ရခိုင် အကြံပေးကော်မရှင်ကို ANP ကန့်ကွက်

ဓာတ်ပုံ ရင်းမြစ်, AFP
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဟောင်း ကိုဖီအာနန် ဦးဆောင်မယ့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်နဲ့ ပတ်သက်ပြီး ရခိုင် အမျိုးသားပါတီ ကနေ သဘောထား ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။
ဒီ ကြေညာချက်မှာ နိုင်ငံတော် အတိုင်ပင်ခံ ဝန်ကြီးဌာနက ဖွဲ့စည်းမယ့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်ကို ကန့်ကွက်ကြောင်း နဲ့ ဖျက်သိမ်းပေးဖို့ တောင်းဆို ထားကို တွေ့ရပါတယ်။
အခု အကြံပေး ကော်မရှင်ထဲမှာ ပါတဲ့ နိုင်ငံခြားသား သုံးဦးဟာ ရခိုင် နောက်ခံ သမိုင်းနဲ့ ဖြစ်တည်မှုကို လုံးဝ နားလည်နိုင်စွမ်း ရှိကြသူတွေ မဟုတ်တဲ့ အတွက် ကန့်ကွက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါပြင် ကုလသမဂ္ဂဟာ ရခိုင် အရေးမှာ ဘက်လိုက်မှုတွေ ရှိခဲ့တဲ့အတွက် ဒီသုံးဦးကို လက်ခံနိုင်ဖို့ ခက်ခဲတယ် လို့ ဒေါက်တာ အေးမောင်က ပြောဆိုပါတယ်။
အခုလို ရခိုင်အမျိုးသား ပါတီက တောင်းဆိုပေမယ့် နိုင်ငံတော် အစိုးရပိုင်းက လက်မခံရင် အဆင့်ဆင့် ဆက်ဆောင်ရွက်မယ်၊ ပြည်နယ် အရေးပေါ် လွှတ်တော် အမြန်ခေါ်ပြီး ကန့်ကွက် ဆွေးနွေးမယ်လို့လည်း ဆိုပါတယ်။
အခု ဖွဲ့စည်းမယ့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်နဲ့ ပတ်သက်ပြီး လက်ရှိမှာ သဘောထားတွေ အမျိုးမျိုး ထွက်ပေါ်လာတဲ့ အတွက် ဒီကော်မရှင် ဖွဲ့စည်းမယ့် အရေးနဲ့ပတ်သက်ပြီး အထူးစိတ်ဝင်စားဖွယ်ရာ အခြေအနေကို စတင် ရောက်ရှိ လာနေပြီ ဖြစ်တယ်လို့ ပြောဆိုရမှာ ဖြစ်ပါတယ်။




