ဒီဇင်ဘာ ၁၉ ရက် ထိပ်တန်းသတင်းများ - Sex Chat လုပ်ငန်းတွေဦးဆောင်တဲ့တရုတ်နိုင်ငံသားကို မြန်မာမှာဖမ်းမိ

ဓာတ်ပုံ ရင်းမြစ်, CRI Myanmar
Sex Chat ဆိုတဲ့ တရားမဝင် လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်ငွေညှစ်တဲ့လုပ်ငန်းတွေကို ဦးဆောင်နေတဲ့ တရုတ်နိုင်ငံသား စွန်း ဆိုသူကို မြန်မာနိုင်ငံထဲမှာ ဖမ်းမိခဲ့တယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Sex Chat ဟာ အင်တာနက်အွန်လိုင်းကနေ လိင်ပိုင်းဆိုင်ရာရုပ်သံအဖော်အချွတ်၊ စာသားတွေနဲ့ တဖက်နဲ့တစ်ဖက် ဆက်သွယ်ပြောဆိုတာဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အွန်လိုင်းရာဇဝတ်မှုလုပ်ငန်းတွေဟာ Sex Chat ကို လိမ်လည်အသုံးချပြီး ပြောထားတဲ့ အကြောင်းအရာတွေကို လူသိရှင်ကြား ထုတ်ပြောမယ်လို့ ခြိမ်းခြောက်ငွေညစ်တဲ့ပုံစံ ပြောင်းလဲခဲ့ကြတာဖြစ်ပါတယ်။
စွန်းကို ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ ဖမ်းမိခဲ့တယ်ဆိုတာကိုတော့ တရုတ်ဘက်က ထုတ်ပြန်ချက်ထဲမှာ အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိသလို တရုတ်နိုင်ငံပိုင် မြန်မာမီဒီယာမှာလည်း ဖော်ပြထားခြင်းမရှိပါဘူး။
အဲဒီထုတ်ပြန်ချက်ထဲမှာ စွန်းကို စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့တာဖြစ်ပြီး အဲဒီကနေမှ မြန်မာကနေ တရုတ်ကိုပို့ဆောင်ပြီး တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့တာလို့ ဖော်ပြထားပါတယ်။
တရုတ်ပြည်သူ့လုံခြုံရေးဌာနရဲ့ နိုဝင်ဘာ ၇ ရက်က ဖော်ပြခဲ့တဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံကနေ တရုတ်ဘက်ကို လွှဲပြောင်းပေးထားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်) မှာပါဝင်တဲ့သူ အယောက် ၃၁,၀၀၀ ကျော်ရှိပြီး အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်)တွေ လုပ်ကိုင်တဲ့နေရာတွေကိုလည်း အောင်မြင်စွာချေမှုန်းနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်ကစပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နှင်းဖို့ တရုတ်နဲ့မြန်မာ နှစ်နိုင်ငံပူးပေါင်းတဲ့ ကျားဖြန့်စစ်ဆင်ရေးပြုလုပ်ခဲ့ပြီး တရုတ်ဘက်က အထူးတပ်ဖွဲ့တွေ မြန်မာဘက်ကို စေလွှတ်ခဲ့ပါတယ်။
စစ်ကိုင်း၊ ဒီပဲယင်းမှာ စစ်တပ်နဲ့ PDF တို့ တိုက်ပွဲပြင်းထန်နေ

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေး
ဒေသခံသောင်းချီထွက်ပြေးတိမ်းရှောင်နေရ
