ပေါက်နဲ့ မြိုင်က ရေနံမြေလွန်ဆွဲပွဲ
ဓာတ်ပုံ ရင်းမြစ်, Getty Images
မကွေးတိုင်း၊ ပေါက်နဲ့ မြိုင်အစပ်က ရေနံမြေဒေသတွေမှာ ဧပြီလပထမပတ်က "မိတ်ဖက်ပဋိပက္ခ မလိုဘူး"၊ "အင်အားထောင်ချီ ဘာလုပ်ဖို့လဲ"၊ "NUG အစိုးရပြုပြင်ရေး - ဒို့အရေး" ဆိုပြီး ဒေသခံတွေရဲ့ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက် မကွေးနဲ့ စစ်ကိုင်းဘက်က တိုင်းတပ်ရင်းတွေက ပေါက်နဲ့ မြိုင်အစပ်က ရေနံမြေလုပ်ကွက်တွေကို မတ် ၃၀ ရက်မှာ ဝိုင်းထားခဲ့တာကြောင့် ဒေသခံ ပသုံးလုံးအဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့ချင်း ကျည်မပေါက်စေဖို့ ဒေသခံတွေက ဆန္ဒပြတားခဲ့ကြတာဖြစ်ပါတယ်။
ရေနံမြေဟာ အစိုးရဝင်ငွေအတွက် အရေးကြီးတဲ့သယံဇာတဖြစ်လို့ NUG က ပြည်ထောင်စုအဆင့် စီမံခန့်ခွဲချင်သလို ဒေသခံ(ပသုံးလုံး)တော်လှန်ရေးအဖွဲ့တွေကလည်း သူတို့ထိန်းချုပ်ထားတဲ့အရင်းအမြစ်ကို လက်မလွှတ်ချင်ကြတဲ့လွန်ဆွဲမှု ရှိနေကြပါတယ်။
ဒီအရေးကို NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်ဘက်က ဧပြီ ၃ ရက်စလို့ ညှိနှိုင်းဆွေးနွေးနေတယ်ဆိုပေမယ့် တပ်တွေ မရုပ်ကြသေးတဲ့အခြေအနေဖြစ်နေပါတယ်။ တင်းမာမှုဖြစ်နေချိန်မှာပဲ အဲဒီဒေသကို စစ်တပ်က ဧပြီ ၄ ရက်မှာ လေကြောင်းဗုံးကြဲလို့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့ပါတယ်။
ဒီရေနံမြေဒေသကို NUG က ပြည်ထောင်စုအဆင့်အနေနဲ့ စီမံခွင့် ဘာကြောင့်လိုချင်တာလဲ၊ ပေါက်နဲ့မြိုင်တော်လှန်ရေးအဖွဲ့တွေက ဒီရေနံမြေတွေကို လက်မလွှတ်ချင်တဲ့အကြောင်းအရင်းက ဘာကြောင့်လဲ။
အငြင်းပွားမှုတွေမှာ ဘယ်သူတွေ ပါဝင်လဲ
ဓာတ်ပုံ ရင်းမြစ်, မြိုင်မြို့နယ် စစ်ကြောင်းသတင်းများ
ဒီဖြစ်ရပ်မှာ နှစ်ဖက်ပါဝင်ပတ်သက်သူတွေက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ပေါက်နဲ့ မြိုင်ဒေသက ပသုံးလုံးအဖွဲ့တွေ ဖြစ်ပါတယ်။ ပသုံးလုံးအဖွဲ့တွေဆိုတာက ပြည်သူ့အုပ်ချုပ်ရေး(ပအဖ)၊ ပြည်သူ့ကာကွယ်ရေး(ပကဖ)၊ ပြည်သူ့လုံခြုံရေး(ပလဖ)တို့ ဖြစ်ပါတယ်။
မြိုင်နဲ့ ပေါက်က ပြည်သူ့အုပ်ချုပ်ရေး(ပအဖ)၊ ပြည်သူ့ကာကွယ်ရေး(ပကဖ)၊ ပြည်သူ့လုံခြုံရေး (ပလဖ)တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ လက်အောက်ခံတွေလည်း ဖြစ်ကြပါတယ်။
မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရကတော့ ကြားဝင်ဖြေရှင်းရေးအဖွဲ့အနေနဲ့ ပါဝင်နေပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အခုဖြစ်တဲ့ရေနံမြေ စီမံအုပ်ချုပ်မှုနဲ့ပတ်သက်ပြီး အကျပ်အတည်းဖြစ်နေတာဟာ NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်ကြားဖြစ်တာ မဟုတ်ဘူးလို့ NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီက ဘီဘီစီကို ဧပြီ ၂ ရက်က ပြောထားပါတယ်။
မကွေးယူနစ်ကြားကာလအစိုးရ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်ကလည်း မဟာမိတ်တွေရဲ့ ပွတ်တိုက်မှုအတွင်း ပါဝင်မှုနဲ့ပတ်သက်ပြီး အသေးစိတ်မပြောနိုင်သေးဘူးလို့ ဘီဘီစီကို ဧပြီ ၃ ရက်က ဖြေထားပါတယ်။
"ဒါက NUG နဲ့ အောက်ခြေ ပသုံးလုံးအဖွဲ့တွေကြားဖြစ်တဲ့ကိစ္စပါ။ ဒါကို မကွေးဖက်ဒရယ်ယူနစ်က ကြားဝင်ဖြေရှင်းပေးတာ"လို့ ပေါက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ ဦးအရီးက ပြောပါတယ်။
ပေါက်နဲ့မြိုင်ထဲက ရေနံမြေတွေကို မြို့နယ် ပသုံးလုံးအဖွဲ့တွေက ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ ထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။ ၂၀၂၅ နှစ်ကုန် ဒီဇင်ဘာမှာတော့ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ ပေါ်ပေါက်လာပါတယ်။
မကွေးဖက်ဒရယ်ယူနစ်အစိုးရမှာ ဝန်ကြီး ၁၀ ယောက် ခန့်အပ်မှာဖြစ်ပြီး လက်ရှိမှာ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာဝန်ကြီးဌာနနဲ့ ပြန်ကြားရေးဝန်ကြီးဌာနအတွက် ခန့်အပ်ဖို့ ကျန်နေသေးတာပါ။
မကွေးဖက်ဒရယ်အစိုးရမှာ လျာထားတဲ့ ဝန်ကြီး ၁၀ ယောက်ပြည့်ရင် မြိုင်နဲ့ ပေါက်မှာရှိတဲ့ ရေနံမြေစီမံခန့်ခွဲမှုတွေကို လွှဲပြောင်းသွားမှာဖြစ်တာကြောင့် လက်ရှိအချိန်အထိ ရေနံမြေတွေကို မြိုင်၊ ပေါက် ပသုံးလုံး ကပဲ စီမံခန့်ခွဲနေတာလို့ နားလည်ရပါတယ်။ ဒါ့ကြောင့် မကွေးဖက်ဒရယ်ယူနစ်အစိုးရ စီမံမှုအောက်ကို ရောက်လာမယ့် ရေနံမြေတွေအတွက် NUG နဲ့ ဆွေးနွေးနေကြတာဖြစ်ပါတယ်။
အုပ်ချုပ်သူတွေအကြားညှိနှိုင်းမှု မပြီးသေးတဲ့ ရေနံမြေစီမံခန့်ခွဲမှုကြားမှာ NUG ရဲ့တပ်တွေက ရေနံမြေတွေထဲကို စီးနင်းမှုပြဿနာဖြစ်လာတာကြောင့် လက်ရှိလုပ်ကိုင်နေတဲ့ လက်ယက်တွင်းရေနံမြေတွေက အလုပ်သမားတွေနဲ့ ဒေသခံတွေလည်း ဧပြီ ၈ ရက်အထိ လုပ်ငန်းလုပ်ကိုင်မှုတွေ ရပ်နားထားကြရပါတယ်။
NUG တပ်တွေ ဘာလို့ဝင်လာကြတာလဲ
ဓာတ်ပုံ ရင်းမြစ်, NUG
