စကားဝှက်အားနည်းလို့ နှစ်ပေါင်း ၁၅၀ ကျော်ကြာကုမ္ပဏီက လူ ၇၀၀ အလုပ်ပြုတ်တဲ့နည်းပညာလုံခြုံရေးတပ်လှန့်မှု

ဟတ်ကာနဲ့ ဆိုက်ဘာလုံခြုံရေးကို ရည်ရွယ်တဲ့ သရုပ်ဖော် ဓာတ်ပုံ။ ခေါင်းစွပ် အင်္ကျီဝတ်၊ လက်အိတ်စွပ်ထားတဲ့ အမျိုးသားတစ်ယောက်က ကွန်ပျူတာမှာ စာရိုက်နေပြီး လျှို့ဝှက်လုံခြုံရေးစကားလုံး ပတ်စ်ဝါ့ သင်္ကေတပြတဲ့ ကြယ်ပွင့်သက္ဍာန် အနီရောင် သင်္ကေတ ၇ ခုနဲ့ အနီရောင် ကာဘာ ဘားတစ်ခုကို စခရင်ပေါ် ဖောင်းကြွ ပုံစံမျိုး တင်ထားတာကို မြင်ရ
    • ရေးသားသူ, ရစ်ချက် ဘယ်တွန်
    • ရာထူးတာဝန်, ဘီဘီစီ ပန်နိုရားမား
  • ဖတ်ရန်အချိန်: မိနစ် ၁၃

နှစ် ၁၆၀ နီးပါး သက်တမ်းရှိတဲ့ကုမ္ပဏီတစ်ခု ပျက်သွားအောင်၊ ဝန်ထမ်း ၇၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်သွားအောင် မသမာသူတစ်ဖွဲ့တစ်ဖွဲ့က ကွန်ပျူတာဖိုင်တွေထဲအထိ ထိုးဖောက်ဝင်ရောက်ပြီး အချက်အလက်တွေကို ပိတ်ချ ငွေညှစ်တဲ့ ransomware တိုက်ခိုက်မှုကို လုပ်နိုင်တဲ့အကြောင်းရင်းခံဟာ စကားဝှက်(password) တစ်ခုကနေ စတင်တယ်လို့ ယူဆပါတယ်။

ဒီလိုတိုက်ခိုက်တာခံရတဲ့ ဗြိတိန်က လုပ်ငန်းထောင်ချီထဲမှာ နော်သမ်တမ်ရှိုင်းယားက KNP ဆိုတဲ့ သယ်ယူပို့ဆောင်‌ရေးကုမ္ပဏီလည်း ပါဝင်ပါတယ်။

အလားတူ တိုက်ခိုက်ခံရတဲ့လုပ်ငန်းတွေထဲမှာ M&S၊ Co-op နဲ့ Harrods တို့လို နာမည်ကြီးလုပ်ငန်းကြီးတွေလည်း ပါဝင်ပါတယ်။ သူ့မှာ ရှိတဲ့အဖွဲ့ဝင် ၆.၅ သန်းရဲ့အချက်အလက်တွေ အခိုးခံခဲ့ရတယ်လို့ Co-op ရဲ့အမှုဆောင်ချုပ်က ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ အတည်ပြုပါတယ်။

KNP ရဲ့ဖြစ်စဥ်မှာတော့ ဟတ်ကာတွေက အလုပ်သမားရဲ့စကားဝှက်ကို ခန့်မှန်းခဲ့ပြီးတော့ ကွန်ပျူတာစနစ်ထဲကို ဝင်ရောက်ပြီး စီမံထိန်းချုပ်ခွင့်ရခဲ့ကာ ကွန်ပျူတာထဲက ကုမ္ပဏီရဲ့အချက်အလက်တွေကို ထိန်းသိမ်းတဲ့ကုတ်တွေကို ပြောင်းလဲတာနဲ့ ကုမ္ပဏီရဲ့အင်တာနက်စနစ်ကိုလည်း ပိတ်ချတာ လုပ်ခဲ့ပါတယ်။

