ထိုင်းဝန်ကြီးရဲ့ နေပြည်တော်ခရီးနဲ့ အာဆီယံလမ်းကြောင်းပြောင်းသွားနိုင်လား

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images/BBC

ဓာတ်ပုံ ပုံစာ, ဝန်ကြီးဆီဟာဆတ်နဲ့ စစ်ခေါင်းဆောင်ကနေ သမ္မတရာထူးယူလာတဲ့ဦးမင်းအောင်လှိုင်နဲ့ အာဆီယံသရုပ်ဖော်ပုံ
ဖတ်ရန်အချိန်: မိနစ် ၉

မြန်မာက စစ်အစိုးရအဆက်ဆက်နဲ့ နီးစပ်တယ်လို့ ပုံဖော်ခံရလေ့ရှိတဲ့ အိမ်နီးချင်းထိုင်းရဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ ဧပြီ ၂၂ ရက်မှာ နေပြည်တော်အစိုးရနဲ့ တွေ့ဆုံတဲ့မြန်မာခရီးစဥ်ရှိပါတယ်။

ထိုင်းရဲ့ ဒီခရီးစဉ်ဟာ စစ်ခေါင်းဆောင်ကနေ သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်နဲ့ သူ့အစိုးရအဖွဲ့အတွက် အာဆီယံဒေသတွင်းသြဇာရှိတဲ့နိုင်ငံတစ်ခုက ထိပ်တန်းသံတမန်တစ်ဦးက လာရောက် ကောင်းချီးပေးတဲ့ခရီးစဥ်အဖြစ် နေပြည်တော်ဘက်က ရှုမြင်နိုင်ပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် အကျပ်အတည်းဆိုက်နေတဲ့ မြန်မာ့အရေးမှာ ထိုင်းဘက်ကလည်း ကြားဝင်ဖြေရှင်းပေးဖို့ ကြိုးပမ်းတာတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အာဆီယံအဖွဲ့ဝင်မြန်မာနိုင်ငံရဲ့ အရေးကို အာဆီယံလမ်းကြောင်းအောက်ကပဲ ချဥ်းကပ်ဖြေရှင်းဖို့ဆိုတဲ့မူကို ထိုင်းဘက်က ကျော်လွှားဖို့ ခက်ခဲခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ အာဆီယံဥက္ကဋ္ဌ ၄ နိုင်ငံဆက်တိုက်တင်မက ၂၀၂၆ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်အထိ မဖြေရှင်းနိုင်သေးတဲ့မြန်မာ့ပြဿနာကို ပြေလည်ဖို့ ကြားဝင်နိုင်ငံအဖြစ် ထိုင်းက တာဝန်ယူလာနိုင်တယ်ဆိုတဲ့သတင်းတွေက သံတမန်အသိုင်းအဝိုင်းမှာ ထွက်ပေါ်နေပါတယ်။

မြန်မာမှာ ရွေးကောက်ပွဲကျင်းပခဲ့တာကအစ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေ ဖြစ်တာ ရပ်ခြင်းအထိ ခြယ်လှယ်စွက်ဖက်ခဲ့သူအဖြစ် မြင်ရတဲ့တရုတ်ကလည်း အခုဆို မြန်မာက အုပ်ချုပ်ရေးအဖွဲ့သစ်နဲ့ ပိုတိုးထိတွေ့လာတာ တွေ့ရပါတယ်။

တဆက်တည်းမှာပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့နေပြည်တော်ခရီးအပြီးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့နေပြည်တော်ခရီးစဥ် ဆက်ရှိနေပါတယ်။ ဝမ်ယိဟာ မြန်မာကို မသွားခင်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဆီဟာဆတ်နဲ့ ဘန်ကောက်မှာ တွေ့ဆုံဖို့ရှိပြန်ပါတယ်။

နေပြည်တော်ဘက်က ပုံဖော်ထားတဲ့ နိုင်ငံရေးအခင်းအကျင်းအောက်မှာ ထိုင်း၊ တရုတ်နဲ့ အာဆီယံတို့ကြား ဘယ်လိုချိတ်ဆက်ချဉ်းကပ်လာနိုင်ခြေရှိမလဲ။

ထိုင်းက မြန်မာ့အရေးအထူးသံ ဖြစ်လာနိုင်လား

ဓာတ်ပုံ ရင်းမြစ်, ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန

ဓာတ်ပုံ ပုံစာ, ၂၀၂၆ ဖေဖော်ဝါရီမှာ ဝန်ကြီးဆီဟာဆတ်နဲ့ အဲဒီအချိန်က စစ်ကော်မရှင်ရဲ့နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ အလွတ်သဘောတွေ့ဆုံခဲ့ပါတယ်။

