ကုလစင်မြင့်မှာ မြန်မာ့အရေးဘယ်လောက်လွှမ်းမိုးခဲ့လဲ

ဓာတ်ပုံ ရင်းမြစ်, NUG
ကမ္ဘာ့ခေါင်းဆောင်တွေ၊ ခေါင်းဆောင်တွေကိုကိုယ်စားပြုတဲ့အဆင့်မြင့်ဝန်ကြီးတွေ နဲ့ ကမ္ဘာလုံးဆိုင်ရာ လူမှုအကျိုးပြုအဖွဲ့အစည်းတွေရဲ့ အကြီးအကဲတွေတက်ရောက်ကြတဲ့ (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက စက်တင်ဘာ ၂၆ ရက်မှာပြီးစီးပြီဖြစ်ပါတယ်။
ညီလာခံရက်အတွင်း အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က ကုလသမဂ္ဂ အဆောက်အအုံအပြင်ဘက်မှာ တလူလူလွင့်နေတဲ့ နိုင်ငံပေါင်းစုံရဲ့အလံတွေ၊ အရောင်သွေးစုံဝတ်ဆင်ထားတဲ့ လူမျိုးစုံရာနဲ့ချီ၊ ကမ္ဘာ့နိုင်ငံအသီးသီးက သတင်းထောက်တွေနဲ့ ပျားပန်းခတ် စည်ကားခဲ့ပါတယ်။ ဒီကမ္ဘာလုံးဆိုင်ရာ အရေးအကြီးဆုံး အထွေထွေညီလာခံကြီးကို အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံတက်ရောက်ပြီး နိုင်ငံအလိုက်ခေါင်းဆောင် ၁၄၀ ကျော်က မိန့်ခွန်းပြောခဲ့ကြပါတယ်။
တစ်နှစ်တာပတ်လုံးကုလသမဂ္ဂကကျင်းပတဲ့ အစည်းအဝေးတွေအားလုံးထဲမှာ ဒီအထွေထွေညီလာခံကြီးကို အရေးပေးစောင့်ကြည့်ကြတာက နိုင်ငံအလိုက်ခေါင်းဆောင်တွေ ကိုယ်တိုင်တက်ရောက်ပြီး (General Debate) လို့ခေါ်တဲ့ အထွေထွေမူဝါဒရေးရာမိန့်ခွန်းတွေ ပြောကြလို့ပါ။
(General Debate) ဟာ ကုလသမဂ္ဂရဲ့ နှစ်ပတ်လည် ဆွေးနွေးပွဲတွေထဲကအရေးကြီးဆုံးတစ်ခုဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ နိုင်ငံ့ခေါင်းဆောင်တွေက တစ်ဦးကို ၁၅ မိနစ်ကြာမိန့်ခွန်းပြောကြပြီး သက်ဆိုင်ရာနိုင်ငံအသီးသီးရဲ့ မူဝါဒတွေမှာ အလေးပေးမှုအစီအစဥ်ကို ဒီမိန့်ခွန်းတွေက ထင်ဟပ်စေပါတယ်။
အခုနှစ်မှာတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ရဲ့ ဗီတိုအာဏာကိုင်ထားတဲ့ အမြဲတမ်းအဖွဲ့ ဝင် ၅ နိုင်ငံဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ ရုရှား၊ တရုတ်၊ ပြင်သစ်တို့ထဲက ခေါင်းဆောင်တွေအနက် အမေရိကန်သမ္မတဂျိုးဘိုင်ဒန် တစ်ယောက်ပဲ ကိုယ်တိုင် တက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ်။
ကျန်တဲ့ ၄ နိုင်ငံခေါင်းဆောင်တွေက မတက်ရောက်ဘဲ သူတို့ကိုကိုယ်စားပြုတဲ့ နိုင်ငံခြားရေးဝန်ကြီး တွေပဲတက်ပါတယ်။ ရုရှား - ယူကရိန်းအရေးက ကမ္ဘာလုံးဆိုင်ရာပြဿနာဖြစ်နေလို့ အမေရိကန်သမ္မတရဲ့ မူဝါဒရေးရာမိန့်ခွန်းကို တစ်ကမ္ဘာလုံးကစောင့်ကြည့်ခဲ့သလို ရုရှားသမ္မတမတက်တဲ့ ဒီညီလာခံမှာ ယူကရိန်းဘက်ကတော့ သမ္မတဇာလန်းစကီး ကိုယ်တိုင်တက်ရောက်ပြီး မိန့်ခွန်းပြောခဲ့ပါတယ်။
