦ ပြိုကျရာမှာ ၉၆ ဦးသေဆုံးခဲ့ပြီး မြန်မာအလုပ်သမား ၂၅ ဦး ပါဝင်ပါတယ်။ အမျိုးသား ၁၈ ဦးနဲ့ အမျိုးသမီး ၇ ဦးပါ။

အဲဒီထဲမှာ ကိုလှဝင်းနိုင်တို့လုပ်ကိုင်တဲ့ SA ထိုင်းဆောက်လုပ်ရေးကုမ္ပဏီက အလုပ်သမား ၁၁ ဦး သေဆုံးခဲ့ပါတယ်။ လူအများဆုံးသေဆုံးခဲ့တာကတော့ နာမည်ကျော်ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ အီတာလျံထိုင်းကဖြစ်ပြီး ၁၃ ဦးအထိရှိတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။

ညီဖြစ်သူမပါတော့တဲ့ အိမ်ပြန်ခရီး

ငလျင်တစ်လပြည့် သက်ပျောက်ဆွမ်းအလှူမှာတွေ့ရတဲ့ ကိုခင်အောင်ထွန်း

ဓာတ်ပုံ ရင်းမြစ်, May Thazin Lei/ BBC Burmese

ဓာတ်ပုံ ပုံစာ, ငလျင်တစ်လပြည့် သက်ပျောက်ဆွမ်းအလှူမှာတွေ့ရတဲ့ ကိုခင်အောင်ထွန်း

လွန်ခဲ့တဲ့တစ်နှစ် ငလျင်ဖြစ်ပြီးစ ရက်စွဲတွေကို ပြန်ကြည့်မယ်ဆိုရင် ပြိုကျအဆောက်အဦတဝိုက်ဟာ ပူဆွေး ငိုကြွေးသံတွေနဲ့ ပြည့်နေခဲ့ပါတယ်။

ချက်တူချက် ပြိုကျအဆောက်အဦရှာဖွေရေးတွေလုပ်နေတုန်းမှာ လမ်းမတစ်ဖက်ကမ်းမှာရှိတဲ့ JJ Mall ဆိုတဲ့ ဈေးဝယ်စင်တာဘေး အပင်ရိပ်အောက်မှာထိုင်ရင်း ဆွေမျိုးသားချင်းတွေပြန်တွေ့ဖို့ မျှော်နေကြတဲ့ မြန်မာအလုပ်သမားတချို့ကို အဲဒီအချိန်က ဘီဘီစီသတင်းထောက်က စကားပြောခွင့်ရခဲ့ပါတယ်။

အပင်ခြေရင်းအုတ်ခုံမှာထိုင်ကာ ပြိုကျအဆောက်အဦကို အဆက်မပြတ်ငေးကြည့်ရင်း ညီဖြစ်သူကို မျှော်နေတဲ့ ကိုခင်အောင်ထွန်းနဲ့ တွေ့ခဲ့ရပါတယ်။ အီတာလျံထိုင်းကုမ္ပဏီအဝတ်အစားဖြစ်တဲ့ လိမ္မော်‌ရောင် အင်္ကျီကို ဝတ်ထားတဲ့ သူ့ဟန်ပန်မှာ ဝမ်းနည်းမှုတွေကို အတိုင်းသားမြင်တွေ့ခဲ့ရပါတယ်။

ကိုခင်အောင်ထွန်းနဲ့ ကိုကျော်သူဝင်း ဆိုတဲ့ သူတို့ညီအစ်ကိုနှစ်ယောက်ဟာ ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ နန်းတော်ကျွန်းရွာကနေ ထိုင်းကိုအတူလာပြီး ဒီအဆောက်အဦဆောက်လုပ်ရေးမှာ တစ်ဖွဲ့ထဲ အလုပ်လုပ် ခဲ့ကြပါတယ်။