အာဆီယံအဖွဲ့ အတွင်းကထွက်ပေါ် လာတဲ့သတင်းတွေအရ မြန်မာ့အရေးဖြေရှင်းဖို့ Special Envoy for Myanmar Affairs မြန်မာ့အရေးအထူးသံတမန်ကို သီးခြားခန့်သင့်ကြောင်း အဆိုပြုချက်တွေရှိပါတယ်။ ဒီပြောဆိုဆွေးနွေးချက်တွေကို ၂၀၂၆ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်ကလည်း ထည့်သွင်းစဥ်းစားနေပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဖိလစ်ပိုင်က ဥက္ကဋ္ဌတာဝန်ယူပြီးနောက် ပြီးခဲ့တဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတချို့မှာ ဆွေးနွေးချက်အရ Special Envoy for Myanmar Affairs တာဝန်ကိုယူလိုတဲ့ အာဆီယံအဖွဲ့ဝင် ၃ နိုင်ငံရှိတယ်လို့ ဘီဘီစီရဲ့သံတမန်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

''ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ဖြစ်ပါတယ်။ ဒါပေမဲ့ ဖိလစ်ပိုင်က ထိုင်းဘက်ကို အလေးသာတယ်။ ထိုင်းကလည်း ဒီတာဝန်ကိုယူဖို့ တက်ကြွနေတယ်။ နောက်တစ်ချက်က ဖိလစ်ပိုင်စဥ်းစားတာက သူ့နှစ်မှာ သူကိုယ်တိုင်က ဘာမှမလုပ်နိုင်တာထက် သူ့ အစီအစဥ်အောက်မှာ ထိုင်းကလုပ်လို့ အတိုင်းအတာတစ်ခုအထိ အောင်မြင်သွားရင် သူလည်း အမှတ်ရမယ်။ ဒါကြောင့် ဖိလစ်ပိုင်က ဒါကိုစဥ်းစားနေတာပါ'' လို့ အာဆီယံအတွင်းမှာ ထဲထဲဝင်ဝင်လုပ်ကိုင်နေတဲ့ သံတမန်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

ဒါပေမဲ့ ထိုင်းရဲ့ တက်ကြွမှုဟာ သူ့နိုင်ငံရဲ့ ပထဝီဝင်နိုင်ငံရေး၊ လုံခြုံရေးစဥ်းစားချက်တွေနဲ့လည်းချိတ်ဆက်နေသလို တစ်ချိန်တည်းမှာ မြန်မာ့အရေးကို ဖြေရှင်းပေးနိုင်တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုအဖြစ်လည်း ပုံဖော်လိုတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။

ထိုင်းဘက်က Special Envoy for Myanmar Affairs တာဝန်ကို အနည်းဆုံး ၂ နှစ်အထိလုပ်လိုတဲ့ဆန္ဒရှိတယ်လို့ နောက်ထပ်အာဆီယံဆိုင်ရာသတင်းရင်းမြစ်ကလည်း ပြောပါတယ်။

ထိုင်းက မြန်မာအရေးကို အချက် ၃ ချက်ကြောင့် အဓိကကြားဝင်ဖြေရှင်းလိုတာလို့ ထိုင်းအစိုးရနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။

  • မြန်မာပြည်တွင်းစစ်က ထိုင်းလုံခြုံရေးနဲ့ နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်သက်ရောက်နေခြင်း
  • ထိုင်းနယ်စပ်မှာ လုံခြုံရေးအားကောင်းပြီး တရုတ်လွှမ်းမိုးမှုကို လျှော့ချလိုခြင်း
  • ထိုင်းစီးပွားရေးနဲ့ မြန်မာက လုပ်သားအရင်းအမြစ်ကို စီမံတွက်ချက်လာခြင်း

''လာမယ့်မေလမှာ အာဆီယံထိပ်သီးဆွေးနွေးပွဲရှိတယ်။ မြန်မာအရေးတာဝန်ယူလိုတဲ့ ၃ နိုင်ငံက ဒါကိုတင်ကြတယ်ဆိုရင် ဥက္ကဋ္ဌ ဖိလစ်ပိုင်က ထိုင်းကို ဇောင်းပေးရွေးတာမျိုး လုပ်နိုင်ပါတယ်။ အဲဒီမှာ လက်ရှိ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက အလိုအလျောက် မြန်မာ့အရေးအထူးသံဖြစ်နေတာထက် သီးခြားအထူးသံခန့်တာမျိုး တရားဝင်ဖြစ်လာနိုင်ပါတယ်'' လို့ အာဆီယံသံတမန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

တစ်ဖက်မှာပြန်ကြည့်ရင် အလှည့်ကျဥက္ကဋ္ဌနိုင်ငံပြောင်းတိုင်း အာဆီယံအထူးသံပြောင်းနေတဲ့မူက အလုပ်မဖြစ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေနဲ့ အာဆီယံရေးရာကျွမ်းကျင်သူတွေက ဆက်တိုက်ထောက်ပြခဲ့တာပါ။

အခု ဖိလစ်ပိုင်က ဒီလမ်းကြောင်းကို လုပ်လာခဲ့မယ်ဆိုရင် အဲဒီအချက်က ဖြေရှင်းပြီးဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ အထူးသံဖြစ်နိုင်ခြေများနေတဲ့နိုင်ငံက ထိုင်းဖြစ်နေတာကိုတော့တော်လှန်ရေးအင်အားစုတွေဘက်က စိုးရိမ်စိတ်ရှိနေကြပါတယ်။