ပေါက်ကြားခဲ့တယ်လို့ ယူဆရတဲ့စကားဝှက်ကြောင့် ကုမ္ပဏီတစ်ခုလုံး ပျက်စီးခြင်းကြုံရတယ်ဆိုတာမျိုးကို အလုပ်သမားတွေကို မပြောပြထားဘူးလို့ KNP ညွှန်ကြားရေးမှူး ပေါလ် အဘော့က ပြောပါတယ်။

ဒီလိုမပြောရတဲ့အကြောင်းရင်း သူ့မှာရှိနေပါတယ်။ ''ကိုယ့်ရဲ့စကားဝှက်ကြောင့် ဒီလိုဖြစ်သွားတယ်ဆိုရင်ရော ကာယကံရှင်က သိချင်ပါဦးတော့မလား'' လို့ သူက ပြန်လည်မေးခွန်းထုတ်ပါတယ်။

"အဖွဲ့စည်းတွေအနေနဲ့ ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတွေ လုံခြုံအောင်နဲ့ စနစ်တွေ ခိုင်မာနေအောင် ကာကွယ်နည်းအဆင့်ဆင့်ခံထားဖို့ လိုအပ်တယ်" လို့ အမျိုးသားဆိုက်ဘာလုံခြုံရေးစင်တာ (NCSC) က အမှုဆောင်အရာရှိချုပ် ရစ်ချက် ဟွန်းက ပြောပါတယ်။ ဒီစင်တာဟာ ကွန်ပျူတာစနစ်ထဲ ခိုးဝင်ထိန်းချုပ်ဖို့ကြိုးပမ်းနေတဲ့ ဟတ်ကာ ဂိုဏ်းတွေကို ဘယ်လို တိုက်ဖျက်နေလဲဆိုတာကို သိရအောင် ဘီဘီစီရဲ့ပန်နိုရားမားအစီအစဉ်အဖွဲ့ကို အထူးအခွင့်အရေးအနေနဲ့ စင်တာထဲ လေ့လာခွင့်ပြုခဲ့ပါတယ်။

အမှားအသေးလေး တစ်ခု

KNP ဟာ ၂၀၂၃ ခုနှစ်မှာ ကုန်တင် လော်ရီကားကြီး အစင်း ၅၀၀ လောက်ကို Knights of Old နာမည်နဲ့ ပြေးဆွဲလည်ပတ်နေပြီဖြစ်ပါတယ်။

လုပ်ငန်းလည်ပတ်မှု စံနှုန်းတွေနဲ့ကိုက်ညီအောင် လိုက်နာထားတဲ့အပြင် ဆိုက်ဘာတိုက်ခိုက်မှုဒဏ်မကြုံရအောင် နည်းပညာပိုင်းကို ပြင်ဆင်ထားခဲ့တယ်လို့ ကုမ္ပဏီက ပြောခဲ့ပါတယ်။

ဒါပေမဲ့ အကီရာ(Akira)လို့ သိထားကြတဲ့ ဟတ်ကာဂိုဏ်းတစ်ခုက ကုမ္ပဏီရဲ့နည်းပညာစနစ်ထဲကို ဝင်ရောက်ပြီး စီးပွားရေးအတွက် လိုအပ်တဲ့ စီမံလည်ပတ်မှုတွေကို ဝန်ထမ်းတွေ ဝင်ရောက်လုပ်ကိုင်လို့ မရအောင် ထိန်းချုပ်ခဲ့ပါတယ်။ အဲဒီအတွက် လုပ်ငန်းပြန်လည်ပတ်နိုင်ဖို့ တစ်ခုတည်းသောနည်းကတော့ ငွေပေးရမှာဖြစ်ပါတယ်။

ပေါလ် အဘော့ထ်ကို မြင်တွေ့ရတာဖြစ်ပါတယ်။ မျက်မှန်တပ်ထားပြီး အနက်ရောင် ဘလေဇာကုတ်ကို ဝတ်ထားပါတယ်။ အနောက်မှာတော့ ပရိဘောဂနဲ့ ပစ္စည်းတွေကို မသဲမကွဲမြင်ရတဲ့ အခန်းတွင်း အပြင်အဆင်ကို မြင်ရပါတယ်။
ဓာတ်ပုံ ပုံစာ, ပေါ အဘော့ထ်ရဲ့ KNP ကုမ္ပဏီဟာ ဟတ်ကာတွေက ကွန်ပျူတာစနစ်ထဲကို ထိုးဖောက်ပြီး အချက်လက်တွေကို ထိန်းချုပ်၊ ကွန်ပျူတာစနစ်ကို ပြန်သုံးချင်ရင် ငွေပေးရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုကြုံခဲ့ရပါတယ်