တိုင်းတပါးကိုအလုပ်လုပ်ဖို့ အတူလာခဲ့ပေမဲ့ ညီဖြစ်သူကိုတော့ ထိုင်းမှာပဲ လက်လွှတ်ဆုံးရှုံးလိုက်ရပါတယ်။

ငလျင်လှုပ်ခတ်တာတစ်လပြည့်တဲ့နေ့တုန်းက အီတာလျံထိုင်းကုမ္ပဏီက အလုပ်သမားတန်းလျားမှာလုပ်တဲ့ သက်ပျောက်ဆွမ်းအလှူကို ဘီဘီစီသတင်းထောက် ရောက်သွားခဲ့ပါတယ်။

ညီအစ်ကိုနှစ်ယောက် အတူနေထိုင်ခဲ့တဲ့အခန်းထဲမှာ နာရေးအဖြစ် ညီဖြစ်သူရဲ့ ဓာတ်ပုံကို ချိတ်ဆွဲထားခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက ညီဖြစ်သူကို ဆုံးရှုံးလိုက်ရပြီဖြစ်တာကြောင့် ဆောက်လုပ်ရေးအလုပ် ဆက်မလုပ်တော့ဘဲ မိသားစုရှိရာ မြန်မာနိုင်ငံကိုပဲ ပြန်တော့မယ်လို့ ကိုခင်အောင်ထွန်းက ဘီဘီစီကို ပြောခဲ့ပါတယ်။

ဇာတိဖြစ်တဲ့ နန်းတော်ကျွန်းရွာမှာ ညီဖြစ်သူအတွက် အလှူအတန်းလုပ်ပေးနေတဲ့ ကိုခင်အောင်ထွန်း

ဓာတ်ပုံ ရင်းမြစ်, Khin Aung

ဓာတ်ပုံ ပုံစာ, ဇာတိဖြစ်တဲ့ နန်းတော်ကျွန်းရွာမှာ ညီဖြစ်သူအတွက် အလှူအတန်းလုပ်ပေးနေတဲ့ ကိုခင်အောင်ထွန်း

တစ်နှစ်ပြည့်ကာလ သူ့ကိုပြန်ဆက်သွယ်ချိန်မှာတော့ ဇာတိဖြစ်တဲ့ နန်းတော်ကျွန်းရွာကို ပြန်ရောက်နေပါပြီ။

"ကျွန်တော်ပြောခဲ့သလိုပါပဲ၊ ကျွန်တော့်ညီလည်းမရှိတော့ အဲဒီမှာ အမြင့်တွေမတက်ရဲတော့ မလုပ်ချင်တော့ဘူး။ အဲဒါကြောင့် ကျွန်တော်ပြန်လာတာ" လို့ ကိုခင်အောင်ထွန်းက ဖုန်းကတဆင့် ဖြေပါတယ်။

သူ့နေရာက အင်တာနက်အခက်အခဲရှိတာကြောင့် တယ်လီဖုန်းနဲ့ ဆက်သွယ်လို့ ရခဲ့ပါတယ်။ ဒီတစ်နှစ်တာအတွင်း မြန်မာနဲ့ထိုင်းကို အသွားအပြန်တစ်ကြိမ်လုပ်ခဲ့ပြီးနောက် ဇန်နဝါရီကစလို့ မြန်မာကို အပြီးပြန်လာခဲ့ပြီ ဖြစ်ပါတယ်။

"ကျွန်တော် ၂၀၂၅၊ ၉ လပိုင်း ၁၀ ရက်မှာ မြန်မာပြည်ပြန်လာတာ။ ကြားထဲမှာ တစ်လခွဲနားတယ်။ ထိုင်းကိုပြန်လာပြီး အလုပ်လုပ်ဖို့တော့ မဟုတ်ဘူး။ ပကန် (လူမှုဖူလုံရေးကြေး) အတွက် လိုက်လုပ်ရင်းနဲ့မှ အလုပ်ဝင်လုပ်ခဲ့တာ" လို့ ကိုခင်အောင်ထွန်းက ပြောပါတယ်။

