ဇန်နဝါရီ ၂၄ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်တယ်ဆိုပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

၂၀၁၈ ဝန်းကျင်က အခမ်းအနားတခုမှာတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၈ ဝန်းကျင်က အခမ်းအနားတခုမှာတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် (ပုံဟောင်း)
ဖတ်ရန်အချိန်: မိနစ် ၆

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ပါရဂူတွေ၊ တပ်မ‌တော်ဆေးတပ်ဖွဲ့က ပါရဂူတွေက စောင့်ရှောက်မှုပေးနေတယ်ဆိုပြီး စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြဝတီရုပ်သံအပါအဝင် သတင်းမီဒီယာတချို့ကို ဒီကနေ့ ဇန်နဝါရီ ၂၄ ရက်မှာ ဖြေကြားတာတွေ့ရပါတယ်။

ဒီနေ့ မနက်ပိုင်းက မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ်မှာ ဒုတိယအကြိမ် ပြုလုပ်ခဲ့တဲ့ မူးယစ်ဆေးဝါးချက်စခန်းတွေ ဖော်ထုတ်သိမ်းဆည်းရမိမှုသတင်းစာရှင်းလင်းပွဲကိုလိုက်ပါသွားတဲ့ မီဒီယာအချို့ကို ဖြေကြားလိုက်တာလို့ နားလည်ရပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအခြေအနေကောင်းမွန်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကပါရဂူတွေရော တပ်မတော်(ဆေး)က ပါရဂူတွေရော ဝိုင်းဝန်းပြီး ကူညီစောင့်ရှောက်မှုပေးနေပါတယ်။ ဆေးစစ်မှုတွေလည်း အမြဲပြုလုပ်နေပါတယ်'' လို့ သူကဆိုပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအကြောင်းကို စစ်တပ်က ကောင်းမွန်တယ်လို့သာအမြဲပြောပြီး အဲဒါနဲ့ပတ်သက်လို့ သက်သေအထောက်အထား၊ မှတ်တမ်းဓာတ်ပုံ တစ်စုံတစ်ရာထုတ်ပြန်ပေးတာမျိုးလုံးဝမရှိသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို နိုင်ငံရေးအမှုမဟုတ်ဘဲ လာဘ်ပေးလာဘ်ယူနဲ့ စွဲဆိုခံထားရတာကြောင့် ရာဇဝတ်မှုဆိုပြီး သူက ဆက်ပြောတာကိုလည်း တွေ့ရပါတယ်။

''ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကတော့ နိုင်ငံရေးအမှုဆိုတာထက် လာဘ်ပေးလာဘ်ယူနဲ့စွဲဆိုခံထားရတာမို့ ဒါတွေဟာ ရာဇဝတ်မှုနဲ့ပတ်သက်နေတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် တရားဥပဒေအတိုင်းဆက်ဖြစ်ပါလိမ့်မယ်" လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပြီး စုစုပေါင်း အမှု ၁၉ မှုနဲ့ တရားစွဲခဲ့ပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ် သြဂုတ်လတုန်းက အဲဒီအချိန်က စစ်ကောင်စီက နိုင်ငံတဝန်း အကျဥ်းသားတွေကို လွတ်ငြိမ်းသက်သာခွင့် ပေးချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ''ပြစ်ဒဏ်လွတ်ငြိမ်းခွင့်''ဆိုပြီး အမှု ၅ မှု အတွက် ထောင်ဒဏ် ၆ နှစ်ကို လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့ကြေညာချက်ကြောင့် ကျန်တဲ့ ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံနေရတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအငယ်ဖြစ်သူ ကင်မ်အဲရစ်ကတော့ သူ့မိခင်ကို ၅ နှစ်နီးပါးဆက်သွယ်ခွင့်မရတာကြောင့် အသက် ၈၀ ကျော် အရွယ်

မိခင်ရဲ့ နှလုံးရောဂါနဲ့ အခြား ကျန်းမာရေးအခြေအနေကို အထူးစိုးရိမ်နေပါတယ်။

သူ့မိခင်လွတ်မြောက်ရေး အတွက် စစ်ကော်မရှင်ကို တွန်းအားပေးဖို့ နိုင်ငံတကာကို ကင်မ်က အကူအညီတောင်းထားပါတယ်။

အရင်အကျယ်ချုပ်ကာလတွေနဲ့ မတူဘဲ ဒီတစ်ကြိမ်မှာတော့ စတင်ဖမ်းဆီးခံရတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကတည်းက မိသားစုဝင်ဘယ်တစ်ဦးနဲ့မှ တယ်လီဖုန်းအဆက်အသွယ်လုပ်ခွင့်မရပါဘူး။

အစောပိုင်းအမှုရင်ဆိုင်ချိန်ကသာ ရှေ့နေအဖွဲ့နဲ့တွေ့ခွင့်ရခဲ့ပြီး အမှုတွေပြီးပြတ်ချိန် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၀ က ကစလို့ ဘယ်သူနဲ့ အဆက်အသွယ်မရတော့သလို ဧည့်တွေ့ခွင့်လည်း မရှိပါဘူး။

