ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်း‌တွေအတွက် အခက်ခဲဆုံးအချိန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်း-မြန်မာနယ်စပ် တလျှောက် ထိုင်းဘက်ခြမ်းမှာ မြန်မာဒုက္ခသည်စခန်း ၉ ခုရှိပြီး လူဦးရေ တစ်သိန်းကျော် နေထိုင်ပါတယ်
ဖတ်ရန်အချိန်: မိနစ် ၄

"ဒုက္ခသည်စခန်းတွေ ကပ်ဆိုက်တာပဲ" လို့ နှစ် ၅၀ နီးပါး ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ ဘဝကို ဖြတ်သန်းကုန်ဆုံးခဲ့တဲ့ ကရင်ဒုက္ခသည်များ ကော်မတီ KRC အတွင်းရေးမှူး စောပွယ်စေးက ဘီဘီစီကို ပြောပါတယ်။

ဇူလိုင်လကုန်ကစပြီး နယ်စပ်တကြောက ဒုက္ခသည်စခန်းအားလုံး ရိက္ခာအထောက်အပံ့ ဖြတ်တောက်ခံရမှာ ဖြစ်ပါတယ်။

အမေရိကန်အထောက်အပံ့ကိုသာ မှီခိုနေရတဲ့ ကျန်းမာ‌ရေးစောင့်‌ရှောက်မှုကို ကြည့်ရင်လည်း စခန်း ၉ ခု မှာ ၇ ခုက ရရှိနေတဲ့ ဝန်ဆောင်မှုတွေ လုံးဝရပ်တန့်သွားတော့မှာပါ။

ဒုက္ခသည်‌ပေါင်း သိန်းကျော်ရဲ့ ရေရှည်ရပ်တည်နိုင်ရေးက သေရေးရှင်ရေးတမျှ အရေးကြီးဆုံးကာလကို ရောက်နေပါပြီ။

၂၀၂၅ နှစ်စပိုင်းကတည်းက ရပ်တည်ရေး စိန်ခေါ်ချက်ကြုံလာရတဲ့ ဒုက္ခသည်စခန်းတွေ

ဓာတ်ပုံ ရင်းမြစ်, TBC

ဓာတ်ပုံ ပုံစာ, ထိုင်း-မြန်မာနယ်စပ်ဒုက္ခသည်စခန်းတွေက ဒုက္ခသည် ၇၀၀ လောက်အတွက် အမေရိကန်နိုင်ငံမှာ ခိုလှုံခွင့်ရဖို့ အခွင့်အရေးဟာ ၂၀၂၃ ခုနှစ်ထဲမှာ ပြန်ပွင့်လာပေမဲ့ ထရမ့်တက်လာချိန်မှာတော့ ရပ်တန့်သွားခဲ့ပါပြီ

အမေရိကန် သမ္မတ ထရမ့်ရဲ့ ဒုတိယသက်တမ်း အစပြုလာချိန်မှာပဲ မြန်မာဒုက္ခသည်တွေအ‌ပေါ် အဆိုးဘက် ရောက်တဲ့ သက်ရောက်မှုတွေ ရှိလာပါတယ်။

နယ်စပ်က မြန်မာဒုက္ခသည်တွေ ဆယ်စုနှစ်နဲ့ချီမှ တခါပြန်မက်ခွင့်ရတဲ့ တတိယနိုင်ငံအိမ်မက်ဟာ ဒီနှစ် ဇန်နဝါရီ ၂၀ ရက်မှာ ထရမ့်ကျမ်းသစ္စာကျိန်ဆိုမယ့်ရက် မတိုင်ခင် ရပ်ဆိုင်းခံလိုက်ရပါတယ်။

