အီရန်စစ်မှာ တရုတ်ရဲ့ ကြားဝင်ကြိုးစားမှုက အလုပ်ဖြစ်မှာလား
ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, လော်ရာ ဘစ်ကာ
- ရာထူးတာဝန်, တရုတ်ပြည် သတင်းထောက်
- ဖတ်ရန်အချိန်: မိနစ် ၁၀
အရှေ့အလယ်ပိုင်းစစ်ပွဲက နောက်တစ်လကူးလာချိန်မှာပဲ ကမ္ဘာ့စွမ်းအင် အကျပ်ဆိုက်လာပြီး ရေနံစျေးတွေ ထိုးတက်လာသလို တရုတ်ကလည်း ငြိမ်းချမ်းရေး အကျိုးဆောင်နေရာဝင်ဖို့ ကြိုးစားလာပါတယ်။
အီရန်မှာ အမေရိကန် စစ်ခင်းနေတာ နှစ်ပတ်ကနေ သုံးပတ်အတွင်း အပြီးသတ်နိုင်ကြောင်း အမေရိကန်သမ္မတ ထရမ့်က ပြောကြားလိုက်ပြီးနောက် တရုတ်ရဲ့ ကဏ္ဍ ပေါ်ထွက်လာတာပါ။ အမေရိကန်စစ်က ဘယ်လို ရပ်မှာလဲနဲ့ စစ်ပွဲရပ်ပြီးနောက် ဘာဆက်ဖြစ်မလဲ ဆိုတာကိုလည်း သေချာ မသိရသေးပါဘူး။
အမေရိကန်နဲ့ အစ္စရေးတို့ အီရန်နဲ့ ခင်းတဲ့စစ်မှာ မထင်မှတ်ဘဲ ကြားဝင်ပေးသူ ဖြစ်လာတဲ့ ပါကစ္စတန်နဲ့ တရုတ် ပူးပေါင်းခဲ့ပါတယ်။ အပစ်ရပ်စဲရေးရပြီး ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရေးအတွက် တရုတ်နဲ့ ပါကစ္စတန် အာဏာပိုင်တွေက အချက်ငါးချက်ပါတဲ့ အစီအစဉ်ကို တင်ပြခဲ့ပါတယ်။
အမေရိကန်ရဲ့ မဟာမိတ်ဟောင်း ဖြစ်ခဲ့တဲ့ ပါကစ္စတန်က ဒီစစ်မှာ ကြားဝင်ပေးဖို့ ထရမ့်ကို နားချနိုင်ခဲ့ပုံ ရပါတယ်။ တရုတ်ကတော့ ဒီပွဲမှာ အမေရိကန်ရဲ့ ပြိုင်ဘက်အနေနဲ့ ဝင်လာပြီး မေလထဲမှာလည်း ရှီနဲ့ ထရမ့်ကြားမှာ အရေးကြီးတဲ့ ကုန်သွယ်ရေး ဆွေးနွေးပွဲ ရှိပါတယ်။
ဒီအရေးမှာ တရုတ်ထောက်ခံမှုက အင်မတန် အရေးကြီးကြောင်း လန်ကျိုးတက္ကသိုလ် အာဖဂန်နစ္စတန်လေ့လာရေး ဌာန ညွှန်ကြားရေးမှူးနဲ့ အရှေ့အလယ်ပိုင်း ကျွမ်းကျင်သူ ချူယောင်ဗျောင်းက ပြောပါတယ်။
" ပါကစ္စတန်က ပိုထင်ရှားတဲ့ ကဏ္ဍက လှုပ်ရှားနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျင့်ဝတ်ပိုင်းအရရော၊ နိုင်ငံရေးနဲ့ သံတမန်ရေးအရပါ တရုတ်က ခြုံငုံမိတဲ့ ထောက်ခံမှုပေးနေတယ်" လို့လည်း ဆိုပါတယ်။
စစ်ပွဲအကြောင်း မပြောဘဲ ရေငုံနေတဲ့ တရုတ်အတွက် အလှည့်အပြောင်းလည်း ဖြစ်ပါတယ်။ ဘာကြောင့် တရုတ်က အခုမှ ကြားဝင်လာတာလဲ။
