ဒီဇင်ဘာ ၁၄ ရက် ထိပ်တန်းသတင်းများ - ထိုင်းရောက်မြန်မာတွေ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ရမယ်လို့ မြန်မာသံရုံးထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ လုပ်ငန်းခွင်အမျိုးအစား (Blue Collar နဲ့ White Collar) အလိုက် မြန်မာနိုင်ငံကို ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ရတော့မယ်လို့ ဘန်ကောက်မှာရှိတဲ့မြန်မာသံရုံးက ဒီဇင်ဘာ ၁၃ ရက်နေ့က သတင်းထုတ်ပြန်လာပါတယ်။
ပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ အောက်တိုဘာ ၁ ရက်နေ့ကစလို့ ဝင်ငွေခွန်ပေးဆောင်ရမယ်လို့ နိုဝင်ဘာလ ၂၂ ရက်နေ့က စစ်ကောင်စီရဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာပြီးတဲ့နောက် ထိုင်းရောက်မြန်မာအလုပ်သမားတွေအတွက် အခုလိုအသေးစိတ် ထပ်မံထုတ်ပြန်လာတာဖြစ်ပါတယ်။
Blue Collar ဆိုတာကတော့ ထိုင်းနိုင်ငံရဲ့ စက်ရုံအလုပ်ရုံ၊ စိုက်ပျိုးမွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ အထွေထွေလုပ်သားအဖြစ် လုပ်ကိုင်နေကြတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ လစဉ်ဝင်ငွေကို ထိုင်းဘတ်ငွေ ၇,၅၀၀ သတ်မှတ်ထားပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအရ လစဉ် ဘတ် ၁၅၀ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေကို ပေးဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myanmar Embassy Bangkok
ထိုင်းနိုင်ငံရဲ့ ရေကြောင်းကုမ္ပဏီတွေအပါအဝင် ပုဂ္ဂလိကကုမ္ပဏီတွေ၊ ဆေးရုံနဲ့ တက္ကသိုလ်တွေအပါအဝင် ကောလိပ်၊ ဆောက်လုပ်ရေးအင်ဂျင်နီယာတွေနဲ့ စက်ရုံအလုပ်ရုံ အင်ဂျင်နီယာတွေအဖြစ် လုပ်ကိုင်နေကြတဲ့ White Collar တွေအတွက်လည်း လစဉ်ဝင်ငွေအပေါ် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ဖို့ သတ်မှတ်ထားတာဖြစ်ပါတယ်။
White Collar တွေအတွက် အဲဒီလို သတ်မှတ်ထားပေမယ့် ထိုင်းနိုင်ငံမှာ အခွန်ဆောင်ထားတဲ့သူတွေအတွက် ၂ ရာခိုင်နှုန်းအခွန်အပေါ်မှာ ထိုင်းကို ဆောင်ထားရတဲ့ပမာဏကို နှုတ်ပြီး ကျန်ငွေကိုသာ ပေးဆောင်ရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘန်ကောက်က မြန်မာသံရုံးကတော့ ဝန်ငွေခွန်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတွေကို အခွန်သွင်းထားတဲ့ အထောက်အထားလက်မှတ်ထုတ်ပေးနေပြီး အဲဒီလက်မှတ်ကို သံရုံးမှာ နိုင်ငံကူးလက်မှတ်လဲလှယ် သက်တမ်းတိုးတာ၊ သက်သေခံလက်မှတ် (CI) ပြုလုပ်တာ၊ ကိုယ်သားလှယ်လွှဲစာ၊ ထောက်ခံစာနဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (OWIC) လုပ်တဲ့အခါမှာ ပြသဖို့ လိုမယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီဟာ ပြည်ပရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ဝင်ငွေခွန်ဆောင်ကြဖို့ သက်ဆိုင်ရာ သံရုံးတွေကနေတဆင့် ထုတ်ပြန်တိုက်တွန်းနေပါတယ်။
ပြည်ပရောက်နိုင်ငံသားတွေဟာ သူတို့ရောက်ရှိနေတဲ့ သက်ဆိုင်ရာနိုင်ငံတွေကိုလည်း အခွန်ဆောင်နေရတဲ့အတွက် အခုလိုသာ အခွန်ထပ်ဆောင်ရမယ်ဆိုရင် နှစ်နိုင်ငံအတွက် နှစ်ထပ်ကွမ်း အခွန်ဆောင်ရတော့မှာ ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်နောက်ပိုင်းတုန်းက မြန်မာနိုင်ငံနဲ့ အခွန်နှစ်ထပ် မကျသင့်စေရေးဆိုပြီး ဗြိတိန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ စင်္ကာပူနဲ့ မလေးရှားတွေနဲ့ စာချုပ် ချုပ်ဆိုကာ မြန်မာနိုင်ငံဘက်က ဝင်ငွေခွန်ကင်းလွတ်ခွင့် ပြုထားခဲ့ဖူးပါတယ်။