တခြားမြို့နယ်က NUG လက်အောက်ခံတပ်ရင်းတွေ ဝင်ရောက်လာတာဟာ ရေနံမြေလက်လွှဲယူရေးအပေါ် ဆွေးနွေးညှိနှိုင်းမှု မအောင်မြင်သေးတဲ့အနေအထားနဲ့ ဆက်စပ်ပါတယ်။ မကွေးတိုင်းသာမက စစ်ကိုင်းတိုင်းထဲက တပ်ရင်းတချို့လည်း မတ် ၃၀ နဲ့ ၃၁ ရက်မှာ ရောက်ရှိလာတာပါ။
ပုံမှန်နိုင်ငံရေးအခြေအနေတွေမှာ NUG လက်အောက်၊ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)က စီမံခန့်ခွဲခဲ့တဲ့ရေနံမြေတွေကို မြို့နယ်တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတာကနေ NUG က လက်လွှဲယူဖို့ ၂၀၂၅ မတ်ကတည်းက စာပို့ပါတယ်။
မြိုင်နဲ့ ပေါက်မှာရှိတဲ့ရေနံတွင်းတွေကို NUG က လက်လွှဲယူဖို့ ဆွေးနွေးရင်းညှိနှိုင်းလို့ မပြီးသေးတဲ့အချိန်မှာ NUG ကာကွယ်ရေးဝန်ကြီးဌာန(MOD)အောက်က တပ်ရင်းတွေ ဝင်ရောက်လာကြတာလို့ ပေါက်မြို့နယ် ပအဖ တာဝန်ခံ ဦးအရီးက ပြောပါတယ်။
"ကျွန်တော်တို့ကလည်း ပူးပေါင်းချင်ပါတယ်။ အစိုးရတစ်ရပ်လို လည်ပတ်မယ်ဆိုရင် စီမံကိန်း၊ ဘဏ္ဍာ၊ သယံဇာတ တာဝန်ခံတွေနဲ့ လာဆွေးနွေးပေါ့။ အခုလိုတပ်တွေကို အချိန်အကြာကြီးမထားပါနဲ့၊ အကျိုးယုတ်တယ်" လို့ သူက ဆက်ပြောပါတယ်။
ပေါက်နဲ့မြိုင်က ရေနံတွင်းတွေရဲ့စီမံခန့်ခွဲမှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ မြို့နယ်ပသုံးလုံးအဖွဲ့တွေနဲ့ NUG တပ်တွေအကြား ထိပ်တိုက်တွေ့တာ မဟုတ်သေးပေမဲ့ တင်းမာနေတဲ့အခြေအနေပါ။
ဒီလိုဖြစ်ရပ်တွေကြောင့် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ကလည်း မြိုင်မြို့နယ်အပြင် ဆက်စပ်နေရာတွေမှာ ဒေသခံတပ်ရင်းတွေရဲ့ ခွင့်ပြုချက်မပါဘဲ လက်နက်ကိုင်ဆောင်သွားလာတာ မလုပ်ဖို့ဆိုပြီး မတ် ၃၀ မှာ စာထုတ်ပါတယ်။
"အောက်ခြေမှာ တပ်ဖွဲ့ဝင်အချင်းချင်း ထိပ်တိုက်တွေ့မှာစိုးလို့ ကျွန်တော်တို့ဘက်က တပ်တွေရုပ်ထားတယ်" လို့ ပေါက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး တာဝန်ခံ ဦးအရီးက ပြောပါတယ်။
ပေါက်နဲ့ မြိုင်မှာရှိတဲ့ ရေနံမြေတွေဟာ အစိုးရအဆက်ဆက်ကတည်းက ပြည်ထောင်စုအဆင့်က စီမံအုပ်ချုပ်ခွင့်ရှိတဲ့နေရာတွေဖြစ်တဲ့အတွက် လွှဲပြောင်းလက်ခံဖို့ ဆောင်ရွက်ရင်း နှစ်ဖက်ကြား အထင်လွဲတာဖြစ်တယ်လို့ NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်နီက ဘီဘီစီကို ဧပြီ ၂ရက်က တုံ့ပြန်ပါတယ်။
