အိမ်ဖြူတော်က အနိုင်ရပြီလို့ ကြေညာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီရန်နဲ့ အပစ်ရပ်ကြေညာချက်ထုတ်ပြီးတဲ့နောက်မှာ အိမ်ဖြူတော်က အနိုင်ရပြီလို့ တုံ့ပြန်လာပါတယ်။
အစ္စရေးကတော့ ဘာတုံ့ပြန်ချက်မှ မလုပ်သေးပါဘူး။
“ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အတွက်ရော၊ ပြောင်မြောက်လှတဲ့ အမေရိကန်စစ်တပ်အတွက် ဒါဟာ အနိုင်ရလဒ်တစ်ခုဖြစ်ပါတယ်” လို့ အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ ကယ်ရိုလိုင်း လက်ဗစ်က သူ့ရဲ့ ဆိုရှယ်မီဒီယာ ပို့စ်မှာရေးသားပါတယ်။
“ သမ္မတထရမ့်က ဟော်မုဇ်ရေလက်ကြားကိုလည်း ပြန်ဖွင့်အောင် စွမ်းဆောင်နိုင်ခဲ့ပြီ” လို့ သူကရေးသားထားပါတယ်။
သမ္မတထရမ့်က “Operation Epic Fury” စစ်ဆင်ရေးဟာ ၄ ပတ်ကနေ ၆ ပတ် အတွင်းသာကြာမယ်လို့ ပြောခဲ့တဲ့အတိုင်း “စစ်ရေးအရရည်မှန်းချက်တွေကို ၃၈ ရက်အတွင်း ပြည့်မီ တာထက်ကို ကျော်လွန်အောင်စွမ်းဆောင်နိုင်ခဲ့တယ်” လို့ ကယ်ရိုလိုင်းက ပြောပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက် နဲ့ ပူးတွဲစစ်ဦးစီးချုပ်အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဒန်ကိန်းတို့ က မိန့်ခွန်းထွက်ပြောဖို့ရှိတယ်လို့ လက်ဗစ်က ပြောပါတယ်။
“ ကျွန်မတို့ စစ်တပ်ရဲ့ အောင်မြင်မှုက ကျွန်မတို့အတွက် အမြင့်ဆုံး အားသာမှုရစေခဲ့တယ်။ သမ္မတ ထရမ့် နဲ့ အဖွဲ့ဝင်တွေ ခက်ခဲလှတဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ လမ်းစဖြစ်လာပါပြီ။ ဒါဟာ သံခင်းတမန်ခင်းအရရော ရေရှည်ငြိမ်းချမ်းရေးအတွက်ပါ အဖွင့်လှစေခဲ့ပါတယ်” လို့ သူက ရေးသားပါတယ်။