ဒါပေမဲ့ အခုနှစ် အောက်တိုဘာ၁ရက်နေ့ကစပြီး အခွန်ကောက်ဥပဒေကို ပြင်ဆင်ပြီး အခွန်ကင်းလွတ်ခွင့် ဥပဒေပျက်ပြယ်သွားပြီဖြစ်တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်ကနေ စိတ်ကြွဆေးပြား သန်း ၅၀ စံချိန်တင်ဖမ်းမိ

ဓာတ်ပုံ ရင်းမြစ်, EPA
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ထိုင်း-မြန်မာနယ်စပ်အနီး ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်ရဲ့ စစ်ဆေးရေးဂိတ်မှာ ခြောက်ဘီးထရပ်ကားပေါ် ဝှက်ပြီးတင်ဆောင်လာတဲ့ စိတ်ကြွဆေးပြား သန်း ၅၀ ကို ထိုင်းအာဏာပိုင်တွေက ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ဖမ်းမိခဲ့ပါတယ်။
ကားပေါ်မှာ အမှိုက်တွေရဲ့အောက်မှာ ပလစ်စတစ်ဘူးတွေနဲ့ဝှက်ထားတဲ့ စိတ်ကြွဆေးပြားတွေကို တွေ့ရှိခဲ့တာကြောင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ကားပေါ်မှာပါတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကိုလည်း ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီလိုဖမ်းဆီးရမိတာက အာရှမှာ ဒုတိယအများဆုံးဖြစ်ပြီး ရွှေတြိဂံဒေသအနီးမှာရှိတဲ့ လာအိုနိုင်ငံမှာ ဖမ်းဆီးရမိခဲ့တဲ့ စိတ်ကြွဆေးပြား ၅၅ သန်းကျော်ကတော့ ပထမအများဆုံးဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ အရှေ့တောင်အာရှဆိုင်ရာ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံးရဲ့ တာဝန်ခံ ဂျယ်ရမီ ဒေါက်ကလက်စ် က ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ ရာဇဝတ်ဂိုဏ်းတွေက မူးယစ်ဆေးပြားတွေကို မှောင်ခိုပို့နိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းပြီး ဂျပန်နဲ့နယူးဇီလန်နိုင်ငံတွေအထိပါ ချိတ်ဆက်နိုင်ပြီး ဖြန့်ဖြူးနေတာတွေရှိတယ်လို့ သူက ပြောတယ်လို့ ရိုက်တာသတင်းဌာန သတင်းဖော်ပြပါတယ်။
မတ္တရာမှာ ဘာဖြစ်နေလဲ

ဓာတ်ပုံ ရင်းမြစ်, Mandalay People's Defence Force
မန္တလေးတိုင်း၊ မတ္တရာမြို့ပြင်က ကျေးရွာတွေဘက်ကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
ဒီဇင်ဘာ ၁၂ ရက်မှာ မတ္တရာအရှေ့ဘက်သုံးမိုင်အကွာက ကျောက်တံတားကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တအာင်းတပ် (TNLA) နဲ့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (MDY PDF) က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဒီကနေ့အထိ လက်နက်ကြီးနဲ့ပစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
“လက်နက်ကြီးသံတွေက နေ့တိုင်းကြားနေရတာ၊ ညဘက်ဆိုရင်ပိုဆိုးတယ်” လို့ မတ္တရာဒေသခံတစ်ဦးက ဆိုပါတယ်။
မန္တလေး PDF ဘက်ကတော့ မတ္တရာတိုက်ပွဲမှာ စစ်တပ်ဘက်က ၃ ဦး သေဆုံး၊ ၂ ဦးဖမ်းဆီးရရှိခဲ့ပြီး PDF ဘက်က ၁ ဦးသေဆုံးခဲ့သလို စစ်လက်နက်အသုံးအဆောင်ပစ္စည်းတွေ ရရှိခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့တကွ ဒီဇင်ဘာ ၁၃ ရက်က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း စစ်တပ်နဲ့ TNLA/MDY-PDF တို့ကြား ၃ ရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ကနေ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားကြပါတယ်။
လက်ရှိမှာတော့ မတ္တရာမြို့ပေါ်ကို စစ်တပ်က ထိန်းချုပ်ထားပြီး မတ္တရာမြို့ပြင်နဲ့ အနီးနားက ကျေးရွာတွေကိုတော့ MDY PDF တွေက ထိန်းချုပ်ထားတယ်လို့ စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မတ္တရာမှာဖော်ဆောင်နေတဲ့ တိုက်ပွဲဟာ မြောက်ပိုင်းမဟာမိတ်တပ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ “တောင်သမန်စစ်ဆင်ရေး”နာမည်နဲ့ ဖော်ဆောင်တိုက်ခိုက်နေတာဖြစ်တယ်လို့ MDY PDF က ထုတ်ပြန်ထားပါတယ်။








