ဆိုလာပြားတွေကို ပင်လယ်ထဲထားနိုင်တဲ့ နည်းပညာ ဘယ်လောက်တိုးတက်လာနေသလဲ

ဓာတ်ပုံ ရင်းမြစ်, Ocean Sun

ဓာတ်ပုံ ပုံစာ, ပင်လယ်မှာ ထားမယ့် ဆိုလာပြားတွေကတော့ လှိုင်းဒဏ် လေဒဏ် ခံနိုင်အောင် ပုံစံထုတ်ရမှာ ဖြစ်

နေရောင်ခြည်စွမ်းအင်ကို ရယူပြီး လျှပ်စစ်အဖြစ် ပြောင်းလဲပေးနိုင်တဲ့ ဆိုလာပြားသုံး နည်းပညာဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ ကုန်ကျစရိတ် အတော်သက်သာလာခဲ့ပြီး နိုင်ငံတကာ စွမ်းအင်အဖွဲ့အရဆိုရင် နောက်ထပ်အသစ် ဆောက်လုပ်လာမယ့် ဓာတ်အားပေး စက်ရုံတွေအတွက်ဆိုရင် ဈေးအသက်သာဆုံး ရွေးချယ်စရာတခု ဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ဆိုလာပြားတွေနဲ့  လျှပ်စစ်ထုတ်မှုမှာ အဓိကလိုအပ်ချက်က နေရာကျယ်ကျယ် လိုအပ်မှုဖြစ်ပြီး ကုန်းပေါ်မှာ ဖြန့်ကြက်ထားမယ်ဆိုရင် အိမ်ရာ၊ လယ်ယာနဲ့  စီးပွားရေး လုပ်နိုင်တဲ့ မြေနေရာတွေ နည်းသွားနိုင်တဲ့ အားနည်းချက် ရှိပါတယ်။  

ဒါ့ကြောင့် သိပ္ပံပညာရှင်တွေနဲ့  အင်ဂျင်နီယာတွေဟာ ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ ဆိုလာပြားတွေ ထားရှိပြီး လျှပ်စစ်ထုတ်လုပ်နိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေ လုပ်ဆောင်နေကြပါတယ်။ 

အခုလို ရေမျက်နှာပြင်ပေါ်မှာ ဆိုလာပြားထားတဲ့ စနစ်ကို ကမ္ဘာအနှံ့မှာ အသုံးပြုနေကြပြီး ဖြစ်ပေမယ့် ပင်လယ်မှာ ထားမယ့် ဆိုလာပြားတွေကတော့ လှိုင်းဒဏ် လေဒဏ် ခံနိုင်အောင် ပုံစံထုတ်ရမှာ ဖြစ်ပါတယ်။ 

ဓာတ်ပုံ ရင်းမြစ်, SolarDuck

ဓာတ်ပုံ ပုံစာ, SolarDuck ဟာ ဆိုလာပြားတွေကို ပင်လယ်ရေမျက်နှာပြင်အထက် မီတာ အများအပြားမြင့်တဲ့ စင်တွေပေါ်မှာ တင်ထားတဲ့ ပုံစံ လုပ်မယ်

ဘယ်လို နည်းလမ်းတွေနဲ့  ပုံစံ ထုတ်နေကြသလဲ 

နယ်သာလန်နဲ့ နော်ဝေး အခြေစိုက် SolarDuck ဆိုတဲ့ ကုမ္ပဏီဟာ အခုလို ပင်လယ်ဒဏ် ခံနိုင်မယ့် ဆိုလာပြားတွေ ထုတ်လုပ်ဖို့  သုတေသနတွေ ပြုလုပ်နေပါတယ်။  

ဒီကုမ္ပဏီဟာ လောလောဆယ်မှာ ဂျာမနီက စွမ်းအင်ကုမ္ပဏီတခုဖြစ်တဲ့ RWE နဲ့  ပူးပေါင်းပြီး မြောက်ပင်လယ်ပြင်က လေအားလျှပ်စစ်ထုတ်ရာ နေရာမှာ ရေပေါ်ဆိုလာပြား ဓာတ်အားပေး စက်ရုံထူထောင်ဖို့  ကြိုးစားနေပါတယ်။ 

