ဇန်နဝါရီ ၂ ရက် ထိပ်တန်းသတင်းများ - မတ္တရာမှာ သက်ကြီးအမျိုးသမီး တစ်ဦးအပါအဝင် အရပ်သား ၆ ဦးသတ်ဖြတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, CJ
မန္တလေးတိုင်း၊ မတ္တရာမြို့မြောက်ဘက် ရှမ်းမြောင်းရွာက ကျောက်မှုန့်စက်ရုံပိုင်ရှင်ရဲ့ အသက် ၇၀ အရွယ် မိခင်ဖြစ်သူနဲ့ အလုပ်သမားစုစုပေါင်း ၆ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတချို့က အတည်ပြုပြီး ဒေသတွင်းသတင်းတွေကလည်းဓာတ်ပုံတွေနဲ့ ဖော်ပြပါတယ်။
ဒီဇင်ဘာ ၃၀ ရက်ညမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အဲဒီစက်ရုံကိုဝင်ရောက်ပြီးနောက်သတ်ဖြတ်သွားတယ်လို့ မတ္တရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က ပြောသလို ဒေသခံအချို့ကလည်းပြောပါတယ်။
ဒီဇင်ဘာ ၃၁ ရက် မနက်ပိုင်းအစောပိုင်းမှာတော့ စစ်တပ်က ကျောက်မှုန့်စက်ရုံကိုပြန်ရောက်လာပြီး သတ်ခဲ့တဲ့ အလောင်း ၆ လောင်းကို ကားနဲ့တင်ပြီးသယ်ဆောင်သွားတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးကလည်း ဘီဘီစီကိုပြောပါတယ်။
“ရွာထဲကလူတွေအားလုံးကြောက်နေကြတာ။ သေတဲ့သူတွေကို အတည်ပြုဖို့တောင် အိမ်အပြင်မထွက်ရဲကြဘူး” လို့ ဒေသကာကွယ်ရေးတပ်ဘက်ကပြောပါတယ်။
တစ်ဖက်စစ်ကောင်စီကလည်း ဒါကို သတင်းမှားဆိုပြီး တုံ့ပြန်ထားပြီး PDF အမည်ခံတွေကသတ်ဖြတ်တယ်ဆိုကာ အပြန်အလှန်စွပ်စွဲမှုတွေရှိနေပါတယ်။
စစ်ကောင်စီသတင်းတွေကို ဖော်ပြတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ ကျောက်မှုန့်စက်ရုံပိုင်ရှင်အမျိုးသားတစ်ဦးအပါအဝင် ၄ ဦးသေနတ်ပစ်ခံရပြီး စက်ရုံအနီးက တောလမ်းပေါ်မှာ သေဆုံးနေတဲ့ ရုပ်အလောင်းတွေ တွေ့တယ်လို့ ဖော်ပြထားကြပါတယ်။
စစ်ကောင်စီသတင်းတွေကို ဖော်ပြတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ ကျောက်မှုန့်စက်ရုံပိုင်ရှင်အမျိုးသားတစ်ဦးအပါအဝင် ၄ ဦးသေနတ်ပစ်ခံရပြီး စက်ရုံအနီးက တောလမ်းပေါ်မှာ သေဆုံးနေတဲ့ ရုပ်အလောင်းတွေ တွေ့တယ်လို့ ဖော်ပြထားကြပါတယ်။
သတ်ခံရတဲ့ ဖြစ်စဉ်အပါအဝင် သေဆုံးခဲ့တဲ့ အရေအတွက်နဲ့ ပတ်သက်လို့ ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာကို ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးလို့ ဒေသခံတွေနဲ့ ထပ်ပြီးဆက်သွယ်မေးမြန်းနေပါတယ်။
ဒေသခံတွေရဲ့ အပြောအရ ဒီဇင်ဘာ ၃၁ ရက်ကလည်း မတ္တရာမြို့အနောက်ဘက်က ဥဒိန်ရွာကနေအိမ် ၅၀ ကျော်လည်းမီးရှို့ခံရတယ်လို့ပြောပါတယ်။
စစ်အာဏာသိမ်း ၃ နှစ်တာအတွင်း နှစ်ဖက်အပြန်အလှန်သတ်ဖြတ်မှုနဲ့ ပြည်တွင်းစစ်ကြား သေဆုံးရတဲ့အရပ်သား တစ်သောင်းကျော်ရှိနေပါတယ်။