''ထိုင်းအစိုးရက မြန်မာစစ်အစိုးရတွေနဲ့ နီးကပ်တဲ့ဆက်ဆံရေးကြောင့် စိုးရိမ်စရာဖြစ်ပါတယ်။ ဒါပေမဲ့ တော်လှန်ရေးအင်အားစုအများစုက ထိုင်းမှာ အခြေစိုက်လည်ပတ်နေကြပြီး ထိုင်းအစိုးရကို ဝင်ထွက်နိုင်တာနည်းခဲ့တယ်လို့ မြင်ပါတယ်။ အနောက်နိုင်ငံတွေအပေါ် ကို မျှော်ကြည့်ခဲ့ကြတာများခဲ့တယ်'' လို့ ချင်းမိုင်အခြေစိုက် ဖက်ဒရယ်ရေးရာအကြံပြုသူတစ်ဦးက ထောက်ပြပါတယ်။

ဝန်ကြီးဆီဟာဆတ်ရဲ့ နေပြည်တော်ခြေလှမ်းတွေကို ခြေရာကောက်ခြင်း

ဓာတ်ပုံ ရင်းမြစ်, MFA Thai

ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ဖုန်ကတ်ကရောင်းဟာ ထိုင်းဝန်ကြီးချုပ် ဆေထာထဝီဆင်နဲ့ ပေထုန်တန် အစိုးရတို့ လက်ထက်မှာ နိုင်ငံခြားရေးဒုဝန်ကြီး တာဝန်ယူခဲ့ပါတယ်။ လက်ရှိဝန်ကြီးချုပ်အနုတင်ရဲ့ ရွေးကောက်ခံအစိုးရအဖွဲ့မှာတော့ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာတာပါ။

အခုခရီးစဥ်ဟာ ဝန်ကြီးဆီဟာဆတ်အတွက် နေပြည်တော်ကို ဒုတိယမြောက်ခရီးစဥ်ဖြစ်ပါတယ်။ စစ်တပ်ဦးဆောင်တဲ့ ရွေးကောက်ပွဲတွေ မတိုင်ခင်က သူ နေပြည်တော်ကို နှစ်ကြိမ်သွားခဲ့ပါတယ်။

အဲဒီနောက် ရွေးကောက်ပွဲ ၃ ပိုင်းလုံးပြီးချိန် ၂၀၂၆ ဖေဖော်ဝါရီမှာ ဝန်ကြီးဆီဟာဆတ်နဲ့ အဲဒီအချိန်က စစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ အလွတ် သဘောတွေ့ဆုံခဲ့ပါတယ်။

အခုတော့ စစ်ခေါင်းဆောင်ဟောင်းက သမ္မတရာထူးယူပြီး ရက် ၂၀ အကြာမှာ ထိုင်းဝန်ကြီး ဆီဟာဆတ် နေပြည်တော်ကို ထပ်သွားတာဖြစ်ပါတယ်။ မြန်မာစစ်တပ်အာဏာသိမ်းတဲ့ ၅ နှစ်ကျော်အတွင်းမှာ နေပြည်တော်မှာ တရုတ်နဲ့ ရုရှားလို နိုင်ငံတွေကလွဲလို့ ဒေသတွင်းက ထိပ်တန်းသံတမန်ခေါင်းဆောင်တွေ အသွားအလာနည်းခဲ့ပါတယ်။

အထီးကျန်ချင်း ပေါင်းဖက်တဲ့ သံတမန်ရေးကိုအားပြုနေတဲ့ နေပြည်တော်ကို သံတမန်အတွေ့အကြုံ နှစ် ၄၀ ကျော် သက်တမ်းရှိတဲ့ ဝန်ကြီးဆီဟာဆတ်ရဲ့ ခြေလှမ်းတွေ စိပ်နေတာရဲ့ နောက်မှာ ဆက်နွှယ်ချက်တွေရှိနေတယ်လို့ သံတမန်အသိုင်းအဝိုင်းက ကောက်ချက်ချပါတယ်။

၂၀၂၅ ဇွန်လက နေပြည်တော်မှာလုပ်တဲ့ ငြိမ်းချမ်းရေးဖိုရမ်ကို ဝန်ကြီးဆီဟာဆတ် တက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ သူက ဒုဝန်ကြီးကနေ အနားယူထားတဲ့အချိန်ဖြစ်ပြီး နိုင်ငံရေးရာထူးမရှိပါဘူး။