သမ္မတဟောင်းဘိုင်ဒန် စီစဉ်ခဲ့တဲ့ ကမ္ဘာအနှံ့က ဒုက္ခသည် တစ်သိန်းကျော်လက်ခံရေးအစီအစဉ်ကို ရပ်တန့် လိုက်တာကြောင့် နိုင်ငံကူးဖို့သာကျန်တဲ့ ခိုလှုံခွင့်ရပြီးသား မြန်မာဒုက္ခသည်တွေဟာ နယ်စပ်စခန်းတွေကို ပြန်လာခဲ့ရပါတယ်။

မြန်မာဘက်က ကရင်၊ ကယား(ကရင်နီ)ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့နဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံရဲ့ မယ်ဟောင်ဆောင်၊ တာ့ခ်၊ ကန်ချနာဘူရီနဲ့ ရာ့ချာဘူရီ ခရိုင်တွေမှာ ဒုက္ခသည်စခန်း ၉ ခုရှိနေပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒုက္ခသည်လက်ခံရေးအပြင် ထရမ့်ရဲ့ ရပ်တန့်ရေးအမိန့်တွေမှာ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအစီအစဉ် USAID ရဲ့ နိုင်ငံတကာထောက်ပံ့ကြေးတွေ ထပ်ပါလာပြန်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ရိက္ခာနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေဟာ အမေရိကန်နိုင်ငံရဲ့ အထောက်အပံ့အပေါ်မှာ အများဆုံးမှီခိုနေရတာ ဖြစ်ပါတယ်။

ဒုက္ခသည်တွေက ရိက္ခာစာအုပ်လို့ခေါ်တဲ့ Food Card တွေကို ထုတ်ပေးတဲ့ The Border Consortium(TBC) နဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေပေးနေတဲ့ အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးကော်မတီ IRC တို့ဟာ အမေရိကန် ‌ထောက်ပံ့ငွေအများစုနဲ့ ရပ်တည်နေကြတာပါ။

ထရမ့်က ဒီနှစ် ဇန်နဝါရီ ၂၄ ရက်မှာ နိုင်ငံတကာထောက်ပံ့ကြေးတွေကို ရက် ၉၀ ရပ်ဆိုင်းလိုက်ချိန်မှာတော့ ဒီအထောက်အပံ့တွေအပေါ် ရိုက်ခတ်မှုရှိခဲ့ပါတယ်။

IRC က ဒုက္ခသည်စခန်းတွင်းမှာရှိတဲ့ ဆေးရုံတွေရဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ရပ်လိုက်သလို TBC ကလည်း ရိက္ခာထောက်ပံ့တာကို လျှော့ချလိုက်ရပါတယ်။

ရန်ပုံငွေ လျော့နည်းလာတာကြောင့် ဒုက္ခသည် ၈၀ ရာခိုင်နှုန်းရဲ့ ရိက္ခာဖိုး ထောက်ပံ့ငွေ ပမာဏကို ဧပြီကနေ ဇူလိုင်အထိ မူလပေးနေကျ ပမာဏထက်လျှော့ချလိုက်ပါတယ်လို့ TBC က မတ် ၃၁ ရက်မှာ ကြေညာခဲ့တာပါ။

Sorry, we can’t display this part of the story on this lightweight mobile page.

TBC ဟာ နိုင်ငံတကာအလှူရှင်တွေရဲ့ အလှူငွေနဲ့ ထိုင်း-မြန်မာနယ်စပ်တလျှောက်က ဒုက္ခသည်စခန်းတွေကို အစားအစာ ထောက်ပံ့လာတာ ဆယ်စုနှစ် လေးခုကျော်ပြီ ဖြစ်ပါတယ်။

ဧပြီလကစပြီး တစ်လစာ ထောက်ပံ့ကြေးပမာဏ ထိုင်းဘတ်ငွေ ၃၀၀ ကျော်ကနေ ၇၇ ဘတ်သာ TBC က ပေးတော့တယ်လို့ မယ်လဒုက္ခသည်စခန်းက ကရင်ဒုက္ခသည် နော်ဒါးဒါးက ဘီဘီစီကို ပြောပါတယ်။

