တောင်ကိုရီးယား ဟောလိုးဝင်းပွဲတော် လူပိသေဆုံးမှု နောက်ဆုံးအခြေအနေ ဘယ်လိုရှိနေသလဲ

ဓာတ်ပုံ ရင်းမြစ်, EPA
တောင်ကိုရီးယား မြို့တော် ဆိုးလ်က အီထေဝွန်း အရပ်မှာ အောက်တိုဘာလ ၂၉ ရက်နေ့ ညက ဖြစ်ပွားခဲ့တဲ့ လူအုပ် တိုးတိုက် ပိမိမှု ကြောင့် သေဆုံးရသူ ၁၅၄ ဦး အထိ ရှိလာပြီလို့ ဘီဘီစီက အောက်တိုဘာလ ၃၀ ရက်နေ့ ယူကေစံတော်ချိန် နေ့လယ် ၂ နာရီ နောက်ဆုံးရ သတင်းအရ သိရပါတယ်။
သေဆုံးသူတွေထဲမှာ ၉၈ ဦးက အမျိုးသမီးတွေဖြစ်ပြီး ၅၆ ဦးက အမျိုးသားတွေဖြစ်တယ်လို့ ဆိုပါတယ်။
ကနဦးပိုင်းက တရားဝင် အတည်ပြုနိုင်တဲ့ သေဆုံးသူ ၁၅၁ ယောက်ကနေ ထပ်တိုးလာတာဖြစ်ပြီး နိုင်ငံခြားသား တစ်ဦး ထပ်မံ ပါဝင်လာတာကြောင့် စုစုပေါင်း နိုင်ငံခြားသား သေဆုံးသူ အရေအတွက်က အယောက် ၂၀ ရှိသွားပြီဖြစ်ပါတယ်။
နိုင်ငံခြားသား သေဆုံးမှုကို ပြည်သူ့ လုံခြုံကြီးကြပ်ရေးဌာနက အယောက် ၂၀ လို့ ဆိုပေမယ့် ရဲတွေကတော့ ၂၅ ယောက်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၃၀ ရက်နေ့ နောက်ဆုံးသိရတဲ့ သတင်းတွေအရ သေဆုံးသူ အများစုဟာ အသက် ၂၀ ကျော် အရွယ်တွေ ဖြစ်ပြီး အသက် ၁၇ နှစ်အောက်တွေလည်း ပါဝင်နေရာမှာ အရွယ်ရောက် မှတ်ပုံတင် မရှိကြတဲ့အတွက် ဘယ်သူဘယ်ဝါ အတည် မပြုနိုင်သေးသူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဆိုးလ်မြို့တော် Arirang TV ရဲ့ အယ်ဒီတာချုပ် ဂျန်မွန်းက ဘီဘီစီကို ပြောကြားချက်အရ ဆိုရင် ကျွမ်းကျင်သူတွေနဲ့ စုံစမ်းစစ်ဆေးသူတွေက လူတွေ ဘယ်လိုကစပြီး အချင်းချင်း တိုးမိ နင်းမိ ကုန်ကြသလဲဆိုတာ အတိအကျ အကြောင်းရှာလို့ မရသေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် တောင်ကိုရီးယားမှာ လူတွေက အခုလို အခမ်းအနားတခုခုမှာ လမ်းပေါ် လူစုလူဝေးနဲ့ ပြည့်သိပ်နေတဲ့ အခြေအနေနဲ့ မစိမ်းသူတွေလည်း ဖြစ်တဲ့အတွက် တကယ် လူအရမ်းများလာတဲ့အချိန်မှာ အန္တရာယ်ကို လျှော့တွက်ကြတဲ့အတွက်လည်း လူတွေ ပိုသေရတာ ဖြစ်နိုင်တယ်လို့ ဂျန်မွန်းက ဆိုပါတယ်။