''အဲဒီအချိန်က နေပြည်တော်စစ်ကော်မရှင်က သူ့ကိုသေချာနေရာပေး ဖိတ်ခဲ့တယ်။ သူကလည်း တက်တက်ကြွကြွ ဆွေးနွေးခဲ့တယ်။ ဒါတင်မကဘူး ဒုဝန်ကြီးကနေ နားထားတဲ့အချိန်မှာတောင် မြန်မာအရေးကို ဆက်လုပ်တယ်။ မြန်မာ့အရေးနဲ့ပတ်သက်သူတွေကို တွေ့တယ်။ တိုင်ပင်တာတွေလုပ်ခဲ့တယ်'' လို့ နေပြည်တော်အစိုးရနဲ့ နီးစပ်တဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ သူက ၅ ဇွန်လက နေပြည်တော်မှာ လုပ်တဲ့ ငြိမ်းချမ်းရေးဖိုရမ်ကို ဝန်ကြီးဆီဟာဆတ် တက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ သူက ဒုဝန်ကြီးကနေ အနားယူထားတဲ့အချိန်ဖြစ်ပြီး နိုင်ငံရေးရာထူး မရှိပါဘူး။ ''အဲဒီအချိန်က နေပြည်တော်စစ်ကော်မရှင်က သူ့ကို သေချာနေရာပေး ဖိတ်ခဲ့တယ်။ သူကလည်း တက်တက်ကြွကြွ ဆွေးနွေးခဲ့တယ်။ ဒါတင်မကဘူး ဒုဝန်ကြီးကနေ နားထားတဲ့အချိန်မှာတောင် မြန်မာအရေးကို ဆက်လုပ်တယ်။ မြန်မာ့အရေးနဲ့ပတ်သက်သူတွေကို တွေ့တယ်။ တိုင်ပင်တာတွေလုပ်ခဲ့တယ်'' လို့ နေပြည်တော်အစိုးရနဲ့ နီးစပ်တဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးက ပြောပါတယ်။ ဒါပေမဲ့ သူက ၂၀၂၄ ခုနှစ်မှာ ထိုင်းနိုင်ငံအစိုးရလုပ်ခဲ့တဲ့ ''မြန်မာအတွက်လူသားချင်းစာနာမှုဆိုင်ရာရှေ့ပြေးအစီအစဉ်" ကို ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

အဲဒီအချိန်ကစစ်ကောင်စီနဲ့ နီးကပ်တဲ့မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ ပေါင်းစပ်ဆောင်ရွက်တာကြောင့် တကြိမ်ကူညီမှုအပြီးမှာ ဝေဖန်မှုတွေရင်ဆိုင်ခဲ့ရလို့ အစီအစဥ် ရှေ့မဆက်ခဲ့ပါဘူး။

သူ နိုင်ငံခြားရေးဝန်ကြီးပြန်ဖြစ်လာပြီးနောက် ၂၀၂၅ နိုဝင်ဘာက ဘန်ကောက်မြို့၊ နိုင်ငံခြားသတင်းထောက်များအသင်း(FCCT)မှာ ကျင်းပတဲ့ အခမ်းအနားတစ်ခုမှာ မြန်မာက စစ်တပ်ဦးဆောင်တဲ့ရွေးကောက်ပွဲဟာ လွတ်လပ်မှုနဲ့ အများယုံကြည်လက်ခံမှုရှိမှာ မဟုတ်ဘူးလို့ သူကပြောခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီစကားနဲ့တစ်ဆက်တည်းပဲ ''ရွေးကောက်ပွဲကပဲ ပြုပြင်ပြောင်းလဲရေးအတွက်အစပျိုးမှုတခု ဖြစ်လာနိုင်တယ်'' လို့ သူက မှတ်ချက်ပေးခဲ့ပြန်ပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၇ ရက်မှာ ဝန်ကြီး ဆီဟာဆတ် ဒုတိယအကြိမ်နေပြည်တော်ခရီးသွားခဲ့ပါတယ်။ အဲဒီအချိန်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမှုမှာ အာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်း‌ဆောင်ရွက်ရေး၊မြန်မာရဲ့ ရွေးကောက်ပွဲအခြေအနေတွေကိုဆွေးနွေးခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ခဲ့ပါတယ်။

ဒါပေမဲ့ ထိုင်းနိုင်ငံခြားရေးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ နယ်စပ်မှာပြုလုပ်တဲ့လုံခြုံရေးဆိုင်ရာ လုပ်ဆောင်မှုမှန်သမျှ လူထုအပေါ် ထိခိုက်မှု နည်းနိုင်သမျှ နည်းအောင် အထူးသတိထားဆောင်ရွက်ဖို့ဆွေးနွေးခဲ့တယ်လို့ပဲ ဇောင်းပေးဖော်ပြခဲ့ပါတယ်။

နေပြည်တော်ခရီးစဥ်အပြီး ဂျပန်သတင်းဌာန NHK နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဝန်ကြီး ဆီဟာဆတ်က မြန်မာ့ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်သူတစ်ဦးစေလွှတ်ဖို့ စီစဥ်နေတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

အဲဒီအင်တာဗျူးမှာပဲ ''မြန်မာမှာ လက်ရှိအနေအထားမှာ လုပ်တဲ့ရွေးကောက်ပွဲက အကောင်းဆုံးတော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကောင်းသောဖြစ်ပေါ်တိုးတက်မှုတွေအတွက် စမှတ်ဖြစ်နိုင်တယ်" လို့ သူက ထည့်ဖြေခဲ့ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့လည်း မြန်မာရဲ့ ရွေးကောက်ပွဲကတဆင့် ငြိမ်းချမ်းရေးဖြစ်စဥ်အထိ လမ်းကြောင်းပေးနိုင်ဖို့ မျှော်လင့်တယ်လို့ သူက ပြောခဲ့ပါတယ်။