စစ်ကိုင်းတိုင်း၊ ရေဦးခရိုင် ဒီပဲယင်းမြို့မှာ ဒီဇင်ဘာ ၁၆ ရက် ကနေ ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက်အထိ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသအခြေစိုက်စစ်ရှောင်ကူညီရေးလုပ်နေတဲ့ ဒီပဲယင်းညီနောင်များအဖွဲ့က ဘီဘီစီကို အတည်ပြုပြောဆိုပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေးအဖွဲ့ကလည်း ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၀ လုံးကျော်၊ စပါးတင်း ၅၀၀ ကျော်နဲ့ ကား ၂ စီး မီးလောင် ပြာကျခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၅ ရွာထက်မနည်းက ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့လည်း ဒီပဲယင်းညီနောင်အဖွဲ့က ဓာတ်ပုံတွေနဲ့ဖော်ပြထုတ်ပြန်ထားပါတယ်။
ရေဦးမြို့ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက ဒီပဲယင်းမြို့အနီးက ဒေသကာကွယ်ရေးတပ်တွေတပ်စွဲထားတဲ့ ပျော်ဘွယ်၊ မစိုးရိမ်၊ ယင်းဒွေး၊ အောင်ချမ်းသာ နဲ့ ပုဂံရွာ စတဲ့ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် PDF တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာလို့ သူကပြောပါတယ်။
လက်ရှိမှာ ဒီပဲယင်းမြို့ပေါ်ကို စစ်တပ်က အင်အား ၈၀ ကျော်နဲ့ ထိန်းချုပ်ထားပြီး မြို့ပေါ်က စစ်တပ်မိသားစုဝင်တွေကိုလည်း ရေဦးကို ပြောင်းရွှေ့ဖို့ ကြိုးစားနေတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒီဇင်ဘာ ၁၇ ရက်နေ့ကတော့ ရေဦးကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ဒီပဲယင်းအဝင် မြို့အစပ်နားမှာ PDF တွေဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က သေဆုံးတဲ့သူတွေရှိပြီး PDF ဘက်က ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒီပဲယင်းညီနောင်များအဖွဲ့ကပြောပါတယ်။
တိုက်ပွဲအတွင်း နှစ်ဖက်သေဆုံး၊ ဒဏ်ရာရတာနဲ့ ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ ဒီပဲယင်းမြို့ပေါ်နဲ့ အနီးနားကျေးရွာက ဒေသခံအများစုကတော့ စစ်တပ်က စစ်ကြောင်းထိုးတိုက်ခိုက်တဲ့ အောက်တိုဘာလကစပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ရှောင်ကူညီသူတွေက ဘီဘီစီကိုပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီပဲယင်းမြို့က တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာထုတ်ပြန်လာတာမရှိသေးပါဘူး။
အာချေးမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ ဆန္ဒပြခံရ

ဓာတ်ပုံ ရင်းမြစ်, EPA
အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်က ဆာဘန်ကျွန်းမှာ ခိုလှုံနေတဲ့ရိုဟင်ဂျာတွေနဲ့ သူတို့ကို အကူအညီပေးနေတဲ့အဖွဲ့အစည်းတွေကို ရာနဲ့ချီတဲ့အင်ဒိုနီးရှားဒေသခံတွေက ဒီဇင်ဘာလ ၁၉ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။
ဒေသန္တရအာဏာပိုင်တွေနဲ့ ဒေသခံတွေကတော့ ပြီးခဲ့တဲ့လအတွင်း လူပေါင်း တစ်ထောင်ကျော်အထိဖြစ်လာတဲ့ ရိုဟင်ဂျာတွေရောက်လာတာကို လက်မခံတော့ဘဲ ပင်လယ်ထဲကို ပြန်လွှတ်ဖို့အထိ ဖိအားပေးမှုတွေရှိနေပါတယ်။