စစ်တပ်သတိပေးပေမဲ့ မြဝတီမြို့ပေါ်မှာ ဗိုလ်စောချစ်သူရဲ့ KNA တပ်တွေဆက်ရှိ

KNA တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, KIC

ဓာတ်ပုံ ပုံစာ, KNA တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကရင်ပြည်နယ်၊ မြဝတီမြို့ကနေ ကရင်အမျိုးသားတပ်မတော် (KNA) တပ်တွေ ထွက်ခွာကြဖို့ ဇန်နဝါရီတတိယအပတ်ထဲမှာပဲ စစ်ကော်မရှင်က စာထုတ်သတိပေးထားတယ်လို့ KNA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

မြို့ပေါ်ကနေ ထွက်ပြီး KNA အနေနဲ့ သူတို့ ထိန်းချုပ်ထားတဲ့ တပ်နယ် ၂ နေရာတွေမှာပဲ ဇန်နဝါရီ ၂၅ ရက်အပြီး ရွှေ့ပြောင်းပြန်လည်နေထိုင်ကြဖို့ စစ်ကော်မရှင်က ပြောထားတယ်လို့ သူက ဆိုပါတယ်။

တပ်နယ် ၂ ဟာ KNA ရဲ့ ဗိုလ်မှူးချုပ်စောတင်ဝင်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့နယ်မြေတွေဖြစ်ပါတယ်။

တပ်နယ် ၂ ဟာ မြဝတီမြို့‌မြောက်ဘက်ပိုင်းမှာရှိပြီး နဒီချောင်းဆုံ၊ ဝမ်ခ၊ သဲပုံ၊ သစ်ကတေကျေးရွာတွေနဲ့ ရွှေကုက္ကိုမြို့သစ်တွေ ပါဝင်ပါတယ်။

KNA ကို ထွက်ခွာဖို့ သတိပေးချက်မတိုင်ခင် ကရင်ပြည်နယ်၊ ဘားအံအခြေစိုက် အမှတ် ၂၂ တပ်မမှူးကလည်း မြဝတီမြို့ပေါ်မှာရှိတဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) နဲ့ ကရင် လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့ဖြစ်တဲ့ KNU/KNLA (PC) တပ်ဖွဲ့ဝင်တွေရဲ့ တပ်ဖြန့်မယ့်တည်နေရာတွေကိုလည်း စာရင်းပေးပို့ဖို့ ညွှန်ကြားထားတယ်လို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

"အမည်စာရင်းနဲ့ ဓာတ်ပုံတွေကို ဒီနေ့ (ဇန်နဝါရီ ၂၄ ) ရက်နောက်ဆုံးထားပို့ခိုင်းထားတာ" လို့ သူက ဆိုပါတယ်။

ဇန်နဝါရီ ၁၉ ရက်က တပ်မ ၂၂ တပ်မမှူးနဲ့ ဆက်ဆံရေးရုံးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာ အခုလို ညွှန်ကြားခဲ့တာလို့ သိရပါတယ်။

တပ်မ ၂၂ တပ်မမှူးက KNA ဖွဲ့စည်းတာနဲ့ပတ်သက်လို့ တရားဝင်ခွင့်ပြုထားတာမရှိတာကြောင့် မြို့ပေါ်မှာ နေထိုင်ခွင့်မပြုဖို့ ညွှန်ကြားချက်တွေ ရှိတယ်ဆိုပြီး ထုတ်ပြောခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိ မြဝတီမြို့ပေါ်မှာတော့ KNA တပ်တွေ ဆက်ရှိနေသေးတယ်လို့ မြဝတီမြို့ခံတချို့က ပြောပါတယ်။ ဗိုလ်မှူးကြီး စောချစ်သူရဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)ကို ကရင်အမျိုးသားတပ်(KNA) ဆိုပြီး ၂၀၂၄ မှာ ပြောင်းလဲဖွဲ့စည်းခဲ့ပြီးမှ ၂၀၂၆ ဇန်နဝါရီမှာ KNA ဘက်တံဆိပ်ပြောင်းလဲတပ်ဆင်ခဲ့တာဖြစ်ပါတယ်။

KNA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်ကတော့ တံဆိပ် ပြောင်းလိုက်ပြီဖြစ်ပေမဲ့ တိုက်ပွဲတွေမှာ ပူးပေါင်းပါဝင်ဖို့ရှိဘူးဆိုပြီး အဲဒီအချိန်တုန်းက ပြောခဲ့ပါတယ်။

ဒါပေမဲ့ စစ်ကော်မရှင်က KNA ကို မြဝတီမြို့ပေါ်ကနေ ထွက်ခွာဖို့ သတိပေးထားတယ်ဆိုတဲ့အချက်နဲ့ပတ်သက်လို့ KNA ဘက်ကိုမေးမြန်းခဲ့ပေမယ့် ဇန်နဝါရီ ၂၄ ရက် နေ့လယ်ပိုင်းအထိ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

မဲဆောက်၊ ရိုက်နှက်သတ်ဖြတ်ခံခဲ့ရတဲ့ အွန်လိုင်းဆယ်လီ ''ဧရာဝတီမ'' ရဲ့ အမှုက သံသယတရားခံ ၂ ဦးကို ထိုင်း ရဲ ရှာဖွေနေ

အွန်လိုင်းဆယ်လီ'' ဧရာဝတီမ'' ရဲ့နာရေးမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Ma May Zin