ထိုင်းကနေ လေ့လာစောင့်ကြည့်သူစေလွှတ်တာဟာ ထွက်လာမယ့်မဲရလဒ်ကို တရားဝင်အသိအမှတ်ပြုတယ်လို့ ရည်ရွယ်တာမဟုတ်ဘူးလို့ NHK ကို သူက ဖြည့်စွက်ပြောခဲ့ပေမဲ့ အခုတော့ နေပြည်တော်အစိုးရနဲ့ ပထမဆုံးတွေ့တဲ့ထိပ်တန်းသံတမန်က သူ ဖြစ်လာပါတယ်။

ဝန်ကြီးဆီဟာဆတ်ရဲ့ ဧပြီ ၂၂ ရက် တတိယအကြိမ်နေပြည်တော်ခရီးဟာ ၂၀၂၆ ဖေဖော်ဝါရီ ၁၈ ရက်က ပြုလုပ်ခဲ့တဲ့ ထိုင်း-နေပြည်တော် နိုင်ငံခြားရေးဝန်ကြီး ၂ ဦးရဲ့ ဖူးခက်ကမ်းခြေက အလွတ်သဘော တွေ့ဆုံပွဲနဲ့ ဆက်စပ်နေပါတယ်။ ဖူးခက်ဆွေးနွေးပွဲကို ပြန်ကြည့်ရင် မြန်မာမှာစစ်တပ်ဦးဆောင်တဲ့ ရွေးကောက်ပွဲပြီးစတဲ့အချိန်မှာပဲ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ၂ ဦး တွေ့ခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်က ထိုင်းဘက်က သတင်းထုတ်ပြန်ချက်မှာ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်စတင်နိုင်ဖို့ နယ်စပ်တည်ငြိမ်ရေး လိုအပ်တာကြောင့် နယ်စပ်တလျှောက်က တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ မြန်မာစစ်တပ်ကြား ဆွေးနွေးနိုင်အောင် ကူညီဖို့ကမ်းလှမ်းထားတယ်လို့ ထုတ်ပြောပါတယ်။

ဒါအပြင် မြန်မာအနေနဲ့ အာဆီယံနဲ့ဆက်ဆံရေး အပြည့်အဝပြန်လည်စတင်တာမြင်လိုတယ်ဆိုတဲ့ ထိုင်းဘက်ကဆန္ဒကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို သူပြောခဲ့သလို အဲဒီလို ပြန်စနိုင်ဖို့ မြန်မာဘက်ကလည်း အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ လိုအပ်မယ့်အကြောင်းပြောခဲ့တယ်လို့ ဝန်ကြီးက ထိုင်းမီဒီယာတွေကို ဖြေခဲ့ပါတယ်။

အဲဒီအချိန်က နေပြည်တော်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေကလည်း မြန်မာမှာ ရွေးကောက်ပွဲပြီးပြီဖြစ်တာကြောင့် တက်လာမယ့်အစိုးရသစ်ဟာ ငြိမ်းချမ်းရေးအတွက်သက်ဆိုင်သူတွေအားလုံးပါနိုင်မယ့် ဆွေးနွေးပွဲဖြစ်လာအောင် လုပ်ဖို့ရှိတဲ့အကြောင်း ရှင်းပြသွားတယ်လို့ ဝန်ကြီးဆီဟာဆတ်က ထိုင်းမီဒီယာတွေကို ပြောပါတယ်။

ဦးမင်းအောင်လှိုင်ကလည်း ဝန်ကြီးဆီဟာဆတ်ရဲ့နေပြည်တော် ခရီးမတိုင်ခင် ဧပြီ ၂၀ ရက် သူ့ရဲ့အစိုးရအဖွဲ့အစည်းအဝေးမှာ ''ရက် ၁၀၀ အတွင်းမှာ အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေရော လက်မှတ်မထိုးထားတဲ့အဖွဲ့တွေကိုပါ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်သွားမယ်'' လို့ ကြေညာပါတယ်။

ဒီအချက်တွေကြောင့် ဒီတစ်ကြိမ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ သမ္မတရာထူးယူလိုက်ပြီဖြစ်တဲ့ နေပြည်တော်ခေါင်းဆောင်တို့တွေ့ဆုံမှုဟာ ဝန်ကြီးဆီဟာဆတ်ရဲ့ ပြီးခဲ့တဲ့မြန်မာခရီးစဥ်တွေ၊ မြန်မာ့အရေးထုတ်ဖော်ပြောဆိုချက်တွေနဲ့ ဖူးခက်အလွတ်ဆွေးနွေးပွဲတွေရဲ့ ဆွေးနွေးမှုတွေနဲ့ ဆက်နွှယ်နေကြောင်း အာဆီယံသံတမန်အသိုင်းအဝိုင်းက မှတ်ချက်ပြုပါတယ်။