ချက်တူချက်အဆောက်အဦပြိုကျတာကနေ အသက်ဘေးလွတ်မြောက်ခဲ့တဲ့ ကိုခင်အောင်ထွန်းရော ကိုလှဝင်းနိုင်ပါ ပကန်စခွန် (လူမှုဖူလုံရေးကြေး) စောင့်ဆိုင်းရင်း ဆောက်လုပ်ရေးအလုပ်သမားအဖြစ် ဆက်လုပ်ခဲ့ကြပါတယ်။

ကိုခင်အောင်ထွန်းကတော့ ပကန်စခွန်ရဖို့ အဆင့်ဆင့်ဆောင်ရွက်ပြီးဖြစ်တာကြောင့် မြန်မာကို ပြန်နိုင်ခဲ့တာ ဖြစ်ပြီး ကိုလှဝင်းနိုင်ကတော့ ပကန်စခွန် ကိစ္စမပြီးပြတ်သေးတာကြောင့် ထိုင်းမှာ အလုပ်ဆက်လုပ်နေဆဲပါ။

ထိုင်းရောက် မြန်မာအလုပ်သမားတွေအတွက် ပကန်စခွန်

အင်တာဗျူးဖြေကြားပေးနေတဲ့ ကိုလှဝင်းနိုင်

ဓာတ်ပုံ ရင်းမြစ်, May Thazin Lei/ BBC Burmese

ဓာတ်ပုံ ပုံစာ, ကိုလှဝင်းနိုင်

ထိုင်းဘာသာစကားနဲ့ "ပကန်စခွန်" ဆိုတာ မြန်မာလိုဆို လူမှုဖူလုံရေးကြေး ဖြစ်ပါတယ်။ ပကန်စခွန်ဆိုတာ ထိုင်းရောက် အလုပ်သမားတွေ လုပ်ငန်းခွင်ထဲ ထိခိုက်သေဆုံးတဲ့ပေါ် မူတည်ပြီးရရှိတဲ့ လျော်ကြေးငွေလို့လည်း ဆိုနိုင်ပါတယ်။

ချက်တူချက်အဆောက်အဦထဲ အလုပ်သမားတွေသေဆုံးခဲ့ရာမှာ နှစ်နိုင်ငံသဘောတူညီချက် MOU ထိုးပြီး ရောက်လာတဲ့အလုပ်သမားတွေရော ဖိုးလမောင်းလို့ ထိုင်းလိုခေါ်တဲ့ အပြင်ကဝင်ရောက် လုပ်ကိုင်တဲ့ အလုပ်သမားတွေပါ ပါဝင်ခဲ့ပါတယ်။

သေဆုံးသူတွေအတွက် သက်ဆိုင်ရာဆောက်လုပ်ရေးကုမ္ပဏီဘက်ကနေ ဘတ် ၁ သန်းလျော်ကြေးပေးပြီး ပကန်စခွန်ကြေးကတော့ ဘတ် ၇ သိန်း ရမှာပါ။

ဒဏ်ရာရတဲ့သူတွေကတော့ ထိခိုက်တဲ့ပမာဏပေါ် မူတည်ပြီး ပကန်စခွန်ကြေးရမှာ ဖြစ်ပါတယ်။

ကိုလှဝင်းနိုင်၊ ကိုခင်အောင်ထွန်းတို့အပြင် နောက်ထပ်မြန်မာအလုပ်သမားတချို့နဲ့ စကားပြောကြည့်ချက်အရ ပကန်စခွန်ကြေးမရသေးတာတွေ ရှိနေပါတယ်။