NUG အနေနဲ့ မကွေးတိုင်းအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အထွေထွေထိုးစစ်တစ်ရပ် ဆင်နွှဲဖို့ လိုအပ်တဲ့လူအင်အား၊ စစ်လက်နက်အင်အားတွေကို ထိထိရောက်ရောက် စီမံခန့်ခွဲဖို့အတွက် တော်လှန်ရေးအင်အားစုတွေ ထိန်းသိမ်းစီမံထားတဲ့ရေနံမြေတွေကို လက်လွှဲယူမယ့်အကြောင်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဧပြီကတည်းက မကွေးတိုင်းထဲက တပ်ရင်းတွေကို စာပို့ခဲ့ပါတယ်။
အဲဒီစာအရ ရေနံမြေတွေကို ထိန်းသိမ်းထားတဲ့ ပအဖ၊ ပကဖ တပ်ရင်းတွေအနေနဲ့ NUG က ဖွဲ့စည်းထားတဲ့ မကွေးတိုင်းရေနံမြေလုပ်ငန်းကော်မတီကို တစ်ပတ်အတွင်း လွှဲပြောင်းဖို့ဆိုတဲ့အချက်ပါဝင်ပါတယ်။
အဲဒီနောက်ပိုင်းအစည်းအဝေးတွေမှာလည်း ရေနံမြေတွေ လက်လွှဲယူရေး မကြာခဏ ဆွေးနွေးခဲ့ပေမဲ့ ညှိနှိုင်းလို့ အဆင်မပြေကြသေးပါဘူး။ ပြီးခဲ့တဲ့ မတ် ၃၀ ရက်မှာ ဆွေးနွေပွဲလုပ်ချိန်မှာပဲ တပ်ရင်းတွေ ရောက်ရှိလာတာ ဖြစ်ပါတယ်။
တခြားမြို့နယ်က တပ်ရင်းတွေကလည်း စစ်ဆင်ရေးအတွက်လို့သာသိပြီး ရောက်လာတော့မှ တော်လှန်ရေးတပ်အချင်းချင်း ပဋိပက္ခမှာ ပါဝင်နေကြရတာကို သိကြရတယ်လို့ မြေပြင်မှာရှိတဲ့ စစ်ရေးအရင်းအမြစ်တချို့က ပြောပါတယ်။
ဘာကြောင့် NUG ကို အောက်ခြေက မလွှဲချင်တာလဲ
ဓာတ်ပုံ ရင်းမြစ်, Getty Images
NUG က ပြည်ထောင်စုအဆင့်အနေနဲ့ စီမံခန့်ခွဲမယ့် ရေနံမြေတွေထဲမှာ
- မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်က ကျောက်ခွက်/လက်ပံတို/အရာတော်
- ပေါက်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်အစပ်က စပယ်-သာကြီးအောင် ရေနံမြေတွေကို NUG ဆီ လွှဲပြောင်းရမှာဖြစ်တယ်လို့ စစ်ရေးအရင်းအမြစ်တွေက ပြောပါတယ်။
ဒီရေနံမြေတွေကို ရရှိဖို့ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်းက တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်ဦးရေ အယောက် ၃၀၀ ကျော်ရဲ့အသက်ကို ပေးခဲ့ရတာလို့ ပေါက်နဲ့ မြိုင်မြို့နယ်က စစ်ရေးအရင်း အမြစ်တွေက ပြောပါတယ်။
သေဆုံးသွားတဲ့တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေအပြင် ကိုယ်အင်္ဂါအစိတ်အပိုင်း စွန့်လွှတ်လိုက်ရတဲ့တပ်ဖွဲ့ဝင်တွေကို ထောက်ပံ့နေတာကလည်း ဒီရေနံတွင်းတွေကနေ ရတဲ့ဝင်ငွေတွေဖြစ်တယ်လို့ ပသုံးလုံးဘက်က တုံ့ပြန်ပါတယ်။