ဒီစစ်ပြီးဆုံးရေးမှာ ပါကစ္စတန် ကြားဝင်ပေးရေးအတွက် တရုတ်ထောက်ခံမှု ရဖို့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ဘေဂျင်းကို သွားပါတယ်။ အဲဒီနောက် ဒီ ငြိမ်းချမ်းရေးအစီအစဉ်ကို ရေးဆွဲကြတာပါ။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပါကစ္စတန်ရဲ့ ကြိုးပမ်းမှုက အောင်မြင်ပုံ ရပါတယ်။ "ငြိမ်းချမ်းရေးအတွက် အားပေးဖို့ နှစ်နိုင်ငံ အားထုတ်မှုအသစ်တွေ လုပ်နေကြောင်း " တရုတ်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ တွေ့ဆုံဆွေးနွေးမှုနဲ့ သံတမန်နည်းကသာ "ပဋိပက္ခ ပြီးဆုံးရေးအတွက် ဖြစ်နိုင်တဲ့ တခုတည်းသော နည်းလမ်း ဖြစ်ကြောင်း " တရုတ်နဲ့ ပါကစ္စတန် နှစ်ပြည်ထောင် ပူးတွဲ ထုတ်ပြန်ချက်မှာ သဘောတူထားပြီး ပိတ်ဆို့နေတဲ့ ရေလက်ကြားအပါအဝင် ရေကြောင်းလမ်းတွေကို ကာကွယ်ပေးဖို့လည်း တောင်းဆိုပါတယ်။
ရေနံအတွက် ကြောင့်ကြမှု ရှိနိုင်ပေမယ့် ဒီအတွက် သက်သက်ပဲ မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ ရေနံစိမ်း အများဆုံး တင်သွင်းတဲ့ တရုတ်ပြည်မှာ နောက်လအနည်းငယ်အတွက် ရေနံက အလုံအလောက် စုဆောင်းထားပြီး ဖြစ်ပါတယ်။
ရှီအလေးထားတဲ့ တည်ငြိမ်မှုကို အီရန်စစ်က နှောင့်ယှက်လာလို့ တရုတ်က ငြိမ်းချမ်းရေး အကျိုးဆောင်ကဏ္ဍမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပုံ ရပါတယ်။ ကမ္ဘာတလွှား ကုန်စည်ရောင်းချမှုအပေါ် အများကြီး မှီခိုနေရတဲ့ တရုတ်အတွက် တည်ငြိမ်တဲ့ ကမ္ဘာ့စီးပွားရေး ရှိဖို့ လိုပါတယ်။ တရုတ်ပြည်တွင်း စီးပွားရေးကို ပြန်ထူထောင်နိုင်အောင်လည်း ရုန်းကန်နေရတုန်း ဖြစ်ပါတယ်။
ဒီစစ်မီး မငြိမ်းရင် ကမ္ဘာ့စက်ရုံကြီးလို ဆောင်ရွက်နေတဲ့ တရုတ်စက်မှုလုပ်ငန်းတွေ ရှိရာ အရှေ့မြောက်ဒေသကို ရေရှည်မှာ ရိုက်ခတ်လာမှာကိုလည်း စိုးရိမ်နေကြပါပြီ။
ရေနံအတွက် စျေးကြီးပေးရတာက ကုန်စည်ထောက်ပံ့မှု လမ်းကြောင်းတခုလုံးကို ထိခိုက်စေပါတယ်။ အရုပ်နဲ့ ဂိမ်းစက်တွေ တည်ဆောက်ဖို့ လိုတဲ့ ပလတ်စတစ်က အစ ဓာတု ချည်မျှင်အပြင် ဖုန်း၊ လျှပ်စစ်ကားနဲ့ တပိုင်းလျှပ်ကူးပစ္စည်းတွေ ထုတ်လုပ်ရာမှာ သုံးတဲ့ ရာနဲ့ချီတဲ့ အစိတ်အပိုင်းတွေအတွက်ပါ သက်ရောက်တာ ဖြစ်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ရင်းမြစ်, Reuters