ဆန္ဒပြသူတစ်ဦးကတော့ ‘’အာချေးကို ရိုဟင်ဂျာတွေရောက်တဲ့အောင် လုပ်တဲ့နေရာမှာ ရာဇဝတ်ဂိုဏ်းတွေ ပါဝင်နေတယ်လို့ သတင်းတွေထွက်နေတယ်။ ရိုဟင်ဂျာတွေ ပင်လယ်ဖြတ်ရချိန်မှာ သေသေရှင်ရှင် သူတို့ ဂရုစိုက်မှာမဟုတ်ဘူး။ သူတို့က ငွေရှာဖို့ပဲ စိတ်ဝင်စားတာ။ ဒီလူတွေကို ဖမ်းဆီးရပါမယ်။ အခုလည်း အာချေးကို ဝင်ဖို့ (ဆာဘန်ကျွန်း)မှာ ရိုဟင်ဂျာလှေ ၈ စီးလောက် ပင်လယ်ထဲ လှည့်လည်ခုတ်မောင်းနေတယ် ’’ လို့ အေဖက်ပီ သတင်းကို ပြောပါတယ်။
ပင်လယ်ကို စက်လှေနဲ့ဖြတ်ပြီး အာချေးပြည်နယ်ကို ဝင်ရောက်လာတဲ့ ရိုဟင်ဂျာအရေအတွက်ဟာ ၂၀၁၅ ခုနှစ်ကတည်းကဆိုရင် အများဆုံးဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်တုန်းက စစ်တပ်ကပြုလုပ်တဲ့နယ်မြေရှင်းမှုတွေအတွင်း သိန်းနဲ့ချီတဲ့ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းဆီ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာဖြစ်ပါတယ်။
အကူအညီရရှိမှု နည်းပါးလာတာ၊ လူမှုစီးပွားအကျပ်အတည်းကို ရင်ဆိုင်နေရတာတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ဒုက္ခသည်စခန်းတွေထဲမှာနေထိုင်တဲ့ရိုဟင်ဂျာတွေဟာ ငွေကြေးအကုန်အကျခံပြီး အန္တရာယ်များပြားတဲ့ ပင်လယ်ပြင်ကို စက်လှေနဲ့ဖြတ်သန်းကာ မလေးရှားနဲ့ အင်ဒိုနီးရှားကို ရောက်အောင် ကြိုးပမ်းနေတာဖြစ်ပါတယ်။
အဲဒီလို နှစ်စဥ် ပင်လယ်ကို ဖြတ်သန်းဖို့ ကြိုးပမ်းတဲ့ ရိုဟင်ဂျာ ထောင်ချီရှိပြီး လူကုန်ကူးမှုသားကောင်ဖြစ်ကာ ပင်လယ်ပြင်မှာ သေဆုံးခဲ့ကြသူတွေလည်းရှိပါတယ်။
ဒုတိယစစ်ခေါင်းဆောင် လားရှိုးသွား

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
စစ်ကောင်စီရဲ့ ဒုတိယ စစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကိုသွားရောက်ပြီး ဒဏ်ရာရတဲ့စစ်သားတွေ၊ ရဲတွေနဲ့ ပြည်သူ့စစ်တွေကို တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၈ ရက်က ဒုတိယ စစ်ခေါင်းဆောင်ဟာ လားရှိုးမြို့ စစ်ဆေးရုံမှာ တက်ရောက်ကုသနေသူတွေကို သွားတွေ့ခဲ့သလို လားရှိုးက နယ်မြေခံတပ်ရင်း/တပ်ဖွဲ့တွေမှာ ရောက်နေတဲ့ ရဲမေတွေ၊ မိသားစုဝင်တွေကိုလည်း တွေ့ဆုံပြီး အကူအညီတချို့ ပေးခဲ့တာလို့ စစ်ကောင်စီ ကဓာတ်ပုံတွေနဲ့ဖော်ပြပါတယ်။
ပြီးခဲ့တဲ့အပတ်အတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လားရှိုးမြို့ခရီးစဥ်အပြီးမှာ ဒုတိယစစ်ခေါင်းဆောင်ရဲ့ လားရှိုးခရီးစဥ် ထွက်ပေါ်လာတာပါ။
မြောက်ပိုင်းညီနောင်မဟာမိတ်တွေ ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲနေတဲ့ရှမ်းမြောက်မှာ တိုက်ပွဲတွေပြင်းထန်ပြီး စစ်တပ်စခန်းတွေသိမ်းပိုက်ခံနေရတဲ့အချိန်မှာ စစ်ကောင်စီခေါင်းဆောင်တွေ လားရှိုးမြို့ကို မကြာခဏသွားရောက်ပြီး တပ်မိသားစုတွေကို အားပေးမှုတွေလုပ်နေတာလို့ အကဲခတ်တွေကပြောပါတယ်။