ဒါ့အပြင် ပေါက်နဲ့ မြိုင်မြို့နယ်ထဲကို စစ်ကြောင်းတွေ ဝင်မလာနိုင်အောင် ကာကွယ်ဖို့ လက်နက်ပစ္စည်း၊ လူအင်အားဖြည့်တင်းတာ၊ စစ်ဘေးရှောင်ထောက်ပံ့တာ၊ စစ်သင်တန်းပေးတာ၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးတွေအတွက် အသုံးပြုနေတာလို့ဆိုပါတယ်။
မြိုင်နဲ့ ပေါက်က တပ်ရင်းတွေအပြင် ဂန့်ဂေါ၊ မကွေး ၊ ပခုက္ကူအပါအဝင် မကွေးတိုင်း မြို့နယ်တွေထဲက တော်လှန်ရေးတပ်ဖွဲ့တွေ အများစုဟာ ဒီရေနံမြေတွေကနေရတဲ့ ဝင်ငွေတွေနဲ့ မကင်းကြဘူးလို့ မြိုင်မြို့နယ်က စစ်ရေးအရင်းအမြစ်တွေက ပြောပါတယ်။
"အခု MOD က ကိုယ့်တပ်ရင်းအချင်းချင်း ဝိုင်းထားတော့ အလုပ်တွေ နားထားရတယ်။ တစ်ရက်ကို အနည်းဆုံး ကျပ်သိန်း ၆၀၀ ဝင်ငွေ နစ်နာတယ်"လို့ သူက ပြောပါတယ်။
ပေါက်နဲ့မြိုင်ဝန်းကျင်က တော်လှန်ရေးတပ်တွေပါ အမှီသဟဲပြုနေရတဲ့ ရေနံမြေတွေကို NUG က စီမံခန့်ခွဲမယ်ဆိုရင် မြို့နယ်အတွက် ရန်ပုံငွေ ဘယ်လောက်ချထားပေးမလဲဆိုတာကို လက်ရှိရေနံမြေစီမံခန့်ခွဲသူတွေက မေးခွန်းထုတ်ကြပါတယ်။ လက်ရှိထောက်ပံ့ထားတဲ့ ကုန်ကျစရိတ်တွေ၊ တာဝန်ယူတွေကို NUG က ဘယ်လိုခွဲယူမလဲဆိုပြီး တစ်ပါတည်း မေးခွန်းထုတ်ပါတယ်။
ဒါ့အပြင် တိုက်ပွဲမှာ သေဆုံးသွားသူတွေအတွက် ဘယ်လိုတာဝန်ယူမလဲဆိုတဲ့ မေးခွန်းတွေအပေါ် ညှိနှိုင်းမရတာတွေက NUG ကို လက်လွှဲဖို့ ယုံကြည်ချက်မရှိသလောက်ဖြစ်လို့ တုံ့ပြန်နေကြပါတယ်။
"တနေ့ကို ရေနံ ဘယ်နှလုံးရလို့ ဘယ်နှလုံးက မြေပြင်အတွက်ဆိုတာမျိုး ချပြတာမရှိဘူး။ ရေနံတွင်းတွေ အပ်ဖို့ပဲ ပြောတယ်။ တကယ်လို့ သူတို့လက်ထဲ အပ်လိုက်ပြီး သူတို့ပေးတဲ့ ကတိအတိုင်း မတည်ရင် ဘာဆက်လုပ်ရမလဲဆိုတာလည်း NUG က အဖြေမပေးနိုင်ဘူး၊ သူတို့ကို ဘယ်လို ယုံယုံကြည်ကြည်နဲ့ လွှဲရမလဲ"လို့ မြိုင်မြို့နယ်က စစ်ရေးအရင်းအမြစ်က ဘီဘီစီကို ပြောပါတယ်။
နယ်မြေခံတော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ စပယ်- သာကြီးအောင် ရေနံမြေရဲ့ ရေနံတွင်း ၂၀ ကနေ တစ်ရက်ကို ရေနံစိမ်း ၁၁၉ စည်ထွက်ရှိတယ်လို့ နေပြည်တော်က လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ ၂၀၁၈ ခုနှစ်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မကွေးတိုင်းအတွင်းမှာရှိတဲ့ ရေနံမြေ ၇ ခုကနေ ရေနံစိမ်းစည် ၂၁ သိန်းကျော် ထွက်တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီရေနံမြေ ၇ ခုထဲမှာ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျောက်ခွက်၊ လက်ပံတို၊ အရာတော်၊ စပယ်-သာကြီးအောင် ရေနံမြေတွေ ပါဝင်နေတာပါ။
