၂၀၂၀ မြန်မာရွေးကောက်ပွဲ သိသင့်တဲ့ ၅ ချက်
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအတွက် ပါတီကြီးတချို့ကို အရင်နှစ်တွေထက် ပိုမိုတဲ့ အားပေးဝန်းရံမှုတွေကို တွေ့မြင်ခဲ့ကြရပါတယ်။ ဒီလိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဒီ နှစ် ၂၀၂၀ ရွေးကောက်ပွဲရဲ့ အရင်ရွေးကောက်ပွဲတွေနဲ့ မတူတဲ့ ထူးခြားချက်တွေက ဘာတွေပါလဲ။
၁) ကိုဗစ်ကပ်ကြားက ရွေးကောက်ပွဲ

ပထမဆုံးကတော့ ဒီတကြိမ် ရွေးကောက်ပွဲဟာ ကိုဗစ်-၁၉ ကူးစပ်မြန် ကပ်ရောဂါကြား မှာ ကျင်းပရမယ့် ရွေးကောက်ပွဲ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲတွေ ကျင်းပတဲ့သမိုင်းမှာ ခုလို ကပ်ရောဂါ ကျရောက်နေချိန် ကျင်းပရတဲ့ ရွေးကောက်ပွဲမျိုး အရင်က မရှိသေးပါဘူး။
ဒါကြောင့် ပါဝင် ယှဉ်ပြိုင်ကြမယ့် ပါတီတွေဟာ လူစု လူဝေးနဲ့ ဟောပြောပွဲတွေ လုပ်တာ၊ မဲဆွယ်တာတွေ လုပ်ဆောင်နိုင်မယ့် အခြေအနေ မရှိပါဘူး။ ရောဂါ ထိန်းချုပ်ရေး သတ်မှတ်ထားတဲ့ လူ အရေအတွက် နဲ့ အညီ မဲဆန္ဒ ရှင်တွေကို ခပ်ခွာခွာ စည်းရုံး လှုံ့ဆော် ရမှာ ဖြစ်ပါတယ်။ တဖက်မှာလည်း ပါတီ တွေဟာ အွန်လိုင်း ဆိုရှယ် မီဒီယာတွေ တဆင့် မဲဆန္ဒရှင် ပြည်သူကို ပိုတိထွေ့လာရမှာ ဖြစ်ပါတယ်။
ကိုယ်စားလှယ်လောင်းတွေဟာ ဆိုရှယ်မီဒီယာ ပေါ်က မဲဆွယ်တဲ့ အသုံးစရိတ်တွေကို လည်း ပထမဆုံးအကြိမ် အဖြစ် ရွေးကောက်ပွဲ အသုံးစရိတ်ထဲမှာ ထည့်သွင်း ဖော်ပြရဖို့ ရှိလာပါတယ်။
မြန်မာပြည်မှာ လူသုံးများတဲ့ လူမှုကွန်ရက် ဖြစ်တဲ့ Facebook ကလည်း မြန်မာ နိုင်ငံက နိုင်ငံရေး ကြော်ငြာ ပို့စ်တွေ နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း အများပြည်သူ သိအောင် ထုတ်ပြန်နေပါတယ်။
အရင် ရွေးကောက်ပွဲတုန်းကတော့ ပါတီတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ၊ ပါတီဝင်တွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက ငွေကြေး အသုံးပြုပြီး ဖေ့စ်ဘွတ်မှာ ကြော်ငြာတာမျိုး ထုတ်ပြန်ပေးခဲ့တာမျိုး မရှိဖူးခဲ့ပါဘူး။
ဒါ့အပြင် ပြည်သူတွေ မဲပေးရာမှာလည်း ခပ်ခွာခွာ မဲပေးနိုင်ဖို့ စီစဉ်ရသလို မဲရုံ အရေအတွက်တွေလည်း တိုးချဲ့ စီမံထားရပါတယ်။
၂) မဲပေးပိုင်ခွင့်ရှိသူဦးရေ

နောက် ထူးခြားမှု တခုက ဒီတကြိမ် ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူဦးရေ တိုးလာတာဖြစ်ပါတယ်။
အခြေခံမဲစာရင်းအရ ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ငံတစ်ဝန်း မဲပေးပိုင်ခွင့်ရှိသူ ပေါင်း ၃၇ သန်းကျော် ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါ တယ်။
အဲဒီထဲမှာ အသက် ၁၈ နှစ်ပြည့်ပြီး ပထမဆုံးအကြိမ် မဲပေးကြမယ့် လူငယ် ၅ သန်း လောက် ပါဝင် နေပါတယ်။
၂၀၁၅ ရွေးကောက်ပွဲတုန်းက မဲဆန္ဒရှင်ဦးရေဟာ ၃၄.၃ သန်း လောက် ရှိခဲ့ပါတယ်။ ဆိုတော့ အကြမ်းဖျင်းအားဖြင့် မဲဆန္ဒရှင် ၃ သန်းကျော် တိုးလာတယ်လို့ ဆိုရမှာပါ။
တစ်ပြည်လုံးအတိုင်းအတာနဲ့ မဲရုံလေးသောင်း ကျော်ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။
၃) တပ်မဲရုံတွေ အပြင်ထုတ်