ထရမ့်ရဲ့ ပထမသမ္မတသက်တမ်းအတွင်း အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးစစ် ခင်းခဲ့ပြီးနောက် တရုတ်စီးပွားရေးသမားတွေအတွက် ကမ္ဘာတလွှား စျေးကွက်သစ် ရှာဖွေတာတွေ ဖြစ်လာပါတယ်။
ရလဒ်အနေနဲ့ မနှစ်က အရှေ့အလယ်ပိုင်းကို တရုတ်ကုန်စည်တင်ပို့မှုက တခြားကမ္ဘာ့နေရာတွေကို တင်ပို့မှုထက် နှစ်ဆနီးပါး မြန်မြန်ဆန်ဆန် ကြီးထွားလာခဲ့ပါတယ်။ လျှပ်စစ်ကားစျေးကွက်အတွက်လည်း အရှေ့အလယ်ပိုင်းက အမြန်ဆုံး ကြီးထွားလာနေတဲ့ စျေးကွက်ဖြစ်လာသလို အရှေ့အလယ်ပိုင်းမှာ ပင်လယ်ရေ ကျိုချက်သန့်စင်ရေးအတွက် တရုတ်က အကြီးဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်လာပါတယ်။
တရုတ်ရဲ့ ပါဝါ ဆောက်လုပ်ရေး ကော်ပိုရေးရှင်းကလည်း ဆော်ဒီ အာရေဗျ၊ ယူအေအီး၊ အိုမန်နဲ့ အီရတ်မှာ စီမံကိန်းတွေ ရှိပါတယ်။
ဒီလို စီးပွားရေး ဆက်သွယ်မှုတွေကြောင့် ဒေသတွင်းက အမေရိကန် မဟာမိတ်တွေ ဖြစ်တဲ့ ဆော်ဒီလို နိုင်ငံတွေအပြင် အမေရိကန် ရန်သူ အီရန်နဲ့ပါ တရုတ်က ဆက်ဆံရေး တည်ဆောက်ခဲ့ကြပါတယ်။
အီရန်နဲ့ တရုတ်ကြား ရင်းနှီးမှုက ဆယ်စုနှစ်တွေနဲ့ချီ ကြာခဲ့ပါပြီ။ တရုတ်က အီရန်ရဲ့ ထိပ်တန်းကုန်သွယ်ရေး မိတ်ဖက်ဖြစ်ပြီး အီရန်ရေနံရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို တရုတ်က ဝယ်ပါတယ်။
အရှေ့အလယ်ပိုင်းမှာ အရင်ကလည်း တရုတ်အစိုးရက ငြိမ်းချမ်းရေးအကျိုးဆောင် လုပ်ခဲ့ဖူးပြီး အောင်မြင်မှုက အကန့်အသတ်နဲ့ ရှိခဲ့ပါတယ်။
၂၀၂၃ မှာ အရှေ့အလယ်ပိုင်းမှာ ကြားခံစစ်တွေ ခင်းပြီး ကာလရှည်ကြာ ခါးခါးသီးသီး ဖြစ်နေကြတဲ့ ဆော်ဒီနဲ့ အီရန် ရန်ဘက်နိုင်ငံတွေကြား ပြေလည်မှုရအောင် တရုတ်က ကြားဝင် စေ့စပ်ပေးခဲ့ပါတယ်။ ထင်ရှားတဲ့ ရှီအာ မွတ်ဆလင် ပညာရှင်တယောက်ကို ဆော်ဒီက ကွပ်မျက်ခဲ့ချိန်ကစပြီး ဆက်ဆံရေး ပြတ်တောက်ခဲ့သလို တီဟီရန်က ဆော်ဒီသံရုံးကို ဆန္ဒပြလူအုပ်က တိုက်ခိုက်တာတွေ ဖြစ်ခဲ့ပါတယ်။
