စက်တင်ဘာ ၁၄ ရက် ထိပ်တန်းသတင်းများ - ရုရှား နဲ့ဆက်ဆံရေးအကောင်းဆုံးအချိန်လို့ စစ်ကောင်စီဝန်ကြီးပြော

ဓာတ်ပုံ ရင်းမြစ်, Russia FA
မြန်မာ နဲ့ ရုရှားဆက်ဆံရေးအကောင်းဆုံးတည်ဆောက်နိုင်တဲ့ကာလဖြစ်တယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ဒီကနေ့ ရုရှားနိုင်ငံ မော်စကိုမှာပြုလုပ်တဲ့ရုရှား - မြန်မာ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့ မှာကျင်းပတဲ့ ရုရှားအရှေ့ဖျားစီးပွားရေးဖိုရမ်ကို အကြောင်းပြုပြီး မြန်မာစစ်ကောင်စီဝန်ကြီးအချို့ ရုရှားကိုရောက်နေသလို နိုင်ငံခြားရေးဝန်ကြီးနဲ့ အဖွဲ့ကလည်း မော်စကိုမှာတွေ့ဆုံနေတာပါ။
ရုရှား ရဲ့ ကိုယ့်နယ်မြေတည်တံ့ရေးနဲ့ ကိုယ့်လူမျိုးကိုကာကွယ်စောင့်ရှောက်နိုင်ဖို့ လုပ်ဆောင်ခဲ့တဲ့သမိုင်းကြောင်းကို မှတ်မိသလို လက်ရှိ ရုရှားနိုင်ငံရင်ဆိုင်ဖြေရှင်းနေရတဲ့အခြေအနေကိုမြန်မာက အထူးနားလည်တယ်လို့ ဦးသန်းဆွေက ပြောပါတယ်။
စစ်ကောင်စီဝန်ကြီးက ယူကရိန်း - ရုရှားစစ်ပွဲလို့ ထည့်ပြောတာမရှိပေမဲ့ ဒီစစ်ပွဲမှာရုရှားဘက်ရပ်တည်ပြောတာလို့ အကဲခတ်တချို့က မှတ်ချက်ပြုထားပါတယ်။
မြန်မာ နဲ့ ရုရှား ခရီးသွားလုပ်ငန်းတိုးမြှင့်ဖို့ကို အခုသူ့ခရီးစဥ်မှာ ဆွေးနွေးထားသလို မြန်မာကိုရုရှားရင်းနှီးမြှုပ်နှံသူတွေလာကြဖို့လည်း ဦးသန်းဆွေကထည့်ပြောပါတယ်။ အခု ရှရှားခရီးစဥ်မှာ စီးပွားရေး ၊နိုင်ငံရေး နဲ့ လူမှုရေးပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်ဆောင်နိုင်ဖို့ လာခဲ့တာလို့လည်းဆိုပါတယ်။
'' မြန်မာကအကြီးဆုံးကမ္ဘာ့စျေးကွက်ကြီးရဲ့ အလယ်မှာရှိနေလို့ ရုရှားနိုင်ငံရဲ့ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုတွေကို ဆောင်ရွက်မယ်ဆိုရင် နှစ်နိုင်ငံလုံးအကျိုးရှိမယ် '' လို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးလက်ဗရော့ဂ် ကတော့ နှစ်နိုင်ငံကြားမှာ နိုင်ငံရေး ၊ ကုန်သွယ်မှု ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ကာကွယ်ရေး နဲ့ လုံခြုံရေးကဏ္ဍတွေ ပူးပေါင်းဆောင်ရွက်ရေးတွေအပါအဝင် နှစ်နိုင်ငံဘဏ်လုပ်ငန်းဆိုင်ရာတွေအတွက် သဘောတူညီချက်တွေကိုဆွေးနွေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
ရုရှား က ယူကရိန်းစစ်ပွဲကြောင့် အရေးယူပိတ်ဆို့ခံရမှုတွေရှိနေသလို မြန်မာမှာလည်းစစ်အာဏာသိမ်းမှု ကြောင့် မြန်မာစစ်တပ်ကို အရေးယူပိတ်ဆို့မှုတွေလုပ်ထားချိန်မှာ စစ်ကောင်စီ နဲ့ ရုရှားကြားမှာ ဆက်ဆံရေးတိုးမြှင့်နေတာဖြစ်ပါတယ်။