ဒီကနေ့ခေတ်ကာလအခြေအနေအရ ဆုံးဖြတ်ချက်တွေကို ဗီတိုအာဏာလို့ခေါ်တဲ့ အပြီးအပြတ် ပိတ်ပင်ပယ်ချနိုင်တဲ့ အခွင့်အာဏာမျိုး နိုင်ငံတချို့ကို ဆက်ပေးထားသင့်သလား ဆိုတာကိုလည်း မေးခွန်းထုတ်ခဲ့ကြတာ တွေ့ရပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂ ရဲ့ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များမှာ ဥပဒေသစ်တွေ တင်သွင်းတာကို ပိတ်ပင်နိုင်တဲ့အခွင့်အာဏာ ကိုင်ထားခွင့်ရှိတဲ့ နိုင်ငံတွေ ကုလသမဂ္ဂမှာမရှိသင့်တော့တာမျိုး ထောက်ပြဝေဖန်တာတွေလည်း ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ယူကရိန်းအရေးလွှမ်းမိုးခဲ့တဲ့ ကုလစင်မြင့်
အခုနှစ်ရဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ရုရှား - ယူကရိန်းအရေးက လွှမ်းမိုးခဲ့ပြီး နိုင်ငံတိုင်းက စားနပ်ရိက္ခာဖူလုံရေးနဲ့စွမ်းအင်ကဏ္ဏဟာ ဒီစစ်ပွဲနောက်မှာ စိန်ခေါ်ချက်ဖြစ်လာတာကို ဦးစားပေး ထည့်ပြောကြပါတယ်။ ဒါ့အပြင် ကပ်ရောဂါဒဏ်ကိုခံခဲ့ရတဲ့ကမ္ဘာကြီးမှာ လောလောလတ်လတ် သဘာဝ ဘေးဒဏ်ခံထားရတဲ့ လစ်ဗျားမုန်တိုင်း၊ မော်ရိုကိုငလျင်တို့ကို ပမာပြုပြီး စိုးရိမ်စရာဖြစ်လာတဲ့ ရာသီဥတုဆိုင်ရာပြောင်းလဲဖောက်ပြန်မှုတွေနဲ့ အရင်းခံပြဿနာကိုဖြေရှင်းဖို့ကလည်း အဓိကပြောကြတဲ့ အချက်ထဲပါပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နိုင်ငံအလိုက်ရဲ့ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ပညာရေး နဲ့ ကျန်းမာရေးနယ်ပယ်တွေကို ပြောကြသလို လူ့အခွင့်အရေး၊ နိုင်ငံတကာဥပဒေတွေအတိုင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း အချေအတင်ဆွေးနွေးကြပါတယ်။
တစ်ကမ္ဘာလုံးစိတ်ဝင်တစားရှိခဲ့ကြတဲ့ အမေရိကန်သမ္မတ ရဲ့ မိန့်ခွန်းမှာတော့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် နှစ်ပေါင်းများစွာ စောင့်ထိန်းခဲ့တဲ့ ကုလပဋိညာဉ်ကို ရုရှားက ယူကရိန်းကို ကျူးကျော်ပြီး ချိုးဖေါက်ခဲ့တယ်လို့ပြောခဲ့ပြီး ရုရှားကိုဝိုင်းဝန်းရှုတ်ချဖို့ တိုက်တွန်းခဲ့ပါတယ်။
သမ္မတဘိုင်ဒန်ရဲ့ မိန့်ခွန်းထဲမှာ အမေရိကန်က ကမ္ဘာကြီးကိုဆက်ပြီးလွှမ်းမိုးဖို့ဆိုတာကိုမြင်ရပြီး ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုဆိုးရွားဖောက်ပြန်မှုတွေ၊ စားနပ်ရိက္ခာဖူလုံရေးနဲ့ စွမ်းအင်လုံလောက်မှု ဆိုင်ရာတွေအတွက် စိန်ခေါ်ချက်တွေရှိနေတာ ပြောသွားတဲ့အပြင် အီရန်ကို နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံအဖြစ်မခံဘူးဆိုတဲ့ အမေရိကန်ရဲ့ ခိုင်မာတဲ့သံန္နိဋ္ဌာန်ကိုပြောခဲ့ပါတယ်။