''ဒီစာကို ခင်ဗျား ဖတ်နေတယ်ဆိုရင်တော့ ခင်ဗျား ကုမ္ပဏီမှာသုံးတဲ့နေတဲ့ နည်းပညာပိုင်းမှာ တစ်စိတ်တစ်ပိုင်း ပျက်စီးတာ ဒါမှမဟုတ် အလုံးစုံပျက်စီးမှုဖြစ်နေလို့ မှတ်လိုက်ပါတော့။ ... မျက်ရည်ကျလို့လည်း မထူးတော့ပြီ။ ... ဒီတော့ အကောင်းဘက်ရောက်အောင် စကား ဆက်ပြောကြတာပေါ့'' လို့ ဟတ်ကာတွေက သူတို့ ပြန်ပေးစာမှာ ရေးပါတယ်​။

ဟတ်ကာတွေဟာ သူတို့ ငွေ ဘယ်ရွေ့ဘယ်မျှ လိုချင်တယ်ဆိုတာမျိုး မပြောထားပါဘူး။ ဒါပေမဲ့ သူတို့အကြောင်း သိရှိကျွမ်းကျင်သူ ညှိနှိုင်းရေးလုပ်ငန်းတွေကတော့ တစ်ဖက်က လိုချင်တဲ့ပမာဏဟာ အနည်းဆုံး ဗြိတိသျှ စတာလင်ပေါင်ငွေ ၅ သန်း နီးပါးရှိမယ်လို့ ခန့်မှန်းပါတယ်​။ KNP မှာ အဲဒီလောက်ပမာဏ ငွေမရှိခဲ့ပါဘူး။ အဆုံးမှာတော့ အချက်အလက်အားလုံး ဆုံးရှုံးခဲ့သလို ကုမ္ပဏီလည်း ပြုတ်သွားခဲ့ပါတယ်။

Knights of Old လို့ စာတန်းပါတဲ့ အနီရောင်နဲ့အပြာရောင်ထရပ်ကားကြီး တစ်စင်းကို မြင်ရတာဖြစ်ပါတယ်။
ဓာတ်ပုံ ပုံစာ, KNP နဲ့အတူ လူ ၇၀၀ လည်း အလုပ်ပြုတ်ခဲ့ပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

"ဘေးကင်းလုံခြုံစွာ နေနိုင်၊ အွန်လိုင်းကနေ အလုပ်လုပ်နိုင်အောင် လုပ်ဆောင်နေတာက'' သူတို့ ရည်မှန်းချက်ဖြစ်တယ်လို့ အမျိုးသားဆိုက်ဘာလုံခြုံရေးစင်တာ(NCSC )က ဆိုပါတယ်။ အရေးကြီးတဲ့တိုက်ခိုက်မှုတွေကို နေ့တိုင်းဖြေရှင်းနေရတယ်လို့လည်း စင်တာဘက်က ပြောပါတယ်။

NCSC ဟာ ဗြိတိန်ထောက်လှမ်းရေး MI5 (ပြည်တွင်းထောက်လှမ်းရေး)၊ MI6 (ပြည်ပထောက်လှမ်းရေး)တို့နဲ့အတူ ပူး‌ပေါင်းလုပ်ဆောင်တဲ့ယူကေရဲ့လုံခြုံရေးဝန်ဆောင်မှု အဓိက ၃ ခုထဲက တစ်ခုဖြစ်တဲ့ GCHQ ရဲ့တစ်စိတ်တစ်ပိုင်းအဖွဲ့အစည်းဖြစ်ပါတယ်။