မြန်မာနွယ်ဖွား သက်ငယ်လိင်လုပ်သားကို အသုံးပြုခဲ့သူတွေထဲ ထိုင်းအမတ်ဟောင်းပါဝင်နေ

ဓာတ်ပုံ ရင်းမြစ်, ခေါင်ဆွတ်သတင်းဌာန
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မိခင်ဖြစ်သူ မြန်မာအမျိုးသမီးရဲ့ အဓမ္မစေခိုင်းမှုနဲ့ လိင်လုပ်သားလုပ်ခဲ့ရတဲ့ အသက် ၁၅ နှစ်အရွယ်အမျိုးသမီးကို အသုံးပြုခဲ့သူတွေထဲမှာ ထိုင်းအထက်လွှတ်တော်အမတ်ဟောင်းတစ်ဦးလည်းပါဝင်တယ်ဆိုပြီး ထိုင်းရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်လာပါတယ်။
မမော်ဆိုသူ အသက် ၃၅ နှစ်အရွယ်အမျိုးသမီးဟာ အသက် ၁၅ နှစ်အရွယ်အရွယ်သမီးဖြစ်သူကို လိင်လုပ်သားအဖြစ် အတင်းအဓမ္မစေခိုင်းနေတယ်ဆိုပြီး အမျိုးသမီးငယ်ရဲ့ဖခင်ဖြစ်သူ ထိုင်းအမျိုးသားနဲ့ ဆရာမတို့က ထိုင်းရဲကို တိုင်ကြားခဲ့တာပါ။
အဲဒီအမျိုးသားက ကွာရှင်းထားတဲ့သူ့ဇနီးဟောင်းဟာ သမီးငယ်ဖြစ်သူကို ဆာရာဘူရီခရိုင်ထဲက အပန်းဖြေစခန်းမှာ လိင်လုပ်သားအဖြစ် အတင်းအကျပ်စေခိုင်းနေတယ်ဆိုပြီး တိုင်ကြားထားတာပါ။
အဲဒီတိုင်ကြားချက်ကြောင့် မမော်ကို ဆာရာဘူရီခရိုင်၊ ဘန်မောရဲစခန်းက ဖမ်းဆီးထားသလို မမော်ကိုယ်တိုင်ကလည်း သမီးငယ်ကို အတင်းအကျပ်လိင်လုပ်သားလုပ်ခိုင်းခဲ့တဲ့အကြောင်းကို ဝန်ခံထားတယ်လို့ ရဲတပ်ဖွဲ့ပြောကြားချက်ကို ကိုးကားပြီး ထိုင်းသတင်းဌာနတွေက သတင်းဖော်ပြပါတယ်။
အမျိုးသမီးငယ် သူ့ကို ငွေပေးအိပ်စက်ခဲ့သူတွေထဲမှာ ထိုင်းအထက်လွှတ်တော်အမတ်ဟောင်းအပါအဝင် အမျိုးသား ၅ ဦးရှိတယ်လို့ရဲကို ဖြောင့်ချက်ပေးထားတာကြောင့် ရဲတပ်ဖွဲ့က မသင်္ကာသူ ထိုင်းအထက်လွှတ်တော်အမတ်ဟောင်းအပါအဝင် အမျိုးသား ၅ ဦးကို အသက်မပြည့်သေးသူကို မိဘတွေထံကနေ ခေါ်ဆောင်မှု၊ မဖွယ်မရာပြုလုပ်ဖို့ ရည်ရွယ်ချက်နဲ့ အုပ်ထိန်းဖို့ ကြိုးပမ်းမှုတွေနဲ့ ဖမ်းဝရမ်းထုတ် တရားစွဲဆိုခဲ့ပါတယ်။
အဲဒီအမျိုးသားတွေထဲက ၄ ဦး ရဲဆီလာရောက် ပူးပေါင်းတယ်လို့သိရပြီး အမတ်ဟောင်းကတော့ သူ့အပေါ် စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
ဘန်ကောက်စျေးဝယ်စင်တာထဲ မြန်မာ ၁၈ ဦးအဖမ်းခံရ

ဓာတ်ပုံ ရင်းမြစ်, Khaosod
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်က ပသူနမ်အရပ်မှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က စျေးဝယ်စင်တာတစ်ခုကို ဝင်ရောက်စုံစမ်းချိန် အထောက်အထားမဲ့ မြန်မာလုပ်သား ၁၈ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
ထိုင်းလဝကက စျေးဝယ်စင်တာထဲကို မနေ့ စက်တင်ဘာလ ၁၃ ရက်မှာ ရှောင်တခင်ဝင်စစ်ဆေးချိန် ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာပြီး အလုပ်အကိုင်လုပ်ကိုင်နေတဲ့မြန်မာ ၁၈ ဦးကို ဖမ်းမိခဲ့တာလို့ ခေါင်ဆွတ်သတင်းဌာနက သတင်းဖော်ပြပါတယ်။