မတ္တရာမှာ သက်ကြီးအမျိုးသမီး တစ်ဦးအပါအဝင် အရပ်သား ၆ ဦးသတ်ဖြတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Voice of spring
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ ဒီကနေ့ ဇန်နဝါရီ ၂ ရက် မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးက ကောလင်းစျေးထဲကို ကျရောက်ပေါက်ကွဲလို့ အရပ်သား ၂ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေရှိတယ်လို့ ဒေသခံအချို့ကအတည်ပြုပြီး ကောလင်းသတင်းတွေကိုဖော်ပြနေတဲ့ Kawlin info ကလည်း ဖော်ပြထားပါတယ်။
အဲဒီပေါက်ကွဲမှုမှာ သေဆုံးတဲ့လူတွေအပြင် ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရတဲ့သူတွေလည်း ၈ ဦးထက်မနည်းရှိတယ်လို့ ဒေသခံရဲ့အပြောအရ သိရပါတယ်။
“ မနက် ၉ နာရီဝန်းကျင်မှာ ဈေးထဲကို လက်နက်ကြီးကျတာ၊ ပစ်တာ ၆ ကြိမ်လောက်ပစ်တယ်။ ၂ ယောက်ကတော့ ပွဲချင်းပြီးဆုံးသွားတယ်။ ဒဏ်ရာရတာက ၈ ယောက်ကျော်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒေသခံတွေရဲ့ အပြောအရ စစ်ကောင်စီရဲ့ ဝန်းသိုအခြေစိုက် တပ်စခန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာလို့ဆိုပါတယ်။
ဒီဇင်ဘာ ၂၈ ရက်နေ့ကနေ ဇန်နဝါရီ ၂ ရက်အထိ ၆ ရက်အတွင်း စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးထိမှန်တာကြောင့် ဒေသခံ ၇ ဦးထက်မနည်းသေဆုံးတယ်လို့ ဘီဘီစီက ရရှိထားတဲ့ သတင်းအချက်အလက်တွေနဲ့ ဒေသအခြေစိုက်မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
ဒီဇင်ဘာ ၃၀ ရက်မှာလည်း ကောလင်းမြို့၊ တောင်မော်ကျေးရွာဘက်ကို စစ်တပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျရောက်တာကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းမီဒီယာမှာဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့ကလည်း စစ်တပ်က ပစ်လိုက်တဲ့လက်နက်ကြီးက ကောလင်းမြို့ပေါ် လူနေအိမ်ပေါ်နဲ့ ဘုန်ကြီးကျောင်းဝင်းထဲကျရောက်ခဲ့တာကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ဒေသခံ ၄ ဦးသေဆုံးပြီး ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူခဲ့တယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားတဲ့ ကောလင်းမြို့မှာ ပထမဆုံးမြေပြင်ဘဏ်ခွဲဖွင့်မယ်လို့ ကြေညာခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နောက်ပိုင်းကစပြီး စစ်တပ်ဘက်က မြို့တဝိုက်ကို လက်နက်ကြီးတွေနဲ့ ခပ်စိပ်စိပ်ပစ်ခတ်တိုက်ခိုက်နေတာလို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ကျောက်မဲ ၊ မိုင်းငေ့ါ မြို့ ကို သိမ်းထားပြီလို့ TNLA ပြော

ဓာတ်ပုံ ရင်းမြစ်, ရွှေဖီမြေ