လားရှိုးဟာ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ စစ်ဆင်ရေးကိစ္စတွေကို ကိုင်တွယ်တဲ့ စစ်ကောင်စီတပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်တဲ့နေရာဖြစ်ပါတယ်။ တစ်ဖက်မှာတော့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာလ ၁၅ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ နမ့်ဆန်မြို့နဲ့ နမ့်ခမ်းမြို့တွေ ကို သိမ်းပိုက်ထားတယ်လို့ အတည်ပြုပြောဆိုထားပါတယ်။
နမ့်ခမ်းက စစ်တပ်ရဲ့ စခန်းသစ်ဗျူဟာကုန်းကို TNLA သိမ်းပိုက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ မှာ တစ်ခုတည်းကျန်နေတဲ့ စစ်တပ်ရဲ့ စခန်းသစ်ဗျူဟာကုန်းကို တအာင်းတပ် (TNLA) ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေက ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီး နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်နေတယ်လို့ TNLA ဘက်က ဘီဘီစီကို အတည်ပြုပါတယ်။
TNLA ဘက်က နိုဝင်ဘာ ၇ ရက်ကတည်းက နမ့်ခမ်းမြို့ကို သိမ်းပိုက်ပြီလို့ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ နမ့်ခမ်းမြို့နဲ့ ၁ မိုင်လောက်သာ ကွာဝေးတဲ့ စစ်ကောင်စီရဲ့ စခန်းသစ်ဗျူဟာကုန်းကိုတော့ ရက်ပေါင်း ၅၀ ကျော်မှ သိမ်းပိုက်နိုင်တာဖြစ်ပါတယ်။
မြေပြင်စစ်ရေးအခြေအနေသိရှိသူတချို့ရဲ့ ပြောကြားချက်အရ စစ်တပ်ဘက်က သေဆုံးမှုများပြီး ဗျူဟာကုန်းကို ဦးဆောင်သူအရာရှိတချို့ ဖမ်းဆီးခံရတယ်လို့ဆိုပါတယ်။
ဘီဘီစီအနေနဲ့ကတော့ မြေပြင်က နှစ်ဖက်သေဆုံးမှုအပါအဝင် ဖမ်းဆီးခံရတာတွေနဲ့ပတ်သက်လို့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။
ဒေသခံအချို့ကတော့ စစ်တပ်ရဲ့ စခန်းသစ်ဗျူဟာကုန်းကို ရရှိပြီဆိုရင် နမ့်ခမ်းတစ်မြို့လုံးက TNLA ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီလို့ အစောပိုင်းကတည်းက ပြောဆိုထားကြပါတယ်။
နမ့်ခမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က စခန်းသစ်ဗျူဟာကုန်းမကျရေးအတွက် ဂျက်ဖိုက်တာတွေနဲ့ ပစ်ခတ်သလို ကွတ်ခိုင်မြိုနယ်ရှိ စစ်ကောင်စီ “နမ့်ဖတ်ကာတပ်စခန်း” ကနေ လက်နက်ကြီးပစ်ကူအမြောက်အမြား ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပေမယ့် TNLA က သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
မနေ့ ဒီဇင်ဘာ ၁၈ ရက်ကလည်း ပလောင်ဒေသ နမ့်ဆန်မြို့ပေါ်က စစ်တပ်ရဲ့ အဓိကကျတဲ့ ဗျူဟာကုန်းအပါအဝင် တပ်စခန်းအားလုံးကို မြောက်ပိုင်းမဟာမိတ်တွေအနေနဲ့ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်လက်နက်ပစ္စည်းအမြောက်အမြား စံချိန်တင်ရရှိခဲ့တဲ့အပြင် နမ့်ဆန်တစ်မြို့လုံးကို ထိန်းချုပ်ထားနိုင်ပြီလို့ TNLA ဘက်က အတည်ပြုသလို ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်က နမ့်ဆန်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားတယ်လို့ ကြေညာထားပြီး အဲဒီနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူးအယူခံပယ်ချခံရ၊ ကျန်းမာရေးကောင်းမွန်တယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, AFP