မြောက်ကိုရီးယားက လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကိုမလိုက်နာဘဲ မစ်ဆိုင်းဒုံးကျည်တွေ ပစ်လွှတ်နေတာကိုရှုတ်ချတာ၊ ကိုရီးယား ကျွန်းဆွယ်တွင်းတည်ငြိမ်လုံခြုံဖို့ သံတမန်ရေးနည်းလမ်းနဲ့ ဆက်ပြီးဆောင်ရွက်မယ်ဆိုတာတွေနဲ့ တရုတ်ကိုငြိမ်းချမ်းတဲ့နည်းနဲ့ ယှဥ်ပြိုင်နေတယ်ဆိုတာတွေကို ထည့်ပြောပါတယ်။ ဒါပေမဲ့ သူ့ရဲ့ မိနစ် ၃၀ ခန့်ရှိခဲ့တဲ့ အဲဒီမိန့်ခွန်းထဲမှာ မြန်မာ့အရေးတော့ မပါခဲ့ပါဘူး။
နိုင်ငံရေးလေ့လာသုံးသပ်သူလည်းဖြစ် မူဝါဒရေးရာတွေကိုလေ့လာတဲ့ တမ္ပဒီပအင်စတီကျူရဲ့ ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်းကတော့ မြန်မာ့အရေး ကမ္ဘာစင်မြင့်ပေါ်ရောက်ဖို့ ဒါမှမဟုတ် ကမ္ဘာတဝန်းက ပိုပြီးစိတ်ဝင်စားဖို့မှာ အမျိုးသားညီညွတ်ရေးအစိုးရမှ ာပိုပြီးတာဝန်ရှိတယ်လို့ သူ့အမြင်ကိုပြောပါတယ်။
"NUG က သူ့ brand ကိုတည်ဆောက်ရမယ်။ ဒီအတိုင်းလုပ်နေရုံနဲ့မရဘူး။ လိုက်တွေ့ရမယ် ပြောရမယ်။ အရေးကြီးတဲ့မိန့်ခွန်းတွေထဲမှာ မြန်မာပါဖို့ကြိုးပမ်းအားထုတ်ရမယ်။ နိုင်ငံအများစုသဘောထားကတော့ မြန်မာ့အရေး စိတ်ထဲရှိပေမဲ့ ဒါကိုပြောနေရတာပင်ပန်းနေကြပြီလို့ ပြောရမယ်" လို့ သုံးသပ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UN
လက်ချိုးရေလို့ ရတဲ့ မြန်မာ့အရေးပြောတဲ့နိုင်ငံတွေ
ကုလသမဂ္ဂအထွေထွေညီလာခံမှာ အာရှထဲကနိုင်ငံတွေက မြန်မာ့အရေးရှေ့တန်းတင်တာ ဒါမဟုတ် ထည့်ပြောတာမရှိဘဲ အရှေ့တောင် အာရှနိုင်ငံအချို့ကပဲ မြန်မာ့အရေးကို ပြောခဲ့ကြပါတယ်။ မြန်မာ့အရေးပြောကြတဲ့ နိုင်ငံတွေကတော့ အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှားနဲ့ အရှေ့တီမောတို့ ပါ။
မြန်မာ့အိမ်နီးချင်း ထိုင်းကတော့ ညီလာခံပြင်ပ ဘေးပန်းဆွေးနွေးပွဲမှာ မီဒီယာတွေနဲ့တွေ့ချိန်မှာ မြန်မာ့အရေး ထိုင်းအစိုးရသစ်ရဲ့ စဥ်းစားချက်ကို ပြောတာရှိပေမဲ့ မူဝါဒရေးရာမိန့်ခွန်းမှာ မြန်မာအရေးထည့်ပြောတာ မရှိပါဘူး။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တီနိုမာဆူဒီက စစ်ကောင်စီအနေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ ထပ်ပြီးတိုက်တွန်းခဲ့သလို အခက်အခဲဒုက္ခတွေရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို အာဆီယံကပစ်ပယ်ထားမှာမဟုတ်ဘဲ မြန်မာ့အရေးဖြေရှင်းဖို့ ဆက်ကြိုးစားမယ်လို့ စနေနေ့က ပြောခဲ့ပါတယ်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာ ခရစ်ရှ်နန် ကလည်း ရုရှားနဲ့ယူကရိန်းပဋိပက္ခဆက်ဖြစ်နေသလို ဒါက နိုင်ငံတကာနဲ့ ကုလသမဂ္ဂရဲ့စာချုပ်တွေကိုချိုးဖောက်နေတဲ့ အကြီးမားဆုံးစစ်ပွဲဆိုတာမှန်ပေမဲ့ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးမျှော်လင့်ချက်ရိုက်ချိုးခံရတဲ့ မြန်မာလူထုကို ကမ္ဘာ့ခေါင်းဆောင်တွေက ကြည့်ပေးဖို့ ပြောခဲ့ပါတယ်။