"ဘာဖြစ်နေလဲဆိုရင် ကျွန်တော်တို့ မြန်မာပြည်သားတွေမှာ ဘဏ်ဖွင့်လို့မရတဲ့ ပြဿနာတက်ကြတယ်။ ဘဏ်ဖွင့်လို့မရဘူးဆိုရင် လျော်ကြေး ဘတ် ၇ သိန်းရဖို့ဆိုရင် ဖိုးဝ (အလုပ်ရှင်) လက်မှတ်ထိုးပေးမှ ထုတ်ရမယ်။ ကိုယ့်မှာ ဘဏ်ရှိတယ်ဆိုရင်တော့ တလုံးတည်းရပေမဲ့ အခုက ဘဏ်မရှိတဲ့ အခက်အခဲကြုံ နေရတယ်" လို့ ထိုင်းရောက်မြန်မာ့အလုပ်သမားအရေး ကူညီလုပ်ဆောင်ပေးနေတဲ့ Worker Alliance Group (WAG) ဦးဆောင်သူ ကိုမုန်တိုင်းက ပြောပါတယ်။

ပကန်စခွန်ကြေးထုတ်ခွင့်ရတာမှာ မိဘ၊ သားသမီး ကျန်ရစ်သူနဲ့ ဇနီး၊ ခင်ပွန်း ကျန်ရစ်သူတွေမှာလည်း ပုံစံကွဲပြားပြန်ပါတယ်။ တချို့က ၁၀ နှစ်အတွင်း နှစ်အလိုက် လျော်ကြေးငွေထုတ်ယူရမှာဖြစ်ပါတယ်။

"ပကန်စခွန်မှာ error တက် တတ်တယ်၊ တချို့တွေကကျတော့ မိန်းမအနေနဲ့ တင်မယ်ဆိုရင် တစ်နှစ်တစ်ခါပဲ ရတယ်။ တစ်နှစ်ကိုမှ ဘတ် ၇ သောင်းကျော် ၈ သောင်းလောက်ပဲ ရတယ်" လို့ ကိုမုန်တိုင်းက ဆက်ရှင်းပြပါတယ်။

ထိုင်းရောက်မြန်မာ့အလုပ်သမားအရေး ကူညီပေးနေတဲ့ Worker Alliance Group (WAG) ဦးဆောင်သူ ကိုမုန်တိုင်းကို ချက်တူချက်ပြိုကျ အဆောက်အဦ ရှာဖွေရေးနေရာအနီးမှာ တွေ့ရစဉ်

ဓာတ်ပုံ ရင်းမြစ်, Wasawat Lukharang/ BBC Thai

ဓာတ်ပုံ ပုံစာ, ထိုင်းရောက်မြန်မာ့အလုပ်သမားအရေး ကူညီပေးနေတဲ့ Worker Alliance Group (WAG) ဦးဆောင်သူ ကိုမုန်တိုင်း

ဒီလိုအချက်တွေက ဇနီးဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ ကိုလှဝင်းနိုင်နဲ့ ညီဖြစ်သူပြန်မလာနိုင်တော့တဲ့ ကိုခင်အောင်ထွန်းတို့ကြား လုပ်ငန်းစဉ်ကွာခြားချက်ဖြစ်ပါတယ်။

ကိုခင်အောင်ထွန်းကတော့ ညီဖြစ်သူရဲ့ ပကန်စခွန်ကြေးထုတ်ဖို့ မိဘနဲ့ ညီရဲ့ကလေးနှစ်ဦးအတွက် စီစဉ်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ပကန်စခွန်ကြေးကို သုံးပုံခွဲပြီး အသက်မပြည့်သေးတဲ့ကလေးနှစ်ဦးနဲ့ မိခင်ဖြစ်သူတို့ဟာ ဆယ်နှစ်အတွင်း နှစ်အလိုက်အချိုးကျ ငွေထုတ်ယူရမှာပါ။

"ကျွန်တော်တို့ တစ်နှစ်တစ်ခါလည်း ထိုင်းကိုတက်မလာနိုင်ဘူးလေ။ အဲဒါ ၂ နှစ် တစ်ခါမှ လာထုတ်ဖို့ စီစဉ်ခဲ့ပါတယ်။ အဆင်ပြေခဲ့ပါတယ်" လို့ ကိုခင်အောင်ထွန်းက သူ့အတွေ့အကြုံကို ပြောပြပါတယ်။