တရုတ်က ကြားဝင်စေ့စပ်သူ နေရာကို ယူလိုက်ပြီးနောက် သံတမန်ဆက်ဆံရေးတွေ ပြန်စဖို့ နှစ်ဖက်လုံးက သဘောတူခဲ့ကြပါတယ်။ ဒါကလည်း တရုတ်ရဲ့ အကျိုးစီးပွား ဖြစ်ပါတယ်။ ဆော်ဒီနဲ့ အီရန်ကြား သံခင်းတမန်ခင်း ဆက်ဆံရေးတွေ ပိုကောင်းလာရင် ဒေသတွင်း တင်းမာမှုတွေ လျော့သွားနိုင်ခြေ ရှိတယ်ဆိုပြီး တရုတ်က မျှော်လင့်ခဲ့နိုင်ပါတယ်။
နောက်တနှစ်အကြာမှာတော့ ဖာတာနဲ့ ဟားမတ်စ်အပါအဝင် ပါလက်စတိုင်း ၁၄ ဖွဲ့ ခေါင်းဆောင်တွေရဲ့ အစည်းအဝေးကို တရုတ်က လက်ခံ ကျင်းပခဲ့ပါတယ်။ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းနဲ့ ဂါဇာက အမျိုးသားညီညွတ်ရေး အစိုးရက ဒီဆွေးနွေးပွဲရလဒ်နဲ့ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဘေဂျင်းကြေညာချက်က ပြီးပြည့်စုံတဲ့ သဘောတူညီချက်နဲ့ စာရင် ရည်မှန်းချက်ကို ဖော်ပြတဲ့သဘော ပိုဆောင်ပေမယ့် တရုတ်ရဲ့ အရှေ့အလယ်ပိုင်းမှာ ပါဝင်နိုင်မှုကို အလေးပေး ဖော်ပြနေပြီး အဲဒီဒေသတွင်းတည်ငြိမ်ရေးမှာ တရုတ် ဘယ်လောက် စိတ်ဝင်စားလဲ ဆိုတာကိုလည်း သိနိုင်ပါတယ်။
ဓာတ်ပုံ ရင်းမြစ်, CFOTO/Future Publishing via Getty Images
တရုတ်ရဲ့ ကမ္ဘာတလွှား မိတ်ဖက်ဆက်ဆံရေးတွေမှာ လုံခြုံရေး အာမခံချက်နဲ့ စစ်ရေး ထောက်မကူညီမှုတွေ မပါဘဲ ဖြစ်နေပါတယ်။ တရုတ်အတွက် စီးပွားရေးက ပထမဖြစ်ပြီး ဒေသတွင်းနိုင်ငံတွေနဲ့ စီးပွားရေး အပြန်အလှန်မှီခိုမှုကနေပဲ အရှေ့အလယ်ပိုင်းမှာ တရုတ်ရဲ့ လွှမ်းမိုးမှုနဲ့ အနေအထားတခုကို ရစေပါတယ်။
" ပဋိပက္ခတွေထဲ ဆွဲသွင်းခံရမှာကို တရုတ်အစိုးရက သတိထားတယ်" လို့လည်း မစ္စတာ ချူက ပြောပါတယ်။"ပြည်တွင်းရော ပြည်ပရေးမှာပါ တရုတ်ရဲ့ ဦးစားပေးက စီးပွားရေး ဖွံ့ဖြိုးမှု ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်ပြည်ဟာ စစ်ပွဲတွေထဲ အရမ်းကာရော ဝင်မပတ်သက်သင့်ဘူးဆိုတဲ့ ယူဆချက်က ကျယ်ကျယ်ပြန့်ပြန့် ရှိပါတယ်" လို့လည်း သူက ဆိုပါတယ်။
ဒါပေမဲ့ ဒီချဉ်းကပ်မှုမှာလည်း အကန့်အသတ်က ရှိပါတယ်။ အရှေ့အလယ်ပိုင်းရေးမှာ ပါဝင်ပတ်သက်ဖို့ တရုတ်မှာ ဆန္ဒရှိတောင်မှ စစ်ရေးအင်အား မရှိပါဘူး။