ဓာတ်ပုံ ပုံစာ, အွန်လိုင်းဆယ်လီ'' ဧရာဝတီမ'' ရဲ့နာရေးမြင်ကွင်း

ပစ္စည်းလုယက်ခံရပြီး ရိုက်နှက်ခံရတဲ့ဒဏ်ရာတွေနဲ့ အသတ်ခံခဲ့ရတဲ့ အွန်လိုင်းဆယ်လီ ''ဧရာဝတီမ'' (ခ) အမည်ရင်း ကိုတင်ဇော်ထွေးရဲ့ နာရေးစျာပနကို ဇန်နဝါရီ ၂၄ ရက် နေ့လယ်ပိုင်း ၁၂ နာရီအချိန်က ထိုင်းနိုင်ငံ၊မဲဆောက်မြို့ ထေ့စပန်းသုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ သဂြိုဟ်နာရေးစျာပနကို လူအများအပြားက သူ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခဲ့ကြတာတွေ့ရပါတယ်။

သေဆုံးချိန်မှာ အသက် ၃၃ နှစ်ရှိပြီဖြစ်ပြီး သူ့ရဲ့ အမှုက သံသယတရားခံ ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဆက်လက်ရှာဖွေနေတယ်လို့ မဲဆောက်မြို့က သတင်းရင်းမြစ်ကပြောပါတယ်။

သူဟာ ဧရာဝတီတိုင်း ဇာတိဖြစ်ပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေသူဖြစ်ပါတယ်။ ၂၀၂၀ နောက်ပိုင်းကတည်းက အွန်လိုင်းဆယ်လီ အောင်ချမ်းအေးနဲ့ တွဲဖက်ပြီး ''ဧရာဝတီမ' ဆိုတဲ့နာမည်နဲ့ ဖေ့ဘွတ်ခ်နဲ့ TikTok လူမှုကွန်ရက်တွေမှာ ဟာသဗီဒီယိုတွေရိုက်ကူးတင်ဆက်တာကြောင့် ထိုင်းနိုင်ငံရောက် LGBT မြန်မာအွန်လိုင်းဆယ်လီ တစ်ဦးအဖြစ် လူသိများသူဖြစ်ပါတယ်။

အွန်လိုင်းဆယ်လီ'' ဧရာဝတီမ'' ရဲ့နာရေးမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Ma May Zin

ဓာတ်ပုံ ပုံစာ, အွန်လိုင်းဆယ်လီ'' ဧရာဝတီမ'' ရဲ့နာရေးမြင်ကွင်း

သူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နဲ့ ၂၀ ရက်ကြား ညဥ့်နက်ပိုင်းမှာ သူ့မိတ်ဆွေလို့ ယူဆရသူ မြန်မာအမျိုးသား ၂ ဦးနဲ့ အပြင်မှာ ချိန်းဆိုသွားရောက်တွေ့ဆုံခဲ့ပြီးနောက်မှာ လူအသွားအလာပြတ်တဲ့ ခြံဝန်းကျယ်ကြီးထဲတစ်ခုအတွင်း ရိုက်နှက်ခံထားရတဲ့အခြေအနေနဲ့ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

သူ့ဆီမှာပါရှိသွားတဲ့ ရွှေထည်ပစ္စည်းနဲ့ ငွေတွေလည်းလုယက်ခံခဲ့ရပြီး လက်ရှိမှာတော့ ထိုင်းရဲတပ်ဖွဲ့က သံသယတရားခံ မြန်မာအမျိုးသား ၂ ဦးကို လိုက်လံရှာဖွေနေပါတယ်။

အခင်းဖြစ်တဲ့နေ့က သူတို့ ၃ ဦး သွားလာထားတဲ့ လမ်းမကြီးတွေပေါ်က စီစီတီဗီ မှတ်တမ်း ဖိုင် ၂ ခုကို ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပြီး သံသယတရားခံ အမျိုးသား ၂ ဦးကို ဝရမ်းထုတ်ရှာဖွေနေတယ်လို့ သေဆုံးသူ'' ဧရာဝတီမ'' နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဘန်ကောက်ပို့စ်၊ Khaosod English စတဲ့ ထိုင်းမီဒီယာကြီးတွေကစလို့ ဒေသတွင်းမီဒီယာတွေကလည်း ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းထုတ်ပြန်မှုတွေနဲ့ အမှုအခြေအနေကို ဆက်တိုက်သတင်းတွေဖော်ပြကြတဲ့အထိ ထိုင်းနိုင်ငံတွင်းမှာလည်း အာရုံစိုက်ခံနေရတဲ့ အမှုဖြစ်နေပါတယ်။