ကိုလှဝင်းနိုင်ကတော့ ဇနီးဖြစ်သူရဲ့ ပကန်စခွန်ကြေးအတွက် ယောက္ခမ၊ သားနဲ့ သူ့အတွက် ခွဲဝေထုတ်ရမှာပါ။ ဒါပေမဲ့ ခင်ပွန်းဖြစ်သူက လျှောက်ထားတာဖြစ်လို့ ကြန့်ကြာမှုတွေရှိနေပါတယ်။

နောက်အချက်တစ်ချက်ကတော့ သေဆုံးသူတွေအတွက် ပကန်စခွန်ကြေး ထုတ်နိုင်ဖို့အတွက်ဆိုရင် ဆွေမျိုးတော်စပ်ကြောင်း DNA စစ်ဆေးမှု လုပ်ရမှာဖြစ်ပါတယ်။

သေဆုံးသူတွေအတွက် ဘာလို့ DNA စစ်ဆေးဖို့လို

၂၀၂၅ မတ် ၃၁ ရက်တုန်းက ချက်တူချက်ပြိုကျအဆောက်အဦမှာ ရှာဖွေရေးတွေလုပ်ခဲ့တဲ့ မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၅ မတ် ၃၁ ရက်တုန်းက ချက်တူချက်ပြိုကျအဆောက်အဦမှာ ရှာဖွေရေးတွေလုပ်ခဲ့တဲ့ မြင်ကွင်း

ထိုင်းရဲမှာ မှတ်တမ်းဝင်ထားတဲ့အချက်အလက်အရ သေဆုံးသူတွေထဲ အမျိုးသား ရုပ်အလောင်း ၂ လောင်းကို လက်ရှိအချိန်အထိပိုင်ရှင်အတည်မပြုနိုင်သေးပါဘူး။ ပိုင်ရှင်အတည်ပြုနိုင်ဖို့အတွက် မိသားစု ဆွေမျိုးရင်းခြာတွေက သွေးသားတော်စပ်မှု DNA စစ်ဆေးဖို့ လိုအပ်ပါတယ်။

အဲဒီထဲ အီတာလျံထိုင်းကုမ္ပဏီမှာလုပ်ကိုင်ရင်း ငလျင်ဒဏ်သင့်သေဆုံးခဲ့တဲ့ ကိုညိုဝင်း ဆိုသူရဲ့ ရုပ်အလောင်း ကို DNA မစစ်ဆေးနိုင်သေးဘူးလို့ မြန်မာအလုပ်သမားအသိုင်းအဝိုင်းကနေ သိရပါတယ်။ ဒါကြောင့် ကိုညိုဝင်းနဲ့ မောင်နှမတော်စပ်သူ မလှလှဝင်းကို ဘီဘီစီက အင်တာဗျူးဖြေကြားပေးဖို့ ခွင့်တောင်းပေမဲ့ သူက ငြင်းဆန်ခဲ့ပါတယ်။

"DNA စစ်ဖို့ သူတို့ဘက်ကလာခဲ့ဖို့ ခေါ်ပါတယ်။ ညီမဘက်က အလုပ်ကနေထွက်လို့မရတဲ့အတွက် မသွားဖြစ်သေးတာပါ။ ကျန်တာတော့မဖြေတတ်လို့ အင်တာဗျူးမဖြေပါရစေနဲ့" လို့ မလှလှဝင်းက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းချက်ကို ငြင်းဆိုခဲ့ပါတယ်။

ကိုညိုဝင်းအတွက် ကုမ္ပဏီကနေပေးအပ်တဲ့ လျော်ကြေးငွေ ဘတ် ၁ သန်းကိုလက်ခံရရှိထားပေမဲ့ DNA စစ်ဆေးချက် မရှိရင် ထိုင်းအစိုးရဆီကထုတ်ယူရမယ့် ပကန်စခွန်ကြေးကို ထုတ်ယူနိုင်မှာမဟုတ်ပါဘူး။

