ဒုရဲအုပ်လင်မယား အသတ်ခံရပြီး စစ်ကိုင်း သလွန်ဖြူရွာသား ၇ ဦး အသတ်ခံရ
ဓာတ်ပုံ ရင်းမြစ်, Screen shot
စစ်ကိုင်းမြို့နယ်ထဲက သလွန်ဖြူကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့က ဒုရဲအုပ်လင်မယားအသတ်ခံရပြီးတဲ့နောက် ရွာသား ၇ ဦး ကို စစ်ကောင်စီက စစ်ကြောင်းထိုးစဥ် သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလာ ၁၆ ရက်နေ့က သလွန်ဖြူရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးလာခဲ့ပြီး ရွာသား ၇ ဦး အသတ်ခံရတာ ဖြစ်တယ်လို့ သူတို့ကပြောပါတယ်။
တံတားဦး လေဆိပ်မှာ တာဝန်ကျနေတဲ့ ဒုရဲအုပ်တစ်ဦးဟာ သလွန်ဖြူရွာက ဇနီးဖြစ်သူရဲ့ မိခင်ဆီကို ဇနီးနဲ့ အတူ မိသားစုလိုက်လာရောက်ပြီး အပြန် စက်တင်ဘာလ ၁၃ ရက်နေ့ က မွန်းလွဲပိုင်းက သတ်ဖြတ်ခံရတာလို့ သိရပါတယ်။
စစ်ကောင်စီဘက်သတင်းတွေဖော်ပြတဲ့ မီဒီယာတွေကတော့ ဒေသခံ PDF တွေက သတ်ဖြတ်ခဲ့တာဖြစ်ပြီး သူတို့ စီးလာတဲ့ ကားကိုလည်း ဒေသခံ PDF တွေက ယူသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ရွာသား ၇ ဦး အသတ်ခံရတာနဲ့ ပတ်သက်လို့ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
ဓာတ်ပုံ ရင်းမြစ်, CJ
ဒါ့အပြင် သလွန်ဖြူရွာက ဒေသခံ ၄၀ ခန့်ကိုလည်း ဖမ်းဆီးထားတယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။
“ဒီလူတွေဟာ PDF လုပ်နိုင်တဲ့ အရွယ်တွေလည်း မဟုတ်ဘူး။ လက်နက်လည်း ကိုင်ထားတာ မဟုတ်ဘူး ရွာသားတွေပါ”လို့ ဒေသခံက ပြောပြပါတယ်။
စစ်ကိုင်းမြို့နယ်အတွင်းမှာ စက်တင်ဘာလ ၁၄ ရက်နေ့ကနေ စက်တင်ဘာလ ၁၆ ရက်နေ့အထိ ၃ ရက်အတွင်း ၁၅ ဦး ခန့်ဟာ PDF လို့ စွပ်စွဲခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ စစ်ကိုင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ စစ်ကြောင်းတွေဟာ အခုရက်ပိုင်းအတွင်း စစ်ကိုင်းမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးနေခဲ့တာဖြစ်ပြီး ဒီလို စစ်ကြောင်းထိုးနေစဥ်အတွင်း သူတို့ဟာ ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေ ကပြောပါတယ်။
စစ်ကိုင်းမြို့နယ်၊ တံတားဦးကျေးရွာနားမှာ လူငယ် ၃ ဦး၊ ချောင်းဦးမြို့နယ် ကံကြီးကုန်းကျေးရွာနားမှာ လူငယ်တစ်ဦးတို့ဟာ စက်တင်ဘာလ ၁၄ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးခဲ့သလို မြင်းဆည်ရွာ ဒေသခံ ၄ ဦးလည်း PDF လို့စွပ်စွဲပြီး သတ်ဖြတ်ခံရတယ်လို့ စစ်ကိုင်းမြို့နယ် အခြေစိုက် စစ်ကိုင်းခရိုင် တပ်ရင်း ၈ က ပြောပါတယ်။
ဒါ့အပြင် စစ်ကြောင်းထိုးစဥ် အသတ်ခံခဲ့ရတဲ့ သလွန်ဖြူရွာက ဒေသခံ ၇ ဦးနဲ့ပါ တွက်ရင် ၃ ရက်အတွင်း သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သူ စုစုပေါင်း ၁၅ ဦးခန့် ရှိလာပြီဖြစ်ပါတယ်။
ဒီဖြစ်စဥ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဓာတ်ပုံ ရင်းမြစ်, Reuters
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒ့ါအပြင် စစ်ကိုင်းမြို့နယ်အရှေ့ပိုင်းက ကျေးရွာတွေဘက်ကို စက်တင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းအထိ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရသလို အဲဒီကျေးရွာတွေက ဒေသခံ ပြည်သူ အယောက် ၅၀ ကို ဖမ်းဆီးထားတယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက သလွန်ဖြူရွာကို ဝင်ရောက်စီးနင်းစဥ်မှာ ZYMA တံဆိပ်ပါ ဒရုန်းတစ်စီး၊ လက်လုပ်သေနတ် တစ်လက်နဲ့ ကျည်ဆန်သုံးတောင့်ကို သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားဖော်ပြထားပါတယ်။
အရပ်သား ဖမ်းဆီးမှုတွေနဲ့ပတ်သက်လို့ ထုတ်ဖော်ရေးသားတာတော့ မရှိပါဘူး။
စစ်ကိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့ ကတည်းက ဒေသခံကာကွယ်ရေးတပ်တွေ ရှိတယ်လို့ စစ်ကောင်စီဘက်က ယူဆတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး စစ်ကြောင်းထိုးစဥ် ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ဒေသခံတွေ အများအပြားတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ စက်တင်ဘာ ၁၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ထိပ်တိုက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးခဲ့တာကြောင့် စစ်ကိုင်းမြို့နယ်၊ သုံးလင့်၊ ကင်းတော်၊ ကိုင်းပြင်၊ လယ်ပါယ်တော၊ မြင်းဆည်၊ ဥယျာဉ်၊ မြစ်သာ နဲ့ သလွန်ဖြူကျေးရွာက အရပ်သားပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ထိပ်တန်း သတင်းများ
ဆောင်းပါး
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။