ရန်ကုန်ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း ဆီက ရွှေ နဲ့ ဒေါ်လာတွေကို လက်ခံခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဂတိအမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူးအယူခံကို မနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့တုန်းက ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချခဲ့ တယ်လို့ တရားရုံးအသိုင်းအဝိုင်းကနေ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ဒီအမှုအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ထောင်ဒဏ် ငါးနှစ်ချမှတ်ခဲ့တာဖြစ်ပြီး ဒီအမှုအပါအဝင် စွဲဆိုထားတဲ့အမှုတွေအားလုံးအတွက် အယူခံနဲ့ အထူးအယူခံတွေဆက်ဝင်နေတာလည်းဖြစ်ပါတယ်။
လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အမှုဒါဇင်နဲ့ချီထဲက အမှုအများစုရဲ့ အထူးအယူခံကိုပယ်ချခံထားရပြီးဖြစ်သလို အယူခံအဆင့်မှာပယ်ချခံရတဲ့အမှုတွေထဲက အမှုအချို့ကိုလည်း အထူးအယူခံထပ်တင်ဖို့ရှိနေတယ်လို့ ရှေ့နေအဖွဲ့နဲ့နီးစပ်သူတွေကပြောပါတယ်။
ရွေးကောက်ပွဲမလျော်သြဇာမှု၊သြစတေးလျနိုင်ငံသားမစ္စတာရှောင်တာနယ်နဲ့ ပူးတွဲစွပ်စွဲခံရတဲ့ နိုင်ငံတော်လျို့ဝှက်အက်ဥပဒေ နဲ့ ကိုဗစ်ကာလမှာ သဘာဝဘေးအန္တရာယ်အရေး အသုံးပြုမယ့် ရဟတ်ယာဥ် ငှားရမ်း၊ဝယ်ယူ၊ပြုပြင်တာနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်ထားတဲ့ အမှု ၅ ခု စုစုပေါင်းအမှု (၇) မှုအတွက် နေပြည်တော်တရားလွှတ်တော်ချုပ်မှာအထူးအယူခံတင်ထားဆဲဖြစ်ပါတယ်။
အာဏာသိမ်းပြီးကတည်းက တရားစွဲဆို အကျဉ်းချခံထားရတဲ့ အသက် (၇၈) နှစ်အရွယ် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းတယ်လို့ သိရပြီး ရှေ့နေတွေအနေနဲ့ အမှုသည်ဒေါ်အောင်ဆန်းစုကြည်နဲ့ လူတွေ့ ထောင်ဝင်စာတွေ့နိုင်ဖို့အတွက် ကြိုးစားနေဆဲအခြေအနေလို့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းစကတည်းက ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း (၁၉) မှုနဲ့ တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် (၃၃) နှစ်အထိ ချမှတ်ခဲ့တာပါ။
အခုနှစ် သြဂုတ် (၁) ရက်နေ့တုန်းက စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု ၁၉ မှု ထဲက အမှု ၅ မှု အတွက် ၆ နှစ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့လို့ ကျန်တဲ့ ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံနေရတာလည်းဖြစ်ပါတယ်။