ဟတ်တဲ့သူတွေဟာ ဘယ်လိုမျိုးအသစ်ပုံစံမျိုးကိုမှ မလုပ်ကြပါဘူးလို့ NCSC နေ့စဥ်နေ့တိုင်းတိုက်ခိုက်မှုတွေနဲ့အတူ အပေးအယူလုပ်နေရတဲ့အဖွဲ့ကို စီမံသူ ဆမ်(အမည်လွှဲ)က ပြောပါတယ်။ သူတို့က အားနည်းတဲ့လင့်ခ်တွေကို စောင့်ကြည့်နေကြတာလို့ သူက ပန်နိုရားမား အစီအစဥ်ကို ပြောပါတယ်။

"အဖွဲ့အစည်း တစ်ဖွဲ့ဖွဲ့များ ဘယ်အချိန် ယိုပေါက်ရှိနေမလဲဆိုတာကို သူတို့ ကျားချောင်းသလို ချောင်းကြတယ်။ ပြီးရင်တော့ အဲဒီယိုပေါက်ကို အသုံးချပြီး အမြတ်ထုတ်ဖို့ လုပ်ကြတာ''

ထောက်လှမ်းရေးသတင်းရင်းမြစ်တွေကို အသုံးချပြီး NCSC အဖွဲ့သားတွေဟာ ကွန်ပျူတာထဲကို ထိန်းချုပ်နိုင်တဲ့ဆော့ဝဲလ်ကို ထိထိရောက်ရောက်အသုံးချမှု မရှိသေးခင် ကွန်ပျူတာစနစ်ကနေ ဟတ်ကာတွေကို မောင်းထုတ်ပြီး တိုက်ခိုက်မှုတွေကို တွေ့နိုင် သိနိုင်ဖို့ ကြိုးပမ်းကြပါတယ်။​

"ဂျိတ်"(အမည်လွှဲ)ဟာ ကွန်ပျူတာစနစ်ထဲ ထိုးဖောက်ဝင်ရောက်ဖို့ကြိုးပမ်းတဲ့ဟတ်ကာတွေကို တားမြစ်လိုက်နိုင်တဲ့အလားတူဖြစ်ရပ်တစ်ခု ဖြစ်ချိန်မှာ ညဆိုင်းတာဝန်ကျအရာရှိအဖြစ် တာဝန်ယူခဲ့ချိန်ဖြစ်ပါတယ်။​

"ဖြစ်နေတဲ့အတိုင်းအဆ ပမာဏကို နားလည်ပြီး အထိအခိုက်နည်းအောင် ဘယ်လို လျှော့ချမလဲဆိုတာကို တွေးတော့တာပဲ'' လို့ သူကပြောပါတယ်။ "သိပ်ကို ရင်ခုန် စိတ်လှုပ်ရှားဖို့ ကောင်းတယ်။ အောင်အောင်မြင်မြင်လုပ်နိုင်တဲ့အခါမျိုးမှာဆိုရင် ပိုလို့တောင် ဖြစ်မိသေးတယ်''

ဒါပေမယ့်လည်း NCSC အနေနဲ့တော့ ကာကွယ်မှုအဆင့်တစ်ခုကိုသာ ထောက်ပံ့ပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ထိုးဖောက်ဝင်ရောက်ထိန်းချုပ်တဲ့ဆော့ဝဲလ်ကို အသုံးချပြီး အမြတ်ထုတ်တဲ့လုပ်ရပ်ဟာ ဟတ်ကာတွေအတွက် မြိုးမြိုးမြက်မြက်ရတဲ့လုပ်ငန်းမျိုးလည်း ဖြစ်နေပြန်ပါတယ်​။

''ဒီပြဿနာကြီး တစ်ခုလုံးရဲ့တစ်စိတ်တစ်ပိုင်းက ဟတ်ကာတွေ အများကြီးရှိနေတာပါ" လို့ ဆမ်ကပြောပါတယ်။ ''ကျွန်တော်တို့လိုလူတွေ(ဟန့်တားသူတွေ)ကျတော့ များများစားစား မရှိကြပါဘူး"