အချင်းချင်းကြိုသတိပေးကြလို့ လွတ်မြောက်သွားသူအချို့လည်း ရှိတယ်လို့ ဆိုပါတယ်။
အခုတော့ ဖမ်းဆီးခံရသူတွေဟာ ဒဏ်ကြေး ထိုင်းဘတ်ငွေ ငါးထောင်ကနေ ငါးသောင်းအထိ ဒဏ်ရိုက်ခံရမှာဖြစ်ပြီး အလုပ်ရှင်ကတော့ ဘတ် တစ်သိန်းအထိ ဒဏ်ရိုက်ခံရမယ်လို့သိရတယ်ဆိုပြီး သတင်းက ဖော်ပြပါတယ်။
ဒီပဲယင်းမှာဒုတပ်ကြပ်အပါအဝင် ၄ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Depeyin Local Mobile Team
စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့ ပေါ် က အနောက်ဘက်ဂိတ်လို့ခေါ်တဲ့ စစ်ကောင်စီဂိတ်စခန်းကိုဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မနေ့ စက်တင်ဘာ ၁၄ ရက် ညပိုင်းကဝင်ရောက်ပစ်ခတ်လို့ ဒုတပ်ကြပ်အဆင့် ရဲတစ်ဦး အပါအဝင် ၄ ဦးသေဆုံးတယ်လို့ ဒီပဲယင်းညီနောင်များအဖွဲ့က သူတို့ရရှိထားတဲ့သတင်းကို ပြောပါတယ်။
သေဆုံးသူတွေထဲမှာ ဒုတပ်ကြပ် တစ်ဦး၊ ရဲတပ်သား နှစ်ဦး နဲ့ နဘဲလှရွာက ပျူစောထီးတစ်ဦးလည်းပါပြီး လက်နက် ၄ လက်ကိုသိမ်းဆည်းရမိတယ်လို့ ဒေသအခြေစိုက် ဒီပဲယင်းညီနောင်များအဖွဲ့က သူတို့ရရှိထားတဲ့သတင်းကို ကိုးကားပြီးပြောပါတယ်။
'' အပြန်အလှန်ပစ်ခတ်တာတော့ဖြစ်လိုက်တယ်။ ဒီပဲယင်းကတော့ စစ်ကောင်စီကပဲ လွှမ်းမိုးထားပါတယ်။ အခုက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က လာပစ်ပြီး အသာစီးရလိုက်တာပါ '' လို့ ဒေသခံ တစ်ဦးကပြောပါတယ်။
စစ်ကောင်စီထောက်ခံသူတချို့ နဲ့ စစ်ကောင်စီဘက်ကသတင်းတွေကိုအလေးပေးဖော်ပြတဲ့တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒီပဲယင်းမှာလုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ရဲတပ်သားတစ်ဦးပျောက်ဆုံးနေတယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်ကလည်း ဒီပဲယင်းမြို့အဝင်အရှေ့ဂိတ်ကို ဒီပဲယင်းပြောက်ကျားတပ်ကဝင်ရောက် တိုက်ခိုက်တဲ့ဖြစ်စဥ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီးလက်နက်တွေသိမ်းဆည်းရမိတယ်လို့ ဒီပဲယင်းပြောက်ကျားတပ်က ထုတ်ပြန်ထားပါတယ်။
တရုတ်ဘက်ယာယီဝင်ခွင့်ကတ်အတွက်တိုကင်ရောင်းစားသူတွေရှိနေ

ဓာတ်ပုံ ရင်းမြစ်, CJ
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ ကနေ တရုတ်နိုင်ငံဘက်ကို ဝင်ရောက်ဖို့ ယာယီဝင်ထွက်ခွင့်ကတ်ပြုလုပ်ဖို့ လူရာချီစောင့်ဆိုင်းမှုတွေ ဆက်ရှိနေတာကြောင့် ကြိုတင်စာရင်းကောက်ယူတဲ့ ( အရပ်အခေါ် တိုကင် ) စနစ်နဲ့ သာ ယာယီဝင်ထွက်ခွင့်ကတ်တွေကို ထုတ်ပေးနေတယ်လို့ ယာယီကတ်လုပ်ဖို့ စောင့်နေသူတချို့က ပြောပါတယ်။
