ဧပြီ ၅ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ်- ရန်ကုန်မြို့ မြေနီကုန်းတံတားပေါ်ကနေ သက်ကြီးအမျိုးသားတစ်ဦး ခုန်ချ
ဓာတ်ပုံ ရင်းမြစ်, အနာဂတ်အလင်းတန်း ပရဟိတအသင်း Future Light Charity-Sanchaung
ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းနဲ့ ပြည်လမ်းထောင့်မှာ မြေနီကုန်းတံတားပေါ်ကနေ ဒီနေ့ နေ့လယ် ၁၂ နာရီခွဲခန့်မှာ သက်ကြီးအမျိုးသားတစ်ဦး ခုန်ချမှုဖြစ်ခဲ့ပြီး နေရာမှာတင်သေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအသိုင်းအဝိုင်းထံကနေ သိရပါတယ်။
ပတ်ဝန်းကျင်မျက်မြင်တွေရဲ့အပြောအရ ခန့်မှန်းအသက် ၆၀ အရွယ်ရှိသူ အမျိုးသားတစ်ဦးဟာ တံတားပေါ်ကနေ ခုန်ချခဲ့တယ်လို့သိရကြောင်း ကူညီကယ်ဆယ်ရေးလုပ်ပေးခဲ့သူတစ်ဦးက ပြောပါတယ်။
"နဖူးကွဲ၊ ခေါင်းကွဲ၊ ညာဘက်ပေါင်ကျိုးတဲ့ဒဏ်ရာတွေရှိပါတယ်။ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ ဒီလိုဖြစ်စဉ်က ဒီနှစ်ထဲမှာတော့ ပထမဆုံးအကြိမ်ပါပဲ" လို့ သူက ဆက်ပြောပါတယ်။
သေဆုံးသူဟာ မည်သူမည်ဝါဖြစ်ကြောင်းအတည်မပြုနိုင်သေးဘဲ သက်ဆိုင်ရာရဲစခန်း တာဝန်ရှိသူတွေက မိသားစုဝင်တွေဆီ ဆက်သွယ်ထားတယ်လို့သာ ကနဦးသိရှိထားရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းကလည်း မြေနီကုန်းတံတားပေါ်ကနေ အမျိုးသမီးတစ်ဦး ခုန်ချဖို့ ကြိုးစားတာကြောင့် လူမှုကူညီရေးအသင်းတွေက ကယ်ဆယ်ခဲ့ရတဲ့ဖြစ်စဉ်လည်းဖြစ်ခဲ့ပါတယ်။
ရန်ကုန်မြို့မှာပဲ မနှစ် ၂၀၂၅ ခုနှစ်၊ ဧပြီတုန်းကလည်း ကမာရွတ်မြို့နယ်မှာရှိတဲ့ လှည်းတန်း လူကူးခုံးတံတားပေါ်ကနေ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြုတ်ကျခဲ့ပါတယ်။
မြန်မာမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက် ငွေကြေးဖောင်းပွမှု၊ အလုပ်အကိုင်ရှားပါးမှုနဲ့ စျေးနှုန်းကြီးမြင့်မှုတွေကြောင့် လူမှုစီးပွားအကျပ်အတည်းတွေကို ရင်ဆိုင်နေရတယ်လို့ နိုင်ငံတကာသုတေသန လေ့လာချက်တွေမှာ ဖော်ပြပါတယ်။
ဒီအတောအတွင်းမှာပဲ မြန်မာမှာလက်ရှိဖြစ်နေတဲ့အကျပ်အတည်းတွေကြောင့် မြန်မာ့လူငယ်သန်းချီဟာ စိုးရိမ်သောကနဲ့ မလုံခြုံမှုတွေ ခံစားနေရပြီး ဒီအရေကို ထည့်တွက် ဖြေရှင်းဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) က မြန်မာလူငယ် ၇ ထောင်ကို မေးမြန်းခဲ့တဲ့သူတို့ အစီရင်ခံစာကို မနှစ်က ထုတ်ပြန်ချိန် ပြောထားပါတယ်။
သင်္ကြန်ကာလကို လေကြောင်းသတိနဲ့ဆင်နွှဲဖို့ ရွှေဘိုခရိုင်မှာ တိုက်တွန်း
ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မကြာခင်ကျရောက်မယ့် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလမှာ လေကြောင်းရန်အပါအဝင် လုံခြုံရေးအသိသတိနဲ့ ဖြတ်သန်းကြဖို့ တိုက်တွန်းထားတဲ့အကြောင်း စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ပသုံးလုံးယန္တရားနဲ့ နီးစပ်သူတချို့ဆီက သိရပါတယ်။
"ပျော်ပွဲရွှင်ပွဲ လုံးဝ မလုပ်နဲ့ဆိုတာမျိုး ရေကစားတာမျိုး မလုပ်ရဘူးဆိုတာမျိုး ကျွန်တော်တို့ မကန့်သတ်ပါဘူး။ ဒါပေမဲ့ လေကြောင်းရန် သတိဝိရီယနဲ့ နေဖို့တော့ မြို့နယ်အလိုက် ထုတ်ပြန်မှာပါ" လို့ ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
ဒီပဲယင်းမြို့နယ်ထဲမှာလည်း အလှူပွဲ၊ မင်္ဂလာပွဲတွေမှာ ဧည့်ခံဖျော်ဖြေရေး၊ ဆိုင်းဝိုင်း အသုံးပြုတာတွေအပေါ် တားမြစ်ချက်ကို ဖြေလျော့ပေးကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) က ဧပြီ ၄ ရက်ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
ဒါပေမဲ့ ဘာသာရေး၊ သာသနာရေး၊ ဓလေ့ထုံးတမ်းဆိုင်ရာပွဲစီစဉ်ကျင်းပရာမှာ သက်ဆိုင်ရာ ရပ်ကျေး ပသုံးလုံးအဖွဲ့တွေနဲ့ ညှိနှိုင်းပြီး လုံခြုံရေးအထူးသတိပြု ဆောင်ရွက်ဖို့လည်း တိုက်တွန်းပါယ်။
ဒီအတောအတွင်းမှာပဲ ရွှေဘိုနဲ့ ဝက်လက်မြို့နယ်တို့နဲ့ကပ်လျက်က အရာတော်မြို့နယ်အနောက်မြောက်ခြမ်းကို စစ်ကော်မရှင်တပ်က တိုက်လေယာဥ် ၃ စင်းနဲ့ လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း အရာတော် ပကဖ က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၃ ရက် မနက်ပိုင်းတုန်းက ရွှေဘိုမြို့နယ်၊ ဆည်အင်းရွာမှာ ဘုရားပွဲပြုလုပ်ဖို့ပြင်ဆင်ချိန် စစ်ကော်မရှင်တပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၇ ဦးထိခိုက်ဒဏ်ရာရတဲ့ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
အဲဒီနေ့ ညနေ ၅ နာရီခန့်မှာပဲ မြောင်မြို့နယ်က နဘက်ရွာကိုလည်း စစ်ကော်မရှင်တပ်ကလေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး အရပ်သား နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
မတ် ၂၇ ရက်ကနေ ဧပြီ ၂ ရက်အထိ တစ်ပတ်တာအတွင်း စစ်တပ်ရဲ့ အရပ်သားတွေနေရာကို ပစ်မှတ်ထား တိုက်ခိုက်ခံရမှုတွေကို စစ်ကိုင်းတိုင်းမှာ အများဆုံးကြုံခဲ့ရတယ်လို့ အချက်အလက်စုဆောင်းတဲ့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
ဖားကန့်မှာတိုက်ပွဲရှိနေချိန် KIA နဲ့ PDF တွေ လက်နက်ချတယ်လို့ စစ်တပ်ထုတ်ပြန်