တိုက်ခိုက်ခံရတဲ့ကုမ္ပဏီတွေဟာ သူတို့ခံရတဲ့အကြောင်း သတင်းမပို့ရင် ဒါမှမဟုတ်ရင် ငွေပေးလိုက်ရတယ်လို့ သတင်းမပို့ရင် ဒီတိုက်ခိုက်မှုဖြစ်စဥ်တွေမှာ ပေးလိုက်ရတဲ့ငွေ အတိုင်းအဆနဲ့ တိုက်ခိုက်ခံရမှုဖြစ်ရပ် အကြိမ်အရေအတွက်ကို စာရင်းအင်းနဲ့ သိနိုင်ဖို့ခက်ခဲပါတယ်။​ ဒါပေမဲ့ ၂၀၂၄ ခုနှစ်အတွင်း ယူကေ စီးပွားရေးလုပ်ငန်းတွေ အဲဒီလိုတိုက်ခိုက်မှုပေါင်း အကြိမ်ရေ ၁၉,၀၀၀ အထိရှိမယ်လို့ အစိုးရရဲ့ဆိုက်ဘာလုံခြုံရေးစစ်တမ်းမှာ ခန့်မှန်းပါတယ်။

တကယ့် ယူကေက ငွေပေး ပြန်ရွေးစေသူတွေရဲ့လိုလားချက်ဟာ ပျမ်းမျှ ပေါင်ငွေ ၄ သန်းနီးပါးရှိပြီး ငွေညှစ်ခံရတဲ့လုပ်ငန်း သုံးပုံ တစ်ပုံဟာ ဒီအတိုင်းပဲ ငွေပေးလိုက်ကြတယ်လို့ အဲဒီနယ်ပယ် သုတေသနတွေက ခန့်မှန်းပါတယ်။​

အမျိုးသားဆိုက်ဘာလုံခြုံရေး စင်တာ အမှုဆောင်ျခုပ် ရစ်ချက် ဟွန်းကတော့ ကုမ္ပဏီတွေအနေနဲ့သူတို့ရဲ့ ဆိုက်ဘာလုံခြုံရေးကို အဆင့်မြှင့်သင့်ပြီလို့ ပြောပါတယ်
ဓာတ်ပုံ ပုံစာ, အမျိုးသားဆိုက်ဘာလုံခြုံရေးစင်တာ အမှုဆောင်ချုပ် ရစ်ချက် ဟွန်းကတော့ ကုမ္ပဏီတွေအနေနဲ့သူတို့ရဲ့ဆိုက်ဘာလုံခြုံရေးကို အဆင့်မြှင့်သင့်ပြီလို့ ပြောပါတယ်

"ပြီးခဲ့တဲ့နှစ်အနည်းငယ်မှာ ဆိုက်ဘာတိုက်ခိုက်တဲ့ရာဇဝတ်မှု လှိုင်းတွေကို မြင်ခဲ့ရပါတယ်" လို့ NCSC ရဲ့အမှုဆောင်ချုပ် ရစ်ချက် ဟွန်းက ပြောပါတယ်။ ရာဇဝတ်မှုတွေဟာ အနိုင်ရနေတယ်ဆိုတာကို သူက ငြင်းဆိုပေမယ့်လည်း ကုမ္ပဏီတွေအနေနဲ့ ဆိုက်ဘာလုံခြုံရေးတိုးမြှင့်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ကာကွယ်ရေးက အလုပ်မဖြစ်ဘူးဆိုရင် အမျိုးသားမှုခင်းဌာန(NCA)လို အခြားအဖွဲ့တွေက အရာရှိတွေဟာ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမယ့်တာဝန် ရှိလာပါတယ်။

ကြေးကြီးကြီး ငွေညှစ်တဲ့ပြစ်မှု ပုံစံမျိုးဖြစ်နေတာကြောင့် ဟတ်တဲ့နှုန်းထားတွေဟာ ထိုးတက်လာတယ်လို့ NCA က အကြီးတန်းအရာရှိတစ်ဦးဖြစ်တဲ့ ဆူဇန် ဂရင်မာက ပြောပါတယ်။