မယ်လစခန်းထဲမှာ ထောက်ပံ့ကြေးမလောက်ငှကြလို့ "တချို့ မိသားစုတွေ ဆန်ပြုတ် ပြုတ်စားရတဲ့ အခြေအနေ ဖြစ်နေတယ်" လို့ သူက ပြောပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုကိုကြည့်ရင်လည်း ဒုက္ခသည်စခန်းတွေထဲက ဆေးရုံတွေ အထောက်အပံ့ မရတော့ တာကြောင့် နာတာရှည်ရောဂါရှိသူတချို့ သေဆုံးခဲ့တယ်လို့ ကရင်ဒုက္ခသည်များ ကော်မတီ KRC အတွင်းရေးမှူး စောပွယ်စေးက ဘီဘီစီကို ပြောပါတယ်။

လူပေါင်း ၃၉၀၀၀ ကျော်ရှိတဲ့ အကြီးဆုံးဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လစခန်းထဲက ဆေးရုံကို စေတနာ့ ဝန်ထမ်း ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူ (Medic) တွေနဲ့ တစိတ်တပိုင်းသာ ပြန်လည်ပတ်နိုင်ခဲ့တာပါ။

ဒါကြောင့် နာတာရှည်ရောဂါရှိတဲ့ လူနာနဲ့ အရေးပေါ်လူနာတွေကို ထိုင်းပြည်သူ့ဆေးရုံတွေကို ရွှေ့ပြောင်း ပို့ဆောင်ရပါတယ်။

"စခန်းထဲကုမရလို့ ဆေးရုံပို့ရင် လမ်းစရိတ်၊ ‌ဆေးဖိုးဝါးခတွေ အခက်အခဲရှိလာတယ်" လို့ စောပွယ်စေးက ပြောပါတယ်။

အရင်က ဒီစရိတ်တွေကို IRC က ကျခံပေးခဲ့တာပါ။

မယ်လစခန်းကနေ မဲဆောက်ဆေးရုံကြီးကို အငှားကားခက ထိုင်းဘတ်ငွေ ၁၀၀၀ ဝန်းကျင်ရှိပြီး ဒါက ဒုက္ခသည် တွေအတွက် မတတ်နိုင်တဲ့ ပမာဏတစ်ခု ဖြစ်တယ်။

လက်ရှိအချိန်ထိတော့ ဒုက္ခသည်တွေဟာ စခန်းထဲက ဆေးရုံမှာ ဆေးလက်ကျန်တချို့နဲ့ သာမန် ဖျားနာတာလောက်ကို ကုသလို့ ရနေပါတယ်။

ဒါပေမဲ့ အခုအချိန်ထိ တစိတ်တပိုင်းရနေသေးတယ်လို့ ဆိုရမယ့် အစားအစာအတွက် ထောက်ပံ့ငွေနဲ့ ဆေးဝါး အကူအညီတွေဟာ ဒီလကုန်ကစလို့ ထပ်မရနိုင်‌တော့ပါဘူး။

မယ်လစခန်းမှာ နေတာ ၁၈ နှစ် ကြာပြီဖြစ်တဲ့ နော်ဒါးဒါးက "စခန်းမှာ နေလာတဲ့ ကာလမှာ အခုအချိန်က အဆိုးရွားဆုံး၊ အခက်အခဲဆုံးကာလကို ကြုံနေရတာပဲ" လို့ ပြောပါတယ်။

ဇူလိုင်လကုန်ရင် ဒုက္ခသည်တွေအတွက် ဘာအကူအညီတွေ ရပ်တန့်မှာလဲ

ဓာတ်ပုံ ရင်းမြစ်, TBC

ဓာတ်ပုံ ပုံစာ, ဒီနှစ် ဧပြီကစပြီး ရန်ပုံငွေနည်းလာတာကြောင့် TBC က ဒုက္ခသည်တစ်ဦးကို ရိက္ခာဖိုးဘတ် ၇၇ သာ ပေးနိုင်ပါတော့တယ်