ရွေးကောက်ပွဲလုပ်မယ့် ဆားလင်းကြီးမှာ စစ်တပ်စစ်ကြောင်းထိုး

ကနီမြို့နယ်၊ စိန်ကုန်းရွာထဲက လေကြောင်းတိုက်ခံခဲ့ရတဲ့ နေအိမ်

ဓာတ်ပုံ ရင်းမြစ်, Pyae Aung Naing

ဓာတ်ပုံ ပုံစာ, ကနီမြို့နယ်၊ စိန်ကုန်းရွာထဲက လေကြောင်းတိုက်ခံခဲ့ရတဲ့ နေအိမ်

ကနီမှာလည်း ရက်ဆက်လေကြောင်းတိုက်ခံနေရ

ရွေးကောက်ပွဲ အပိုင်း ၃ မှာပါတဲ့ စစ်ကိုင်းထဲက ဆားလင်းကြီးနဲ့ ကနီစတဲ့ မြို့နယ်နှစ်ခုမှာ စစ်တပ်က စစ်ကြောင်းထိုးတာနဲ့ လေကြောင်းဗုံးကြဲတာတွေလုပ်နေတယ်လို့ မြေပြင်မှာရှိတဲ့ ဒေသခံတချို့က ဘီဘီစီကို ဇန်နဝါရီ ၂၄ ရက်မှာ ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ တရုတ်ကုမ္ပဏီ ဝမ်ပေါင်စီမံကိန်း အနီးနားက ရွာတွေကို စစ်တပ်က စစ်ကြောင်း ၃ ကြောင်းခွဲပြီး စစ်ကြောင်းထိုးနေတယ်လို့ ဆားလင်းကြီးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ခုကိုပြောပါတယ်။

အဲဒီစစ်ကြောင်းတွေဟာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နဲ့ ဝမ်ပေါင်စီမံကိန်းထဲမှာ လုံခြုံရေးယူပေးထားတဲ့ တပ်တွေကနေ ထွက်လာတဲ့ စစ်ကြောင်းတွေလို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

ဝမ်ပေါင်စီမံကိန်းထဲမှာရှိတဲ့ စစ်တပ်ကလည်း စီမံကိန်းအနီးက ရွာတွေဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေလုပ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ စစ်တပ်စစ်ကြောင်းတွေကြောင့် ဝမ်ပေါင်စီမံကိန်းအနီးက "ရွာပေါင်း ၁၀ ရွာထက်မနည်း ထွက်ပြေးနေရတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကနီဘက်မှာလည်း မြို့အနီးက ရွာတွေကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်တပ်က တိုက်လေယာဉ်၊ ဂျိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းဗုံးကြဲတာတွေ လုပ်နေတယ်လို့ မြေပြင်ဒေသခံတချို့က ပြောပါတယ်။

ဇန်နဝါရီ ၂၂ ရက်တုန်းကတော့ ကနီမြို့နယ်အတွင်းက ရေလယ်ကျွန်းရွာ၊ မင်းကုန်းရွာနဲ့ စိန်ကုန်းရွာကို စစ်တပ်က ဂျိုင်ရိုကော်ပတာနဲ့ လေကြောင်းဗုံးကြဲလို့ လူ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်က အတည်ပြုပါတယ်။

မနေ့ ဇန်နဝါရီ ၂၃ ရက်မှာလည်း စစ်တပ်လေကြောင်းကြဲမှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့တယ်လို့ သူက ဆိုပါတယ်။

စစ်တပ်က ‌ ဇန်နဝါရီ ၂၅ ရက်မှာကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း ၃ ကို ၆၃ မြို့နယ်မှာ ပြုလုပ်သွားမှာဖြစ်ပြီး စစ်ကိုင်းတိုင်းထဲက ဆားလင်းကြီးနဲ့ ကနီ စတဲ့ မြို့နယ်တွေလည်း အပါအဝင်ဖြစ်ပါတယ်။

အိုင်စီအီးကို ဆန့်ကျင်တဲ့အနေနဲ့ စီးပွားရေးလုပ်ငန်းရာချီ ပိတ်သိမ်း

မင်နီယာပိုလစ်မြို့က ဆန္ဒပြနေတဲ့လူအုပ်ကြီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မင်နီယာပိုလစ်မြို့က ဆန္ဒပြပွဲ

အမေရိကန်လူဝင်မှုကြီးကြပ်ရေးဌာနက ပြည်နယ်အတွင်း ဖိနှိပ်နေတာကို ဆန့်ကျင်တဲ့အနေနဲ့ မင်နီဆိုးတားပြည်နယ်တွင်းက စီးပွားရေးလုပ်ငန်းရာပေါင်းများစွာကို ပိတ်သိမ်းပြီး လူရာပေါင်းများစွာဟာ အေးခဲနေတဲ့ ရာသီဥတုကို အံတုရင်း သောကြာနေ့က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အမေရိကန်လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်စည်းကြပ်မှုအေဂျင်စီ (အိုင်စီအီး) ကို ဆန့်ကျင်ကြောင်းပြတဲ့အနေနဲ့ ပြည်နယ်သားတွေဟာ အလုပ်နဲ့ ကျောင်းတွေ ခဏရပ်ပြီး ဈေးမဝယ်ကြဖို့ စီစဉ်သူတွေက ဆော်ဩခဲ့ကြပါတယ်။

ထရမ့်အစိုးရဲ့ ညွှန်ကြားချက်နဲ့ အိုင်စီအီးရဲ့ဖိနှိပ်မှုတွေ မင်နီဆိုးတားမှာရှိခဲ့တာ ခြောက်ပတ်ကျော်ခဲ့ပါပြီ။

ထရမ့်အစိုးရဟာ အိုင်စီအီးရဲ့လုပ်ရပ်တွေကို အများပြည်သူလုံခြုံရေးအရလုပ်တာလို့ ပြောပြီး နိုင်ငံတွင်း တရားမဝင်ဝင်ရောက်ပြီး ရာဇဝတ်မှုကျူးလွန်နေသူတွေကို ပြည်တွင်းက နှင်ထုတ်ဖို့ ဖြစ်တယ်လို့ အကြောင်းပြထားပါတယ်။

