တောင်ကိုရီးယား ဟောလိုးဝင်းပွဲတော် လူပိသေဆုံးမှု - သူငယ်ချင်းငါးယောက်သွားတာ နှစ်ယောက်ပဲ အိမ်ပြန်ရောက်လာတယ်
ဂျိမ်းမက္ကင်ဇီ၊ ဝန်ဂျွန်ဘေ၊ဟိဆူလီး
ဘီဘီစီသတင်း၊ဆိုးလ်

အလောင်းတွေစုထားတဲ့ ဆိုးလ်မြို့ က အသုဘခန်းမဆောင်တွေမှာ သေဆုံးသူ လူငယ်တွေရဲ့ အ လောင်းတွေ၊ ပူဆွေးဝမ်းနည်းနေရတဲ့ မိဘတွေနဲ့ အပြည့် ဖြစ်နေ ပါတယ်။ ရှည်လျားတဲ့ အသုဘ ခန်းမဆောင်ရဲ့ စင်္ကြံအဆုံးမှာ မစ္စတာဆင်းနဲ့ သူ့ ဇနီးသည်တို့ ဆိုဖာသေးသေးလေးတစ်ခုမှာ ခေါင်းငုံ့ထိုင်နေကြပါတယ်။
အသုဘခန်းမဆောင်ရဲ့ အခန်းတခန်းမှာ အသက်၂၈နှစ် သူတို့ရဲ့သား ဂျိမ်းဆင်းရဲ့ အလောင်းရှိနေပါတယ်။ ဂျိမ်းဆင်းရဲ့ ဘေးအခန်းမှာ သူ့သူငယ်ချင်း ယွန်းရဲ့ အလောင်း ရှိပါတယ်။ မြို့ထဲက တခြားအသုဘခန်းမတစ်ခုမှာတော့ ဂျိမ်းရဲ့ ချစ်သူ အလောင်း ရှိပါတယ်။
သူတို့သုံးယောက်ဟာ စနေနေ့ညက အခြားသူငယ်ချင်းနှစ်ယောက်နဲ့အတူ ဟောလိုးဝင်း ပွဲဆင်နွှဲ့ဖို့ အီထယ်ဝန်းကို သွားခဲ့ကြတာပါ။ အဲ့ဒီညက သူတို့အဖွဲ့ကို ဦးဆောင်စည်းရုံး ခဲ့တဲ့ သူက ဂျိမ်းပါ။
“သူက သူ့သူငယ်ချင်းတွေနဲ့ ညဘက်ထွက်ရတာကို သဘောကျတဲ့အတွက် သူကပဲ အမြဲလို ဦးဆောင်ခဲ့တာ” လို့ ဂျိမ်းရဲ့အမေက ပြောပါတယ်။
အီထယ်ဝန်းက လမ်းကျဥ်းတခုမှာ လူကျပ်ညပ်ပြီး လူပိသေဆုံးခဲ့တဲ့ ၁၅၅ ဦးထဲမှာ ဂျိမ်း ပါဝင်ခဲ့ပါတယ်။
တခြားမိဘတွေလိုပဲ ဂျိမ်းနဲ့ပတ်သက်ပြီး သူ့မိဘတွေ ပထမဆုံးသတိထားမိတာက သူတို့သား အိပ်ရာထဲမှာ ရှိမနေတာပါ။ သူ့သူငယ်ချင်းတွေနဲ့ သူ့အဖေ အဆက်အသွယ်ရပြီး သူ့ကို ဖုန်းခေါ်တော့ ရဲက ဖြေပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
သေလုမြောပါး လူတွေအသည်းအသန် တိုးကြိတ်နေတဲ့အချိန်မှာ ဂျိမ်းရဲ့ သူငယ်ချင်း နှစ်ဦးက လက်ရန်းတွေပေါ်ကနေ လူအုပ်ကြီးထဲကနေ လွတ်ထွက်အောင် ရုန်းထွက် နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂျိမ်းနဲ့ သူ့ချစ်သူမိန်းကလေးကတော့ သူတို့လို လူအုပ်ကြီးထဲက ဖောက်မထွက်နိုင်ခဲ့ပါဘူး။