ဒီလအထိ လစဉ်ရိက္ခာကတ်ထဲဝင်နေကျ ဘတ်ငွေအနည်းအကျဥ်းဟာလည်း သြဂုတ်လမှာ ထပ်မဝင်လာတော့ဘူးဆိုတာ သေချာသွားပါပြီ။

အမေရိကန် လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်ရေးဆိုင်ရာဌာန PRM က ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်တွေရဲ့ လစဉ်ရိက္ခာနဲ့ မီးဖိုချောင်သုံးလောင်စာဖိုးကို TBC ကတဆင့် ကူညီနေတာဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းနီးပါးထောက်ပံ့နေတဲ့ ဒီဌာနရဲ့ ရန်ပုံငွေဟာ ဇူလိုင်လကုန်ရင် သက်တမ်း ကုန်ဆုံးမှာပါ။

"သက်တမ်းတိုးဖို့ အတည်ပြု ညွှန်ကြားချက် တစုံတရာ မရသေးပါဘူး" လို့ TBC ရဲ့ ဆက်ဆံရေး တာဝန်ခံ တစ်ဦးဖြစ်တဲ့ မစ္စတာ မက်စီမီလီယမ် မော့ခ် က ဘီဘီစီကိုပြောပါတယ်။

ဒါကြောင့် ဒီလကုန်ကစပြီး ထောက်ပံ့ကြေးလျှော့ခံထားရတဲ့ ဒုက္ခသည် ၈၀ ရာခိုင်နှုန်းကျော်ဟာ ရိက္ခာဖိုး လုံးဝ မရတော့ပါဘူး။

TBC ရဲ့ စာရင်းအရ ဒုက္ခသည်စခန်း ၉ ခုမှာ လူဦးရေ ၁၀၇,၅၀၂ ရှိနေတာကြောင့် လူဦးရေ ၂ သောင်းဝန်းကျင်သာ ထောက်ပံ့ကြေးဆက်ရနိုင်တာ ဖြစ်ပါတယ်။

သက်ကြီးရွယ်အို၊ မသန်စွမ်းစတဲ့ ထိခိုက်လွယ်အုပ်စုမှာပါဝင်သူတွေ ရှိနေတဲ့ မိသားစုတွေကိုသာ ဦးစားပေး ထောက်ပံ့ဖို့ အခြေအနေရောက်အောင် တွန်းပို့ခံလိုက်ရတယ်လို့ TBC ရဲ့ ဆက်ဆံရေး တာဝန်ခံက ပြောပါတယ်။

"ချက်ချင်းသက်ရောက်မှာကတော့ ဒုက္ခသည်အများစု ရိက္ခာအကူအညီ ဆုံးရှုံးရမှာပဲ"လို့ မစ္စတာ မက်စီမီလီယမ် မော့ခ် ကပြောပါတယ်။

စားစရာအပြင် ဆေးဝါးကုသရေးဘက်မှာလည်း ဒုက္ခသည်စခန်း ၉ ခုမှာ IRC ရဲ့ အထောက်အပံ့နဲ့ လည်ပတ်တဲ့ စခန်း ၇ ခုက အထောက်အပံ့တွေအားလုံး ဒီလကုန်ရင် ရပ်တန့်ပြီဖြစ်ပါတယ်။

ကရင်ဒုက္ခသည်များ ကော်မတီ KRC အတွင်းရေးမှူး စောပွယ်စေးက" အမေရိကန်ထောက်ပံ့တာမဟုတ်တဲ့ မယ်ဟောင်ဆောင်ခရိုင်ထဲက မယ်လအူးနဲ့ မယ်ရာမိုလ်စခန်း ၂ခုကလွဲရင် ကျန်စခန်းတွေ သက်ရောက်မှာပါ" လို့ ဆိုပါတယ်။