မန်တုံမြို့ကို လက်နက်ကြီးအပြင်လေကြောင်းနဲ့ပါပစ်ခတ်နေတယ်လို့ ဒေသခံတွေပြော

ဓာတ်ပုံ ရင်းမြစ်, Shwe Phee Myay News Agency
ရှမ်းပြည်နယ်မြောက်ပိုင်းက ပလောင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ မန်တုံမြို့ကို စစ်တပ်ရဲ့ ခြေလျင်တပ်ရင်း (ခလရ-၁၃၀) ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေအပြင် လေကြောင်းကနေလည်း ဒီမနက်ထိ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
ပစ်ခတ်မှုတွေကြောင့် မန်တုံမြို့ပေါ်နဲ့ အနီးတဝိုက်ရွာက ဒေသခံတော်တော်များများကတော့ ဘေးလွတ်ရာတိမ်းရှောင်သွားကြပြီလို့ ဒေသခံတစ်ဦးရဲ့ အပြောအရသိရပါတယ်။
“ဒီမနက်လည်း လက်နက်ကြီးနဲ့ထပ်ပစ်တယ် အိမ်တွေထိတယ် တနေ့ကလည်း မန်တုံမြို့နားက ရွာတွေကို လက်နက်ကြီးနဲ့ပစ်တယ်။ စစ်တပ်ဘက်က လေယာဉ်နဲ့လည်းလာပစ်တာတွေရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တအာင်းတပ်(TNLA) ဘက်ကတော့ မန်တုံမြို့ လွယ်ကန်ကျေးရွာက ဆွယ်ဟိန်းလက်ဖက်စက်ရုံကုန်းနဲ့ မန်တုံက စစ်ရှောင်စခန်းအပါအဝင် ပန်နင်ကျေးရွာလမ်းခွဲဘက်ကို စစ်တပ်ရဲ့ ခလရ-၁၃၀ ကနေ လက်နက်ကြီးနဲ့ ၃၆ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဒီဇင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
နမ့်ဆန်မြို့က စစ်တပ်နဲ့ TNLA တိုက်ပွဲတွေအတွင်း စစ်တပ်ရဲ့ မန်တုံ ခလရ-၁၃၀ ကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ကူနေပြီး မန်တုံမြို့ထဲကိုလည်း TNLA တပ်တွေ ဝင်ရောက်လာတာကြောင့် ဒီဇင်ဘာ ၁၅ ရက်နောက်ပိုင်းကနေစပြီး မန်တုံမြို့ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ မန်တုံမြို့က အခြေအနေနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
ကုလမှာ မြန်မာကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းဆက်ရှိ

ဓာတ်ပုံ ရင်းမြစ်, Permanent Mission of Myanmar to the United Nations
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းဆက်ရှိတယ်လို့ ကုလရဲ့ အရည်အချင်းစစ်ကော်မတီ(Credential Committee) က ထုတ်ပြန်သလို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောက လည်းအတည်ပြုပါတယ်။
နိုင်ငံကိုယ်စားပြုမှုအရေးဆုံးဖြတ်ချက်ကို ကုလသမဂ္ဂစိစစ်ရွေးချယ်ရေးကော်မတီက ထပ်မံဆိုင်းငံ့လိုက်တဲ့အတွက် သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ မြန်မာကိုယ်စားလှယ်အဖြစ် ဆက်ရှိနေတာဖြစ်ပါတယ်။