သူ့ရဲ့အဖွဲ့ဟာ M&S ဟတ်ခံရမှုအတွက် ရှေ့ဦးအကဲဖြတ်ခြင်းကို လုပ်ဆောင်ခဲ့ပါတယ်။

အမျိုးသားရာဇဝတ်မှုဌာန အကြီးတန်းအရာရှိ  ဆူဇန် ဂရင်မာက ဟတ်ကာတွေရဲ့တိုက်ခိုက်မှု ၂ ဆ တိုးလာတယ်လို့ ပြောပါတယ်
ဓာတ်ပုံ ပုံစာ, အမျိုးသားရာဇဝတ်မှုဌာန အကြီးတန်းအရာရှိ ဆူဇန် ဂရင်မာက ဟတ်ကာတွေရဲ့တိုက်ခိုက်မှု ၂ ဆ တိုးလာတယ်လို့ ပြောပါတယ်

အဖွဲ့ကို တာဝန်ယူခဲ့တဲ့ လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကတည်းကဆိုရင် ဟတ်ကာတွေရဲ့တိုက်ခိုက်မှုဟာ တစ်ပတ်ကို ၃၅ ခု ကနေ ၄၀ အထိ ၂ ဆလောက်ကို တိုးလာတယ်လို့ မစ္စ ဂရင်မာက ပြောပါတယ်။

"ဒါမျိုးတွေ ဆက်ဖြစ်နေရင် ယူကေမှာ ဟတ်ကာတွေက ကွန်ပျူတာတွေထဲ ထိန်းချုပ်ဝင်ရောက်ပြီးငွေညှစ်တဲ့တိုက်ခိုက်မှုဖြစ်တဲ့အဆိုးရွားဆုံးနှစ်တွေ ဖြစ်လာမယ်လို့ ခန့်မှန်းပါတယ်"

ဟတ်တဲ့လုပ်ရပ်တွေဟာ တချို့တိုက်ခိုက်မှုတွေမှာဆိုရင် ကွန်ပျူတာတစ်လုံးကိုတောင် မသုံးတော့တဲ့အထိ ပိုပြီးလွယ်ကူလာနေပါတယ်။ အချို့ဖြစ်ရပ်တွေမှာဆို အိုင်တီနည်းပညာ အထောက်အကူပြုဌာနကို ဖုန်းခေါ်လိုက်တာနဲ့ တိုက်ခိုက်မှု လုပ်နိုင်တာမျိုးအထိ ဖြစ်လာတာပါ။

ဒီအခြေအနေကြောင့် တိုက်ခိုက်ခံလာရနိုင်ခြေကို ကာကွယ်တဲ့အဆင့် ကျဆင်းသွားစေတယ်လို့ မစ္စ ဂရင်မာက ပြောပါတယ်။ ''ရာဇဝတ်မှုကျူးလွန်သူတွေဟာ အွန်လိုင်းတိုက်ခိုက်မှုလုပ်ပြီး ငွေညှစ်ဖို့ ဘာမှ မယ်မယ်ရရ မလိုအပ်တော့တဲ့နည်းပညာနဲ့ နည်းနာတွေကို လက်လှမ်းမီလာနေတယ်''

M&S ဟတ်သူတွေဟာ ကုမ္ပဏီရဲ့နည်းပညာကွန်ရက်ထဲကို တဖက်လှည့်လုပ်ပြီး ၀င်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်​။ ဒီလိုနဲ့ ပို့ဆောင်မှုတွေ နှောင့်နှေးစေတာ၊ ရောင်းကုန် ဝယ်နိုင်တဲ့နေရာမှာ ကုန်ပစ္စည်းမရှိအောင် လုပ်ပစ်တာနဲ့ နောက်ပိုင်းမှာ သုံးစွဲသူတွေရဲ့အချက်အလက်ကို ခိုးယူတာတွေပါ လုပ်ခဲ့တာဖြစ်ပါတယ်​။

"ဒါက ဂိမ်းဆော့ရင်း ဆိုက်ဘာရာဇဝတ်မှုကို လုပ်နေတဲ့ ဟတ်ကာ မျိုးဆက်သစ်တွေရဲ့ လုပ်ပုံလုပ်နည်းမျိုး'' လို့ NCA ညွှန်ကြားရေးမှူးချုပ် ဂျိမ်းစ် ဘတ်ဘက်ချ်က ပြောပါတယ်။