အပြီးတိုင် ပိတ်သိမ်းတော့မယ့် ဆေးခန်းတွေဟာ အသက်ကယ်ကျန်းမာရေးစောင့်ရှောက်မှုတွေဖြစ်တဲ့ အောက်ဆီဂျင် ကုထုံး၊ ကျောက်ကပ်ဆေးတာနဲ့ မိခင်ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေတာပါ။

နိုင်ငံတကာ ကယ်ဆယ်ရေး ကော်မတီ (IRC) ဟာ နှစ်စဉ် လူပေါင်း ၆၀,၀၀၀ ကျော်ကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတာလည်း ဖြစ်ပါတယ်။

အခုလို ရိက္ခာဆေးဝါး ပြတ်လပ်မယ့် အနေအထားတွေကြောင့် ဒုက္ခသည်စခန်းမှာ နေကြသူတွေဟာ" အပြင် ထွက် အလုပ်လုပ်ဖို့ စဉ်းစားနေကြတယ်" လို့ နော်ဒါးဒါးက ပြောပါတယ်။

နှစ် ၅၀ နီးပါးသက်တမ်းရှိ ဒုက္ခသည်စခန်းတွေ အရေး ဘယ်လိုကိုင်တွယ်ကြမလဲ

ဓာတ်ပုံ ရင်းမြစ်, TBC

ဓာတ်ပုံ ပုံစာ, ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေရဲ့ ရပ်တည်ရေးအတွက် တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရဖို့ လူ့အခွင့်အရေးအဖွဲ့တွေက ထိုင်းအစိုးရကို တိုက်တွန်းနေပါတယ်

ထိုင်းဘက်က ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေဟာ အထောက်အပံ့တွေ မလုံလောက်တာကြောင့် စခန်းပြင်ပကို ထွက်ပြီး အလုပ်လုပ်ကိုင်နေကြပါတယ်။

ဒါက တရားမဝင်ပါဘူး။

ဒုက္ခသည်တွေဟာ စခန်းတာဝန်ခံရဲ့ လက်မှတ်နဲ့ ကျန်းမာရေး၊ လူမှုရေးကိစ္စတွေအတွက် ပြင်ပကို ၂ ညအိပ် ၃ ရက် ထွက်ခွာခွင့် ရှိပေမဲ့ အလုပ်လုပ်ကိုင်ခွင့် မရှိပါဘူး။

ဒီလိုထွက်ခွာခွင့်ကိုလည်း လူဟောင်းလို့ခေါ်လို့ UNHCR နဲ့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်ထားသူတွေသာ ရနိုင်တာပါ။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရောက်လာသူတွေမှာ ဒီလိုအသိအမှတ်ပြုကတ်မရှိတာကြောင့် ထွက်ခွာခွင့်မရှိတဲ့ သဘောဖြစ်ပါတယ်။

"စခန်းကထွက်ခွင့်လက်မှတ်ကလည်း ပိုက်ဆံပေးရတော့ ခိုးထွက်ကြလို့ ရှေ့တစ်ပတ်ကပဲ မယ်လစစ် ဆေးရေးဂိတ်မှာ ဖမ်းခံရသူတွေရှိတယ်" လို့ နော်ဒါးဒါးကပြောပါတယ်။

ဒုက္ခသည်စခန်းနေသူတွေဟာ မိသားစုဝင်ငွေနဲ့ ဘဝရပ်တည်ရေးအတွက် စခန်းအနီးအနားက ပြောင်းခင်း၊ စပါးခင်းနဲ့ ဆောက်လုပ်ရေးတချို့မှာ ဝင်ရောက်လုပ်ကိုင်ကြပါတယ်။

ဒါပေမဲ့ တရားဝင် အလုပ်လုပ်ကိုင်ခွင့်မရှိတာကြောင့် ထိုင်းအာဏာပိုင်တွေရဲ့ မကြာခဏဖမ်းဆီးတာ၊ လုပ်အား ခေါင်းပုံဖြတ်ခံရတာတွေ ကြုံတွေ့နေရတာပါ။