ထိုင်းရဲဘက်ကတော့ သေဆုံးသူရဲ့ရုပ်အလောင်းကို စစ်ဆေးနိုင်ဖို့ DNA စစ်ခံမယ့်သူကို စောင့်နေတယ်လို့ ဘီဘီစီထိုင်းဘာသာစကားဌာနရဲ့ အချက်အလက်အရ သိရပါတယ်။

ဘီဘီစီအင်တာဗျူးမေးမြန်းခွင့်ရတဲ့ ကိုလှဝင်းနိုင်ဆိုရင် ဇနီးဖြစ်သူ မနန်းမွန်ရဲ့ ရုပ်အလောင်းကို စစ်ဆေးဖို့အတွက် ထိုင်းနိုင်ငံမှာပဲ အလုပ်လုပ်ကိုင်နေတဲ့ ယောက်ဖဖြစ်သူကို အကူအညီတောင်းခဲ့ရတာဖြစ်ပါတယ်။ အဲဒီနောက် DNA ရလဒ်အရ အဆင့်ဆင့်ဆောင်ရွက်ပြီး အခုတော့ ပကန်စခွန်ရဖို့ စောင့်ဆိုင်းနေတာပါ။

ထိုင်းအစိုးရကတော့ ငလျင်ကြောင့် ဘန်ကောက်မှာအဆောက်အဦတွေ ထိခိုက်တာရှိပေမဲ့ တစ်ခုတည်းသော ပြိုကျမှုဖြစ်ခဲ့တဲ့ ဒီဆောက်လုပ်ရေးခွင်နဲ့ပတ်သက်လို့ စစ်ဆေးမှု‌တွေလုပ်ခဲ့ပါတယ်။ဆောက်လုပ်ရေးသုံး ပစ္စည်းတွေကို စစ်ဆေးတာလုပ်သလို ဆောက်လုပ်ရေးကုမ္ပဏီတာဝန်ရှိသူတွေကို တရားစွဲဆိုတာတွေ လုပ်ပါတယ်။

ချက်တူချက်အဆောက်အဦပြိုကျမှုအတွက် တာဝန်ရှိသူ ၂၃ ဦးကို ထိုင်းရှေ့နေချုပ်ရုံးက တရားစွဲဆိုထားပြီး လာမယ့် ဇူလိုင် ၂၃ ရက်မှာ ပထမဆုံးရုံးထုတ်စစ်ဆေးမှာ ဖြစ်ပါတယ်။

အခုလို ထိုင်းအစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း သေဆုံးသူတွေရဲ့ အခွင့်အရေးတွေအပြည့်အဝရဖို့ ကျန်ရစ်သူတွေက လိုက်ပါဆောင်ရွက်နေပေမဲ့ သူတို့ရဲ့စိတ်ဒဏ်ရာတွေက ဒုနဲ့ဒေးကျန်ရှိနေဆဲပါ။

"ဖြစ်နိုင်ရင်ပေါ့နော်။ ငါကတော့လွတ်ပြီးတော့ ငါ့မိန်းမကတော့ မလွတ်ဘူး။ နှစ်ခါသုံးခါလောက်တောင် ပြန်ပြီးတော့ ဖြစ်ချင်လိုက်တာ။ လွတ်လည်းအတူတူ၊ မလွတ်လည်းအတူတူဆိုတဲ့ အတွေးနဲ့ ပြန်တွေးမိတာပေါ့" လို့ ကိုလှဝင်းနိုင်က တုန်ယင်နေတဲ့အသံနဲ့ ပြောပါတယ်။