ဓာတ်ပုံ ရင်းမြစ်, Getty Images
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကော်မရှင်တပ် ကြားနှစ်ဖက်ထိတွေ့တိုက်ပွဲရှိနေချိန်မှာပဲ KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF)နဲ့ PDF တွေ လက်နက်ချတယ်လို့ ဒီနေ့ ဧပြီ ၅ ရက် သတင်းစာမှာ ဖော်ပြလာပါတယ်။
ဖားကန့်မြို့နယ်၊ မော်ဝမ်းကြီးဘက်မှာ မနေ့ညပိုင်းရော ဒီနေ့မနက်ပိုင်းမှာပါ နှစ်ဖက်ပစ်ခတ်သံတွေ ကြားနေရတယ်လို့ မြေပြင်ဒေသခံတစ်ဦးက ပြောပါတယ်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ တိုက်ပွဲကြီးအနေနဲ့ဖြစ်ပွားတာမဟုတ်ဘဲ ထိတွေ့မှုတချို့ဖြစ်တယ်လို့သာ ဆိုပါတယ်။
စစ်ကော်မရှင်ထုတ်ပြန်လာတဲ့ KIA နဲ့ KPDF/PDF တို့ လက်နက်ချတဲ့ဖြစ်စဉ်သတင်းကိုတော့ သူက ''ယုံကြည်စရာမရှိဘူး''လို့သာ တုံ့ပြန်ပြောပါတယ်။
စစ်ကော်မရှင်ကတော့ KIA တပ်ဖွဲ့ဝင်တစ်ဦး၊ ကချင်ပြည်နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) တပ်ဖွဲ့ဝင် တစ်ဦးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ဖွဲ့ဝင် ၆ ဦးတို့ လက်နက်ခဲယမ်းနဲ့အတူ ဘက်ပြောင်းလာတယ်လို့ ဒီနေ့ထုတ် သတင်းစာကနေ သတင်းထုတ်ပါတယ်။
အဲဒီခိုလှုံသူတွေဟာ ရွှေမျှောလုပ်ငန်းမှာလုပ်နေချိန် KIA က တပ်သားစုဆောင်းတာခံခဲ့ရတယ်လို့ ဖော်ပြပြီး မြစ်ကြီးနားမြို့မှာရှိတဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ မိဘတွေဆီ ပြန်အပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
"သူတို့ (စစ်ကော်မရှင်)ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးပဲနေမှာ။ ကျွန်တော် အဲဒီလိုပဲ ကောက်ချက်ချလိုတယ်" လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
စစ်ရေးအခြေအနေမှာလည်း ဖားကန့်မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲတချို့ရှိပြီး ဗန်းမော်တိုက်ပွဲနဲ့ စစ်ကိုင်းတိုင်းထဲက ကသာမြို့ပေါ်တိုက်ပွဲကတော့ စစ်ရေးငြိမ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကော်မရှင်ရဲ့ သတင်းပြန်ကြားရေးအဖွဲ့ဘက်ကတော့ ကချင်ပြည်နယ်အတွင်းက စစ်ရေးနဲ့ ပတ်သက်လို့ ဒီနေ့ နေ့လယ် ၂ နာရီဝန်းကျင်အထိ တစုံတရာထုတ်ပြန်တာမရှိပါဘူး။
ဗဟိုဘဏ်က ကြေညာတဲ့ Black List ကုမ္ပဏီစာရင်းထဲ ဦးတေဇနဲ့ သားဖြစ်သူတို့နာမည်တွေ ပါဝင်လာ
ဓာတ်ပုံ ရင်းမြစ်, HTOO Group of Companies