‘’ယူကရိန်းစစ်ပွဲနဲ့အတူ ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာလုံလောက်ဖို့၊ ရာသီဥတုဖောက်ပြန်မှုဆိုင်ရာကိစ္စ၊ နိုင်ငံတိုင်းကြုံနေရတဲ့ ငွေကြေးတန်ဖိုးကျဆင်းခြင်းတွေက အရေးကြီးတာမှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းဖြစ်တဲ့ အာဆီယံထဲက မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ အကြမ်းဖက်မှုတွေဖြစ်နေပါတယ်။ မြန်မာနိုင်ငံသားတွေနဲ့ထိုက်တန်တဲ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးလိုလားမှုတွေဟာ ရိုက်ချိုးဖျက်ဆီးခံနေရပါတယ်။ အဲဒီအတွက် မြန်မာပြည်သူတွေနဲ့အတူ ကျွန်တော်တို့လည်း ထပ်တူခံစားနေရပါတယ်’’ လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ကပြောသွားပါတယ်။
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်ကတော့ မြန်မာစစ်ကောင်စီကို မပြတ်ဖိအားပေးဖို့ကုလ သမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းခဲ့ပါတယ်။
မြန်မာ့အရေးဖြေရှင်းရာမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထောက်ခံအားပေးမှု အရေးပါပြီး စစ်တပ်ကနောက်ကြောင်းပြန်လှည့်သွားအောင် မပြတ်တိုက်တွန်းဖို့နဲ့ လိုအပ်တဲ့ဖိအားပေးမှုတွေ ဆက်လုပ်ထားဖို့ အရေးကြီးတဲ့အကြောင်း မလေးဝန်ကြီးချုပ်ကထည့်ပြောခဲ့တာပါ။
‘‘မလေးရှားအနေနဲ့ မြန်မာမှာ ဆက်လက်ဖြစ်ပွားနေတဲ့အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုတွေကြောင့် အလွန်အမင်းစိုးရိမ်ထိတ်လန့်ရတယ်’’ လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
အရှေ့တီမောသမ္မတဟိုဆေးရာမို့စ်ဟော်တာကလည်း သူ့ရဲ့ ၁၅ မိနစ်တာရတဲ့ အချိန်ထဲ လက်နက်ကိုင်ပဋိပက္ခတွေ ကြီးထွားလာတဲ့ မြန်မာ၊ အာဖဂန်နစ္စတန်၊ ယီမင်၊ ဆီးရီးယား၊ ပါလက်စတိုင်း၊ ကွန်ဂို နိုင်ငံတွေအကြောင်း ထည့်ပြောပြီး မြန်မာ့အရေးကိုတော့ အချက်အလက်တွေနဲ့ အာရုံစိုက်အလေးပေးပြောခဲ့ပါတယ်။
သမ္မတရာမို့စ်ဟော်တာက မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေရှိနေပြီးကလေးငယ်တွေအပါအဝင် ထိခိုက်ခံစားလွယ်တဲ့အုပ်စုတွေနဲ့ အရပ်သားတွေဟာ လေကြောင်းတိုက်ခိုက်မှု၊ ရဟတ်ယာဥ်နဲ့ ပစ်ခတ်မှုတွေကို ခံစားနေရတယ်လို့ ထည့်ပြောပါတယ်။