ပြစ်မှုရာဇဝင်မရှိတဲ့ ရွှေ့ပြောင်းတွေနဲ့ အမေရိကန်နိုင်ငံသားတွေလည်း ထိန်းသိမ်းခံထားရတယ်လို့ ပြောဆိုမှုတွေရှိနေပါတယ်။

သောကြာနေ့မှာတော့ အိုင်စီအီးက ဖမ်းဆီးထားတဲ့သူတွေကို ပြည်ပကို မပို့ဆောင်ဖို့ မင်နီယာပိုလစ်လေဆိပ်မှာ အမေရိကန်လေကြောင်းလိုင်းတွေကို တောင်းဆိုဆန္ဒထုတ်ဖော်တဲ့ ခရစ်ယာန်ဘုန်းကြီး အပါး ၁၀၀ ခန့် အထိန်းသိမ်းခံခဲ့ရပါတယ်။

"မင်နီဆိုးတားကနေ အိုင်စီအီးကို ထွက်စေချင်ပါတယ်၊ အိုင်စီအီးကို ပြည်နယ်တိုင်းကနေ ထွက်စေချင်ပါတယ်"လို့ ဘုန်းကြီး ဒွိုင်း ရွိုင်စတာကပြောဆိုခဲ့ပါတယ်။

ရွိုင်စတာရဲ့ Faith in Action အဖွဲ့ဟာ မင်နီယာပိုလစ်က ဒေသခံလုပ်ဖော်ကိုင်ဖက်တွေကို အကူအညီပေးနေပါတယ်။

သောကြာနေ့မှာ ပြုလုပ်ခဲ့တဲ့ ချီတက်မှုတွေဟာ ပြည်နယ်အတွင်း လူဝင်မှုကြီးကြပ်ရေးအဖွဲ့ကို ဆန့်ကျင်ရေးမှာ လူအင်အားအများဆုံးဖြစ်ခဲ့ပါတယ်။

ဈေးဆိုင်တွေပိတ်ပြီး ဆန္ဒထုတ်ဖော်တာကို ထောက်ခံပေမဲ့ ထိခိုက်မှုတွေရှိလာနိုင်တယ်လို့ မင်နီယာပိုလစ်မြို့သား ကော်ရီ လမ့်က ပြောပါတယ်။

"လူတိုင်းက ညီညွတ်ကြပါတယ်၊ ဒါပေမဲ့ လူတိုင်းဈေးဝယ်ရမယ်၊ လစဉ်ကုန်ကျစရိတ်တွေ ပေးချေရမယ်လေ" လို့ သူက ပြောခဲ့ပါတယ်။

သူ့ဈေးဆိုင်မှာရှိတဲ့ ဝန်ထမ်းတွေက ဆိုင်ကို ဆက်ဖွင့်ထားစေချင်ပေမဲ့ ဆက်ဖွင့်ထားရင် မကောင်းပြောတာတွေရှိလာနိုင်တာမို့ ပိတ်သိမ်းထားဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ် လို့ မင်နီယာပိုလစ်မှာ စားသောက်ဆိုင်ခြောက်ဆိုင်ပိုင်ဆိုင်တဲ့ ကင် ဘာ့မန်းကပြောပါတယ်။ ကြာသပတေးနေ့မှာ မင်နီယာပိုလစ်မြို့တောင်ပိုင်းမှာ ဈေးဝယ်ရာကနေ ပြန်လာတဲ့ တရားဝင်စာရွက်စာတမ်းမရှိတဲ့ ဖခင်ဖြစ်သူနဲ့အတူ အသက်နှစ်နှစ်သားကလေးငယ်တစ်ဦးတို့ ထိန်းသိမ်းခံခဲ့ရတယ်လို့ စီဘီအက်စ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

မှော်ဘီမှာ ဇနီးကိုသတ်ပြီး ထွက်ပြေးသူ ဖမ်းမိ

မှော်ဘီတိုးဂိတ်အနီးတစ်နေရာ

ဓာတ်ပုံ ရင်းမြစ်, Screen Grab

ဓာတ်ပုံ ပုံစာ, မှော်ဘီတိုးဂိတ်အနီးတစ်နေရာ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် ဆတ်သွားတော ပေတစ်ရာမြောက်ပိုင်းရပ်ကွက်ထဲမှာ လင်မယားစုံတွဲရန်ဖြစ်ရာကနေ ခင်ပွန်းဖြစ်သူက ဇနီးသည်ကို ဓားရှည်နဲ့ ခေါင်းဖြတ်သတ်လိုက်တယ်လို့ အိမ်နီးချင်းတချို့က ဘီဘီစီကို အတည်ပြုပါတယ်။

ဒီလူသတ်မှုဟာ ဒီနေ့မနက် ၁၀ နာရီဝန်းကျင်လောက်မှာ ဖြစ်ပွားခဲ့တာလို့ အိမ်နီးချင်းတစ်ဦးက ပြောပါတယ်။