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါ သတ်မှတ်ချက်တွေကိုမလိုက်နာဘဲ ပို့ကုန်ရငွေတွေကို အပြည့်အဝပြန်မသွင်းတာကြောင့်ဆိုပြီး ကုမ္ပဏီပေါင်း ၃၀၀ နီးပါးကို စစ်ကော်မရှင်ရဲ့ဗဟိုဘဏ်က အမည်မည်းစာရင်း (Black List) သွင်းရာမှာ သူဌေးကြီး ဦးတေဇပိုင်ဆိုင်တဲ့ ထူးအုပ်စုထဲက ကုမ္ပဏီတစ်ခုလည်း ပါဝင်နေပါတယ်။
ဗဟိုဘဏ်က မနေ့ ဧပြီ ၄ ရက်နဲ့ ဒီနေ့ ၅ ရက်ထုတ်သတင်းစာတွေမှာ ဖော်ပြတဲ့ အမည်မည်းစာရင်းအသွင်းခံရတဲ့ ကုမ္ပဏီပေါင်း ၂၈၇ ခုရဲ့ နာမည်နဲ့ ဒါရိုက်တာ အဖွဲ့ဝင်တွေရဲ့အမည်စာရင်းထဲမှာ ဦးတေဇနဲ့ သားဖြစ်သူ ဦးပြည့်ဖြိုးတေဇတို့ရဲ့အမည်တွေကိုပါ တွေ့ရပါတယ်။
ဗဟိုဘဏ်ကတော့ အမည်မည်းစာရင်းသွင်းခံရတဲ့ကုမ္ပဏီတွေဟာ အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်ကစလို့ ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ ပို့ကုန်ရငွေ အပြည့်ပြန်မသွင်းတဲ့ကုမ္ပဏီတွေလို့ ဆိုပါတယ်။
အဲဒီ ၄ နှစ်ကျော်အတွင်း ပို့ခဲ့တဲ့ကုန်စည်တွေအတွက် နိုင်ငံခြားငွေပြန်သွင်းဖို့ စစ်ကော်မရှင်ရဲ့ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုတွေ မှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီ၊ ဘဏ္ဍာ/အခွန်ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွား/ကူးသန်းဝန်ကြီးဌာန၊ ဗဟိုဘဏ်နဲ့ AD လိုင်စင်ရဘဏ်တွေကပါ ပို့ကုန်လုပ်ငန်းရှင်တွေဆီ ဆက်သွယ်စာရင်းရှင်းခဲ့ကြတယ်လို့ သတင်းစာဖော်ပြချက်အရ သိရပါတယ်။
စာရင်းမရှင်းလင်းတဲ့ကုမ္ပဏီတွေကို ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းတာလည်း လုပ်ထားပြီးဖြစ်ပါတယ်။ အဲဒီထဲကမှ အခုကုမ္ပဏီ ၂၈၇ ခုက သတ်မှတ်ချက် မလိုက်နာလို့ ကုမ္ပဏီကိုရော ဒါရိုက်တာအဖွဲ့ဝင်တွေကိုပါ အမည်မည်းစာရင်းကြေညာလာတဲ့အထဲ ဦးတေဇတို့ပါ ပါဝင်လာတာပါ။
မြန်မာစစ်တပ်နဲ့ နီးစပ်တဲ့ဆက်ဆံရေးရှိတာကြောင့်ဆိုပြီး နိုင်ငံတကာကအရေးယူပိတ်ဆို့ထားတဲ့ ထူးကုမ္ပဏီများလုပ်ငန်းစု (Htoo Group of Companies) ထဲက Htoo Trading ကုမ္ပဏီကို ပို့ကုန်ရငွေအပြည့်မသွင်းလို့ဆိုပြီး ဒါရိုက်တာ အဖွဲ့ဝင် ၅ ဦးကိုပါ ဗဟိုဘဏ်က အမည်မည်းစာရင်းထဲ ထည့်ကြေညာပါတယ်။
ဦးတေဇနဲ့ သားဖြစ်သူ ဦးပြည့်ဖြိုးတေဇတို့အပြင် ဦးမိုးသက်တင်၊ ဦးသီဟနဲ့ ဦးရာဇာထွေးတို့ရဲ့ နိုင်ငံသားစိစစ်ရေးကတ်နံပါတ်တွေနဲ့အတူ ဒီနေ့ထုတ်သတင်းစာရဲ့အမည်မည်းစာရင်းမှာ ဖော်ပြပါတယ်။
အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းတွေအရ အာရှနိုင်ငံတွေကို ပို့ကုန်တင်ပို့ပြီး ရက် ၃၀ အတွင်း၊ အခြားနိုင်ငံတွေကို တင်ပို့ရင် ရက်ပေါင်း ၆၀ အတွင်း မြန်မာနိုင်ငံကဘဏ်ငွေစာရင်းထဲ နိုင်ငံခြားငွေကို မဖြစ်မနေထည့်ပေးရမှာပါ။
"ကျွန်တော်တို့ဆို သွင်းကုန်အဓိက လုပ်တဲ့ကုမ္ပဏီဗျ။ ပစ္စည်းသွင်းမရလို့ စက်ရုံပိတ်ထားရတာ သုံးနှစ်ရှိပြီ။ ကုမ္ပဏီဆိုလည်းပိတ်ထားသလိုပဲ။ ကုန်တစ်ကြောင်း သွင်းမိတာ ငွေကျန်တယ်ဆိုပြီး စာရင်းဖော်ပြခံရတယ်။ အဲဒီငွေ ပြန်သွင်းပြီးပြီဆိုပေမဲ့ ကျွန်တော်တို့ကုမ္ပဏီ ပြန်ဖွင့်နိုင်ဖို့က အနည်းဆုံး ၆ လ လောက်ကြာနိုင်တယ်" လို့ အမည်မည်းစာရင်းအသွင်းခံရတဲ့ကုမ္ပဏီတစ်ခုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
နှစ်ရက်တာအတွင်း ၁၆၃ ကုမ္ပဏီရဲ့ စာရင်းကို ဖော်ပြခဲ့ပြီး အများစုဟာ ဆောက်လုပ်ရေး၊ လျှပ်စစ်ပစ္စည်းစတဲ့ ပို့ကုန်သွင်းကုန်ကုမ္ပဏီတွေ ဖြစ်ပါတယ်။
ဒီလို အမည်မည်းစာရင်းမကြေညာခင် ကုန်သည်တွေနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) လက်အောက်က သက်ဆိုင်ရာအသင်းတွေဆီကိုပါ ပို့ကုန်ရငွေအပြည့်ပြန်သွင်းဖို့ ကျန်ရှိနေတဲ့စာရင်းတွေကို စစ်ကော်မရှင်က ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်မှုရပ်တန့်ရေး အရှိန်မြှင့်လုပ်ဖို့ မြန်မာကို အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်ပြော
ဓာတ်ပုံ ရင်းမြစ်, Getty Images
လက်ရှိမြန်မာ့နိုင်ငံရေးဖြစ်စဉ်အရ အကြမ်းဖက်မှုတွေကို ရပ်တန့်ရေးအတိုင်းအတာတစ်ခုအထိ အရှိန်တိုးမြှင့် လုပ်ဆောင်သင့်ပြီလို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ မစ္စ ကလဲ ကတ်စထရို (Claire Castro)က ပြောပါတယ်။
နေပြည်တော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးချယ်လိုက်တဲ့ အပေါ် ဖိလစ်ပိုင်နိုင်ငံရဲ့သဘောထားကို သတင်းထောက်တွေက မေးမြန်းချိန် မစ္စ ကလဲယာ ကတ်စထရိုက အခုလိုပြောခဲ့ကြောင်း The Manila Times သတင်းမှာ ဖော်ပြပါတယ်။
"အာဆီယံရဲ့ စုပေါင်းကြိုးပမ်းဆောင်ရွက်မှုအပေါ် ဖိလစ်ပိုင်က ဆက်ပြီး ပူးပေါင်းလုပ်ဆောင်မှာဖြစ်ပါတယ်။ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် အရှိန်အဟုန်အသစ်နဲ့ လုပ်ဆောင်နိုင်အောင်လည်း ကူညီထောက်ပံ့မှာပါ။ ဒါမှသာ မြန်မာနိုင်ငံသားတွေအပေါ် အကြမ်းဖက်မှုတွေရပ်တန့်နိုင်ပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီတွေလည်း ပေးနိုင်မှာဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။