အခုလို လူပိသေဆုံးမှုဖြစ်ပွားစေတဲ့အထိ လူများရတဲ့ ဟောလိုးဝင်းပွဲတော်ဟာ တောင်ကိုရီးယားမှာ ကိုဗစ်အခြေအနေကြောင့် ကန့်သတ်ထားတဲ့ စည်းကမ်းချက်တွေ ဖြေလျော့ပေးပြီးနောက်ပိုင်း ပထမဆုံးကျင်းပတဲ့ ဟော်လိုးဝင်းပွဲဖြစ်တဲ့အတွက် လာရောက်သူတွေ မထင်မှတ်ပဲ များပြားရခြင်း ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

တောင်ကိုရီးယား ဒေသစံတော်ချိန် အလိုက် အီထေဝွန်း လူပိသေဆုံးမှု ဖြစ်စဉ်ပြ အချိန်ဇယား
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အောက်တိုဘာလ ၂၉
ည ၁၀:၂၀
ဟောလိုးဝင်းပွဲတော်အတွင်း သွားလာနေကြတဲ့ လူတွေထဲက လူအများအပြားဟာ ကုန်းဆင်း ဖြစ်နေတဲ့ လမ်းကျဉ်းလေးတခုကို ဆင်းကြရင်း တဦးပေါ်တဦး စတင် လဲပြို ကုန်ကြပါတယ်။ အခုလို ဖြစ်တဲ့နေရာတဝိုက်ကို လာကြသူအရေအတွက်ကလည်း သောင်းချီတယ်လို့ ဆိုပါတယ်။
ည ၁၀:၂၄
အခုလို စပြီး လူတွေ တဦးပေါ်တဦး လဲပြိုအပြီး မိနစ်ပိုင်းအကြာမှာ တောင်ကိုရီးယား မီးသတ်တပ်ဖွဲ့က လူ ၁၀ ယောက်လောက် လူအုပ်အောက်ရောက်ပြီး အသက်ရှူမဝတဲ့ ပြဿနာတွေ ခံစားနေရတယ်ဆိုတဲ့ အကြောင်းကြားမှုတွေကို စတင် ရရှိခဲ့ပါတယ်။
ည ၁၀:၂၇
အခုလို မီးသတ်တပ်ဖွဲ့ ကို အကြောင်းကြားမှု ရှိလာအပြီးမှာ ယောင်ဆန် အရပ် မီးသတ်ဌာနက လူနာတင်ယာဉ် လေးစီး စတင် စေလွှတ်ခဲ့ပြီး နောက်ထပ် ၆ မိနစ်အကြာမှာတော့ လူနာတင်ကား ၉ စီး ထပ်မံ စေလွှတ်ခဲ့ပါတယ်။
ည ၁၀:၄၃
တောင်ကိုရီးယား မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနက ဒီဖြစ်စဉ်ကို တုံ့ ပြန်ကယ်ဆယ်ရမယ့် အနေအထား အဆင့် ၁ အတိုင်း ဆောင်ရွက်မယ်လို့ ကြေညာခဲ့ပါတယ်။
ည ၁၀:၄၅
အရေးပေါ် ၁၁၉ နှိပ်ပြီး ခေါ်ရတဲ့ တောင်ကိုရီးယား နိုင်ငံတော် ကပ်ဘေးနဲ့ ဆေးဘက် ကူညီရေး အဖွဲ့ ဝင်တွေ အခင်းဖြစ်တဲ့နေရာကို စတင် စေလွှတ်ခံလာရပြီး နောက်ထပ် ၁၅ မိနစ်အကြာမှာတော့ လူနာတင်ကား အစီး ၃၀ ထပ်မံ စေလွှတ်ပြန်ပါတယ်။
ည ၁၁း၁၃
တောင်ကိုရီးယား မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနက ဒီဖြစ်စဉ်ကို တုံ့ ပြန်ကယ်ဆယ်ရမယ့် အနေအထား အဆင့် ၂ အထိ တိုးမြှင့် ဆောင်ရွက်မယ်လို့ ကြေညာခဲ့ပါတယ်။
ည ၁၁း၁၉
တောင်ကိုရီးယား အာဏာပိုင်တွေက အခင်းဖြစ်ပွားတဲ့ နေရာက ဟောလိုးဝင်းပွဲတော် အခမ်းအနားတွေကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။