ဒါပေမဲ့ အဲဒီ တိုကင်ကိုရောင်းစားနေတာမျိုးတွေရှိလာပြီး ယွမ် ၁၀၀ နဲ့ ၃၀၀ ကြား အထိပေးရတယ်လို့ မူဆယ်မြို့ခံအချို့ကပြောပါတယ်။ စက်တင်ဘာ ၁၂ ရက်ကတော့ တိုကင်ရောင်းစားနေတဲ့ပွဲစား၁၀ ဦးထက်မနည်းကို ဖမ်းဆီးထားတာလည်းရှိနေတယ်လို့ ဆိုပါတယ်။
'' တခါသုံးကတ်က ၆ ညအိပ် ၇ ရက် ယာယီသွားလာခွင့်ရတယ်။ တိုကင်စနစ်ဖြစ်သွားတော့ တန်းစီစောင့်ဆိုင်းရတဲ့လူနည်းသွားတာမျိုးရှိပေမဲ့ အခုကျ တိုကင်တန်းစီတဲ့ နေရာကို ရောင်းစားတာမျိုးတွေဖြစ်နေတာ '' လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မူဆယ်မြို့ကနေ တရုတ်ဘက်ကို အဝင်၊ အထွက်လုပ်နိုင်တဲ့ ဂိတ်သုံးခုရှိပြီး ယာယီဖြတ်သန်းခွင့်ကတ် နဲ့ သွားလာခွင့်ကိုတော့ စက်တင်ဘာ ၄ ရက်က စတင်ပြီး နန်းတော်ဂိတ် နဲ့ ဆင်ဖြူဂိတ်မှာသာလက်ခံပေးခဲ့တာပါ။ ဒါပေမဲ့ မနေ့ စက်တင်ဘာ ၁၃ ရက်ကစပြီး မန့်ဝိန်းဂိတ်ကနေ ဖြတ်သန်းသွားလာခွင့်ကို ထပ်မံခွင့်ပြုထားပါတယ်။
'' မြန်မာ ဘက်မှာ အလုပ်ရှားတယ်။ လစာ နဲ့ ကုန်စျေးနှုန်း မကာမိတော့ အခုနှစ်က တရုတ်ပြည်မှာ အလုပ်လုပ်ဖို့ ကြိုးစားပြီး ဝင်လာကြတာများလာတယ်။ တရုတ်ဘက်မှာ စက်ရုံ ၊ စျေးဆိုင် ၊ ကုန်ထမ်း နဲ့ ပန်းရံလို အလုပ်တွေကို အများဆုံးလုပ်ကြတယ်။ သူတို့ ကတခါသုံးကတ်ကိုင်ပြီး အလုပ်ရှာတာပေါ့။ အလုပ်တွေ့ရင် အလုပ်ရှင်က နေထိုင်ခွင့် ဆက်လုပ်ပေးတာကနေ အလုပ်လုပ်ကိုင်ကြတာပါ '' လို့ မူဆယ်မြို့ခံ တစ်ဦး ကရှင်းပြပါတယ်။
တခါသုံးကတ်လို့ ခေါ်ကြတဲ့ ယာယီကတ်တွေဟာ အလည်အပတ် နဲ့ ခရီးသွားလာခွင့်အတွက် သာထုတ်ပေးတာဖြစ်ပေမဲ့ တရုတ်ဘက်မှာ အလုပ်လုပ်လိုတဲ့ မြန်မာတွေအနေနဲ့ ဒီယာယီကတ် ကိုင်ပြီး အလုပ်ရှာတာတွေလုပ်နေကြတာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာကျပ်ငွေ ၁၀၀၀ ပဲကျသင့်တဲ့ ဒီယာယီကတ်စတင်ထုတ်ပေးတဲ့ စက်တင်ဘာ ၄ ရက်ကနေ စက်တင်ဘာ ၁၄ ရက် တရုတ်ဘက်ကို ယာယီကတ်နဲ့ ဝင်ရောက်သူ ၈, ၀၀၀ နီးပါးရှိခဲ့တယ်လို့ မူဆယ်မြို့ခံ ကူညီကယ်ဆယ်ရေး အသင်းတချို့ ကပြောပါတယ်။
ဝေဖန်မှုတွေကြားမှာပဲ အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး နေပြည်တော်မှာပြုလုပ်

ဓာတ်ပုံ ရင်းမြစ်, MOI
ဝေဖန်ကန့်ကွက်မှုတွေရှိနေတဲ့ အကြိမ် (၂၀) မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး ကို အာဆီယံ ၅ နိုင်ငံတက်ရောက်ခဲ့ပြီး စက်တင်ဘာ ၁၃ ရက်က နေပြည်တော်မှာ စတင်ပြုလုပ်ခဲ့ပါတယ်။
ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ နဲ့ ဗီယက်နမ်နိုင်ငံတို့က လေတပ်ဦးစီးချုပ်တွေကတော့ နေပြည်တော်အထိ ရောက်လာကြပြီး ဖိလစ်ပိုင်နိုင်ငံနဲ့ စင်္ကာပူနိုင်ငံလေတပ် ဦးစီးချုပ်တွေကတော့ Video Message ပေးပို့ပြီး ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကတော့ အစည်းအဝေးတက်ရောက်ခဲ့ခြင်းမရှိပါဘူး။
ဆွေးနွေးပွဲခေါင်းစဉ်က " ASEAN Air Forces’ Cooperation for Sustainable Environment" ဖြစ်ပြီး ဆွေးနွေးညှိနှိုင်းသဘောတူညီချက်တွေကို မနေ့က အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်က အလှည့်ကျဥက္ကဋ္ဌတာဝန်ယူမယ့် ကမ္ဘောဒီးယားနိုင်ငံလေတပ်ဦးစီးချုပ်ကို ဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
အရပ်သားအစိုးရကာလ ၂၀၁၄ ခုနှစ်က (၁၁) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး ကို မြန်မာနိုင်ငံက ပထမဆုံးအကြိမ်အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးပါတယ်။
လက်ရှိအာဏာသိမ်းကာလမှာပြုလုပ်တဲ့ ဒုတိယအကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့အစည်းအဝေးမှာတော့ ဝေဖန်ကန့်ကွက်မှုတွေအမြောက်အများ နဲ့ ရင်ဆိုင်ခဲ့ရတာပါ။
စစ်ကောင်စီဟာပြည်တွင်းကတိုက်ပွဲတွေမှာ လေကြောင်းတိုက်ခိုက်မှုကိုအားထားခဲ့ပြီး
လူပေါင်းများစွာသေကြေပျက်စီးခဲ့တာကြောင့် မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ဒီအစည်းအဝေးကို မတက်ရောက်ဖို့နဲ့ အသိအမှတ်မပြုဖို့ မြန်မာ့အရေးစောင့်ကြည့်လေ့လာတဲ့ Justice for Myanmar အပါအဝင် အရပ်ဖက်အဖွဲ့တွေကကန့်ကွက်တားမြစ်မှုတွေ ရှိခဲ့တာပါ။
ဒီတိုက်ခိုက်မှုတွေအတွက် တာဝန်ရှိလို့ဆိုပြီး မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်ကို အမေရိကန် နဲ့ ဗြိတိန်တို့က အရေးယူပိတ်ဆို့ထားကြပါတယ်။
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပေးဆွဲထားတယ်လို့ NLD သုံးနှုန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး နဲ့ အသက်အန္တရာယ် ထိခိုက်ရင် စစ်ကောင်စီမှာ တာဝန်ရှိတယ်လို့ ထုတ်ပြန်
စစ်ကောင်စီဆက်လက်ရပ်တည်နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကြားခံတစ်ဦးအဖြစ် ပြန်ပေးဆွဲထားလို့ အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအတွက် အထူးစိုးရိမ်ပူပန်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက စက်တင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်လာပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျန်းမာရေး တစ်စုံတစ်ရာချို့ယွင်းမှုသာမက အသက်အန္တရာယ်ကိုပါ ထိခိုက်တာဖြစ်ပေါ်လာရင် အာဏာသိမ်းစစ်ကောင်စီမှာ တာဝန်ရှိတယ်လို့ ပါတီထုတ်ပြန်ချက်က ဖော်ပြပါတယ်။