အနည်းဆုံး လူပေါင်း ၃၀၀၀ သတ်ဖြတ်ခံထားရပြီးရွေးကောက်ခံအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူပေါင်း ၁၇,၀၀၀ ဖမ်းဆီးထိန်းသိမ်းခံထားရလို့ ဒါကိုလည်းအားလုံးကမမေ့လျော့ပေးဖို့ ပြောခဲ့ပါတယ်။
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် ဆထာထေဝီဆင်လည်းသူ့ရဲ့ ဝန်ကြီးချုပ်ရာထူးလက်ခံပြီးနောက် ကုလညီလာခံမှာ ပထမဆုံးတက်ရောက်ပြီး မိန့်ခွန်းပြောခဲ့ပါတယ်။
ညီလာခံမှာ ထိုင်းနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကိုပြောခဲ့ပေမဲ့ဘယ်နိုင်ငံအတွက်ဆိုတာကို နာမည်တပ်ပြောတာမရှိပါဘူး။ ဒါပေမဲ့ ညီလာခံပြင်ပသတင်းထောက်တွေနဲ့ တွေ့ချိန်မှာတော့ ထိုင်းနိုင်ငံထဲမှာ ရောက်နေတဲ့ မြန်မာဒုက္ခသည်တွေအရေး အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။
လူ့အခွင့်အရေးကို အလေးထားပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှုတွေကို ထောက်ခံမှာဖြစ်သလို ဒုက္ခသည်တွေကို ကူညီရေးမှာ ပါဝင်ဆောင်ရွက်မှာဖြစ်ပေမဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ပြည်တွင်းရေးကိုတော့ စွက်ဖက်မှာမဟုတ်ဘူးလို့ ဝန်ကြီးချုပ်ကသတင်းထောက်တွေရဲ့ မြန်မာ့အရေးမှာ ထိုင်းဘယ်လိုရပ်တည်မလဲ ဆိုတာမျိုး မေးခွန်းတွေအပေါ် အဖြေပြန်ပေးခဲ့ပါတယ်။
မြန်မာ့အရေးထည့်ပြောသွားတဲ့ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ စကားလုံးအသုံးအနှုန်းကို ချိန်ဆကြည့်ရင် အင်ဒိုနီးရှားနဲ့ စင်ကာပူက အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အခြေပြုစဥ်းစားဖို့ နဲ့ မြန်မာရဲ့ အခြေအနေကို မမေ့လျော့ထားဖို့ သံတမန်ဆန်ဆန်စကားလုံးသုံးပြီး တိုက်တွန်းခဲ့တာမျိုးပါ။
မလေးရှားနဲ့ အရှေ့တီမောကတော့ မြန်မာစစ်တပ်ကို နိုင်ငံတကာကအရေးယူဖို့ ပြင်းထန်တဲ့ စကားလုံးအချို့သုံးပြီး ဝေဖန်သလို မြန်မာစစ်တပ်ရဲ့လုပ်ရပ်တွေကို ဒီတိုင်းကြည့်မနေဖို့ဆိုတာမျိုး အသုံးအနှုန်းနဲ့ မေးခွန်းထုတ်တာမျိုး ပြောခဲ့ပါတယ်။
မြန်မာ့ဘေးချင်းကပ်နိုင်ငံ ထိုင်းအစိုးရသစ်ကတော့ မြန်မာ ဒုက္ခသည်တွေကို ကူညီပေးမယ်ဆိုတာမျိုးသာ ပြောခဲ့ပြီး ထိုင်းရဲ့ မြန်မာ့အရေးချဥ်းကပ်မှုဟာ နိုင်ငံရေးအရဝင်ပါမှာမဟုတ်တာမျိုး တွေ့ရပါတယ်။
လာမယ့် ၂၀၂၄ ခုနှစ်မှာအာဆီယံဥက္ကဋ္ဌဖြစ်လာမယ့် လာအိုနိုင်ငံကတော့ မြန်မာ့အရေးထည့်ပြောသွားတာ မရှိဘဲရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စနဲ့ သဘာဝဘေးအန္တရာယ်တွေအကြောင်း၊ အရှေ့အလယ်ပိုင်းက ပဋိပက္ခတွေနဲ့ ပါလက်စတိုင်းအရေး၊ ကုလသမဂ္ဂရဲ့ ၁၅ နှစ်စီမံချက် (Sustainable Development Goals) SDG လို့ခေါ်တဲ့စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအစီအစဉ် တို့ကိုပဲထည့်ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ကုလအတွင်းရေးမှူးရဲ့ မြန်မာ့အရေးပြောကြားချက်