ည ၁၁း၅၀
တောင်ကိုရီးယား မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနက ဒီဖြစ်စဉ်ကို တုံ့ ပြန်ကယ်ဆယ်ရမယ့် အနေအထား အဆင့် ၃ အထိ အမြင့်ဆုံး တိုးမြှင့်လိုက်တယ်လို့ ကြေညာခဲ့ပါတယ်။
အောက်တိုဘာလ ၃၀
မနက် ဝ၄း၃၀
ဆိုးလ်မြို့တော် အာဏာပိုင်တွေက သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ ပျောက်ဆုံးနေသူတွေကို ရှာနေတဲ့ မိသားစုဝင်တွေအတွက် အရေးပေါ်ဆောင်ရွက်ပေးတဲ့ ဌာနတခု ထူထောင်ပေးလိုက်ပါတယ်။
မနက် ဝ၉း၅၀
တောင်ကိုရီးယားသမ္မတ ယွန်းစွပ်ယိုးက နိုင်ငံလုံးဆိုင်ရာ ဝမ်းနည်းဖွယ်ကာလ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
မနက် ၁၀:၁၀
လူပေါင်း ၁၅၁ ဦးထက်မနည်း သေဆုံးပြီး ၈၂ ယောက် ဒဏ်ရာရကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လူ တစ်သိန်းလောက်အထိ လာနိုင်မယ်လို့ ကြိုမတွက်ခဲ့မိကြောင်း ပြည်ထဲရေးဝန်ကြီးပြော
တောင်ကိုရီးယား ပြည်ထဲရေးဝန်ကြီး လီဆန်မင်းက အစိုးရအာဏာပိုင်တွေအနေနဲ့ အီထေဝွန်းဒေသတဝိုက်ကို လူတစ်သိန်းလောက်အထိ လာနိုင်မယ်ဆိုတာ ကြိုမတွက်ခဲ့မိကြောင်း ပြောဆိုလိုက်ပြီး အခင်းဖြစ်ပွားရာနေရာကို ရဲတွေ များများ ကြိုမချခဲ့တဲ့အပေါ် ကာကွယ် ပြောဆိုခဲ့ပါတယ်။
ယခင်နှစ်တွေကထက် အများကြီး ပိုလာမယ်လို့ မျှော်လင့်မထားတဲ့အတွက် ယခင်နှစ်တွေက ချထားတဲ့ ရဲအရေအတွက်လောက်သာ ချထားခဲ့ကြောင်း သူက ဆိုပါတယ်။
ဒါ့အပြင် မြို့တော်ဆိုးလ်ရဲ့ အခြားနေရာတွေမှာလည်း ရဲဝန်ထမ်းတွေ တာဝန်ဖြန့် ပေးထားရသေးတယ်လို့ မစ္စတာ လီဆန်မင်းက ပြောပါတယ်။

သေဆုံးခဲ့တဲ့ နိုင်ငံခြားသား ထဲမှာ ဘယ်နိုင်ငံသားတွေ ပါဝင်သလဲ
အီထေဝွန်း လူပိသေဆုံးမှုအတွင်း သေဆုံးသူတွေထဲမှာ ထိုင်းနိုင်ငံသူ အသက် ၂၉ နှစ်အရွယ် အမျိုးသမီး တစ်ဦးလည်း ပါဝင်တယ်လို့ ဆိုးလ်မြို့က ထိုင်းသံရုံးက ကြေညာခဲ့ပါတယ်။