ဒီကုမ္ပဏီရဲ့  အဆိုအရ သူတို့ ဒါကို ဆောက်လုပ်ပြီးစီးသွားရင် ကမ္ဘာပေါ်မှာ အကြီးဆုံး ပင်လယ်ပြင်အခြေစိုက် ဆိုလာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံဖြစ်လာပြီး အနီးနား ကမ်းခြေက ရာနဲ့ချီတဲ့ အိမ်တွေကို ဓာတ်အားပေးနိုင်မယ်လို့ ဆိုပါတယ်။ 

SolarDuck ဟာ ဆိုလာပြားတွေကို ပင်လယ်ရေမျက်နှာပြင်အထက် မီတာ အများအပြားမြင့်တဲ့ စင်တွေပေါ်မှာ တင်ထားတဲ့ ပုံစံ လုပ်မယ်လို့ လည်း ပြောဆိုထားပါတယ်။ 

ဒီရေမျော ဆိုလာပြားစက်ရုံကို ၂၀၂၆ မှာ အပြီးသတ် တည်ဆောက်ဖို့  ရည်ရွယ်ထားပြီး အနီးနားမှာရှိတဲ့ လေအားလျှပ်စစ်ထုတ် ဒလက်ကြီးတွေက ထွက်တဲ့ လျှပ်စစ်ဓါတ်အားအတွက် ထားရှိပြီးသား ဓာတ်ကြိုးတွေကိုပဲ ပြန်လည် အသုံးပြုမယ်လို့  ဆိုပါတယ်။ 

ဓာတ်ပုံ ရင်းမြစ်, Ocean Sun

ဓာတ်ပုံ ပုံစာ, ဆိုလာပြားတွေကို ပင်လယ်လှိုင်းအတိုင်း အလိုက်သင့် ကွေးညွတ်နိုင်အောင် ထုတ်လုပ်မှာ ဖြစ်

Ocean Sun ဆိုတဲ့ ကုမ္ပဏီကတော့ သူတို့ရဲ့  ရေမျော ဆိုလာပြား စက်ရုံ ဆောက်လုပ်ရာမှာ အကွေးအကောက်ခံနိုင်တဲ့ ဆိုလာပြားတွေကို အခြေခံ ထုတ်လုပ်မယ်ဆိုပြီး ဆိုလာပြားတွေကို ပင်လယ်လှိုင်းအတိုင်း အလိုက်သင့် ကွေးညွတ်နိုင်အောင် ထုတ်လုပ်မှာ ဖြစ်ပါတယ်။  

သူတို့ ရဲ့  ဆိုလာပြား ဖြန့်ကြက် ပုံစံထုတ်ထားပုံက လာရိုက်တဲ့ ပင်လယ်လှိုင်းကိုလည်း အားနည်းသွားအောင် လုပ်နိုင်ဖို့လည်း ပုံစံ ထုတ်ထားတယ်လို့  ဒီကုမ္ပဏီ ထူထောင်သူ အမှုဆောင် အရာရှိချုပ် ဘော့ဂျ် ဘယွန်းနက်ကလက်က ဆိုပါတယ်။ 

ဒီကုမ္ပဏီရဲ့  ဆိုလာပြားထားရှိပုံကတော့ တဆက်တည်း အပြားလိုက်ဖြစ်တဲ့အတွက် လှိုင်းကို အားနည်းအောင် လုပ်နိုင်တာဖြစ်ပြီး ပင်လယ်ရေနဲ့  နီးနီးကပ်ကပ်ထားတဲ့အတွက်လည်း ဆိုလာပြားတွေ အပူချိန်တက်မှာကို ကာကွယ်နိုင်မယ်လို့  သူက ဆိုပါတယ်။ 