''ကုလသမဂ္ဂဟာ ကမ္ဘာမှာနိုင်ငံကိုယ်စားပြု အမြင့်ဆုံးအဖွဲ့အစည်းဖြစ်တဲ့အတွက် သံအမတ်ကြီးအနေနဲ့ ကုလမှာ မြန်မာကိုယ်စားပြုဆွေးနွေးတာတိုက်တွန်းတာတွေလုပ်လို့ရမယ်။ မြန်မာလူထုရဲ့အသံကိုထင်ဟပ်နိုင်မယ်။ လုံခြုံရေးကောင်စီမှာလည်း မြန်မာကိုယ်စားပြုခေါ်ရင်ဆွေးနွေးလို့ရမယ်။တခုပဲ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာရှိတဲ့နိုင်ငံတွေရှိတဲ့အတွက် မြန်မာအတွက် ထိရောက်တဲ့ဆုံးဖြတ်ချက်တွေမရှိသေးဘူး။ ဒါပေမဲ့ မနှစ်က တော့သမိုင်းဝင် ဆုံးဖြတ်ချက်ချနိုင်ခဲ့ပေမဲ့ ဆုံးဖြတ်ချက်ကိုမလိုက်နာရင်ဘာလုပ်မယ်ဆိုတာမပါတော့ မထိရောက်သေးဘူး။ ဒါတွေကိုသံအမတ်ကြီးကဆက်ပြီးတိုက်တွန်းနေမှာပါ'' လို့ ဦးကျော်ဇော်က မှတ်ချက်ပြုပါတယ်။
ဒါပေမဲ့ အရည်အချင်းစစ်ကော်မတီက ဆိုင်းငံ့ထားတဲ့အခြေအနေနနဲ့ဆက်ရှိနေတဲ့သဘောဖြစ်တာကြောင့် သံအမတ်ကြီးဦးကျော်မိုးထွန်းအနေနဲ့ တချို့ကုလရဲ့ အစည်းအဝေးတွေမှာ မဲပေးခွင့်မရှိတာ၊ တက်ရောက်စကားပြောခွင့်မရှိတာမျိုးလည်း ရှိနေပါတယ်။
စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာအရေး၊ တာလီဘန်တွေလက်ထဲ ပြန်ရောက် သွားတဲ့ အာဖဂန်နစ္စတန် အရေးတို့လို အငြင်းပွားဖွယ်ကိစ္စတွေကြောင့် အရည်အချင်းစစ်ကော်မတီက ဒီနှစ်နိုင်ငံရဲ့ ကိုယ်စားပြုခွင့်ကို ဆိုင်းငံ့အနေနဲ့ ဆုံးဖြတ်နေတာဖြစ်ပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ နိုင်ငံအသီးအသီး ကိုယ်စားလှယ်ရွေးချယ်ရေး Credential ကော်မတီရဲ့ ဒီဇင်ဘာလ ၆ ရက်နေ့ အစည်းအဝေးမှာ မြန်မာနဲ့အာဖဂန်နစ္စတန်နိုင်ငံတွေ ကိုယ်စားပြုမှုအရေးကို ဆိုင်းငံ့ထားဖို့ Credential ကော်မတီဥက္ကဋ္ဌ မစ္စ ဂျိမ်းမူဂါဖာလူကာဘိုင်က အဆိုပြုခဲ့ပြီး မဲခွဲတာမရှိဘဲ အတည်ပြုခဲ့တာလို့ ကုလရဲ့ထုတ်ပြန်ချက်ကဖော်ပြပါတယ်။
နယူးယောက်မြို့မှာရုံးစိုက်တဲ့ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် ၂၀၂၃ အတွက်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်က တင်သွင်းခဲ့သလို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အဲဒီနေ့မှာပဲ တင်သွင်းခဲ့တာလို့ဆိုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလကိုယ်စားလှယ်ရွေးချယ်ရေးဆုံးဖြတ်ချက်ကို အရင်နှစ် ၂၀၂၂ တုန်းကလည်း အခုလိုပဲ ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။
ဦးကျော်မိုးထွန်းဟာ ၂၀၂၀ မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်တာဝန်ယူခဲ့ပြီး မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်အပြီး ၂၀၂၁ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အာဏာသိမ်း စစ်ကောင်စီကို ကိုယ်စားမပြုကြောင်း မိန့်ခွန်းပြောဆိုခဲ့တာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဖွဲ့စည်းခဲ့ပြီးတဲ့နောက်မှာတော့ ဦးကျော်မိုးထွန်းကို ဆိုင်ရာကုလသမဂ္ဂဆိုင်ရာမြန်မာကိုယ်စားလှယ်အဖြစ်ဆက်ပြီးခန့်အပ်တယ်လို့ NUG က ကြေညာခဲ့ပါတယ်။