ဖူးခက်အလွတ်ဆွေးနွေးပွဲမှာ ထိုင်းအစိုးရဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေလွှတ်ပေးဖို့ တောင်းဆိုခဲ့ပြီး ဒါကို အကောင်အထည် ဖော်ဖို့မြင်လိုကြောင်း စစ်ကော်မရှင်ဝန်ကြီးကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီအချက်ကို ဘီဘီစီရဲ့သံတမန်ရေးအသိုင်းအဝိုင်း သတင်းရင်းမြစ် ၂ ဦးက အတည်ပြုပါတယ်။

''ဒါကြောင့် ဖူးခက် တွေ့ဆုံမှုအပြီး မတ်လ ၂ ရက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်ဆိုပြီး လွှတ်လေ့လွှတ်ထ မရှိတဲ့ရက်မှာ အကြမ်းဖက်မှုပုဒ်မ ၅၀(ည)၊ ၅၂ (က)အပါ လူပေါင်း ၂ သောင်းကျော်ကို အမှုပိတ်ပေး၊ လွတ်ငြိမ်းပေးခဲ့တယ်။ အဲဒါ ဝန်ကြီးဆီဟာဆတ်ရဲ့တောင်းဆိုချက်ထဲကတစ်ချက်ကို နေပြည်တော်က လိုက်လျောပေးခဲ့တာ'' လို့ ဒီအကြောင်းကို သိထားတဲ့ ဘန်ကောက်အခြေစိုက် သံတမန်သတင်းရင်းမြစ်က ပြောပါတယ်။

မြန်မာ့မဟာဗျူဟာနဲ့မူဝါဒရေးရာလေ့လာရေးအင်စတီကျု (ISP Myanmar)ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းကတော့ ဝန်ကြီးဆီဟာဆတ်ရဲ့နေပြည်တော်ခရီးစဉ်က နေပြည်တော်အစိုးရသစ်နဲ့ မိတ်ဆက်သဘောမျိုး ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

'' သူက မြန်မာအစိုးရနဲ့ ရင်းနှီးသူပါ။ ထိုင်းရဲ့ အဓိက အကျိုးစီးပွားကတော့ အာရှလမ်းမပြန်ဖွင့်၊ ကုန်သွယ်မှုစတင်ရေး၊ နယ်စပ်လုံခြုံရေးနဲ့ သဘာဝဓာတ်ငွေ့ ၊မြန်မာက လုံခြုံရေးတွေဖြစ်နိုင်ပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လုပ်ရင်ထိုင်းက ဆွေးနွေးပွဲတွေ ကူညီဖို့လည်းကမ်းလှမ်းနိုင်ပါတယ်''

စစ်ခေါင်းဆောင်ဟောင်းကို အာဆီယံစင်မြင့်ကို ပြန်တင်လာမလား

ဓာတ်ပုံ ရင်းမြစ်, MFA Thai

ဓာတ်ပုံ ပုံစာ, ၂၀၂၅ ဒီဇင်ဘာက နေပြည်တော်မှာ အဲဒီအချိန်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်နဲ့တွေ့ဆုံခဲ့မှု။

ထိုင်းဝန်ကြီးချုပ်ရဲ့ ဧပြီ ၂၂ ရက်နေပြည်တော်ခရီးမတိုင်ခင် ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်မှာ နေပြည်တော်အစိုးရက သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဥ်းသားတချို့ကို လွှတ်ပေးခဲ့ပါတယ်။

ထိုင်းဘက်က ဧပြီ ၁၉ ရက်မှာ အဲဒီလွတ်ငြိမ်းချမ်းသာခွင့်အပေါ် ကြိုဆိုကြောင်း ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မူရင်းထုတ်ပြန်ချက်ထဲမှာ ''သမ္မတဟောင်း ဦးဝင်းမြင့်ကို လွှတ်ပေးတာက အာဆီယံရဲ့ မျှော်လင့်ချက်နဲ့လည်းကိုက်ညီတဲ့တိုးတက်မှု'' လို့ သုံးနှုန်းရေးသားထားပါတယ်။

ဒါ့အပြင် ဒီကတဆင့် မြန်မာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆွေးနွေးမှုတွေ လုပ်နိုင်ဖို့ ကောင်းမွန်တဲ့အရွေ့ဖြစ်လိမ့်မယ်လို့လည်း ယုံကြည်ကြောင်း ထိုင်းဘက်က ပြောပါတယ်။

ဒါပေမဲ့ "သမ္မတဟောင်း ဦးဝင်းမြင့်" လို့ သုံးထားတာနဲ့ အကျဉ်းသားလွှတ်ပေးတာကို "အာဆီယံမျှော်လင့်ချက်နဲ့ ကိုက်ညီတဲ့တိုးတက်မှု" လို့ ပြောထားတာကြောင့် ထိုင်းရဲ့ရပ်တည်ချက်နဲ့ ပတ်သက်လို့ မြန်မာအတိုက်ခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေက မေးခွန်းထုတ်ကြပါတယ်။

အထူးသဖြင့် နေပြည်တော်ခေါင်းဆောင်ဟာ အာဆီယံစင်မြင့်ပေါ် အရပ်သားသမ္မတအဖြစ် ရောက်လာမလားဆိုတဲ့ဆွေးနွေးသံတွေ ထွက်လာတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်ဖို့ရာမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းစီရဲ့နေပြည်တော်အစိုးရအပေါ် ရှုမြင်ချက်က ပဓာနကျနိုင်ပါတယ်။

