အိန္ဒိယလွှတ်တော်မှာ အမျိုးသမီးအမတ် ၃ ပုံ ၁ ပုံ ရှိစေမယ့် ကိုတာစနစ်ဥပဒေကြမ်း
ဓာတ်ပုံ ရင်းမြစ်, Hindustan Times via Getty Images
- ရေးသားသူ, ဆူတစ်ခ် ဘစ်ဝပ်စ်
- ရာထူးတာဝန်, အိန္ဒိယဆိုင်ရာဘီဘီစီသတင်းထောက်
- ဖတ်ရန်အချိန်: မိနစ် ၅
အိန္ဒိယလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တွေရဲ့အမတ် ၃ ပုံ ၁ ပုံ နေရာတွေကို အမျိုးသမီးတွေအတွက် သတ်မှတ်မယ့်ဥပဒေပြဋ္ဌာန်းနိုင်ရေး အိန္ဒိယအစိုးရက လုပ်ဆောင်နေပါတယ်။
ဒီလိုလုပ်ဖို့အတွက် အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက တစ်ချက်ကို ပြင်ဆင်မယ့်ဥပဒေကြမ်းတစ်ခုကို လွှတ်တော်ထံ မိတ်ဆက် တင်ပြခဲ့ပါတယ်။
ဥပဒေကြမ်းမိတ်ဆက်တဲ့ကိစ္စကို လွှတ်တော်အထူးအစည်းအဝေးမှာ အမတ်တွေ ဆွေးနွေးခဲ့ကြပြီး ကြာသပတေးနေ့က မဲပေးခဲ့ကြကာ ထောက်ခံမှု ရရှိသွားတဲ့အတွက် ဒီဥပဒေကြမ်းကို လွှတ်တော်ထံ တင်သွင်းတော့မှာပါ။
ဒီဥပဒေကြမ်းအတည်ပြုနိုင်ဖို့ကတော့ လွှတ်တော်အမတ် ၃ ပုံ ၂ ပုံရဲ့ထောက်ခံမှုကို ရရှိဖို့ လိုအပ်ပါတယ်။
လက်ရှိအချိန်မှာတော့ အိန္ဒိယရဲ့အောက်လွှတ်တော်အမတ် ၅၄၃ ယောက်မှာ အမျိုးအမီးအမတ်က ၁၄ ရာခိုင်နှုန်းသာ ရှိပါတယ်။ အခုပြုပြင်ပြောင်းလဲရေးက လွှတ်တော်မှာ အမျိုးသမီး အမတ် ၃၃ ရာခိုင်နှုန်းဖြစ်လာနိုင်တာမို့ ဒါက ဒီအရေးနဲ့ပတ်သက်တဲ့ကမ္ဘာ့စံသတ်မှတ်ချက်နဲ့ ကိုက်ညီသွားမှာပါ။
တချိန်တည်းမှာပဲ ၂၀၁၁ သန်းခေါင်စာရင်းကို အခြေခံတဲ့မဲဆန္ဒနယ်တွေ ပြန်လည်ရေးဆွဲတာကို လုပ်ဆောင်နေကြတာဖြစ်ပြီး အောက်လွှတ်တော်ဟာ အမတ် ၅၄၃ နေရာကနေ ၈၅၀ နေရာအထိ တိုးများလာနိုင်ပါတယ်။
ဒါပေမဲ့ ဒီ ကိုတာစနစ်အပေါ် အငြင်းပွားနေကြတာလည်း ရှိပါတယ်။ ရွေးကောက်ပွဲ ရာသီမှာ အစိုးရက အပြောင်းအလဲတွေကို အလျင်စလို လုပ်နေတာလို့ အတိုက်အခံပါတီတွေက စွပ်စွဲနေကြတာပါ။
ဓာတ်ပုံ ရင်းမြစ်, Hindustan Times via Getty Images
အိန္ဒိယမှာ ကျေးရွာကောင်စီနဲ့ မြို့ပေါ်က စည်ပင်သာယာရေးကော်မတီတွေမှာ အမျိုးသမီး ၃၃ ရာခိုင်နှုန်းသတ်မှတ်ချက်က ရှိထားနှင့်ပါပြီ။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အခု နရီ ရှက်ခ်တီ ဗန်ဒန် အက်ဒင်နီယမ် ဥပဒေ (အမျိုးသမီးစွမ်းရည်တွေကို အလေးပြုတဲ့ဥပဒေ)ကို ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီက "ကျွန်တော်တို့ ခေတ်ရဲ့အရေးအကြီးဆုံး ဆုံးဖြတ်ချက်တွေထဲက တစ်ခု" လို့ ဆိုလိုက်ပြီး ဒါဟာ အမျိုးသမီးတွေကို လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းတာလို့ ပြောပါတယ်။