Ocean Sun ကုမ္ပဏီဟာလည်း SolarDuck နဲ့  အလားတူ လေအားလျှပ်စစ်ထုတ် ဒလက်ကြီးတွေကို အားဖြည့်ပေးတဲ့အနေနဲ့  ဒီ ရေမျောဆိုလာစက်ရုံတွေကို ဆောက်လုပ်မှာဖြစ်ပါတယ်။ 

ဓာတ်ပုံ ရင်းမြစ်, LUOFENG HUANG

ဓာတ်ပုံ ပုံစာ, စက်ပိုင်း အင်ဂျင်နီယာ ကထိက လူဖန်းဟွမ်ကတော့ ဒီ ကုမ္ပဏီ နှစ်ခုလုံးရဲ့  ရေမျော ဆိုလာစက်ရုံ တည်ဆောက်ပုံမှာ အားနည်းချက်တွေ ရှိတယ်လို့  ဆို

ဘာအားနည်းချက်တွေ ရှိနေသလဲ 

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ယူကေနိုင်ငံ ခရန်းဖီး တက္ကသိုလ်က စက်ပိုင်း အင်ဂျင်နီယာ ကထိက လူဖန်းဟွမ်ကတော့ ဒီ ကုမ္ပဏီ နှစ်ခုလုံးရဲ့  ရေမျော ဆိုလာစက်ရုံ တည်ဆောက်ပုံမှာ အားနည်းချက်တွေ ရှိတယ်လို့  ဆိုပါတယ်။  

SolarDuck ရဲ့  ရေမျော ဆိုလာပြားစက်ရုံ တည်ဆောက်မယ့် ပုံစံမှာဆိုရင် ဆိုလာပြားတွေကို အခြေခိုင်ခိုင်နဲ့  ပင်လယ်ရေမျက်နှာပြင် အထက်မှာ မြှင့်ထားရမှာ ဖြစ်တဲ့အတွက် ကုန်ကျစရိတ်များမယ်လို့  သူက ဆိုပါတယ်။ 

ဒါပေမဲ့ SolarDuck ကုမ္ပဏီရဲ့  အမှုဆောင် အရာရှိချုပ် ကိုအန် ဘာဂါကတော့ သူတို့ရဲ့  နည်းပညာပုံဖော်မှု အဆင့်တိုင်းမှာ ကုန်ကျစရိတ် သက်သက်သာသာနဲ့  စွမ်းအင်ထုတ်နိုင်ဖို့  အလေးထားပြီးသား ဖြစ်တယ်လို့  ပြန်လည် တုံ့ ပြန်ခဲ့ပါတယ်။  

ဒါ့အပြင် SolarDuck ဟာ ဒေသ သဘာဝပတ်ဝန်းကျင်နဲ့  လိုက်လျောညီထွေဖြစ်အောင် နည်းပညာကို ဖော်ဆောင်ထားပြီး စွမ်းရည်နဲ့ ကုန်ကျစရိတ် မျှခြေရှိတဲ့ အနေအထား ဖြစ်အောင် လုပ်ထားတယ်လို့လည်း သူက ဆိုပါတယ်။ 

Ocean Sun ကုမ္ပဏီရဲ့  ရေမျော ဆိုလာပြားစက်ရုံ တည်ဆောက်မယ့် ပုံစံမှာတော့ မစ္စတာ ဟွမ်က သူတို့ရဲ့  ပုံစံထုတ်ပုံမှာ ဆိုလာပြားတွေ လှိုင်းဒဏ် ခံနိုင်ရည် နည်းမယ်လို့  ဆိုပါတယ်။  