အမေရိကန်က ပါးရှားပင်လယ်ကွေ့နိုင်ငံတိုင်းမှာ စစ်စခန်းတွေ ရှိပါတယ်။ တရုတ်ရဲ့ အနီးဆုံး စစ်စခန်းက အရှေ့အာဖရိကက ဂျီဘူတီမှာ ဖြစ်ပြီး ၂၀၁၇ ခုနှစ်ကမှ စတင်တည်ထောင်တာပါ။ ဒါကလည်း အင်အားပြဖို့ စစ်စခန်းဆိုတာထက် ပင်လယ်ဓားပြ နှိမ်နင်းရေး အတွက် ထောက်ပံ့ရေး စခန်းလိုမျိုး သုံးတာ ဖြစ်ပါတယ်။
၂၀၂၅ အစ္စရေး-အီရန် စစ်ပွဲအတွင်း တရုတ်က လက်ရှောင်နေခဲ့ပြီး မိတ်ဖက်ကဏ္ဍမှာ အကန့်အသတ်ရှိလို့ ကူညီမှု မဖြစ်သလောက်ပဲ ကမ်းလှမ်းခဲ့ပါတယ်။
အခု နောက်ဆုံးကမ်းလှမ်းတဲ့ ငြိမ်းချမ်းရေးအစီအစဉ်အတွက် အမေရိကန်ရော အီရန်ပါ တုံ့ပြန်ဖို့ လိုပါတယ်။ ဒါပေမဲ့ ဒီအစီအစဉ်ကို ရှေ့ဆက်သွားအောင် တွန်းအားပေးရင်တော့ ကြားနေ စေ့စပ်သူနဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်နေရာကနေ ပါဝင်ခွင့်ကို သမ္မတ ရှီ ရသွားမှာပါ။ နောက်ပြီး တခြား မဟာအင်အားကြီး နိုင်ငံ အမေရိကန်ရဲ့ ခေါင်းဆောင်နဲ့ သူ့ရပ်တည်ချက်က ဆန့်ကျင်ဘက် ထပ်ဖြစ်နေမှာပါ။
နိုင်ငံတကာရေးမှာ လက်တွေ့ကျတဲ့ လှုပ်ရှားသူအဖြစ် တရုတ်ကိုယ်တိုင် ပုံဖော်ဖို့မှာလည်း အကန့်အသတ်တွေက ရှိပါတယ်။ ရုရှားနဲ့ လက်တွဲမှုကြောင့်လည်း တရုတ်ကြားနေမှုကို မကြာခဏ မေးစရာ ဖြစ်ခဲ့ပါတယ်။ ဟောင်ကောင်ကို တရုတ် ထိန်းချုပ်မှု ပိုများလာပြီး လိုအပ်လာရင် ထိုင်ဝမ်ကို အင်အားသုံး သိမ်းယူဖို့ ခြိမ်းခြောက်တာတွေကလည်း ခဏ ခဏ ဖြစ်နေပါတယ်။
နောက်ပြီး လူ့အခွင့်အရေးကိစ္စ ဆွေးနွေးမှုတွေကို တရုတ်ရဲ့ အာဏာရှင်ခေါင်းဆောင်တွေက ရှောင်ကြဉ်ကြသလို အာဏာအလွဲသုံးတဲ့ အစိုးရ၊ လူ့အခွင့်အရေး ချိုးဖောက်တဲ့ အစိုးရတွေကို ပြစ်တင်ရှုတ်ချတာတွေလည်း ဘယ်တော့မှ မလုပ်ကြပါဘူး။ ဒါတွေအားလုံးကြောင့်ပဲ သမ္မတရှီဟာ လစ်ဘရယ် ကမ္ဘာ့စနစ်အတွက် ပြောရေးဆိုခွင့်ရှိသူ ဖြစ်မလာနိုင်တာပါ။
ဒါပေမဲ့လည်း တရုတ်က မဟာဗျူဟာ အကျိုးစီးပွားတွေအရ အင်အားကြီးတဲ့ ကမ္ဘာ့အရေး လှုပ်ရှားသူ ဖြစ်နေပါတယ်။ အရှေ့အလယ်ပိုင်းမှာ သြဇာညောင်းမှု တချို့ ရှိကြောင်း ပြခဲ့ပြီး အနာဂတ်မှာ နောက်ထပ် လွှမ်းမိုးမှု ပိုလိုချင်တဲ့ မျှော်မှန်းချက်တွေ ရှိတာလည်း သေချာပါတယ်။
ထိပ်တန်း သတင်းများ
ဆောင်းပါး
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။