ဒီ ကိုတာ စနစ်ကို ၂၀၂၉ ခုနှစ်မှာ စတင် အကောင်အထည်ဖော်ကြဖို့ ရည်ရွယ်ထားပြီး လွှတ်တော်ဟာ "ရာစုနှစ်တစ်ခုအတွင်း အရေးအကြီးဆုံး ဆုံးဖြတ်ချက်တွေထဲက တစ်ခုကို" ဆုံးဖြတ်ကြရတော့မှာလို့ သူက ထပ်ဖြည့်ပြောပါတယ်။
အငြင်းပွားစရာဖြစ်နေတဲ့ မဲဆန္ဒနယ်မြေ ပြန်လည်ရေးဆွဲနေတာနဲ့ အခုအမျိုးသမီးအမတ် ကိုတာ ကိစ္စက ဆက်နွှယ်နေပြီး ဒါက ပိုကျယ်ပြန့်တဲ့နိုင်ငံရေးအခြေအနေကို ပြောင်းလဲအောင် လုပ်နေတာလို့ အတိုက်အခံတွေက စွပ်စွဲပါတယ်။
"ကျွန်တော်တို့က လက်ရှိလွှတ်တော် အမတ်နေရာအရေအတွက်ကို အခြေပြုပြီး အမျိုးသမီး အမတ်နေရာ ၃၃ ရာခိုင်နှုန်းဆိုတာကို ထောက်ခံတယ်။ တချိန်တည်းမှာပဲ လူဦးရေ စာရင်းက တည်တည်ငြိမ်ငြိမ် မဖြစ်သေးဘဲနဲ့ လွှတ်တော်အမတ်နေရာတွေ တိုးမယ့်ကိစ္စကို ဆိုင်းငံ့ထားချင်ပါတယ်။ ရွေးကောက်ပွဲရာသီမှာ အလျင်စလို လုပ်နေကြတဲ့ ဒီလွှတ်တော်ဆွေးနွေးမှုကိုတော့ ကျွန်တော်တို့က ကန့်ကွက်ပါတယ်" လို့ အိန္ဒိယ ကွန်မြူနစ်ပါတီ (မက်စ် ဝါဒီ)က အတိုက်အခံ အမတ် ဂျွန် ဘရစ်တက်စ်က ဘီဘီစီကို ပြောပါတယ်။
အိန္ဒိယ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်တိုင်းအတွက် သူ့မှာ ရှိတဲ့လူဦးရေပေါ် မူတည်ပြီး အမတ်နေရာအရေအတွက်ကို သတ်မှတ်ပေးရမယ်၊ မဲဆန္ဒနယ်တွေကလည်း ယေဘုယျအားဖြင့် တူညီတဲ့အရွယ်အစား ရှိရပါမယ်။
ဒီတော့ သန်းခေါင်စာရင်းကောက်ပြီးတိုင်း နောက်ဆုံး လူဦးရေ စာရင်းနဲ့အညီ အမတ်နေရာ အရေအတွက်ကို ပြန်ရေးဆွဲကြရမှာပါ။
အခုအချိန်အထိ ၁၉၅၁၊ ၁၉၆၁၊ ၁၉၇၁ စသဖြင့် ၁၀ နှစ် တစ်ကြိမ်လုပ်တဲ့ သန်းခေါင်စာရင်းတွေ အရ လွှတ်တော်အမတ်နေရာ အရေအတွက်ကို ပြောင်းလဲ သတ်မှတ်တာ ၃ ကြိမ် ရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဒီလိုလုပ်တာကို ရပ်ဆိုင်းထားကြပါတယ်။ အကြောင်းရင်းကတော့ ပြည်နယ်အလိုက် မွေးဖွားနှုန်းက ကွာခြားကြတော့ ပြည်နယ်အလိုက် ကိုယ်စားပြုအမတ်အရေအတွက် မညီမျှလာတာမျိုးကို အငြင်းပွားလာကြလို့ပါ။
အခု မိုဒီရဲ့ ဘီဂျေပီ အစိုးရကတော့ ဒီလိုဆိုင်းငံ့ထားတာကို ပယ်ဖျက်လိုက်ပြီး ၂၀၁၁ သန်းခေါင်စာရင်းအရ အမတ်နေရာအရေအတွက် အပြောင်းအလဲတွေ လုပ်ဖို့ အဆိုပြုထားပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီအပြောင်းအလဲက အတိုက်အခံပါတီတွေ အထူးသဖြင့် တောင်ပိုင်းက ပါတီတွေကို အချက်ပေး ခေါင်းလောင်းထိုးနေပါတယ်။ သူတို့က အမတ်နေရာ နည်းသွားမှာ နိုင်ငံရေး သြဇာလွှမ်းနိုင်မှု ကျဆင်းသွားမှာကို စိုးရိမ်နေပါတယ်။ သူတို့နယ်တွေက နှိုင်းယှဉ်ချက်အရ ကလေးမွေးဖွားနှုန်းနည်းပါး ကြပါတယ်။