နောက်ထပ် ထူးခြားချက်တစ်ချက်ကတော့ အရင်က တပ် တွင်းမှာပဲ မဲပေးနေရာကနေ အခု တခေါက်မှာ တော့ မဲရုံတွေကို တပ် ပြင်ပ ထုတ်ဖို့ နည်းဥပဒေ ပြင်ဆင်လိုက် တဲ့အချက်ပါ။
ဒါကြောင့် အခု ရွေးကောက်ပွဲကစလို့ တပ်တွင်းမဲရုံတွေ အများစု ရှိတော့မှာမဟုတ်ပါဘူး။ တပ်မတော်သားတွေအနေနဲ့ အများပြည်သူ နဲ့တန်းတူ လွတ်လပ်စွာမဲပေးနိုင်ဖို့ တပ်အပြင်ထွက်ပြီး အဆင်ပြေပြေနဲ့ မဲပေးနိုင်မယ့် မဲရုံတွေကို ကော်မရှင်က စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။
စုစုပေါင်း တပ်ရင်းတပ်ဖွဲ့ သီးသန့်မဲရုံ ၆၀၀ ကျော် လျာထားသတ်မှတ်ထားတယ် လို့ လည်း ဆိုပါတယ်။
ဒါပေမယ့် တဖက်မှာလည်း တပ်ရင်းတပ်ဖွဲ့ သီးသန့်မဲရုံလို့ ဆိုတဲ့ အတွက် သီးသန့်မဲရုံဖြစ်လို့ မဲရလဒ်ကို ကြည့်ပြီး တပ်မတော်သားတွေရဲ့ လွတ်လပ်စွာမဲပေးခွင့် ဆုံးရှုံးနိုင်တယ်လို့ ထောက်ပြမှုတွေ ရှိနေပါတယ်။
၄) မဲဆန္ဒနယ် ပြင်ပရောက် မဲပေးခွင့်ရှိသူ များ မဲပေးခွင့် ရက် (၉၀) လျှော့ချ သတ်မှတ်

နောက်ထပ်ထူးခြားချက် တစ်ခုကတော့ မဲဆန္ဒရှင်တွေဟာ မိမိ ရောက်ရှိဒေသမှာ ရက် ၉၀ နေထိုင်ရုံနဲ့ မဲပေးခွင့်ရမယ့် အချက်ပါ။
မဲဆန္ဒရှင်တစ်ဦးအနေနဲ့ မူလနေရပ်မဟုတ်ဘဲ ကိုယ်ရောက်ရှိတဲ့ဒေသမှာ ရက် ၉၀ နဲ့အထက် နေထိုင်ရုံနဲ့မဲပေးခွင့်ရှိတယ် ဆိုတဲ့အချက်ကို ဒီနှစ်ဆန်းပိုင်းမှာ ရွေးကောက်ပွဲဆိုင်ရာဥပဒေမှာ ပြင်ဆင် ပြဌာန်း ခဲ့ပါတယ်။
မဲဆန္ဒရှင်တစ်ဦးအနေနဲ့ ရောက်ရှိဒေသမှာ မဲပေးဖို့ လုပ်ရမယ့်အဆင့်တွေလည်း ရှိပါတယ်။
ပထမဆုံးကတော့ အဲဒီ နေရာမှာ ရက် ၉၀ နေထိုင်ကြောင်း သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေး မှူးတွေရဲ့ ထောက်ခံချက် လိုပါတယ်။ ကိုယ်တိုင် ခံဝန်ချက်လည်း တင်ပြရပါမယ်။ ဝန်ထမ်း၊ အလုပ်သမား ဆိုရင် သက်ဆိုင်ရာလုပ်ငန်းတာဝန်ခံ၊ အလုပ်ရှင်၊ ဝန်ထမ်းအကြီးအကဲရဲ့ ထောက်ခံချက် တွေ လိုပါတယ်။ ပြီးမှ ကော်မရှင်က သတ်မှတ်ထားတဲ့ ပုံစံ ၃ (က) လျှောက်လွှာကို ဖြည့်စွက်ပြီး သက်ဆိုင်ရာ ဒေသ ရွေးကောက် ပွဲကော်မရှင်ကို ရွေးကောက်ပွဲနေ့မတိုင်မီ တစ်လအလို တင်သွင်းရမှာ ဖြစ်ပါတယ်။
အရင်တုန်းက ရွှေ့ပြောင်းသူတွေ ရောက်ရှိရာ ဒေသမှာ မဲပေးနိုင်မယ့် ရက် သတ်မှတ်ချက်က ရက်ပေါင်း ၁၈၀ ပါ။ အခုလို ရက် ၉၀ လျှော့ချလိုက်တဲ့ အတွက် တိုင်းရင်းသားပါတီတွေနဲ့ တိုင်းရင်းသားဒေသခံအမတ်တွေက လွှတ်တော်ထဲမှာ ပြင်းပြင်းထန်ထန် ကန့်ကွက် ဆွေးနွေးမှုတွေလည်း ဖြစ်ခဲ့ပါတယ်။
အဓိကကန့်ကွက်ရတဲ့အကြောင်းက ဒေသခံမဟုတ်တဲ့သူတွေက လပိုင်းလောက်နေ ထိုင်ရုံနဲ့ ရွေးကောက်ပွဲ ရလဒ်အပေါ် ဝင်ရောက်ဆုံးဖြတ်ခွင့်နဲ့ အဲဒီဒေသက ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ခွင့်ပေးလိုက်တာဟာ တရားမျှတမှုမရှိသလို မဖြစ်သင့်ဘူးဆိုတာကို ဖြစ်ပါတယ်။
ရည်ရွယ်ချက်ရှိရှိ နဲ့ အစုလိုက် အပြုံလိုက် ရွှေ့ပြောင်းပြီး အုပ်စုလိုက် မဲလာထည့်ဖို့ လုပ်လာနိုင်တဲ့ အခြေအနေတွေကိုလည်း ထောက်ပြ ဝေဖန်ခဲ့ကြပါတယ်။
၅) မဲဆွယ်ပွဲစရိတ် နဲ့ ရွေးကောက်ပွဲ အသုံးစရိတ် တိုးလာ