ပကန်စခွန်ကိစ္စရပ်တွေပြီးရင်တော့ ဆယ်ကျော်သက်အရွယ် သားဖြစ်သူရှိရာ ဇာတိဖြစ်တဲ့ ဇလုံရွာကို ပြန်တော့မယ်လို့ ကိုလှဝင်းနိုင်က‌ ဆက်ပြောပါတယ်။ တစ်နှစ်တာအတွင်း စိတ်ပင်ပန်းမှုတွေကြုံရပေမဲ့ ဇနီးရဲ့ ဆန္ဒဖြစ်တဲ့ အရက်၊ ဆေးလိပ်မသောက်ဖို့နဲ့ ကွမ်းယာမစားဖို့ကို ဆက်စောင့်ထိန်းဦးမယ်လို့ ရင်ဖွင့်ပြောပြပါတယ်။

၂၀၂၆ ခုနှစ်၊ မတ်လဆန်းမှာမြင်ရတဲ့ ချက်တူချက်ပြိုကျအဆောက်အဦနေရာမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, May Thazin Lei/ BBC Burmese

ဓာတ်ပုံ ပုံစာ, ၂၀၂၆ ခုနှစ်၊ မတ်လဆန်းမှာမြင်ရတဲ့ ချက်တူချက်ပြိုကျအဆောက်အဦနေရာမြင်ကွင်း

ပြိုကျခဲ့တဲ့ စာရင်းစစ်ချုပ်ရုံးနေရာကို ပြန်တောင်သွားမကြည့်နိုင်ဘူးလို့ ကိုလှဝင်းနိုင်က ပြောပြပါတယ်။

"ကျွန်တော်ပြန်မသွားချင်ဘူး၊ ဘယ်လိုမှမခံစားနိုင်ဘူး။"

တစ်နှစ်အကြာမှာတော့ အဲဒီနေရာမှာ ပြိုကျအပိုင်းအစတွေမတွေ့ရတော့ပဲ ဟာလဟင်းလင်းပြင်ဖြစ်နေပါတယ်။ တစ်ချိန်က ၃၄ ထပ်မြင့်တဲ့ အဆောက်အဦရှိခဲ့တယ်ဆိုတာက မှတ်ဉာဏ်ထဲမှာ ဝေဝေဝါးဝါးပဲ ကျန်နေပါတော့တယ်။ အဲဒီဝင်းထဲ မပြိုကျဘဲကျန်ရှိနေတဲ့ ဆောက်လက်စ ကားပါကင်နဲ့ အားကစားခန်းမတို့ကပဲ အဲဒီနေရာမှာ အထပ်မြင့်တိုက်ရှိခဲ့မှန်း သက်သေခံနိုင်ပါတယ်။

ဝင်းထဲကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခွင့်မပြုဆိုတဲ့ ထိုင်းအစိုးရရဲ့ ကြေညာချက်ကိုလည်း ခြံဝင်းတံခါးထက်မှာ အထင်အရှားတွေ့နိုင်ပါတယ်။

လွန်ခဲ့တဲ့တစ်နှစ်က ပျောက်ဆုံးသူတွေကိုပြန်တွေ့ဖို့ မျက်ရည်တွေနဲ့ မိသားစုတွေစောင့်ဆိုင်းခဲ့ရတဲ့ အဆောက်အဦဘေးကွက်လပ်မှာတော့ တေးဂီတသံတွေနဲ့ ဖုံးလွှမ်းနေပါတယ်။ အဆောက်အဦရှေ့ ကားလမ်းမပေါ်မှာ ဆိုင်ကယ်တွေ ကားတွေ ပုံမှန်အတိုင်းသွားနေသလို မျက်နှာချင်းဆိုင်က JJ Mall လည်း စည်ကားမြဲပါ။

ဒါပေမဲ့ မိသားစုဆုံးရှုံးခဲ့ရသူတွေ၊ အသက်ဘေးကလွတ်မြောက်ခဲ့ရသူတွေကတော့ ဒီရှေ့ကနေ ဖြတ်သွားဖို့ တောင် စိုးထိတ်နေကြရဆဲဖြစ်ပါတယ်။