စပယ်-သာကြီးအောင်ဟာ ရေနံတင်မက သဘာဝဓာတ်ငွေ့ပါ ထွက်တဲ့နေရာဖြစ်ပြီး တစ်ရက်ကို ၂ ဒသမ ၄၉၈ ကုဗပေသန်းထွက်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
စစ်တပ်က အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီမှာ မကွေးတိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ချက်အရဆိုရင် သဘာဝဓာတ်ငွေ့ကဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာကနေ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာအတွင်း ကုဗပေသန်းပေါင်း ၃,၄၀၀ ကျော်ထွက်တယ်လို့ သိရပါတယ်။
တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ ထိန်းချုပ်ပြီးနောက်ပိုင်းမှာတော့ ရေနံကိုသာ ထုတ်လုပ်နိုင်ပေမဲ့ သဘာဝဓာတ်ငွေ့ ထုတ်ယူဖို့ကိုတော့ နည်းပညာနဲ့ ပညာရှင်မရှိတာကြောင့် ဒီအတိုင်း လက်လွှတ်ထားရပါတယ်။
"ဒီအတိုင်းကို ဂက်စ်တွေက ထွက်နေတာ၊ နှမြောတောင်နှမြောတယ်"လို့ ဦးအရီးက ပြောပါတယ်။
ပေါက်မြောက်ပိုင်းမှာ အချင်းချင်းတင်းမာချိန် တောင်ပိုင်းမှာ စစ်ကြောင်းဝင်
ဓာတ်ပုံ ရင်းမြစ်, Getty Images
မကွေးတိုင်းထဲက တပ်ရင်းတွေအပြင် စစ်ကိုင်းတိုင်းထဲက တပ်ရင်းတွေပါ ပေါက်မြောက်ပိုင်းနဲ့ မြိုင်တောင်ပိုင်း နေရာတွေကို စီးနင်းထားချိန်မှာပဲ ပေါက်မြို့နယ်တောင်ပိုင်းမှာတော့ စစ်တပ်နဲ့ ဒေသအခေါ် ပျူစောထီး ပူးပေါင်းစစ်ကြောင်း ဝင်ရောက်နေပြီး အင်အားရာနဲ့ချီရှိပါတယ်။
မတ်လကုန်ပိုင်းကတည်းက စစ်ကြောင်းဝင်ရောက်လာတာကြောင့် ကျေးရွာ ၁၄ ရွာက ဒေသခံတွေက ဧပြီ နွေပူပူအောက် ဖြစ်သလို စစ်ရှောင်နေကြရပါတယ်။
ပုံမှန်အတိုင်းဆိုရင် စစ်ကြောင်းဝင်ရောက်လာတာနဲ့ မြိုင်၊ ပေါက် မြို့နယ်အပါအဝင် တခြားမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေ ပူးပေါင်းပြီး စစ်ကြောင်းစောင့်တာ၊ ကာတာ၊ မိုင်းခွဲတာ၊ ဒရုန်းနဲ့တိုက်ခိုက်တာတွေကို စစ်ကြောင်းပျက်တဲ့အထိ လုပ်ဆောင်ကြတာလို့ စစ်ရေးအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
ရေနံမြေတွေဘက်ကို တော်လှန်ရေးတပ်ရင်းတွေ ရောက်နေတာကြောင့် တဖက်ကနေ ဝင်ရောက်လာတဲ့ စစ်ကြောင်းကိုလည်း တားဆီးတိုက်ခိုက်နိုင်တာ မရှိကြခဲ့တဲ့အခြေအနေလို့ ပေါက်မြို့နယ် စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