တောင်ပိုင်း ပြည်နယ် ၅ ခုဖြစ်တဲ့ တမီလ် နာဒူး၊ အန်ဒရာ ပရာဒေ့ရှ်၊ ကန်နာတာကာ၊ ကယ်ရာလာ၊ တယ်လန်ဂါနာ စတဲ့ပြည်နယ်တွေဟာ အိန္ဒိယလူဦးရေ ၁.၄ ဘီလျံရဲ့ ၂၀ ရာခိုင်နှုန်း ရှိပါတယ်။
ဒီပြည်နယ်တွေဟာ နိုင်ငံရဲ့တခြားပြည်နယ်တွေနဲ့ နှိုင်းယှဉ်ရင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးတွေဘက်မှာ ပိုပြီး ကောင်းမွန်တာကို တွေ့ရပါတယ်။ မွေးဖွားနှုန်းက မြောက်ပိုင်းက ပြည်နယ်တွေထက် နည်းတဲ့အတွက် လူဦးရေ တိုးပွားနှုန်းက သူတို့ထက် နည်းပါတယ်။
သူတို့ရဲ့ ခေါင်းဆောင်တွေက စီးပွားရေးအရ ပိုချမ်းသာတဲ့ သူတို့တောင်ပိုင်းဟာ အနာဂတ်မှာလွှတ်တော်အမတ်နေရာတွေ ဆုံးရှုံးလာဖို့ဖြစ်နေပြီး ကလေးနည်းနည်းပဲ ယူပြီး ဓနအင်အား ပိုတောင့်တင်းအောင် လုပ်နိုင်တဲ့အတွက် "ပြစ်ဒဏ်ခတ်တာကို ခံရတာ" လို့ မှတ်ယူနေကြပါတယ်။
တမီလ် နာဒူး၊ ကယ်ရယ်လာ၊ ကန်နာတာကာ၊ တယ်လန်ဂါနာ စတဲ့ ပြည်နယ်တွေက အမတ်နေရာအရေအတွက်တွေကို အခုအတိုင်းပဲ နောက်အနှစ် ၂၅ နှစ်အထိ ထားဖို့ ဆန္ဒရှိကြပါတယ်။
တမီလ် နာဒူး ပြည်နယ် ဝန်ကြီးချုပ် အမ်ကေ စတာလင်က ရွေးကောက်တင်မြှောက်မှု ဘောင် ပြောင်းလဲ သတ်မှတ်တဲ့ဒီအစီအစဉ်က "သမိုင်းဝင် ကြီးလေးတဲ့ မမျှတမှုကြီး" လို့ ဆိုလိုက်ပါတယ်။
ကြာသပတေးနေ့မှာပဲ သူက အနက်ရောင် အလံလွှင့်တင်ပြီး အခု အဆိုပြုထားတဲ့ ဥပဒေကြမ်း မိတ္တူတခုကို မီးရှို့ကာ ကန့်ကွက် ဆန္ဒပြခဲ့ပါတယ်။ ပါတီဝင်တွေနဲ့ ထောက်ခံသူတွေ အိမ်တွေမှာ အနက်ရောင် အလံလွှင့်ထူကြဖို့ကိုလည်း သူက တိုက်တွန်းလိုက်ပါတယ်။
"ဒါက တမီလ် နာဒူးနဲ့ တောင်ပိုင်းပြည်နယ်တွေက အိန္ဒိယရဲ့ စီးပွားရေး တိုးတက်မှုကို လုပ်ဆောင်ခဲ့တဲ့ရာဇတ်မှုအတွက် အပြစ်ပေးခံရတာလား" လို့ လည်း သူက အမေးထုတ်ခဲ့ပါတယ်။
အဆိုပြုထားတဲ့ ဥပဒေကြမ်းက ရှုပ်ထွေးမှုတွေ ရှိနေတယ်လို့လည်း ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဒေလီ အခြေစိုက် ပညာရှင်အဖွဲ့တစ်ဖွဲ့ ဥပဒေရေးမူဝါဒဆိုင်ရာ ဗစ်ဒီ စင်တာက အာဂရာ ဆန်ဂုပတားက ဒီဥပဒေကြမ်းဟာ အောက်လွှတ်တော် အမတ်နေရာကို ၈၅၀ ကနေ မကျော်လွန်ဖို့ သတ်မှတ်တာလို့ ဆိုရင်း "ဒီအရေအတွက် သတ်မှတ်ချက်က မရှင်းလင်းဘူး၊ ၁၉၇၁ နဲ့ ၂၀၁၁ လူဦးရေ တိုးပွားနှုန်းနဲ့ အခု အမတ်အရေအတွက် များလာတဲ့နှုန်းက အချိုးကျ ဖြစ်မနေဘူး" လို့ ဘီဘီစီကို ပြောပါတယ်။