NCA ညွှန်ကြား ရေးမှူးချုပ် ဂျိမ်းစ် ဘတ်ဘက်ချ်ကတော့ ဟတ်ကာ မျိုးဆက်သစ်တွေ ရှိနေပြီလို့ ပြောပါတယ်
ဓာတ်ပုံ ပုံစာ, NCA ညွှန်ကြား ရေးမှူးချုပ် ဂျိမ်းစ် ဘတ်ဘက်ချ်ကတော့ ဟတ်ကာ မျိုးဆက်သစ်တွေ ရှိနေပြီလို့ ပြောပါတယ်

"သူတို့ (မျိုးဆက်သစ် ဟတ်ကာတွေ)ဟာ ကုမ္ပဏီတစ်ခုခုရဲ့နည်ပညာအထောက်အကူပြုဌာနတစ်ခုကနေ အကူအညီပေးတဲ့ပုံစံမျိုးနဲ့ သူတို့ ကျွမ်းကျင်လိမ္မာရာကို တစ်ဖက်လှည့်လုပ်ပြီး အဲဒီကုမ္ပဏီကွန်ရက်ထဲက ကွန်ပျူတာထဲ ထိုးဖောက်ဝင်ရောက်တာမျိုးဖြစ်ပါတယ်''

ကွန်ပျူတာနဲ့အချက်အလက်ထိန်းချုပ်တဲ့ဆော့ဝဲလ်ကို အမည်ပျက်ဝက်ဆိုက်တွေကနေ ဝယ်ပြီး အဲဒါကို အသုံးပြု၊ စနစ်ထဲကို ရောက်တာနဲ့ အချက်အလက်တွေနဲ့ ကွန်ပျူတာစနစ်တွေကို ဟတ်တဲ့သူတွေက ပိတ်ကြပါတယ်။

ဒေတာအချက်အလက်တွေကို ကွန်ပျူတာနဲ့ ထိန်းချုပ်ပြီး ပြန်လည်အသုံးပြုနိုင်ဖို့ဆိုရင် ငွေပေးရမယ်လို့ ပြန်ပေးသဘောလုပ်ဆောင်တဲ့ဒီဆော့ဝဲလ်ဟာ လက်ရှိရင်ဆိုင်နေရတဲ့ အသိသာအထင်ရှားဆုံး ဆိုက်ဘာမှုခင်းခြိမ်းခြောက်မှုဖြစ်တယ်လို့ မစ္စတာ ဘတ်ဘက်ချ်က ပြောပါတယ်။

"ဒါက ဒီမှာတင်မက တစ်ကမ္ဘာလုံးမှာဖြစ်နေတဲ့ အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုဖြစ်လာပါတယ်''

အခြားသူတွေလည်း အလားတူ ကောက်ချက်ချလာကြပါတယ်။

"ကွန်ပျူတာနဲ့အချက်အလက်ကို ထိန်းချုပ်တဲ့ဆော့ဝဲလ်တိုက်ခိုက်မှုကြီး တစ်ခု အချိန်မရွေးဖြစ်လာနိုင်တယ်" လို့ ဗြိတိန်လွှတ်တော်ရဲ့အမျိုးသားလုံခြုံရေးမဟာဗျူဟာ ပူးတွဲကော်မတီက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာမှာ သတိပေးခဲ့ပါတယ်။

၂၀၂၅ ခုနှစ် အစောပိုင်းမှာ အမျိုးသားစာရင်းစစ်ရုံးက ထုတ်ခဲ့တဲ့အစီရင်ခံစာတစ်ခုမှာတော့ ခြိမ်းခြောက်မှုဟာ လျင်လျင်မြန်မြန်ပြန့်ပွားလာပြီး ပြင်းပြင်းထန်ထန်ကို ယူကေမှာ ရှိနေတယ်လို့ ဖော်ပြပါတယ်။

ကုမ္ပဏီတွေအနေနဲ့ "ဘာလုပ်မယ်လို့ပဲ ဆုံးဖြတ်ချက်ချချ ဆိုက်ဘာလုံခြုံရေးကိုလည်း ထည့်သွင်းစဥ်းစားဖို့" လိုအပ်တယ်လို့ NCSC က ရစ်ချက် ဟွန်းက ပြောပါတယ်။

