လေယာဉ် ရှာဖွေရေး ပိုမိုအားထုတ်ဖို့ တရုတ်ဆို

ဓာတ်ပုံ ရင်းမြစ်, Getty
ပျောက်ဆုံးနေတဲ့ မလေးရှား လေကြောင်းလိုင်း လေယာဉ်ကို ရှာဖွေရာမှာ မလေးရှားဘက်က ပိုမို အားထုတ် ဆောင်ရွက်ဖို့ တရုတ် အာဏာပိုင်တွေက တိုက်တွန်းလိုက်ပါတယ်။
လေယာဉ် ပျောက်ဆုံးနေတာ ၃ ရက်နီးပါး ကြာနေပြီ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူ ကနေ တရုတ်နိုင်ငံ ဘေဂျင်းကို ပျံသန်းလာစဉ် ပျောက်ဆုံးခဲ့တာ ဖြစ်ပြီး အခုချိန်ထိ ပျက်ကျတယ်လို့ အတည်ပြုနိုင်တဲ့ လေယာဉ်အပိုင်းအစ အပျက်အစီးတွေ မတွေ့ရသေးပါဘူး။
အခုဆိုရင် နိုင်ငံတကာက ရှာဖွေရေးအဖွဲ့တွေဟာ ရှာဖွေတဲ့ နေရာဒေသတွေကို ချဲ့ထွင်လိုက်ပြီး မက္ကာ ကမ်းမြောင်ဒေသမှာပါ လေယာဉ်ကို ရှာဖွေနေကြပါတယ်။
မလေးရှား အရှေ့ဘက် ကမ်းလွန်ရေပြင်မှာ တွေ့ရတဲ့ ဆီကွက်ဟာ ပျောက်သွားတဲ့ လေယာဉ်က မဟုတ်ဘူးလို့ မလေးရှား ရေကြောင်းဌာနက အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။
လေယာဉ်ပေါ်ကို ပတ်စ်ပို့ အတု သုံးပြီး လိုက်ပါသွားသူ ၂ ဦးအနက် တစ်ဦးကို ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း သိရှိခဲ့တယ်လို့ မလေးရှား ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီသူဟာ မလေးလူမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။