နောက်ပြီး ပြည်နယ်တွေအကြား အမတ်နေရာ ခွဲဝေ သတ်မှတ်ပုံကိုလည်း စိုးရိမ်မကင်း ရှိကြပါတယ်။
ဘီဂျေပီအမတ် ကေ လက်စ်မန်းက အစိုးရဟာ ဘယ် ပြည်နယ်မှ အထူးသဖြင့် တောင်ပိုင်းပြည်နယ်တွေ အကျိုးရမှု မနည်းသွားအောင် အမတ်သတ်မှတ်မှုကို အချိုးကျကျ မြှင့်တင်လုပ်ဆောင်တာလို့ ပြောပါတယ်။
သူ့အဆိုအရ ပြည်နယ်တိုင်းဟာ လက်ရှိ ဝေစုရနေတဲ့အရေအတွက် ပမာဏထက် အချိုးကျကျ တိုးလာမှာလို့ နားလည်ရပါတယ်။
ဒါပေမဲ့ ဒီအပေါ် ကျွမ်းကျင်သူတွေက မယုံကြည်ပါဘူး။
"ဘယ်ပြည်နယ်မှ အမတ်နေရာ လျော့သွားမှာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ အချိုးကျ ပုံသေနည်းက ဘာမှ မရှင်းလင်းတဲ့အခါကျတော့ ပိုပြီး လူဦးရေထူထပ်တဲ့ ပြည်နယ်က ပိုမျက်နှာသာ ရသွားမှာဖြစ်တယ်၊ ဒါက ဖက်ဒရယ်စနစ်ကို အကြီးအမား သက်ရောက်မှု ရှိသွားမှာ" လို့ ဆန်ဂုပတားက ပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Reuters
အမတ်နေရာတွေ ချဲ့ထွင်လိုက်တဲ့ လွှတ်တော်မှာ အမျိုးသမီး အမတ်နေရာတွေအတွက် ဘယ်လို ရွေးချယ်ကြမှာလဲဆိုတာကလည်း မရှင်းလင်းသေးပါဘူး။
"အမျိုးသမီးအမတ်နေရာတွေအတွက် ဘယ်လို စံနှုန်းတွေနဲ့ ရွေးချယ်ကြမှာလဲ။ ဒါက ခက်ပါတယ်။ ဘယ်မဲဆန္ဒနယ်က ဘေးဖယ်ခံထားရသလဲဆိုတာကို ဘယ်လို ဆုံးဖြတ်ကြမှာလဲ" လို့ ဒေလီ အခြေစိုက် Centre for the Study of Developing Societies က ဆန်ဂျေး ကူးမားက ဘီဘီစီကို ပြောပါတယ်။
"လူဦးရေ တစ်ခုတည်းကို ကြည့်ပြီး သတ်မှတ်လို့ မဖြစ်နိုင်ဘူးလေ၊ အခွင့်အရေးမဲ့နေတဲ့ အမျိုးဇာတ်တွေ၊ လူမျိုးနွယ်စုတွေ၊ ဒါတွေကိုလည်း ကြည့်ရမှာ ဆိုတော့ ရှုပ်ထွေးမှု နောက်တစ်လွှာ တိုးလာမယ်" လို့ သူက ပြောပါတယ်။
အိန္ဒိယမှာ လူဦးရေအရ အမတ်ဝေစုအပြင် သက်ဆိုင်ရာအမျိုးဇာတ်နဲ့ လူမျိုးနွယ်စုတွေအတွက်လည်း သတ်မှတ်ပေးထားတဲ့အမတ်နေရာတွေ ရှိပါတယ်။
နောက်ပြီး မကြာခင် သန်းခေါင်စာရင်းကောက်ဖို့ ဖြစ်လာတော့မှာမို့ လွန်ခဲ့တဲ့ ၁၅ နှစ် - ၂၀၁၁ က အချက်အလက်တွေကို ဘာလို့ သုံးနေတာ့ဦးမလဲဆိုပြီး ဝေဖန်ကြတာတွေလည်း ရှိနေပါတယ်။
အစိုးရကတော့ နောက် သန်းခေါင်စာရင်းကို စောင့်နေမယ်ဆိုရင် အရင် ကာလရှည်ကြာ ကတည်းက ပြုပြင်ပြောင်းလဲမယ်လို့ ကတိပေးထားတဲ့အမျိုးသမီးတွေအတွက် အမတ်နေရာ သတ်မှတ်မှုကို နောက်ကို ရွှေ့လိုက်တာမျိုး ဖြစ်သွားမယ်လို့ ပြန်ချေပ နေပါတယ်။
ထိပ်တန်း သတင်းများ
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။