အခုလို ပြောဆိုမှုအပေါ် Ocean Sun ရဲ့  အမှုဆောင် အရာရှိချုပ် ဘယွန်းနက်ကလက်က ပြန်လည် တုံ့ပြန်ရာမှာတော့ သူတို့ တည်ဆောက်မယ့် ပုံစံဟာ မြောက်ပင်လယ်ပြင်က ပေ ၃၀ လောက်မြင့်နိုင်တဲ့ လှိုင်းဒဏ်တွေကိုတော့ ခံနိုင်မှာ မဟုတ်ဘူးလို့  ဝန်ခံခဲ့ပါတယ်။  

ဒါပေမယ့် သူတို့  ပုံစံထုတ်ထားတဲ့ ရေမျော ဆိုလာပြားစက်ရုံကို အဆင့်လေး တိုင်ဖွန်း မုန်တိုင်းဒဏ် ခံနိုင်ရည် ရှိမရှိ ရေကန်မှာ စမ်းသပ်ခဲ့ရာမှာတော့ အောင်မြင်တယ်လို့  မစ္စတာ ဘယွန်းနက်ကလက်က ဆိုပါတယ်။  

သူတို့ ရဲ့  ရေမျော ဆိုလာပြားစက်ရုံ ဆောက်လုပ်ပုံဟာ ကမ်းနဲ့ နီးတဲ့ ဒေသတွေ အတွက်ဆိုရင် အသုံးဝင်မှာ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။ 

ဓာတ်ပုံ ပုံစာ, ဒီ ရေမျောဆိုလာပြား စက်ရုံတည်ဆောက်မယ့် ပုံစံမှာ လာရောက် ရိုက်ခတ်မယ့် လှိုင်းတွေကို ၉၀ ရာခိုင်နှုန်းအထိ အမြင့်လျှော့ချနိုင်

The Solar2Wave System

မစ္စတာ ဟွမ်ရဲ့  ခရန်းဖီးတက္ကသိုလ်က အဖွဲ့ကတော့ သူတို့အနေနဲ့  လှိုင်းဒဏ် ပိုခံနိုင်ပြီး ကုန်ကျစရိတ်လည်း သက်သာမယ့် ရေမျောဆိုလာပြား စက်ရုံပုံစံကို သုတေသန လုပ်နေကြပါတယ်။  

သူတို့  လုပ်ဆောင်နေတဲ့ ရေမျော ဆိုလာပြား စက်ရုံကို အင်ဒိုနီးရှားမှာ လက်တွေ့  အသုံးချ ဆောက်လုပ်နိုင်ဖို့  လုပ်ဆောင်နေတာ ဖြစ်ပြီး အင်ဒိုနီးရှားက ပညာရှင်တွေ၊ စီးပွားရေးသမားတွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်နေတယ်လို့  ဆိုပါတယ်။   

အင်ဒိုနီးရှားနိုင်ငံဟာ ကျွန်းပေါင်း တသောင်းကျော် ရှိတဲ့ နိုင်ငံဖြစ်ရာမှာ ဒီကျွန်းတွေအားလုံးကို လျှပ်စစ်ဓာတ်အား ဖြန့် ဖြူးပေးနိုင်ဖို့က စိန်ခေါ်မှုတခုဖြစ်နေတာ ဖြစ်ပါတယ်။ 

The Solar2Wave System လို့  နာမည်ပေးထားတဲ့ အဲဒီ ရေမျောဆိုလာပြား စက်ရုံတည်ဆောက်မယ့် ပုံစံမှာ လာရောက် ရိုက်ခတ်မယ့် လှိုင်းတွေကို ၉၀ ရာခိုင်နှုန်းအထိ အမြင့်လျှော့ချနိုင်အောင် အရံအတားစနစ်တခု ထည့်သွင်း တည်ဆောက်ထားတယ်လို့  ဆိုပါတယ်။  

ဒီစနစ်အရ လှိုင်းအရံအတားကို ဖြတ်လာတဲ့ ရေလှိုင်းဟာ ကြားခံ မြောင်းလေးတွေမှာ ထပ်ပြီး အရှိန်ကျသွားပြီးမှ ဆိုလာပြားတွေကို လာရောက် ရိုက်ခတ်မှာ ဖြစ်တဲ့အတွက် အခုလို လျှော့ချနိုင်တာလို့  ဆိုပါတယ်။  