''သယံဇာတခွဲဝေရေးဘက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရောက်နေတော့ စစ်တပ်ရဲ့ စစ်ကြောင်းတွေကိုတားနိုင်ဖို့ နယ်မြေလုံခြုံရေး မသွားနိုင်ကြတဲ့အခြေအနေဖြစ်နေတယ်''လို့ စစ်ရေးသတင်းရင်းမြစ်က သူ့တွေ့ရှိချက်ကိုပြောပါတယ်။
တော်လှန်ရေးအဖွဲ့တွေကြား သယံဇာတခွဲဝေမှု မညီညွတ်တဲ့ အကြောင်းအရင်းကနေ တော်လှန်ရေးကိုပါ ထိခိုက်လာမှာကို ဒေသခံတွေရော၊ တော်လှန်ရေးတပ်တွေပါ စိုးရိမ်နေတယ်လို့ပြောကြပါတယ်။
အဖြေရှာနေဆဲ ရေနံမြေစီမံခန့်ခွဲမှု ပြဿနာ
ဓာတ်ပုံ ရင်းမြစ်, Getty Images
ပေါက်နဲ့ မြိုင်မှာရှိတဲ့ ရေနံမြေ စီမံခန့်ခွဲမှု ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဧပြီ ၂ ရက်မှာ NUG အစိုးရတာဝန်ရှိသူတွေ၊ မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေရဲ့အွန်လိုင်းကနေ ဆွေးနွေးချက်တွေအရ အဆင်ပြေမှုရတဲ့အထိ ဆက်ညှိနှိုင်းမယ့်အကြောင်း သဘောတူခဲ့ကြတယ်လို့ NUG က ထုတ်ပြန်ခဲ့ပါတယ်။
ပခုက္ကူခရိုင်ထဲက သဘာဝသယံဇာတတွေနဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစု အချင်းချင်းကြား ပွတ်တိုက်မှုတွေကို အကျေအလည်ဖြေရှင်းဖို့ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က ပခုက္ကူတပ်ရင်း ၆ ခုအပါအဝင် နိုင်ငံရေးအစုအဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့တွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေက တိုက်တွန်းထုတ်ပြန်ခဲ့ကြပါတယ်။
အဲဒီလိုထုတ်ပြန်ပြီးနောက် မကွေးတိုင်းထဲက မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ အဖွဲ့၊ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့နဲ့ NUG အစိုးရတို့ အစည်းအဝေးတွေ ဆက်တိုက်လုပ်ခဲ့ကြပါတယ်။
"ပအဖတွေနဲ့ ဖက်ဒရယ်ယူနစ်အစိုးရတို့ ဆွေးနွေးသဘောတူညီချက်တွေအတိုင်း NUG နဲ့ ထပ်ဆွေးနွေးနေကြပါတယ်"လို့ ပေါက်မြို့နယ် ပအဖ တာဝန်ခံ ဦးအရီးက ပြောပါတယ်။
ဆွေးနွေးချက်တွေ ဘယ်လောက်အထိ ခရီးရောက်နေတယ်ဆိုတာကိုတော့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ NUG အစိုးရအဖွဲ့ဝင်တွေရော၊ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့ဝင်တွေပါ ဧပြီ ၈ ရက်အထိ ထုတ်ပြောတာ မရှိသေးပါဘူး။