အလားတူပဲ တောင်ကိုရီးယားက သြစတြေးလျ သံရုံးကလည်း သူတို့ ရဲ့ နိုင်ငံသားတစ်ဦးဟာ ဒီလူပိသေဆုံးမှုအတွင်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယား ယုံဟပ် သတင်းဌာနရဲ့ သတင်းအရဆိုရင် ဒီသေဆုံးမှုအတွင်း အီရန်၊ ဥဇဘက်ကစ္စတန်၊ တရုတ်နဲ့ နော်ဝေး၊ အမေရိကန်၊ ပြင်သစ်၊ သြစတြေးလျ၊ ဗီယက်နမ်၊ ကာဇက်စတန်၊ သီရိလင်္ကာနဲ့ သြစတြီးယား နိုင်ငံသားတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဝမ်းနည်းကြောင်း တောင်ကိုရီးယားသမ္မတ ယွန်စွပ်ယိုးကို ပြောကြားခဲ့ရာမှာ တရုတ်နိုင်ငံသားတွေလည်း သေဆုံးသူရော ဒဏ်ရာရသူတွေထဲမှာပါ ပါဝင်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာန အဆိုအရကတော့ သေဆုံးသူတွေထဲမှာ တရုတ်နိုင်ငံသား လေးဦး ပါဝင်ပြီး ဒဏ်ရာရသူ ၂ ဦး ပါဝင်ပေမယ့် မပြင်းထန်ဘူးလို့ ဆိုပါတယ်။
အီရန်သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီပွဲတော်အတွင်းမှာ အီရန်နိုင်ငံသား လေးဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
ရုရှားက Tass သတင်းဌာန အဆိုရ ဆိုရင်လည်း ရုရှားအမျိုးသမီး သုံးဦး ဒီဖြစ်စဉ်အတွင်း သေဆုံးခဲ့ပြီး နော်ဝေး နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း နော်ဝေးနိုင်ငံသား တစ်ဦး သေဆုံးတယ်လို့ အတည်ပြုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters TV
အခုလို လူအုပ်ထူထပ်လွန်းပြီး လူပိသေဆုံးမှု ဘယ်လောက်အထိ ဆိုးဝါးနိုင်သလဲ
ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုအတွင်း နိုင်ငံတကာမှာ အလားတူ လူအုပ်ထူထပ်လွန်းလို့ လူပိသေဆုံးမှုတွေ ဖြစ်ခဲ့တဲ့အထဲက အများဆုံး လူသေဆုံးမှုကတော့ ဆော်ဒီအာရေဗျနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ ဆော်ဒီနိုင်ငံ မက္ကာမြို့ကို အစ္စလာမ်ဘာသာရေး ဟာ့ဂျ်ခရီးစဉ်နဲ့ လာရောက်ကြသူတွေ အချင်းချင်း လူပိမှုကြောင့် လူ ၂၀ဝ၀ ကျော် အထိ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားမှာဆိုရင် လက်ရှိ ၂၀၂၂ အောက်တိုဘာလ အစောပိုင်းမှာတင်ပဲ အရှေ့ ဂျာဗား မလန်းဒေသမှာ ဘောလုံးပွဲကြည့်စင် ပြိုကျမှုကြောင့် လူ ၁၃၀ ကျော် သေဆုံးထားတာ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်မှာတော့ အိန္ဒိယနိုင်ငံ မက်ဒီယာ ပရာဒက်ရှ် ပြည်နယ်က ဟိန္ဒူဘာသာရေးပွဲတော်တစ်ခုမှာ လူအုပ်က တံတားတစင်းကို ဖြတ်ကူးရင်း အချင်းချင်း တိုးတိုက် လူပိမိတာနဲ့ ရေထဲခုန်ချကြလို့ ရေနစ်ရာက သေဆုံးသူ စုစုပေါင်း ၁၁၅ ယောက် ရှိခဲ့ပါတယ်။
