တောင်ကိုရီးယား ဟောလိုးဝင်းပွဲ လူပိမှု သေဆုံးသူ လူ ၁၄၆ ဦး ရှိလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တောင်ကိုရီးယားက ညပိုင်း လူစည်ကားရာနေရာမှာ ဟောလိုးဝင်းပွဲ လူအုပ်ကြီး လူပိမိပြီး အနည်းဆုံး လူ ၁၄၆ ဦး သေဆုံးခဲ့ပါတယ်။
နောက်ထပ် လူ ၁၅၀ လည်း ထိခိုက်ဒဏ်ရာ ရထားပြီး ဒီအရေအတွက်က နောက်ထပ်ပြောင်းလဲ နိုင်ပါတယ်။
ဒီအဖြစ်အပျက် ဘယ်လိုကြောင့် စဖြစ်ရသလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
တောင်ကိုရီးယား မြို့တော်ဆိုးလ်က လူစည်ကားတဲ့ နေရာတစ်ခုမှာ လူအုပ်ကြီးဖြစ်လို့ လူပိပြီး ဒါဇင်နဲ့ ချီတဲ့ လူတွေ ရုတ်တရက် နှလုံးရပ်တာ ဖြစ်ခဲ့တယ်လို့ ကနဦးသတင်းတွေမှာ ပြောထားပါတယ်။
ဗီဒီယိုတွေထဲမှာ လူတော်များများ လမ်းပေါ်မှာ သတိမေ့လဲနေကြတာကို အီထယ်ဝန်အရပ်မှာ လူအုပ်ကြီးကြားမှာ အရေးပေါ် ကုသရေး အဖွဲ့တွေက ကုပေးနေတာကို မြင်ရပါတယ်။
သမ္မတက ဟောလိုဝင်းပွဲတော်အကြို လူတွေ ထောင်များစွာ စုဝေးနေရာကို ကယ်ဆယ်ရေး အဖွဲ့တွေ စေလွှတ်ထားပါတယ်။
အဲဒီမှာ လူ ၈၁ ယောက် အသက်ရှုကြပ်တာ ဖြစ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဒါပေမဲ့ လူဘယ်လောက် သေဆုံးတယ်၊ ဘယ်လောက် ဒဏ်ရာရတယ်ဆိုတာကိုတော့ အခုချိန်အထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အခင်းဖြစ်ရာနေရာက ဓာတ်ပုံတချို့မှာ အလောင်းသယ်အိတ်တွေ လမ်းပေါ်မှာ ချထားတာကို တွေ့ရပါတယ်။
ဒါပေမဲ့ တောင်ကိုရီးယားမှာ ဆရာဝန်က လူတစ်ယောက်ကို သေပြီလို့ မဆုံးဖြတ်မချင်း ဒေသခံ ကျန်းမာရေး ဝန်ထမ်းတွေက တစ်စုံတစ်ယောက်ကို နှလုံးရပ်တယ်လို့ပဲ သုံးနှုန်းကြပါတယ်။
ကိုဗစ်ရောဂါ ကူးစက်မှု နောက် အဲနေရာမှာ နှာခေါင်းစည်းတပ်စရာမလိုတော့တဲ့ ပထမဆုံး ပြင်ပ အခမ်းအနား အဖြစ် ဟောလိုးဝင်းပွဲ အခမ်းအနား ကျင်းပနေပြီး လူ တစ်သိန်းလောက် ရှိနေတယ်လို့ သတင်းတွေက ဆိုပါတယ်။
အဲဒီ အီထယ်ဝန်အရပ်ဟာ လူအရမ်းများပြားလို့ အန္တရာယ်ရှိနိုင်တယ်လို့ ညနေပိုင်းက ဆိုရှယ်မီဒီယာတွေမှာ ပြောဆိုထားကြတာတွေ ရှိပါတယ်။