ဒုက္ခသည်စခန်းတွင်းနေထိုင်သူတွေ အလုပ်လုပ်ခွင့်ရရေးအတွက် ထိုင်းအာဏာပိုင်တွေကို တောင်းဆိုလာတာ တစ်နှစ်ကျော်ပြီလို့ KRC အတွင်းရေးမှူး ဦးပွယ်စေးကပြောပါတယ်။

"ဒုက္ခသည်တွေ အပြင်မထွက်ရရင်အောင် စခန်းတွင်းမှာ လုပ်နိုင်တဲ့ အလုပ်မျိုးတော့ ရကို ရဖို့လိုနေပြီ" လို့ သူက ပြောပါတယ်။

KRC အပါအဝင် ဒုက္ခသည်အခွင့်အရေးဆောင်ရွက်နေတဲ့ အဖွဲ့ အစည်း ၁၁ ခုကလည်း ထိုင်းနိုင်ငံရဲ့ အမျိုးသား လုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားမဟာဗျူဟာနဲ့ အမျိုးသားပြုပြင်ပြောင်းလဲရေး ကော်မတီအပါအဝင် ကော်မတီ ၅ ခု နဲ့ လွှတ်တော်အမတ်တွေဆီကို ဒုက္ခသည်အလုပ်လုပ်ခွင့်ရရေးအတွက် တိုက်တွန်းစာပေးပို့ ထားပါတယ်။

ဇူလိုင် ၁၅ ရက်က ပေးပို့ထားတဲ့ စာအရ "နယ်စပ်ဒေသမှာရှိတဲ့ ဒုက္ခသည်တွေကို အလုပ်အကိုင်ဖန်တီးပေး ရေး ရှေ့ပြေးစီချက်တစ်ခု အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့" ထိုင်းအစိုးရကို တိုက်တွန်းထားပါတယ်။

လက်ရှိအချိန်အထိတော့ ထိုင်းအစိုးရဘက်က မူဝါဒတစ်ရပ်နဲ့ နယ်စပ်က ဒုက္ခသည်တွေအရေးအတွက် တိတိ ပပ ကူညီတာမရှိသေးဘူးလို့ ဒုက္ခသည်အရေးဆောင်ရွက်နေသူတွေက ဆိုပါတယ်။

မြန်မာရွှေ့ပြောင်းတွေအရေး စိတ်ဝင်တစားရှိတဲ့ ထိုင်းလွှတ်တော်အမတ် ကနဗီ ဆစ်ဆမ်က" ထိုင်းနိုင်ငံက လုပ်သားရှားပါးမှုနဲ့ သက်ကြီးရွယ်အိုများလာတာကို ရင်ဆိုင်နေရတယ်။ဒုက္ခသည်တွေက ကျွမ်းကျင်မှု၊ စိတ်အားထက်သန်မှုရှိသလို အဆင်သင့်လည်း ဖြစ်နေကြပြီ။ အခွင့်အလမ်းတွေဖွင့်ဖို့ ပိတ်ထားတဲ့စခန်းတွေကို အရွှေ့တစ်ခုဖန်တီးပေးရမယ်"လို့ ဆိုပါတယ်။

ဒုက္ခသည်တွေကို အလုပ်လုပ်ကိုင်ခွင့်ပေးအပ်ပြီး အထောက်အပံ့တွေအပေါ် မှီခိုနေတာလျှော့ချပြီး မိသားစုကို ထောက်ပံ့ခွင့်ပေးဖို့အပါအဝင် အချက် ၄ ချက်ကိုလည်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များ အဖွဲ့ကလည်း တိုက်တွန်းထားပါတယ်။

အထောက်အပံ့တွေရပ်ဆိုင်းသွားတဲ့နောက် ဒုက္ခသည်တွေကို စိန်ခေါ်မှုအသစ်တွေက စောင့်ကြိုနေပါတယ်။