၇၈ ကြိမ်မြောက်အထွေထွေညီလာခံမှာ ကုလသမဂ္ဂရဲ့ SDG (Sustainable Development Goals) လို့ခေါ်တဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအစီအစဉ်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ နိုင်ငံအလိုက်ခေါင်းဆောင်တွေက အာရုံစိုက်ပြောခဲ့ပါတယ်။
ဒါပေမဲ့နိုင်ငံအသီးသီးရဲ့ အခြေအနေကိုထင်ဟပ်စေတဲ့ ညီလာခံအစရက် စက်တင်ဘာ ၁၉ ရက်နေ့က ပြောတဲ့ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတားရက်စ်ရဲ့ မိန့်ခွန်းမှာတော့ မြန်မာ့အရေးထည့်ပြောခဲ့ပါတယ်။
ကုလအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံတွင်း နိုင်ငံရေးအခြေအနေမတည်ငြိမ်ဘဲ ပိုဆိုးရွားလာသလို အစာရေစာငတ်မွတ်ခေါင်းပါးမှုကိုလည်း ကြုံနေကြရတယ်လို့ ပြောကြားခဲ့တာပါ။
‘’မြန်မာနိုင်ငံတွင်း ရက်စက်တဲ့အကြမ်းဖက်မှုတွေ ပိုဆိုးလာပြီး ဆင်းရဲတွင်းပိုနက်သလို ဖိနှိပ်ခံရမှုတွေလည်းတိုးလာတာက လူထုရဲ့ ဒီမိုကရေစီပြန်ရရေးမျှော်လင့်ချက်ကို ရိုက်ချိုးပစ်နေတယ်’’ လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ကုလညီလာခံအပေါ် NUG တုံ့ပြန်ချက်နဲ့ စစ်ကောင်စီ
အမျိုးသားညီညွတ်ရေးအစိုးရ NUG က နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ ဝန်ကြီးအချို့ ကတော့ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပနေတဲ့ရက်တွေအတွင်း နယူးယောက်မြို့ကို ရောက်နေခဲ့ပါတယ်။
အမေရိကန် အာရှပစိဖိတ်ဒေသက ဒုတိယနိုင်ငံခြားရေးဝန်ကြီး၊ အရှေ့တီမောအပါအဝင် နိုင်ငံအချို့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာကိုလည်းထုတ်ပြန်ထားပါတယ်။
အမေရိကန်လက်ထောက်နိုင်ငံခြားဝန်ကြီးနဲ့ တွေ့ဆုံရာမှာ မြန်မာစစ်တပ်ရဲ့ လက်နက်ဝယ်ယူမှုကို ပိတ်ဆို့ဖို့၊ မြန်မာ့ရေနံလုပ်ငန်း MOGE အပါအဝင် စစ်တပ်ရဲ့ ဝင်ငွေရလမ်းတွေကို ပိတ်ဆို့တာတွေ ဆက်လုပ်ဆောင်ဖို့ NUG ဘက်က တိုက်တွန်းခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ဘီဘီစီကို ပြောထားပါတယ်။
‘’မြန်မာစစ်တပ်က ရက်စက်စွာကျူးလွန်တဲ့လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး တာဝန်ခံမှုရှိစေဖို့ အမေရိကန်က အရေးယူဆောင်ရွက်တာတွေကို ဆက်လက်လုပ်ဆောင်မယ်လို့ ကတိပြုဆွေးနွေးခဲ့ပါတယ်’’ လို့ ဦးအောင်ကျော်မိုးက ဘီဘီစီကိုပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူဦးနေဘုန်းလတ်ကတော့ နိုင်ငံတကာအနေနဲ့ ကမ္ဘာလုံးဆိုင်ရာအရေးကိစ္စတွေကို အာရုံစိုက်ပြောကြလေ့ရှိသလို ယူကရိန်း - ရုရှားအရေးကိုထည့်ပြောကြတာက အင်အားကြီးနိုင်ငံ တစ်ခုက အင်အားနည်းနိုင်ငံတစ်ခုကို ကျူးကျော်ရန်စသိမ်းပိုက်ဖို့ ကြိုးစားတာမျိုးကြောင့် ပိုပြီး အရေးထားပြောကြတာလို့ သုံးသပ်ပါတယ်။