"လာကြပါဦးဆိုပြီး အိမ်ရှင်မိသားစုက အော်ခေါ်လို့ သွားလိုက်တာ၊ ရောက်‌တော့ အလောင်းတွေ့တာနဲ့ မဝင်ရဲတာနဲ့ ပြန်ပြေးလာတယ်" လို့ အိမ်နီးချင်းရွာခံတစ်ဦးက ပြောပါတယ်။

လင်မယားစုံတွဲဟာ ခြံဝင်းတစ်ခုထဲက လုံးချင်းအိမ်မှာ ငှားရမ်းနေထိုင်တာဖြစ်ပြီး အိမ်ရှင်မိသားစုတွေကလည်း ခြံဝင်းတူတစ်ခုတည်းက နောက်ထပ်လုံးချင်းအိမ်တစ်ခုမှာနေထိုင်တယ်လို့ သိရပါတယ်။

အိမ်ရှင်မိသားစုထဲက အမျိုးသမီးတစ်ဦးကလည်း အိမ်ငှားလင်မယား ရန်ဖြစ်နေတာကို ဖျန်ဖြေဖို့သွားခဲ့ပေမယ့် လင်မယားစုံတွဲထဲက ယောက်ျားဖြစ်သူက ဓားနဲ့ကြိမ်းတာကြောင့် ကြောက်လန့်ပြီး မူးလဲလို့ ဆေးခန်းကိုပို့ဆောင်ထားရတယ်လို့ ရွာခံတစ်ဦးက ပြောပါတယ်။

အဲဒီနောက် ခင်ပွန်းဖြစ်သူဟာ ပြတ်သွားတဲ့ခေါင်းနဲ့ ဓားရှည်ကို ကိုင်ဆောင်ပြီး လမ်းထိပ်က ကားတစ်စီးပေါ်တက်ပြီး မှော်ဘီတိုးဂိတ်ဘက်ကို မောင်းခိုင်းတယ်လို့ မျက်မြင်တွေ့ခဲ့ရသူတစ်ဦးက ပြောပါတယ်။

"တက်ဆိုပြီး ဓားထောက်‌မောက်ခိုင်းတာ၊ သူမောင်းခိုင်းတဲ့ကားက အိမ်စီးကား အငှားယာဉ်မဟုတ်ဘူး" လို့ သူက ဆိုပါတယ်။

အဲဒီနောက် လူသတ်မှုကျူးလွန်တဲ့ ခင်ပွန်းသည်ကို ရန်ကုန်မြို့ကနေ ထောက်ကြန့်ဘက်သွားတဲ့ သန္ဓေပင်ရွာအနီးက မှော်ဘီတိုးဂိတ်မှာ ဖမ်းမိသွားတယ်လို့ သူကရှင်းပြပါတယ်။

သတ်ဖြတ်ခံထားရတဲ့ ဇနီးသည်အလောင်းကိုလည်း အာဏာပိုင်တွေက လာရောက်စစ်ဆေးသိမ်းဆည်းသွားတယ်လို့ အိမ်နီးချင်းတချို့က ပြောပါတယ်။

သေဆုံးသွားတဲ့ ဇနီးဖြစ်သူဟာ လွန်ခဲ့တဲ့တစ်လ‌ကျော်လောက်ကမှ အထည်ချုပ်လုပ်ငန်းကနေ အလုပ်ထွက်ထားတာလို့ သိရပါတယ်။

ရန်ဖြစ်ရတဲ့အကြောင်းအရင်းမသိရသလို ခင်ပွန်းဖြစ်သူကိုတော့ မူးယစ်ဆေးအသုံးလွန်လို့ ဆေးကြောင်ပြီး သတ်တယ်လို့ အိမ်နီးနားချင်းတွေက ကောက်ချက်ချနေပေမဲ့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒုစရခချုပ် ပြည်ထဲရေးဒုဝန်ကြီးဖြစ်လာ

ပြည်ထဲရေးဒုဝန်ကြီးဟောင်း ဗိုလ်ချုပ်အောင်ကျော်ကျော်ကို အနောက်တိုင်းဝတ်စုံနဲ့တွေ့ရပြီး ရှေ့မှာ အလံတိုင်ချထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, စစ်ဘက်ကိုပြန်ခေါ်ခံရတဲ့ ပြည်ထဲရေးဒုဝန်ကြီးဟောင်း ဗိုလ်ချုပ်အောင်ကျော်ကျော်

ပြည်ထဲရေးဒုတိယဝန်ကြီးအပြောင်းအလဲဖြစ်ပြီး စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်မင်းသူ ဒုဝန်ကြီးဖြစ်လာပါတယ်။

ပြည်ထဲရေးဒုဝန်ကြီးဟောင်း ဗိုလ်ချုပ်အောင်ကျော်ကျော်ကို စစ်ဘက်ကိုပြန်ခေါ်လိုက်ပြီး ဘာတာဝန်ပေးမယ်ဆိုတာတော့ မသိရသေးပါဘူး။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒုစရခချုပ်တွေကို ပြည်ထဲရေးဒုဝန်ကြီးနေရာရွေ့လေ့ရှိပြီး ဒုစရခချုပ် ဗိုလ်ချုပ်တိုးရီလည်း ပြည်ထဲရေးဒုဝန်ကြီးလုပ်ဖူးပါတယ်။