အလားတူ ၂၀၁၃ ခုနှစ်မှာပဲ အိုင်ဗရီကို့စ် နိုင်ငံ အဘီဂျန်ဒေသက နှစ်သစ်ကူးပွဲတော် အတွင်းမှာ လူထူထပ်လွန်းပြီး အချင်းချင်း တိုးတိုက်မိရာက လူ ၆၀ ထက်မနည်း သေဆုံးခဲ့တာကို တွေ့ ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
တောင်ကိုရီးယားမှာ ဟောလိုးဝင်းပွဲတော် ဘာကြောင့် လူကြိုက်များရတာလဲ
ဟောလိုးဝင်းပွဲတော်လို့ ခေါ်တဲ့ လူတွေက သရဲတစ္ဆေ ပုံစံ ဝတ်စားပြီး မကောင်းဆိုးဝါးတွေကို မောင်းထုတ်တဲ့ ပွဲတော်ဟာ ဥရောပမှာ ခရစ်ယာန်မထွန်းကားခင် ပေဂန် ကိုးကွယ်မှု ရှိစဉ်ကတည်းက ကျင်းပလေ့ရှိတဲ့ ပွဲတော် ဖြစ်ပါတယ်။
အခုလက်ရှိ အချိန်မှာတော့ လူတွေက သရဲတစ္ဆေ ပုံစံသာမက လူသိများတဲ့ ဇာတ်ကောင်တွေ အတိုင်း ဝတ်စားတာမျိုးလည်း လုပ်လာကြပြီး တောင်ကိုရီးယားအပါအဝင် တစ်ကမ္ဘာလုံးမှာ စတင်ဆင်နွှဲ လာကြတာ ဖြစ်ပါတယ်။
အမေရိကန် ယဉ်ကျေးမှုရဲ့ ကမ္ဘာအနှံ့ ထိုးဖောက်မှုနဲ့အတူ ဟောလိုးဝင်းကာလ ဖရုံသီးကို သရဲတစ္ဆေပုံစံ လှီးဖြတ် ဖယောင်းတိုင်ထွန်းတာ၊ ကလေးတွေက ဝတ်စုံတွေ ဝတ်ကာ သကြားလုံး အစရှိတဲ့ သရေစာတွေ လိုက်တောင်းတာနဲ့ မပေးရင် ချောက်လှန့် ပြတဲ့ trick or treat အစဉ်အလာတွေက ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေက တစ်ဆင့် လူသိများလာခဲ့တာ ဖြစ်ပါတယ်။
တောင်ကိုရီးယားမှာလည်း အခုလို ဟောလိုးဝင်းဆင်နွှဲလာကြတယ်ဆိုပေမယ့် လုပ်လာကြတာ သိပ်မကြာလှသေးပဲ ဇာတ်ကောင် ဒါမှမဟုတ် သရဲတစ္ဆေပုံစံ ဝတ်စားဆင်ယင် သွားလာကြတာ လုပ်ကြပေမယ့် trick or treat လုပ်တာနဲ့ အိမ်တွေကို သရဲတစ္ဆေ အသုံးအဆောင်တွေနဲ့ ကြောက်စရာဖြစ်အောင် အလှဆင်တဲ့အထိတော့ မလုပ်ကြသေးတာ တွေ့ ရပါတယ်။
မြို့တော် ဆိုးလ်မှာဆိုရင် အခုလို ဟောလိုးဝင်းပွဲတော် ကာလမှာ ဒီလို ဝတ်စား ပြုပြင်ထားကြသူတွေက ဘားနဲ့ ကလပ်တွေမှာ စားသောက် ကခုန် ဆင်နွှဲလေ့ရှိကြပြီး ဒါတွေ အများစုရှိတဲ့ အီထေဝွန်း အရပ်မှာ အခုလို လူသေဆုံးရတဲ့အထိ လူပိမှု ဖြစ်ကုန်တာ ဖြစ်ပါတယ်။