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ မိုင်းငေ့ါမြို့နယ်ခွဲမှာရှိတဲ့ စစ်ကောင်စီဗျူဟာကုန်းတပ်စခန်းနဲ့ စခန်းငယ်တွေအပါအဝင် ရဲစခန်းနဲ့ ဌာနဆိုင်ရာ ရုံးအားလုံးကို ဒီဇင်ဘာ ၃၁ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA ဘက်က ထုတ်ပြန်လာပါတယ်။
၃ ရက်ကြာတိုက်ခိုက်ပြီးတဲ့နောက် သိမ်းယူခဲ့တာလို့ဆိုပြီး ဒေသတွင်းမီဒီယာတွေမှာလည်း မိုင်းငေ့ါဗျူဟာကုန်းတပ်စခန်းတိုက်ပွဲကနေ TNLA တွေဘက်က သိမ်းဆည်းရရှိထားတဲ့ လက်နက်ခဲယမ်းတွေပုံတွေနဲ့အတူ မိုင်းငေ့ါရဲစခန်းအရှေ့မှာ TNLA တပ်ဖွဲ့ဝင်တွေ ရိုက်ထားတဲ့ဓာတ်ပုံတွေ ဖော်ပြထားတာ တွေ့ရပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးတွေ မြို့ပေါ်ကျရောက်လို့ မီးသတ်ရုံနားက အဆောက်အဦတွေ မီးလောင်ပျက်စီးသွားသလို လေကြောင်းတိုက်ခိုက်တာတွေလည်း ပြုလုပ်ခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာရှောင်တိမ်းနေကြဆဲပဲလို့ မြို့ခံတွေရဲ့ အပြောအရသိရပါတယ်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်နဲ့ မန်တုံအပါအဝင် နောက်ထပ်မြို့တွေဖြစ်တဲ့နမ့်ခမ်း၊ နမ္မတူနဲ့ မိုင်းလုံတို့ကို သိမ်းပိုက်ပြီးနောက် ရှမ်းမြောက်မှာ ၆ ခုမြောက်မြို့အဖြစ် မိုင်းငေ့ါကို TNLA တပ်တွေ ထပ်မံသိမ်းယူပြီး မြို့ကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ရှမ်းမြောက်ဒေသက လားရှိုး-နမ္မတူ-နမ့်ဆန် သုံးမြို့ကို အဓိကထားဆက်သွယ်ထားတဲ့ အီနိုင်းတံတား ဖျက်ဆီးခံထားရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကဖော်ပြပါတယ်။
မိုင်းငေါ့မြို့အခြေအနေနဲ့ပတ်သက်လို့ ဒီကနေ့အချိန်ထိ စစ်ကောင်စီအနေနဲ့ တစ်စုံတစ်ရာသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။
အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာနဲ့ ရိုဟင်ဂျာအရေး ခိုင်မာတိကျတဲ့အရေးယူမှုတွေလုပ်ဖို့အင်ဒိုနီးရှားပြော

ဓာတ်ပုံ ရင်းမြစ်, AFP
မြန်မာနဲ့ ရိုဟင်ဂျာအရေးအတွက် ကမ္ဘာ့နိုင်ငံတွေနဲ့ အထူးသဖြင့် အာဆီယံနိုင်ငံတွေက တိကျတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ရမယ်လို့ အင်ဒိုနီးရှားရဲ့ လွှတ်တော် ၂ ရပ်ကြား ပူးပေါင်းဆောင်ရွက်ရေးဌာန (BKSAP) ရဲ့ လက်ထောက်အကြီးအကဲ အာမတ်ဟာဖစ်ဇ်သိုဟာက ပြောပါတယ်။
“ ကမ္ဘာ့အစည်းအဝေးတွေကိုတက်ခွင့်မပေးတာ၊ လက်နက်နဲ့ စီးပွားရေး ပိတ်ဆို့တာတွေ၊ နိုင်ငံကူးလက်မှတ်နဲ့ ဗီဇာတွေကို ပိတ်ပင်ရပ်ဆိုင်းတာတွေက လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တဲ့သူတွေကို နိုင်ငံတကာတရားရုံး (ICJ) ကို ခေါ်ဆောင်သွားနိုင်မယ်” လို့ ပြီးခဲ့တဲ့ စနေနေ့က ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်မှာပြောထားပါတယ်။