ဂျိမ်းဟာ အားကစားလေ့ကျင့်ခန်းလုပ်ရတာကို သဘောကျဝါသနာပါတဲ့ သူဖြစ်ပြီး သူ့ အားလပ်တဲ့အချိန်အများစုကိုလည်း အားကစားခန်းမမှာပဲ ကုန်ဆုံးလေ့ရှိပါတယ်။ အားကစားတွေ လေ့ကျင့်ထားပြီ သန်စွမ်းတဲ့ သူ့ ခန္ဓာကိုယ်က ဂျိမ်းကို မကယ်တင် နိုင်ခဲ့တာကို သူနားမလည်နိုင်အောင်ဖြစ်ရတယ်လို့ ဂျိမ်းရဲ့အမေက ပြောပါတယ်။
အိမ်ထောင်ပြုဖို့ကိစ္စကိုလည်း ဂျိမ်းက အလေးအနက်ထားတဲ့သူဆိုတာသူ့အဖေက ပြောလို့သိရပါတယ်။ သူတို့သာ အသက်ရှင်ခဲ့ရင် ဂျိမ်းနဲ့ သူ့ချစ်သူက မကြာခင် လက်ထပ်ကြတော့မှာပါ။
ဂျိမ်းက ရေပိုက်သမားအဖြစ် အလုပ်ကို ဝီရိယရှိရှိ လုပ်ခဲ့တဲ့သူဖြစ်ပေမယ့် သူ့ဝါသနာက နှင်းလျှောစီးတာနဲ့ ရေလှိုင်းစီးတာပါ။
ဂျိမ်း ဘာတွေဝါသနာပါလဲဆိုတာတွေကို သူ့အမေက ပြန်ပြောပြနေတဲ့အချိန်မှာ သူ့အမေက မျက်လုံးတွေလက်လာပေမဲ့ နိုင်ပေမယ့် သူ့အဖေကတော့ မျက်ရည်တွေကျနေပါတယ်။
“ဂျိမ်းစ်က အလိမ္မာဆုံး အစ်ကိုကြီးတစ်ယောက်ဗျ။ သူမရှိဘဲ သူ့ညီ ကျွန်တော့်သားငယ်လေး ဘယ်လို ဆက်ရှင်သန်ရမလဲ” လို့ သူက ပြောပါတယ်။

ဂျိမ်းရဲ့အလောင်းဘေးနားမှာ ဂျိမ်းရဲ့ ကျောင်းနေဘက်ဟောင်း ဆယ်ဂဏန်းကျော်လောက် ထိုင်နေတယ်။ အဲ့ဒီသူတွေထဲက ပါ့ခ်ဂျူဆွန်က ဂျိမ်းနဲ့ ရှစ်နှစ်သား ကတည်းက သိခဲ့တဲ့ ငယ်သူငယ်ချင်းပါ။
"ကျွန်တော်က ငယ်ငယ်တုန်းက အရမ်းရှက်တတ်တဲ့သူ။ သူငယ်ချင်းဆိုလည်း ဂျိမ်းတယောက်ပဲ ရှိတယ်။ သူက ကျွန်တော့်ကို ဘယ်ကိစ္စပဲရှိရှိ ခေါ်တယ်။ ပြီးတော့ သူနဲ့တူတူ တိုက်ကွမ်ဒို သင်ဖို့ လည်း ကျွန်တော့်ကို အားပေးတယ်။ အပြင် ထွက်လှုပ်ရှား မှုတွေ ပိုလုပ်ဖြစ်အောင် ကျွန်တော့်ကို အကူအညီပေးခဲ့တဲ့သူ" လို့ ဂျိမ်းရဲ့ သူငယ်ချင်း ပါ့ခ် ဂျူဆွန်က ပြောပါတယ်။
ဂျိမ်းအလောင်းနဲ့ကပ်ရပ်အခန်းက နောက်အလောင်းကတော့ အသက်၂၈နှစ် ဂျိမ်းရဲ့ သူငယ်ချင်း ယွန်း ဖြစ်ပါတယ်။ ယွန်းဟာ သူ့ဘာသာ ဘဝကို အဆင်ပြေပြေနဲ့ အေးအေးသက်သာကျော်ဖြတ်နေတဲ့ သူတစ်ယောက်ပါ။