ခြိမ်းခြောက်ငွေ တောင်းခံရသူတွေအနေနဲ့လည်း ငွေ မပေးကြဖို့ သူ မေတ္တာရပ်ခံလိုကြောင်း မစ္စတာဘတ်ဘက်က ပြောပါတယ်။

"နစ်နာသူတွေအနေနဲ့ ငွေပေး မပေးက သူတို့ရွေးချယ်မှု ဖြစ်ပါတယ်။​ တစ်ဖက်မှာတော့ ငွေတောင်းတာကို ပေးတာကလည်း ရာဇဝတ်မှုကို ပိုဖြစ်စေဖို့ တွန်းအားပေး သလိုပါပဲ" လို့ သူက ပြောပါတယ်။

ပုဂ္ဂလိကကဏ္ဍအနေနဲ့ ကွန်ပျူတာစနစ်တွေ ထိန်းချုပ်ခံရပြီး ငွေညှစ်ခံရတာကို ငွေပေးဖြေရှင်းတာမျိုးကို တားမြစ်တဲ့အစီအမံတစ်ခုကို ဗြိတိန်အစိုးရက ခြေလှမ်းနေပါပြီ။

ပုဂ္ဂလိကကုမ္ပဏီတွေ အခုလိုတိုက်ခိုက်မှုနဲ့ ခြိမ်းခြောက်ခံရပြီဆိုရင် သတင်းပေးပို့ဖို့ လိုအပ်တာ၊ အညှစ်ခံရတာတဲ့ငွေကို အစိုးရခွင့်ပြုချက်ရမှ ပေးတာမျိုးဖြစ်ပါတယ်။

နော့သမ်တမ်ရှိုင်းဘက်က အခြေအနေကို ပြန်ပြောရရင်တော့ KNP ကုမ္ပဏီက ပေါလ် အက်ဘော့ဟာ ဆိုက်ဘာခြိမ်းခြောက်မှုအကြောင်းကို အခြားစီးပွားရေးလုပ်ငန်းတွေကို သတိပေးတာတွေကို လုပ်ကိုင်နေပါပြီ။

"ဆိုက်ဘာ ထိန်းချုပ်ရေးကို ချင့်တွက်ခြင်း" လိုမျိုး နောက်ဆုံးပေါ် နည်းပညာကာကွယ်ရေးတွေရှိဖို့ ကုမ္ပဏီတွေအနေနဲ့လည်း သက်သေပြဖို့ လိုတယ်လို့ သူက ယူဆပါတယ်။

"ရာဇဝတ်မှုဖြစ်စဥ်တွေကို ပိုပြီးကြံ့ကြံ့ခိုင်နိုင်ဖို့ လုပ်နိုင်တဲ့စည်းမျဥ်းဥပဒေတွေ လိုအပ်ပါတယ်" လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ကုမ္ပဏီအများစုကတော့ ရာဇဝတ်မှုကို သက်ဆိုင်ရာကို သတင်းပို့ဖို့ မ‌ရွေးချယ်ပဲ ပိုက်ဆံပေးပြီးတော့သာ ဖြေရှင်းနေကြတယ်လို့ KNP ဖြစ်ရပ်နဲ့ဆက်နွှယ်ပြီး အာမခံလုပ်ငန်းတွေဘက်က ခေါ်ယူခဲ့တဲ့ ဆိုက်ဘာရေးရာကျွမ်းကျင်သူ ပေါလ် ကတ်ရှ်မောရ်က ပြောပါတယ်။

ကုမ္ပဏီတွေဟာ အရာအားလုံးဆုံးရှုံးတယ်လို့ ခံစားခဲ့ရတဲ့အခါ ဟတ်ကာဂိုဏ်းတွေ လက်အောက် လည်စင်းပေးလိုက်ကြရပါတယ်။​

''အခုဖြစ်နေတာတွေက အုပ်စုဖွဲ့ပြီး အကွက်ကျကျကျူးလွန်တဲ့ရာဇဝတ်မှုပါ" လို့ သူက ပြောပါတယ်။ "လက်သည်ကို ဖမ်းမိတဲ့အပိုင်းမှာ အတော်လေးအားနည်းနေသေးတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ပျက်စီးဆုံးရှုံးမှု အတိုင်းအဆကတော့ ကြီးမားပါတယ်''