လက်ရှိအာဏာသိမ်းစစ်ကောင်စီအစိုးရက ရိုဟင်ဂျာလူမျိုးတွေကိုစောင့်ရှောက်တာမရှိသလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေလုပ်ဖို့ လည်း တွန့်ဆုတ်မနေဘူး လို့ လည်းထည့်ပြောထားပါတယ်။
ဒီလို လျစ်လျူရှုပြီးပြုမူတာတွေက ရိုဟင်ဂျာအရေးကို တာဝန်မယူတာဖြစ်သလို အခြေခံလူ့အခွင့်အရေးတွေ မရှိတော့တာကြောင့် ရိုဟင်ဂျာတွေရဲ့ ကံကြမ္မာကို ပိုပြီးရှင်းလင်းသွားစေတယ်လို့ ဆိုပါတယ်။
လက်ရှိအခြေအနေအရ စစ်ကောင်စီအစိုးရအနေနဲ့ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ရပ်တန့်ပစ်ဖို့ အာဆီယံမှာရှိတဲ့လူတွေအားလုံး ပိုပြီးဆောင်ရွက်ဖို့လိုတယ်လို့ သူက သုံးသပ်ထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးကို ဖြေရှင်းတဲ့နေရာမှာ ဒေသတွင်းလူထုရဲ့ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားသလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကဏ္ဍတွေကိုလည်း ဦးစားပေးလုပ်ဆောင်နေတယ်လို့ အစောပိုင်းမှာတုန်းက လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒါဟာနာပူတရာက ပြောခဲ့ပါတယ်။
နိုင်ငံတကာလူ့အခွင့်အရေးဥပဒေထဲက ပြန်လည်နေထိုင်ခွင့်မပြုတဲ့မူအရ ရိုဟင်ဂျာတွေက မူလနေထိုင်ခဲ့တဲ့နိုင်ငံမှာ ညှင်းပန်းနှိပ်စက်မှုတွေနဲ့ ကြုံနေရရင် အဲဒီနိုင်ငံဆီ ပြန်မပို့ဖို့နဲ့ နှင်ထုတ်တာတွေမလုပ်ဖို့ ပူတရာကပြောခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက် အတွင်းကလည်း အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းခြေကိုဆိုက်ရောက်တဲ့ ရိုဟင်ဂျာတွေကို လက်မခံကြောင်း အာချေးဒေသခံလူထုကလက်မခံကြောင်း ဆန္ဒပြခဲ့ကြသလို ရာနဲ့ချီတဲ့ ဒေသခံတက္ကသိုလ်ကျောင်းသားတွေကလည်း ရိုဟင်ဂျာဒုက္ခသည် ၁၃၇ ဦး ယာယီနေထိုင်နေတဲ့ အာချေးပြည်နယ် မြို့တော် Banda Aceh အစိုးရခန်းမဆောင်ထဲကို ဒီဇင်ဘာ ၂၇ ရက်နေ့က ဝင်ရောက်စီးနင်းပြီး ဒုက္ခသည်တွေကို ထွက်သွားဖို့ ဖိအားပေးခဲ့တဲ့ဖြစ်စဥ်တွေရှိခဲ့ပါတယ်။
အခုလို အင်ဒိုနီးရှားမှာဖြစ်လာတဲ့ ရိုဟင်ဂျာတွေဝင်ရောက်လာတာကိုဆန့်ကျင်တဲ့ဖြစ်စဥ်တွေနောက်မှာ အင်ဒိုနီးရှား လွှတ်တော် ၂ ရပ်ကြား ပူးပေါင်းဆောင်ရွက်ရေးဌာနက ဒီအရေးဖြေရှင်းဖို့ အာဆီယံနိုင်ငံတွေနဲ့ ကမ္ဘာကပါတာဝန်ရှိတယ်လို့ပြောလာတာဖြစ်ပါတယ်။
တရုတ်က မြန်မာအတွက် အထူးအရေးပါတဲ့နိုင်ငံလို့ NUG ပြော

ဓာတ်ပုံ ရင်းမြစ်, AFP
တရုတ်နိုင်ငံဟာ မြန်မာအတွက်အထူးအရေးပါတဲ့နိုင်ငံအဖြစ်မှတ်ယူပြီး တရုတ်နိုင်ငံရဲ့ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အခြားလူမှုစီးပွားလုပ်ငန်းတွေရဲ့ လုံခြုံရေး ကို ထိန်းသိမ်းကာကွယ်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ - NUG က ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ ထုတ်ပြန်ပြောဆိုလာပါတယ်။