နောက်ထပ် ထူးခြားချက်တစ်ခုကတော့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နေရာက ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအတွက် မဲဆွယ်စရိတ် တိုးမြှင့်ပေးဖို့ ရွေးကောက်ပွဲ ဆိုင်ရာနည်းဥပဒေမှာ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာယှဉ်ပြိုင်ဖို့ တစ်နိုင်ငံလုံးမှာ ၂၉ နေရာ ရှိပါ တယ်။
ဒီနေရာကို ဝင်ပြိုင်မယ့်ကိုယ်စားလှယ်လောင်းတွေအတွက် မဲဆွယ်စရိတ်ကို ကျပ် သိန်း ၁၀၀ အစား သိန်း ၁၅၀ တိုးပေးလိုက်တာဖြစ်ပါတယ်။
ဒီကိုယ်စားလှယ်လောင်းတွေဟာ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ် တစ်ခုလုံးစာကို ရွေးကောက်ပွဲကာလ မဲဆွယ်ရတာဖြစ်တာကြောင့် အခုလို တိုးပေးတာဖြစ်ပါတယ်။
နယ်မြေ အကန့်အသတ်ရှိတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသ ကြီး ပြည်နယ်လွှတ်တော်တွေမှာ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကိုတော့ လက်ရှိ သတ်မှတ်နှုန်းထား ကျပ် သိန်းတစ်ရာပဲ ခွင့်ပြုမှာ ဖြစ်ပါမယ်။
ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကုန်ကျစရိတ်ကို ကျပ် ဘီလျံ ၅၀ ခန့် သုံးဖို့ လျာထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောကြား ထားပါတယ်။
၂၀၁၅ တုန်းက ရွေးကောက်ပွဲကုန်ကျစရိတ်ကို ကျပ် ၄၃ ဘီလျံကျော် သုံးစွဲဖို့ အစိုးရ ခွင့်ပြုခဲ့ပါတယ်။ ဘယ်လောက်သုံးပြီး ဘယ်လောက်ကုန်ခဲ့တယ်ဆိုတာကိုတော့ အဲဒီတုန်းက ရွေးကောက်ပွဲကော်မရှင်က အသေးစိတ်ရှင်းလင်းခဲ့တာ မရှိပါဘူး။
အခုတစ်ခါ ကျပ် ၅၀ ဘီလျံသုံးမယ့် ကော်မရှင်အသုံးစရိတ်ကိုလည်း ပွင့်လင်းမြင်သာမှုရှိစွာထုတ်ပြန်ပေးဖို့ ထောက်ပြနေတာတွေ ရှိပါတယ်။