ဒါအပြင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဟာ သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးသံတာ၀န်အောက်ကနေ မြန်မာက သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေကြား ထိတွေ့ဆက်ဆံမှုတွေ ဆက်လုပ်သွားမယ်လို့လည်း သမ္မတရုံးပြောခွင့်ရသူက ပြောပါတယ်။
အလှည့်ကျတာဝန်အရ မြန်မာဟာ အခုနှစ်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရမှာဖြစ်ပေမဲ့ စစ်အာဏာသိမ်းမှုအောက်က မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် ဖိလစ်ပိုင်က အလှည့်ကျဥက္ကဋ္ဌတာဝန်ကို တစ်နှစ်စောယူလိုက်တာဖြစ်ပါတယ်။
အာဆီယံအနေနဲ့တော့ စစ်ခေါင်းဆောင် သမ္မတဖြစ်လာတဲ့အပေါ် ဒီနေ့ ဧပြီ ၅ ရက် မနက်ပိုင်းအထိ တစုံတရာသတင်းထားထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
ဒါပေမဲ့ ၂၀၂၁ စစ်အာဏာသိမ်းပြီးမှုဖြစ်ပြီးတဲ့နောက် စစ်ရေးနဲ့နိုင်ငံရေးမှာ နေပြည်တော်နဲ့ ဆက်ဆံရေး ပိုနီးကပ်လာတဲ့ ရုရှား၊ တရုတ်နဲ့ ဘယ်လာရုစ်နိုင်ငံတွေအပြင် သံတမန်ဆက်ဆံရေးအသစ် ထူထောင်ထားတဲ့ နီကာရာဂွါနိုင်ငံတို့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတဖြစ်လာတာကို ဝမ်းမြောက်ကြောင်း ထုတ်ပြောထားပါတယ်။
ဒီနိုင်ငံတွေဟာ လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်တပ်ရဲ့လုပ်ရပ်တွေကြောင့် အနောက်ကမ္ဘာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုခံထားရတဲ့ မြန်မာစစ်တပ်ဦးဆောင်ပြုလုပ်ခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီလ ရွေးကောက်ပွဲကို လေ့လာစောင့်စည့်သူတွေလွှတ်ခဲ့တဲ့နိုင်ငံတွေလည်း ဖြစ်ပါတယ်။
မနေ့ ဧပြီ ၄ ရက်မှာ ဝမ်းမြောက်ကြောင်းပို့ခဲ့တဲ့ နီကာရာဂွါနိုင်ငံဟာ မြောက်အမေရိကနဲ့ တောင်အမေရိကတိုက်တို့ဆုံရာ အလယ်မှာတည်ရှိပြီး အခုနှစ် ဖေဖော်ဝါရီမှာမှ စစ်ကော်မရှင်နဲ့ သံတမန် ဆက်ဆံရေး တိုးမြှင့်လာကာ နှစ်နိုင်ငံအပြန်အလှန်သံရုံးတွေဖွင့်လှစ်ဖို့ ဆွေးနွေးနေကြတာဖြစ်ပါတယ်။
ပစ်ချခံရတဲ့တိုက်လေယာဉ်က လေသူရဲကို ပြန်တွေ့ပြီလို့ သမ္မတ ထရမ့်ပြော
ဓာတ်ပုံ ရင်းမြစ်, Getty Images
အီရန်လေပိုင်နက်ထဲ ပစ်ချခံလိုက်ရတဲ့ တိုက်လေယာဉ်က လေသူရဲတစ်ဦးကို ''ဘေးကင်း ကျန်းမာစွာ'' ပြန်တွေ့ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အတည်ပြု ထုတ်ပြောပါတယ်။