အချက် ၁၀ ချက်နဲ့ ပြောထားတဲ့ အဲဒီထုတ်ပြန်ချက်ထဲမှာ တရုတ်ရဲ့ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက်ထောက်ခံကျင့်သုံးမယ်လို့ဆိုထားပါတယ်။
ဒါအပြင် ၂၀၂၁ စစ်အာဏာသိမ်းမတိုင်ခင် နှစ်နိုင်ငံ နယ်နိမိတ်သတ်မှတ်မှုစာချုပ်များ အပါအဝင် နှစ်နိုင်ငံကြား သဘောတူချုပ်ဆိုခဲ့တဲ့ စာချုပ်တွေ အားလုံးကို မြန်မာနိုင်ငံက တာဝန်ယူ ဆက်ခံမယ်လို့လည်း ပြောပါတယ်။
မြန်မာနဲ့ တရုတ်ကြား “ဆွေမျိုး-ပေါက်ဖော်” ဆက်ဆံရေးတည်ဆောက်သွားမယ်လို့ပြောထားပြီး တရုတ်အတွက် အိမ်နီးချင်းကောင်း ဖြစ်ရေး မြန်မာက အမြဲ ကြိုးပမ်းရပ်တည်မယ်လို့လည်းဆိုပါတယ်။
နှစ်နိုင်ငံကြား လူမှုစီးပွားအရ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွေကို ထိန်းသိမ်းဆောင်ရွက်သွားမယ်လို့ပြောထားပြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ ဘယ်အဖွဲ့အစည်းကိုမှ မြန်မာ့ပိုင်နက်အတွင်း အခြေချခွင့်မပြုဘူးလို့ ဖော်ပြရေးသားထားပါတယ်။
နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေး နှင့် လုံခြုံရေးသာမက ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးကိုထိခိုက်စေမယ့် ကျားဖြန့် အွန်လိုင်း လိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်း၊ လူကုန်ကူးမှုလုပ်ငန်း၊ မူးယစ်ဆေးဝါးလုပ်ငန်းများအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ် မှုခင်းတွေကို တရုတ်နိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းတိုက်ဖျက်သွားမယ်လို့ ဆိုပါတယ်။
လာမယ့်ရက်အတွင်း တရုတ်ရဲ့ မြန်မာအထူးကိုယ်စားလှယ် တိန့်ရွှီကျွင်းမြန်မာနိုင်ငံကိုလာရောက်ဖို့ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေချိန် နှစ်သစ်မှာပဲ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အခုထုတ်ပြန်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
နိုင်ငံမြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးအတွက် တရုတ်ကျောထောက်နောက်ခံပြုတယ်လို့ စွပ်စွဲမှုတွေရှိသလို တစ်ဖက်မှာလည်း နေပြည်တော် - ဘေဂျင်းဆက်ဆံရေးကလည်း အဆက်မပြတ်ပြန်ပါဘူး။ ဒီဇင်ဘာနောက်ဆုံးပတ်ထဲမှာပဲ မဲခေါင် - လန်ချန်း စီမံကိန်းဆိုင်ရာ ဆွေးနွေးပွဲကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် နဲ့ တရုတ်ဝန်ကြီးချုပ် မစ္စတာလီချန်းတို့ အတူ ပူးတွဲဥက္ကဋ္ဌ အဖြစ် အွန်လိုင်းကနေ ကျင်းပခဲ့တာဖြစ်ပါတယ်။