သူက လေ့လာစူးစမ်းရတာ ဝါသနာပါတယ်။ ညနေခင်းတွေဆို သူတစ်ယောက်တည်း ဘားတွေ သွားလေ့ရှိပြီး နိုင်ငံခြားဘာသာစကားကို သင်ယူနိုင်အောင် နိုင်ငံခြားသားတွေနဲ့ သွားစကားပြောလေ့ရှိတယ်လို့ ယွန်းရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ထားတတ်တာကို အထင်ကြီးလေးစားတဲ့ ဂျွန်ဆူးက ပြောပြပါတယ်။
အခုဖြစ်ရပ်အတွင်း သေဆုံးခဲ့ရသူ ထက်ဝက်ကျော်ဟာ အသက် ၂၀ ကျော် တွေဖြစ် ပြီး ဒီဖြစ်ရပ်က သူတို့ မျိုးဆက်တစ်လျှောက်လုံးအတွက် စိတ်ဒဏ်ရာ တစ်ခုလိုတောင် ဖြစ်သွားနိုင်ပါတယ်။
ဒီဖြစ်ရပ်က သူတို့ မျိုးဆက်တွေ ကြုံတွေ့ခဲ့ရတဲ့ ဒုတိယ ကပ်ဘေးလို့ ပြောလို့ရပါတယ်။ ၂၀၁၄ ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်း ကမ်းရိုးတန်းမှာ ကူးတို့သင်္ဘောနစ်မြုပ်မှုကြောင့် အထက်တန်းကျောင်းသူကျောင်းသား ၂၅၀ သေဆုံးခဲ့ရတာ ရှိခဲ့ပါတယ်။
အဲ့ဒီ အထက်တန်းကျောင်းသားတွေက အခုဆို အသက် ၂၀ လောက် ရှိကြပါပြီ။

ဓာတ်ပုံ ရင်းမြစ်, EPA
ဆိုးလ်မြို့လယ်မှာ အများပြည်သူတွေ အောက်မေ့ တိုင်တည်လို့ရအောင် နေရာ တစ်ခု ဖန်တီးပေးထားပါတယ်။ အဲ့ဒီနေရာမှာ အသက် ၁၉ နှစ် ကင်ဒေးဟူက သူ့ သူငယ်ချင်း အသက် ၂၁ နှစ် ရာဟူဂျော်ဒါဂန်အတွက် ကိုရီးယားနိုင်ငံရဲ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် အဖြူရောင် ပန်းတစ်ပွင့် လာချထားပါတယ်။
ရာဂူးက ၂၀၂၁ ခုနှစ် ဇန်နဝါရီလကမှ မလေးရှားနိုင်ငံကနေ တောင်ကိုရီးယားနိုင်ငံကို ပြောင်းရွှေ့လာတဲသူပါ။ သူ့ဖက်ရှင်ပုံစံကိုကြိုက်လို့ လမ်းပေါ်မှာနှုတ်ဆက်ရင်း သူတို့ နှစ်ယောက် သူငယ်ချင်းတွေ ဖြစ်သွားခဲ့ကြတာပါ။
သူ့ မိသားစုအတွက် ဝင်ငွေရ ဖို့ ဆောက်လုပ်ရေးလုပ်ငန်းမှာ ရာဂူး ဝင်လုပ်ရပေမယ့် သူ့နှလုံးသားထဲမှာ ဖန်တီးမှု စိတ်ကူးစိတ်သန်းတွေရှိပြီး ဖက်ရှင်ဒီဇိုင်နာ တစ် ယောက်ဖြစ်ဖို့ စိတ်ကူးယဉ်ခဲ့တဲ့သူလို့ ကင်ဒေးဟူက ပြောပါတယ်။
သူတို့နှစ်ယောက် ဟစ်ဟော့သီချင်းတွေ အတူနားထောင်ခဲ့ကြသလို ဖက်ရှင်နဲ့ ပတ်သက်တဲ့ အကြံဉာဏ်တွေလည်း ဖလှယ်ခဲ့ကြပါတယ်။ ပြီးတော့ ဘာသာစကား အချင်းချင်းဖလှယ်ပြီး အပြန်အလှန် သင်ပေးကြတွေလည်း လုပ်ခဲ့ကြပါတယ်။