ပျက်ကျတိုက်လေယာဉ် လက်နက်ကျွမ်းကျင်အရာရှိ လေသူရဲဟာ သူလိုက်ပါတဲ့ F-15 တိုက်လေယာဉ် အီရန်နိုင်ငံတောင်ပိုင်းမှာ ပစ်ချခံရပြီးတဲ့နောက် ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။
အဲဒီလေယာဉ်ရဲ့လေယာဉ်မှူးကိုတော့ အစောပိုင်းကတည်းက ကယ်ဆယ်ခဲ့ပြီးဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ကတော့ ပြန်တွေ့တယ်ဆိုတဲ့လေသူရဲဟာ တပ်ထဲမှာ လေးစားခံရတဲ့ဗိုလ်မှူးတစ်ဦးဖြစ်တယ်လို့ သူပိုင်ဆိုင်တဲ့ Truth လူမှုကွန်ရက်ကနေ ထုတ်ပြောပါတယ်။
ဒီလေသူရဲကို ကယ်ဆယ်ရေးအတွက် အမေရိကန်နဲ့ အီရန်တပ်တွေကြား ထိတွေ့မှုရှိခဲ့တယ်လို့ သိရတဲ့အကြောင်း ဘီဘီစီရဲ့ အိမ်ဖြူတော် သတင်းထောက်က ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဒီလေသူရဲကို ရှာဖွေဖို့ ''လေယာဉ် ဒါဇင်နဲ့ချီကို စေလွှတ်ခဲ့တယ်'' လို့ ပြောပါတယ်။ ပြီးတော့ ဒီလေသူရဲကို ရှာတွေ့တဲ့နေရာဟာ အီရန်တောင်တန်းတွေကြားက ရန်သူ့စည်းအနောက်ပိုင်းမှာ တွေ့ခဲ့တာလို့လည်း ဆိုပါတယ်။
အီရန်ရဲ့ အမေရိကန်တို့ဟာ လေသူရဲကို ရှာတွေ့ဖို့ အပြိုင်ကြိုးပမ်းခဲ့တာဖြစ်ပြီး အီရန်အရာရှိတွေဟာ ဒီလေသူရဲကို အသက်ရှင်လျက်တွေ့တဲ့သူကို ဒေါ်လာ သန်းချီ ဆုကြေးပေးမယ်လို့တောင် သတင်းထုတ်ခဲ့ပါတယ်။
ဒဏ်ရာကြောင့် ဂျိုရှုဝါ ဗန်ရဲ့ပွဲ နောက်တစ်လရွှေ့
ဓာတ်ပုံ ရင်းမြစ်, Reuters
မြန်မာနွယ်ဖွား ချင်းဖိုက်တာ ဂျိုရှုဝါ ဗန်ရဲ့ ဖလိုင်းဝိတ်တန်း ချန်ပီယံ ခါးပတ်ကာကွယ်ရေး ထိုးသတ်ပွဲကို ဒဏ်ရာကြောင့် နောက်တစ်လ ရွှေ့လိုက်တဲ့အကြောင်း UFC ဘက်က တရားဝင်ကြေညာလာပါတယ်။
ပြိုင်ပွဲကို လာမယ့် တစ်ပတ် ဧပြီလ ၉ ရက်မှာ ကျင်းပဖို့ရှိနေချိန်မှာပဲ ဂျိုရှုဝါ ဗန် ရရှိထားတဲ့ဒဏ်ရာကြောင့် မေလ ၉ ရက်မှာ ပြန်လည် ပြုလုပ်မှာလို့ ဆိုပါတယ်။
ဂျိုရှုဝါ ဗန်ဟာ ဒဏ်ရာအသေးစားရထားတာကြောင့်လို့ ပြိုင်ပွဲကို နောက်ရွှေ့တယ်လို့ UFC ဘက်က ကြေညာပေမဲ့ အသေးစိတ်တော့ မပြောပါဘူး။
အစောပိုင်းပွဲစဉ်သတ်မှတ်ချက်အရ ဗန်ဟာ သူရရှိထားတဲ့ ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကို ကာကွယ်ဖို့ ဂျပန်ဖိုက်တာ တာဆုရို တိုင်ရာနဲ့ ယှဉ်ပြိုင်ရဖို့ရှိနေတာပါ။
အသက် ၂၄ နှစ်အရွယ် ဗန်ဟာ ဖလိုင်းဝိတ်တန်း ခါးပတ်အတွက် အလက်ဇန်းဒါး ပန်ဒိုဂျာနဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ ထိုးသတ်ပြီး UFC သမိုင်းမှာ ချန်ပီယံ ခါးပတ်ရတဲ့ ဒုတိယမြောက် အသက်အငယ်ဆုံးကစားသမားဖြစ်လာပါတယ်။
ဗန်ဟာ လက်ရှိမှာ ထိုးသတ်ပွဲတွေကို ၆ ပွဲ ဆက်တိုက် အနိုင်ရထားသူလည်းဖြစ်ပါတယ်။