လျှို့ဝှက်ထားတဲ့နေရာမှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ရပိုင်ခွင့် နဲ့ အခွင့်အရေးကိုမပေးဘဲချုပ်နှောင်ထားသလို လုံလောက်တဲ့ကျန်းမာရေး စောင့်ရှောက်မှုမရတဲ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ ၊ နေရာထိုင်ခင်းတို့ကို သင့်တင့်မျှတအောင် ဆောင်ရွက်မထားတာကြောင့် အသက်အန္တရာယ်ရှိစေဖို့ ရည်ရွယ်ဖန်တီးထားတယ်လို့ NLD ကပြောပါတယ်။
ဥပဒေမဲ့ မတရားဖမ်းဆီးထားပြီး တရားခွင်တွေမှာဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြန်လည်ခုခံချေပခွင့်မရတာ၊ တရားစီရင်ရေး ပွင့်လင်းမြင်သာမှုမရှိတာတွေကိုကြုံခဲ့ရပြီးလူထုမျက်ကွယ်မှာ မတရားပြစ်ဒဏ်တွေ ချမှတ်ခံရပေမဲ့ မြန်မာလူထုသာမက နိုင်ငံတကာ ခေါင်းဆောင်တွေကပါ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြစ်ဒဏ်တွေကို လုံးဝ မကျူးလွန်ကြောင်း အပြည့်အဝယုံကြည်ထားတယ်လို့ လည်း ထည့်ပြောထားပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာနဲ့ အမြန်လွတ်မြောက်အောင် ကုလသမဂ္ဂ၊ အနောက်ဥရောပနိုင်ငံတွေ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နဲ့ အာဆီယံနိုင်ငံတွေက စစ်ကောင်စီထံကို ပုဂ္ဂိုလ်ရေးချဉ်းကပ်ဆောင်ရွက်တဲ့ နည်းလမ်းအပါအဝင် အခြားနည်းလမ်း ပေါင်းစုံနဲ့ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
NLD ပါတီရဲ့ တောင်းဆိုချက်ထဲ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံး ခြွင်းချက်မရှိလွတ်မြောက်စေဖို့ ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံအသိုက်အဝန်းနဲ့ အိမ်နီးနားချင်းနိုင်ငံ ခေါင်းဆောင်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြည်တွင်း၊ပြည်ပ တော်လှန်ရေးအင်အားစုတွေက တွန်းအားပေးဝန်းရံဖို့ ထည့်ပြောထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် မှာ သွားကိုက် ၊ သွားနာ နဲ့ သွားဖုံးယောင်ရောဂါတွေ ခံစားရတယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက ထုတ်ပြောလာတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ် ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကိုအထူးစိုးရိမ်ကြောင်းပြောလာကြတာပါ။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပုံမှန်ဆေးစစ်ပေးနေသလို ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး တုံ့ပြန်ဖြေကြားထားပါတယ်။