"ရာဂူးက ကျွန်တော့်ထက် ပိုစိတ်ရှည်တယ်။ ကျွန်တော်ဘာပြောပြော သူ ဘယ်တော့မှ စိတ်အနှောက်အယှက် မဖြစ်ဘူး"လို့ သူ့မျက်မှန်ကိုချွတ်၊ လက်ထဲခေါင်းစိုက်ပြီး ကင်ဒေးဟူက ပြန်ပြောပါတယ်။
လူတွေ စကျပ်ညှပ်နေတဲ့အချိန် ရာဂူးက သူ့ဆီကို ဗီဒီယိုနဲ့ လှမ်းခေါ်ပါတယ်။ အဲ့ဒီအချိန် ရာဂူးက အမျိုးသမီးငယ်တစ်ဦးဘေးမှာရှိပြီး ကြိုးစား အသက်လု ရှုနေရပါတယ်။
အဲ့ဒီနေရာကနေ ဘယ်လိုလွတ်အောင်ထွက်မလဲလို့ အဖြေရှာပေးနေတဲ့ အချိန်မှာလည်း ရာဂူးနဲ့ ဖုန်းအဆက်အသွယ်ရနေပါသေးတယ်။
နောက်တော့ သူ့ဘေးက အမျိုးသမီးရဲ့ လက်က အေးစက်နေပြီး သူ့ကိုဆွဲထားတယ်လို့ ရာဂူးက ပြောပါတယ်။ ဒါတွေက ရာဂူးဆီကနေ ကင်ဒေးဟူ နောက်ဆုံး ကြားခဲ့ရတာပါ။

နောက်တစ်နေ့မနက် လူမှုကွန်ရက်မှာ မျှဝေထားတဲ့ ဗီဒီယိုတွေထဲမှာ သူ့သူငယ်ချင်းရဲ့ ဖြူဖပ်ဖြူရော်ဖြစ်နေတဲ့ မျက်နှာကို တွေ့ရပါတယ်။
အဲ့ဒီအချိန်ထိ အဲ့ဒီသူက ရာဂူး မဟုတ်ဘူး၊ သူနဲ့ ဆင်တူတဲ့လူတစ်ယောက်လို့တောင် သူ့ကိုယ်သူ ပြန်လိမ်သလိုမျိုး လုပ်ခဲ့ပါသေးတယ်။ နောက်တော့ ရဲက သူ့ကို ဖုန်းဆက်ပြီးပြောတာက တွန်းမိတိုက်မိလို့ နင်းမိပြီး ရာဂူးသေပုံရတယ်လို့ သိရပါတယ်။
ဒီအဖြစ်အပျက်မှာ သေဆုံးခဲ့တဲ့သူတွေရဲ့ နာမည်တွေနဲ့ သူတို့ရဲ့ ဇာတ်လမ်းတွေကို လေ့လာကြည့်ရရင် ဒီအဖြစ်ဆိုးမျိုးဖြစ်ရတာကို နားလည်ဖို့ ပိုခက်ပါတယ်။
ဘာကြောင့်ဖြစ်ရလဲဆိုတဲ့ အဖြေကို လူတွေက သိချင်နေကြပြီး ဘယ်လို မှားယွင်းမှုမျိုးဖြစ်ခဲ့တာလဲ၊ ဘယ်သူ့မှာ အဓိကတာဝန်ရှိလဲဆိုတာကိုလည်း အတိအကျအဖြေထုတ်ပေးဖို့ အာဏာပိုင်တွေကို ဖိအားပေးနေကြပါတယ်။
ဒါပေမယ့် ဂျိမ်းရဲ့မိဘတွေကတော့ အခုအချိန်ထိ ဘယ်သူ့ကိုမှ အပြစ်မဖို့ နိုင်ကြသေးပါဘူး။ "ကျွန်မတို့သားလေး တွန်းတိုက်ဖိမိပြီး သေဆုံးသွားတယ်။ ဒါက မတော်တဆမှုတစ်ခုပါ။ ဘယ်သူ့မှာ တာဝန်ရှိတယ်လို့ မတွေးနိုင်ဘူး။ တွေးလို့ လည်းမရဘူး။ အခုအချိန်မှာ ကျွန်မတို့အခုလုပ်နိုင်တာက ငိုတာတစ်ခုပဲလေ။”