ချင်းဖိုက်တာ ဂျော့ရှုဝါ ဗန်ဟာ ကမ္ဘာတဝန်းပရိသတ် အခိုင်အမာရှိပြီး ထင်ရှားကျော်ကြားတဲ့ UFC ပြိုင်ပွဲ သမိုင်းမှာ ပထမဆုံးအကြိမ် ချန်ပီယံဖြစ်တဲ့မြန်မာနွယ်ဖွား ဖိုက်တာတစ်ဦး ဖြစ်ပါတယ်။
ထိုင်းတောင်ပိုင်း၊ ဖန်ဂန်ကျွန်းပေါ် တရားမဝင်ကလေးထိန်းကျောင်းတွေမှာလုပ်တဲ့ မြန်မာတစ်ဦးအဖမ်းခံရ
ဓာတ်ပုံ ရင်းမြစ်, ဖန်ဂန်ကျွန်းလဝက
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရတ်ထာနီခရိုင်အပိုင် ဖန်ဂန်ကျွန်းပေါ်မှာ တရားမဝင်ဖွင့်လှစ်ထားတဲ့ ကလေးထိန်းကျောင်း ၂ ကျောင်းကို ပိတ်ခဲ့ပြီး အဲဒီမှာလုပ်ကိုင်နေတဲ့ မြန်မာ၊ အစ္စရေးနဲ့ ထိုင်း နိုင်ငံသားတွေကို ရဲက မနေ့ ဧပြီ ၄ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းဘက်ကလာတဲ့သတင်းတွေမှာဖော်ပြပါတယ်။
ဖမ်းဆီးမှုထဲ အလုပ်သမားအဖြစ်လုပ်ကိုင်နေတဲ့ အသက် ၂၈ နှစ်အရွယ် မြန်မာနိုင်ငံသား မစုနန္ဒာပြည့်စုံလည်းပါဝင်ပါတယ်။
ထိုင်းရဲဝင်ဖမ်းတဲ့ ၂ ကျောင်းစလုံးဟာ ခရီးသွားလုပ်ငန်းကိုအားထားရတဲ့ ဖန်ဂန်ကျွန်းက ကျေးရွာအမှတ် ၇ မှာရှိတာဖြစ်ကြောင်း ရွာအကြီးအကဲ Paisit Thongjerm က Bangkok Post သတင်းဌာနကို ပြောပါတယ်။
ကျောင်းပုံစံအတိုင်းဖွင့်လှစ်ထားတဲ့ ပထမကျောင်းကိုရှာဖွေရာမှာ အသက် ၂ နှစ်ကနေ ၅ နှစ်ကြား ရှိတဲ့ နိုင်ငံခြားသားကလေးငယ် ၁၃ ဦးရှိနေပါတယ်။ အဲဒီကျောင်းကို အစ္စရေးနိုင်ငံသားက တည်ထောင်ထားတာဖြစ်ပြီး နောက်ထပ်အစ္စရေးဆရာတစ်ဦးနဲ့ အလုပ်သမားအဖြစ် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား မစုနန္ဒာပြည့်စုံ တို့ကို တွေ့ရှိခဲ့ပါတယ်။
နောက်တစ်ကျောင်းမှာတော့ အသက် ၂ နှစ်ကနေ ၅ နှစ်ကြားရှိတဲ့ ကလေး ၁၀ ဦးကို အတန်းတက် နေချိန်မှာပဲ ထိုင်းရဲတွေက စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဖော်ပြကြပါတယ်။
အဲဒီကျောင်းမှာတော့ ဆရာအဖြစ်လုပ်ကိုင်နေတဲ့ အစ္စရေးနဲ့ ထိုင်းနိုင်ငံသား နှစ်ဦးကိုတွေ့ရပြီး ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်နေကြတဲ့အခြေအနေပါ။
အခုလိုတရားမဝင်ကျောင်းဖွင့်ကာလုပ်ကိုင်နေသူတွေကို ဥပဒေအတိုင်းအရေးယူမယ်လို့ ဖန်ဂန်ကျွန်းရဲစခန်းက ပြောထားပါတယ်။
အဲဒီ ဖန်ဂန်ကျွန်းမှာ အစ္စရေးနိုင်ငံသားတွေများလာလို့ဆိုကာ ထိုင်းနိုင်ငံသားတွေက တိုင်ကြားတဲ့ ဖြစ်စဉ်တွေလည်း ပြီးခဲ့တဲ့လပိုင်းတွေထဲ ဆက်တိုက်ဖြစ်ခဲ့ကြောင်း ထိုင်းသတင်းတွေအရ သိရပါတယ်
ထိပ်တန်း သတင်းများ
ဆောင်းပါး
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။