ဗိုလ်ချုပ်အောင်ကျာ်ကျော်ကလည်း စရခ အောက်မြန်မာပြည်ကွပ်ကဲရေးမှူးကနေ ပြည်ထဲရေးဒုဝန်ကြီးဖြစ်လာတာပါ။

ဒါ့အပြင် စရခချုပ်တွေ ဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်နဲ့ ဒုဗိုလ်ချုပ်ကြီးကျော်ဆွေတို့လည်း ပြည်ထဲရေးဝန်ကြီးတွေဖြစ်တဲ့အစဥ်အလာတွေရှိခဲ့ပါတယ်။

ပြည်ထဲရေးဒုဝန်ကြီးအပြောင်းအလဲနဲ့အတူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ဦးသက်ဝင်းအောင်နဲ့ စက်မှုဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ဦးသွင်အောင်တို့ကို လည်း ခန့်အပ်ခဲ့ပါတယ်။

ရွေးကောက်ပွဲအပိုင်း ၃ ကိုလေ့လာစောင့်ကြည့်မယ့် ၆ နိုင်ငံက ကိုယ်စားလှယ်တွေ ရောက်ပြီလို့ စစ်ကော်မရှင်ပြော

ရွေးကောက်ပွဲအပိုင်း ၃ အတွက်‌ရောက်လာတဲ့ ဘယ်လာရုစ်ကိုယ်စားလှယ်အဖွဲ့နဲ့ ရွေးကောက်ပွဲကော်မရှင်  ဦးအောင်စောဝင်းတို့ တွေ့ဆုံခဲ့တဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ရွေးကောက်ပွဲအပိုင်း ၃ အတွက်‌ရောက်လာတဲ့ ဘယ်လာရုစ်ကိုယ်စားလှယ်အဖွဲ့နဲ့ ရွေးကောက်ပွဲကော်မရှင် ဦးအောင်စောဝင်းတို့ တွေ့ဆုံခဲ့တဲ့မြင်ကွင်း

လာမယ့် တနင်္ဂနွေနေ့ ဇန်နဝါရီ ၂၅ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း ၃ ကို လေ့လာစောင့်ကြည့်မယ့် ၆ နိုင်ငံက ကိုယ်စားလှယ်အဖွဲ့တွေ ရန်ကုန်မြို့ကို လေကြောင်းခရီးစဉ်တွေနဲ့ ရောက်လာပြီလို့ စစ်ကော်မရှင်က နိုင်ငံပိုင်သတင်းစာကနေ ကြေညာပါတယ်။

အိန္ဒိယ၊ ဘယ်လာရုစ်၊ အင်ဒိုနီးရှား၊ နီပေါ၊ ကမ္ဘောဒီးယား၊ နီဂါဂွာရာနဲ့ International Conference of Asian Political Parties (ICAPP) တို့ရဲ့ ကိုယ်စားလှယ်အဖွဲ့တွေ ရောက်လာကြတာဖြစ်ပါတယ်။

ရွေးကောက်ပွဲ အပိုင်း ၁ မှာတော့ နိုင်ငံ ၉ ခုက ကိုယ်စားလှယ်တွေ လေ့လာစောင့်ကြည့်ဖို့ရောက်လာခဲ့ကြပြီး အဲဒီထဲမှာ ဘယ်လာရုစ်၊ နီဂါဂွာရာနဲ့ အိန္ဒိယနိုင်ငံတို့လည်း ပါဝင်ပါတယ်။

ရွေးကောက်ပွဲအပိုင်း ၁ မှာ ထိုင်း၊ အိန္ဒိယ၊ ရုရှား၊ ဘယ်လာရုစ်၊ ဖိလစ်ပိုင်၊ လာအို၊ နီဂါဂွာရာ၊ နီပေါနဲ့ ပါကစ္စတန် စတဲ့ ၉ နိုင်ငံက ကိုယ်စားလှယ်အဖွဲ့တွေ လာရောက်လေ့လာခဲ့ကြတာဖြစ်ပါတယ်။

ရွေးကောက်ပွဲ အပိုင်း ၃ ကို မြို့နယ် ၆၃ မြို့နယ်မှာ ကျင်းပသွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်ကနေ ထုတ်ပြန်ထားပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မိုဟာမက် ဟာဆန်ကတော့ အပိုင်း ၃ ပိုင်းနဲ့ ကျင်းပနေတဲ့ မြန်မာက ရွေးကောက်ပွဲကို အာဆီယံက အသိအမှတ်မပြုတာကြောင့် အာဆီယံအနေနဲ့ စောင့်ကြည့်လေ့လာသူတွေလည်း စေလွှတ်မှာမဟုတ်ဘူးလို့ ဇန်နဝါရီ ၂၀ ရက်မှာ ထုတ်ပြောထားပါတယ်။

၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်ရဲ့ မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးသံတမန် ထရီဇာ လာဇာရိုကလည်း တော်လှန်ရေးအင်အားစုတွေနဲ့ ဇန်နဝါရီ တတိယအပတ်ထဲမှာပဲ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။