ဒီစနစ်မှာဆိုရင် လှိုင်းအားလျော့စေတဲ့ အရံအတားကိုသာ ဈေးသက်သာအောင် ထုတ်လုပ်ရတော့မှာ ဖြစ်ပြီး ဒီအစိတ်အပိုင်းက ပြုပြုင်ထိန်းသိမ်းစရိတ်ရော အစားထိုး စရိတ်ပါ သက်သာတယ်လို့  မစ္စတာ ဟွမ်က ဆိုပါတယ်။ 

The Solar2Wave System ကို အိန္ဒိယ သမုဒ္ဒရာထဲမှာ အစမ်း ပုံစံထုတ် ဆောက်လုပ်ဖို့  ရည်ရွယ်ထားပြီး တနှစ်အတွင်း ပြီးစီးဖို့  ပြင်ဆင်နေပါတယ်။ 

ဓာတ်ပုံ ရင်းမြစ်, ADRIENNE MURRAY

ဓာတ်ပုံ ပုံစာ, လျှပ်စစ်ဓါတ်အားသုံး သင်္ဘောတွေ တွင်ကျယ်လာချိန်မှာ ရေမျော ဆိုလာပြား စက်ရုံတွေ ဓါတ်အားဖြည့်ပေးရေး စခန်းတွေ အဖြစ်လည်း အသုံးဝင်လာနိုင်ပါ

ရေမျော ဆိုလာပြား စက်ရုံတွေ ဘယ်လောက်အထိ အသုံးဝင်လာနိုင်သလဲ 

လက်ရှိ အနေအထားမှာ ပင်လယ်အတွင်း ဆိုလာပြား စက်ရုံ တည်ဆောက်မှုနဲ့  ပြုပြင်ထိန်းသိမ်းစရိတ်က ကြီးမြင့်နေဆဲ ဖြစ်ပေမယ့် ရေရှည်မှာ အင်ဒိုနီးရှားလို ကျွန်းနိုင်ငံတွေအတွက် အဓိက ပြည့်မြဲစွမ်းအင်နဲ့  လျှပ်စစ်ဓာတ်အားတဲ့ ပုံစံ ဖြစ်လာနိုင်ပါတယ်။   

Ocean Sun ကုမ္ပဏီက မစ္စတာ ဘယွန်းနက်ကလက်ကတော့ စင်ကာပူလို မြေဈေးကြီးတဲ့ နေရာမျိုးနဲ့  ဥပမာပေး ပြောကြားခဲ့ပါတယ်။  

သူ့ရဲ့  အဆိုအရ စင်ကာပူက အဆောက်အဦး အမိုးတွေမှာလည်း ဆိုလာပြားထား လျှပ်စစ်ထုတ်မှု အများစု ရှိနေပြီးသား ဖြစ်တဲ့အတွက် စင်ကာပူ ရေပိုင်နက် ပင်လယ်ပြင်မှာ ရေမျော ဆိုလာပြား စက်ရုံတွေ ဆောက်လုပ်မှုက ဈေးသက်သာတဲ့ တခုတည်းသော ပြည့်မြဲစွမ်းအင် ထုတ်လုပ်နည်း ဖြစ်လာမယ်လို့  ဆိုပါတယ်။  

ရေမျော ဆိုလာပြား စက်ရုံတွေအနေနဲ့  ကုန်းတွင်းပိုင်းကို ဓာတ်အားပေးရုံ သက်သက်သာ မဟုတ်တော့ဘဲ နောက်ပိုင်း လျှပ်စစ်ဓာတ်အားသုံး သင်္ဘောတွေ တွင်ကျယ်လာချိန်မှာ လမ်းတလျှောက် ဓာတ်အားဖြည့်ပေးရေး စခန်းတွေ အဖြစ်လည်း အသုံးဝင်လာနိုင်ပါတယ်။