လတ်တလော အလှည့်ကျအာဆီယံ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စလာဇရိုကတော့ ဧပြီလဆန်းက ဘီဘီစီနဲ့ သီးသန့်ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ လာမယ့် မေလထဲ လုပ်မယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာတော့ လက်ရှိ အာဆီယံအဖွဲ့ဝင်တွေကြား ရှိထားတဲ့ သဘောတူချက်အတိုင်းပဲ မြန်မာဘက်က နိုင်ငံရေးရာထူးယူထားသူကို ဖိတ်ကြားဦးမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

အာဆီယံမှာ နေပြည်တော်ကအုပ်ချုပ်ရေးအဖွဲ့ကို လက်မခံကြောင်း ထင်ထင်ရှားရှားပြတဲ့ ၃ နိုင်ငံ ရှိပြီး မလေးရှား၊ စင်ကာပူနဲ့ အဖွဲ့ဝင်သစ် တီမောလက်စ်တေနိုင်ငံဖြစ်ပါတယ်။ နေပြည်တော်နဲ့ ပြေလည်တဲ့ဆက်ဆံရေးရှိတဲ့ ၄ နိုင်ငံက ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအိုနဲ့ ထိုင်းတို့ ရှိနေပါတယ်။

အင်ဒိုနီးရှားကတော့ အစိုးရသစ်ပြောင်းခဲ့ပြီးနောက်မှာ ကြားနေပုံစံနဲ့ ရပ်တည်နေပြီး သူ့နိုင်ငံပြောင်းခဲ့တဲ့ မော်ဒယ်အတိုင်း စစ်တပ်ကနိုင်ငံရေးမှာ ပါဝင်မှုကို လျှောချဖို့ ကြိုးစားလိုစိတ်ရှိနေတယ်လို့ အာဆီယံသံတမန်ရင်းမြစ်က ရှင်းပြပါတယ်။

''ဒါပေမဲ့ အာဆီယံမူအရ ဆုံးဖြတ်ချက်တစ်ခုဟာ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ ၁၀၀ ရာခိုင်နှုန်း ဘုံသဘောတူညီချက်မူပေါ် သွားရတာဆိုတော့ ကွဲလွဲနေတယ်ဆိုရင်တော့ ဒီလမ်းကြောင်းပေါ် နေပြည်တော်က စစ်ခေါင်းဆောင်ဟောင်း တက်လာဖို့ ခက်နိုင်ပါတယ်။ ဒါပေမဲ့ နေပြည်တော်ဟာ ထိုင်းတောင်းဆိုတဲ့အချက်မှန်သမျှ လိုက်လျောနေပြီး ဒါက အာဆီယံဘုံသဘောတူညီချက်တွေကို နေပြည်တော်ကတဆင့်ချင်း အကောင်အထည်ဖော်နေတာပါဆိုတဲ့ ထိုင်းရဲ့ ဆော်သြလာနိုင်မှုကိုလည်း အာဆီယံက ထည့်တွက်နိုင်ပါတယ်'' လို့ ဘန်ကောက်အခြေစိုက်သံတမန်သတင်းရင်းမြစ်က ပြောပါတယ်။

ဦးမင်းအောင်လှိုင်က သူသမ္မတရာထူးယူခဲ့တဲ့ဧပြီ ၁၀ ရက် ပထမဆုံးပြောတဲ့ ကျမ်းကျိန်မိန့်ခွန်းမှာ ''မြန်မာနိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် အာဆီယံနဲ့ ပုံမှန်ဆက်ဆံရေးပြန်လည်ရရှိအောင်ကြိုးစားဆောင်ရွက်သွားမယ်'' လို့ ပြောခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ်နေပြည်တော်ရောက်တဲ့ ဧပြီ ၂၁ ရက်က ကာ/လုံ အစည်းအဝေးမှာ အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးဖြစ်အောင် ဆက်လက်ပူးပေါင်းဆောင်ရွက်မယ်လို့ ဦးမင်းအောင်လှိုင်က အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို ထည့်ပြောပါတယ်။

''အာဆီယံနဲ့ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်သလို အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ပါ အချက်တွေမှာပါဝင်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတွေနဲ့ အခြားအချက်တွေကို အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်နေတယ်''

လူမှုကွန်ရက်တွေက မှားယွင်းတဲ့သတင်းအချက်အလက်တွေကိုအခြေခံပြီး အာဆီယံက ဖိအားပေးလုပ်ဆောင်နေတာတွေရှိပြီး အချို့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ဒါကိုပြင်ဆင်လိုကြတယ်လို့ ဦးမင်းအောင်လှိုင်က ဆိုပါတယ်။

