အီတလီ ငလျင် သေသူပိုများလာ

ဓာတ်ပုံ ရင်းမြစ်, EPA
အီတလီ မှာ ငလျင်ကြောင့် သေဆုံးသူ လူ ၂၅ဝ လောက် ရှိသွားပါပြီ။
သေဆုံးသူတွေထဲမှာ အများစုက ကလေးငယ်တွေ ဖြစ်ပါတယ်။
အီတလီ နိုင်ငံ အလယ်ပိုင်းက ကုန်းမြင့်ဒေသ မြို့တွေဖြစ်တဲ့ အာမာထရီချေ၊ ပက်စကာရာ ဒယ်ထရွန်တိုနဲ့ အာကုမော်လီ မြို့တွေက အပျက်အစီးတွေကြားထဲမှာ လူတွေ ဒါဇင်ပေါင်းများစွာ ပိတ်မိနေသေးတယ်လို့လည်း ယူဆ ရပါတယ်။
အာမာထရီချေ မြို့ဝန်က သူ့မြို့ရဲ့ လေးပုံသုံးပုံ ပျက်စီးသွားပြီး နေလို့ဖြစ်တဲ့ အဆောက်အဦ တခုမှ မရှိတော့ဘူးလို့ ဆိုပါတယ်။
ကယ်ဆယ်ရေး ဝန်ထမ်း ၄၃၀ဝ ကိုလည်း အာဏာပိုင်တွေက ဖြန့်ချပြီး ညလုံးပေါက် ကယ်ဆယ်ရေးတွေ လုပ်ပြီး ပျောက်နေသူတွေကို ရှာဖွေခဲ့ပါတယ်။
မနက် လင်းအားကြီးမှာ လည်း နောက်ဆက်တွဲ ငလျင်တခု ခပ်ပြင်းပြင်း ထပ်လှုပ်သေးတယ် လို့ သိရပါတယ်။
အခုလို နောက်ဆက်တွဲ ငလျင်လှုပ်တာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ အနှောက်အယှက် အနည်းငယ် ဖြစ်ခဲ့ရပြီး ငလျင်တိုင်း ကိရိယာရဲ့ အချက်ပေးမှုနဲ့အတူ ကယ်ဆယ်ရေး ဝန်ထမ်းတွေ မြို့ကနေ ပြန်လည် ထွက်ခွာ ခဲ့ရပါတယ်။ ငလျင်ကြောင့် အိုးအိမ်မဲ့သွားသူတွေ အတွက် ယာယီတဲတွေကိုလည်း ကယ်ဆယ်ရေး အဖွဲ့က တည်ဆောက်ထား လိုက်ပါတယ်။