‘’မြန်မာနိုင်ငံကတော့ ကိုယ့်နိုင်ငံအတွင်းမှာပဲ စစ်တပ်နဲ့ဖြစ်တယ်ဆိုတာမျိုးစဥ်းစားကြတာရှိပါတယ်။ အကျိုးစီးပွားကိစ္စလည်းပါတာပေါ့။ ဘယ်နိုင်ငံမဆို ကိုယ့်တိုင်းပြည်အကျိုးစီးပွားကို ပထမဦးစားပေး ဆောင်ရွက်ကြရတာပါပဲ‘’ လို့ ဦးနေဘုန်းလတ်က တုံ့ပြန်ပါတယ်။
လက်ရှိမှာ NUG အနေနဲ့ မြန်မာနိုင်ငံတွင်းအခြေအနေမှန်ကိုကမ္ဘာကသိဖို့၊ တရားဝင်အစိုးရဖြစ်တဲ့ NUG ကိုအသိအမှတ်ပြုဖို့ နဲ့ စစ်တပ်နဲ့ အဆက်အဆံမလုပ်ဖို့ စတဲ့အချက်တွေအတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေပြီး ကုလရဲ့ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း အပါအဝင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနဲ့ တခြားခရီးသွားခွင့်ရှိတဲ့ ဝန်ကြီးတွေက တစ်ကမ္ဘာလုံးကိုလှည့်လည်သွားလာပြီး တစိုက်မတ်မတ်လုပ်နေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂရဲ့ အထွေထွေညီလာခံရဲ့ မူဝါဒရေးရာမိန့်ခွန်း (General Debate) မှာ နိုင်ငံခေါင်းဆောင် ဒါမှမဟုတ် နိုင်ငံကိုယ်စားပြုသူတစ်ဦးက တက်ရောက်မိန့်ခွန်းပြောကြားခွင့်မရတာ သုံးနှစ်မြောက်ရှိပြီဖြစ်ပါတယ်။ စစ်အာဏာသိမ်းထားတဲ့နောက် နိုင်ငံခေါင်းဆောင်ကိုယ်စားပြုသူအဖြစ် စစ်ကောင်စီရော အမျိုးသားညီညွတ်ရေးအစိုးရပါ မရရှိဘဲ မြန်မာနေရာမှာလစ်လပ်ထားတာဖြစ်ပါတယ်။
လက်ရှိမှာတော့ကုလသမဂ္ဂရဲ့ မြန်မာသံအမတ်ကြီးနေရာမှာ စစ်အာဏာသိမ်းတာကိုဆန့်ကျင်ခဲ့တဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကပဲ မြန်မာကိုယ်စားပြုဆက်ရှိနေတာပါ။ စစ်ကောင်စီဘက်ကတော့ ကုလရဲ့မြန်မာသံအမတ်နေရာမှာ စစ်ဘက်အရာရှိဟောင်း ဦးအောင်သူရိန်ကို အမည်တင်သွင်းထားပါတယ်။
လာမယ့်နိုဝင်ဘာ ကုလသမဂ္ဂရဲ့ အရည်အချင်းစစ်ကော်မတီအစည်းအဝေးမှာ မြန်မာသံအမတ်အဖြစ် ဘယ်သူရှိရမလဲဆိုတာကို ဆုံးဖြတ်နိုင်ခြေရှိနေပြီး ဦးကျော်မိုးထွန်းဆက်ရှိနိုင်တယ်လို့ ကုလကလာတဲ့သတင်းတချို့က ပြောထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ပတ်သက်တဲ့ မည်သည့်သတင်းကိုမှ ဖော်ပြတာမရှိသလို သူ့ရဲ့နိုင်ငံခြားရေးဝန်ကြီးကလည်း နိုင်ငံ့ခေါင်းဆောင်အချို့ရဲ့ပြောကြားချက်အပေါ် တုံ့ပြန်ထုတ်ပြန်တာမရှိသေးပါဘူး။