ပေါက်နဲ့မြိုင်မြို့နယ်တွေမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေကို နားလည်မှု လွဲမှားစေတာ၊ စစ်တပ်အကြိုက်တွေ့စေတာမျိုးကို ရေးသားတာတွေ မလုပ်ကြဘဲ အချင်းချင်းထိန်းကျောင်းကြဖို့ကိုလည်း ဆွေးနွေးကြတယ်လို့ NUG က ဧပြီ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်တို့ဟာ ဧပြီ ၂ ရက်ကနေ ၄ ရက်အထိ ဆက်တိုက်ဆွေးနွေးပြီးချိန်မှာတော့ မြိုင်နဲ့ပေါက်အစပ်က ရေနံမြေတွေကို စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး ဖြေရှင်းနိုင်ဖို့ ရေနံနဲ့ ရေနံထွက်ပစ္စည်းများ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းမယ်ဆိုတဲ့ သဘောတူညီချက်ကို ဧပြီ ၄ ရက်မှာ ရခဲ့ကြပါတယ်။
အဲဒီကြီးကြပ်ရေးအဖွဲ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရ အဖွဲ့ဝင်တွေ ပူးတွဲပါဝင်ကြမှာပါ။ ရေနံနဲ့ ရေနံထွက်ပစ္စည်းများကြီးကြပ်ရေးအဖွဲ့ကနေ ရေနံမြေနဲ့ ရေနံလုပ်ငန်းကော်မတီကို ထပ်ဖွဲ့မှာဖြစ်ပြီး မြေပြင်မှာ လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။
ညှိနှိုင်းမှုတွေ တိုးတက်အဆင်ပြေတဲ့အခြေအနေရှိလာတာကြောင့် NUG ဘက်က တပ်ရင်းတွေ ပြန်ရုပ်သွားပြီလားဆိုတဲ့ ဘီဘီစီရဲ့မေးခွန်းကို "ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်ပြီးဆုံးပြီးရင်တော့ ပြန်ရုပ်နိုင်ပါတယ်။ ဆွေးနွေးညှိနှိုင်းမှုက ဆက်တိုက်ရှိပါသေးတယ်။ မပြီးဆုံးသေးပါ"လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရ ဝန်ကြီးချုပ် ဦးရဲထွန်းဇော်က ဧပြီ ၃ ရက်အထိ ဘီဘီစီကို ပြောပါတယ်။
ဧပြီ ၈ ရက်မှာ ဘီဘီစီက ပေါက်မြို့နယ်၊ ပကဖတာဝန်ခံကို ထပ်မံဆက်သွယ်ပြီး ရေနံနဲ့ ရေနံထွက်ပစ္စည်းများ ကြီးကြပ်ရေးအဖွဲ့ဖွဲ့စည်းမှုရဲ့နောက်ဆက်တွဲအခြေအနေကို မေးမြန်းကြည့်တဲ့အခါ ဖွဲ့စည်းဖို့ သဘောတူထားပေမဲ့ ကြီးကြပ်ရေးအဖွဲ့ကတော့ ထွက်ပေါ် မလာသေးဘူးလို့ပြောပါတယ်။
ရေနံမြေကနေ ရလာတဲ့အကျိုးအမြတ် ခွဲဝေမှုမှာ NUG ၊ မကွေးဖက်ဒရယ်ယူနစ်၊ ပေါက်နဲ့မြိုင် မြို့နယ် ပသုံးလုံး တာဝန်ရှိသူတွေ ဘယ်လောက်ခွဲဝေမယ်ဆိုတာကို ဆက်ဆွေးနွေးသွားကြရဦးမယ်လို့ သိရှိရပါတယ်။
ပေါက်နဲ့ မြိုင်ဒေသ ရေနံမြေပြဿနာအပေါ် ဆွေးနွေးညှိနှိုင်းမှုတွေ တိုးတက်လာတယ်လို့ ပြောကြပေမဲ့ တော်လှန်ရေး အင်အားစုအချင်းချင်းကြားမှာ ယုံကြည်မှုတည်ဆောက်နိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်နေကြပါတယ်။
ထိပ်တန်း သတင်းများ
ဆောင်းပါး
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။