ဒီအချက်တွေကိုကြည့်ခြင်းအားဖြင့် စစ်ခေါင်းဆောင်ကနေ သမ္မတရာထူးယူလာတဲ့ဦးမင်းအောင်လှိုင်ဟာ အာဆီယံနဲ့ ဆက်ဆံရေးပြန်လည်ထူထောင်လိုစိတ်ရှိနေတာကို ထင်ထင်ရှားရှားမြင်ရပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နီးစပ်သူကတော့ ထိုင်းအစိုးရအနေနဲ့ ဒီခရီးစဉ်မှာ နယ်စပ်ပြဿနာတွေကိုဆွေးနွေးနိုင်မယ့် အခွင့်အလမ်းတစ်ခုအဖြစ် မြင်ထားပြီး "မြန်မာက ပြန်လည်သင့်မြတ်ရေးအတွက်ဆွေးနွေးမှုတွေကို လမ်းဖွင့်နိုင်မယ်" လို့ မျှော်လင့်ထားကြောင်းသုံးသပ်ပါတယ်။

ဒါပေမယ့် ထိုင်းအခြေစိုက် မြန်မာလူ့အခွင့်အရေးအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့တွေကတော့ ထိုင်းအစိုးရရဲ့ ဒီခရီးစဉ်ဟာ နေပြည်တော်ရဲ့အရပ်ဘက်အသွင်ပြောင်းအစိုးရကို နိုင်ငံတကာအသိအမှတ်ပြုမှုပိုတိုးလာစေနိုင်မှာကို စိုးရိမ်နေကြပါတယ်။

ကရင်အခြေစိုက် Karen Community Organizations ကလည်း ဒီခရီးစဉ်ကို ပယ်ဖျက်ဖို့ တောင်းဆိုထားပြီး၊ ခရီးစဉ်ဖြစ်မြောက်ခဲ့ရင်လည်း အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည် ဖော်အောင် ဖိအားပေးဖို့ တောင်းဆိုထားပါတယ်။

Karen Community Organizations ရဲ့တောင်းဆိုချက်ထဲမှာ နယ်စပ်တလျှောက်က ပဋိပက္ခတွေနဲ့ လိမ်လည်မှုလုပ်ငန်းတွေကြောင့် ထိုင်းနိုင်ငံထဲကို သက်ရောက်မှုတွေရှိနေပြီး "ဒီအဆိုးသံသရာကို ဖြတ်တောက်ဖို့ အချိန်ရောက်ပြီ" လို့ ထည့်ပြောထားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော်ခရီးစဥ်ဟာ အာဆီယံအတွင်း မြန်မာ့အရေးကိုကိုင်တွယ်တဲ့နေရာမှာ "ပူးပေါင်းဆောင်ရွက်မလား၊ ဖိအားပေးမလား" ဆိုတဲ့ ချိန်ညှိမှုတွေ ဆက်ရှိနေတဲ့အချိန်မှာ ဒီခရီးစဉ်ဟာ ဒေသတွင်းသံတမန်ရေးဦးတည်ချက် ဘယ်ဘက်ကို ရွေ့နေတယ်ဆိုတာပြသတဲ့လက္ခဏာတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။

ခရီးစဉ်အတွင်း ထိုင်းနဲ့နေပြည်တော်ကြားမှာ ဘယ်လိုသဘောတူညီချက်တွေရှိနေမလဲဆိုတာတိတိကျကျမသိနိုင်ပေမဲ့ သမ္မတရာထူးယူလိုက်တဲ့ စစ်ခေါင်းဆောင်ဟောင်းက အာဆီယံစင်မြင့်မှာ နေရာရလားမလားဆိုတဲ့ သုံးသပ်ချက်တွေထွက်လာပါတယ်။

အာဆီယံစင်မြင့်ပေါ်ကို မရောက်သေးရင်တောင် အာဆီယံအဝန်းအဝိုင်းထဲ ခြေပြန်ချနိုင်တဲ့ ကနဦးအခွင့်အလမ်းတစ်ခု စစ်ခေါင်းဆောင်ဟောင်း ရသွားနိုင်တယ်ဆိုတဲ့ရှုမြင်ချက်တွေက မြန်မာ့အရေးလေ့လာသုံးသပ်သူတချို့နဲ့ သံတမန်အသိုင်းအဝိုင်းကြားမှာ ရှိနေပါတယ်။

မြန်မာ့မဟာဗျူဟာနဲ့မူဝါဒရေးရာလေ့လာရေးအင်စတီကျု (ISP Myanmar)ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းကတော့ ဖိလစ်ပိုင် အာဆီယံဥက္ကဋ္ဌလုပ်နေချိန်မှာ မြန်မာကို အာဆီယံထဲ ပြန်သွင်းရေးခက်နိုင်တယ်လို့ ကောက်ချက်ချပါတယ်။

''ဖိလစ်ပိုင်ပြီးရင် နောက်နှစ် စင်ကာပူ၊ ပြီးရင် ထိုင်းတို့က အလှည့်ကျ ဥက္ကဋ္ဌဖြစ်ပါမယ်။ ထိုင်းအလှည့်ကျရင်တော့ သေချာပေါက် ဦးမင်းအောင်လှိုင် ပြန်သွင်းမှာပါ။ ဒါဆိုရင် စင်ကာပူကလည်း ဒါကိုဦးအောင် စဉ်းစားတာမျိုးလည်းဖြစ်နိုင်ပါတယ်။''