တောင်ကိုရီးယား ဟောလိုးဝင်းပွဲ လူပိမှု သေဆုံးသူ ၁၅၀ ကျော်ရှိလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

တောင်ကိုရီးယားနိုင်ငံ၊ မြို့တော် ဆိုးလ်က အယ်ထေးဝန်အရပ်မှာ မနေ့ အောက်တိုဘာလ ၂၉ ရက်တုန်းက ပြုလုပ်ခဲ့တဲ့ ဟောလိုးဝင်းပွဲအတွင်း လူအုပ် ပိမိတာကြောင့် သေဆုံးတဲ့သူအရေအတွက်ဟာ ၁၅၁ ဦးအထိ မြင့်တက်လာပါတယ်။

သေဆုံးသူတွေထဲမှာ နိုင်ငံခြားသား ၁၉ ဦးပါဝင်ပြီး နောက်ထပ် ၈၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ အရေးပေါ်အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။

ဆိုးလ်မြို့ ညဘက်လည်ပတ်မှုများတဲ့အရပ်မှာ ဖြစ်ပွားတဲ့ဒီဖြစ်ရပ်မှာ သေဆုံးသူအများစုဟာ ဟော်လိုဝင်းပွဲမှာပါဝင်တဲ့ ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ပြီးသူတွေဖြစ်တယ်လို့လည်းဆိုပါတယ်။

လူအုပ်ကြီးထဲက လူအနည်းငယ် လဲကျမှုဖြစ်ပြီးတဲ့နောက် ခပ်ကျဥ်းကျဥ်းလမ်းကြားလေးတစ်ခုထဲကို လူတွေက စုပြုံတိုးရာကနေ လူပိမှုဖြစ်ခဲ့တာလို့ သတင်းတွေမှာဖော်ပြနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, လမ်းကျဥ်းလေးထဲ စုပြုံဝင်တိုးကြရာကနေ လူအုပ်ပိမှုဖြစ်ခဲ့တာလို့ သတင်းတွေမှာဖော်နေ

လူအုပ်ပိမှုဖြစ်ရတဲ့အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမသိရသေးတာကြောင့် တောင်ကိုရီးယားသမ္မတယွန်းဆန်းညူးက ဒီဖြစ်ရပ်ကို စုံစမ်းဖို့ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းလိုက်ပြီဖြစ်သလို သူကိုယ်တိုင်လည်း အဲဒီနေရာကို ဒီမနက်မှာ သွားရောက်ကြည့်ရှုထားပါတယ်။

လက်ရှိမှာ အဲဒီဖြစ်ရပ်ကြောင့် နိုင်ငံတဝှမ်း ဝမ်းနည်းဖွယ်ကာလ သတ်မှတ်လိုက်ပြီဖြစ်ပြီး အဲဒီကာလကိုလည်း ဒီဖြစ်ရပ်မှာ ထိခိုက်သေဆုံးသူအခြေအနေကို ထိန်းသိမ်းနိုင်တဲ့အထိ သတ်မှတ်မယ်လို့  သမ္မတက ကြေညာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အခင်းဖြစ်တဲ့နေရာကို သမ္မတကိုယ်တိုင် သွားကြည့်ရှု

တစ်ချိန်တည်းမှာပဲ အဲဒီဖြစ်ရပ်နဲ့ဆက်စပ်ပြီး လူအယောက် ၃၅၀ နီးပါး ပျောက်ဆုံးနေတယ်ဆိုတာကို သတင်းပို့လာမှုတွေရှိတယ်လို့  ဆိုးလ်မြို့အာဏာပိုင်တွေက ပြောထားပါတယ်။ အဲဒီတိုင်တန်းချက်တွေကို ရဲဆီကို လွှဲပြောင်းပေးလိုက်ပြီလို့လည်း ဆိုပါတယ်။

လူအုပ်ပိမှုမှာသေဆုံးသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ အာဏာပိုင်တွေက ပြောဆိုနေပါတယ်။

တောင်ကိုရီးယားနိုင်ငံနိုင်ငံမှာဖြစ်ပွားတဲ့ အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးတို့ကလည်း ဝမ်းနည်းကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်။

တောင်ကိုရီးယားက အခုဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း လူအုပ်ပိမှုဖြစ်ရပ်တွေမှာ လူသေဆုံးမှုအများဆုံးဖြစ်ရပ် ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းတုန်းကလည်း အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ဂျာဗားကျွန်းက ဘောလုံးကွင်း တစ်ကွင်းထဲမှာ ပရိသတ်တွေက သူတို့အားပေးတဲ့အသင်း ပြိုင်ပွဲမှာရှုံးခဲ့ပြီးတဲ့နောက် ဘောလုံးကွင်းထဲအထိ ဆင်းရာကနေ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ တာကြောင့် လူ ၁၃၀ ကျော် အသက်ဆုံးရှုံးခဲ့ပါတယ်။