မြန်မာအတွက် TPS ရပ်ဆိုင်းမယ့်အစီအစဉ် ယာယီရပ်တန့်

မြန်မာနိုင်ငံသားတွေ အတွက်ပေးထားတဲ့ ယာယီအကာအကွယ်ပေးမှု (TPS) ကို  အမေရိကန်ရဲ့ အမိမြေလုံခြုံရေးဝန်ကြီးဌာန(DHS) ကို ၂၀၂၅ နိုဝင်ဘာမှာ ရုပ်သိမ်းခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံသားတွေ အတွက်ပေးထားတဲ့ ယာယီအကာအကွယ်ပေးမှု (TPS) ကို အမေရိကန်ရဲ့ အမိမြေလုံခြုံရေးဝန်ကြီးဌာန(DHS) ကို ၂၀၂၅ နိုဝင်ဘာမှာ ရုပ်သိမ်းခဲ့ပါတယ်

မြန်မာနိုင်ငံသားတွေကိုအကာအကွယ်ပေးထားတဲ့ TPS ရပ်ဆိုင်းမယ့်အစီအစဉ်ကို ယာယီရပ်တန့်ထားဖို့ အမေရိကန် ဖက်ဒရယ်တရားသူကြီးတစ်ဦးက ဇန်နဝါရီ ၂၃ ရက်မှာ အမိန့်ချမှတ်လိုက်တယ်လို့ အမေရိကန် Los Angeles Myanmar Movement (LA2M) အဖွဲ့ ရဲ့ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ဦးဂျိမ်းရွှေက ပြောပါတယ်။

မြန်မာနိုင်ငံသားတွေ ရရှိထားတဲ့ ယာယီခိုလှုံခွင့်(TPS) ဟာ လာမယ့် ဇန်နဝါရီ ၂၆ ရက်မှာ ကုန်ဆုံးတော့မှာဖြစ်လို့ သက်တမ်းမကုန်ခင် ၃ ရက်အလိုမှာပဲ အခုလို ရပ်တန့်တယ်ဆိုတဲ့ အမိန့်ထွက်လာတာပါ။

တရားသူကြီးရဲ့ သုံးသပ်ချက်အရ TPS ကို ရပ်ဆိုင်းဖို့ အမေရိကန်အစိုးရရဲ့ ကြိုးပမ်းမှုမှာ ဥပဒေချိုးဖောက်မှုတွေရှိခဲ့တာကြောင့် ရပ်ဆိုင်းတာကို ယာယီရပ်တန့်လိုက်တာဖြစ်ပါတယ်။

အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးဌာန (DHS) ဝန်ကြီး ခရစ္စတီနုန်း အနေနဲ့ TPS ရုပ်သိမ်းတဲ့ဆုံးဖြတ်ချက်မချခင် တခြားသက်ဆိုင်ရာဌာနတွေနဲ့ ဥပဒေအရ လိုအပ်တဲ့ တိုင်ပင်ဆွေးနွေးမှုတွေ မလုပ်ခဲ့ဘူးလို့ တရားသူကြီးက ကောက်ချက်ချပါတယ်။

ဒီလုပ်ရပ်ဟာ နိုင်ငံပေါင်းများစွာရဲ့ TPS အစီအစဉ်တွေကို ဥပဒေနဲ့အညီ စိစစ်ခြင်းမရှိဘဲ ဖျက်သိမ်းဖို့ ကြိုးပမ်းတဲ့ အစိုးရရဲ့ "ပုံစံခွက် လုပ်ရပ်" (Pattern and Practice) တစ်ခု ဖြစ်နေတယ်လို့ တရားသူကြီးက ထောက်ပြခဲ့တယ်လို့ သိရပါတယ်။

ဦးဂျိမ်းရွှေကတော့ ဒီရပ်တန့်မှုဟာ ယာယီသာဖြစ်ပြီး DHS အနေနဲ့ ဒီအမိန့်ကို မကျေနပ်ရင်တော့ အထက်တရားရုံး သို့မဟုတ် တရားရုံးချုပ် (Supreme Court) အထိ အယူခံဝင် တက်ရောက်နိုင်တယ်လို့ ဦးဂျိမ်းရွှေက ပြောပါတယ်။

ဒီလိုအယူခံဝင်လာရင်တော့ TPS ကိုယာယီရပ်တန့်ထားတဲ့ အခြေအနေတွေလည်း ပြန်ပြောင်းလဲသွားနိုင်တယ်လို့ သူကထောက်ပြပါတယ်။

တရားရုံးအမိန့် အသက်ဝင်နေတဲ့ကာလအတွင်း TPS ရပ်ဆိုင်းမယ်ဆိုတဲ့အမိန့် အမေရိကန်ရောက်မြန်မာတွေအပေါ် သက်ရောက်မှာမဟုတ်တာကြောင့် လက်ရှိမှာတော့ မြန်မာတွေအတွက် လုံခြုံမှုရှိတယ်လို့ ဦးဂျိမ်းရွှေက ထပ်ပြောပါတယ်။

"ပြည်တော်ပြန်ရန် မလိုသလို၊ အလုပ်လုပ်ကိုင်ခွင့် (Work Permit) လည်း ဆက်လက် သက်တမ်းရှိနေမယ်"လို့ သူကဆိုပါတယ်။

မြန်မာက စစ်အာဏာသိမ်းမှု‌ကြောင့် အိမ်မပြန်နိုင်ဘဲ အမေရိကန်မှာ TPS နဲ့နေထိုင်သူ ၄၀၀၀ ဝန်းကျင်ရှိပါတယ်။