လေယာဉ်ပျောက်ရှာပုံတော် မြန်မာရေတပ်ပါ ပါလာ

ရေဒါနဲ့ဂြိုလ်တု အချက်အလက်တွေ ပိုပံ့ပိုးကြဖို့ မလေးရှား ဝန်ကြီးပန်ကြား

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရေဒါနဲ့ဂြိုလ်တု အချက်အလက်တွေ ပိုပံ့ပိုးကြဖို့ မလေးရှား ဝန်ကြီးပန်ကြား

ပြီးခဲ့တဲ့ သီတင်းတပတ်ကျော်ကတည်းက ပျောက်နေတဲ့ မလေးရှား လေယာဉ်ကို ခြေရာခံနိုင်အောင် ရေဒါနဲ့ ဂြိုလ်တု သတင်းအချက်အလက်တွေကို ပိုပံ့ပိုးကူညီကြဖို့ နိုင်ငံအတော်များများကို မလေးရှား အစိုးရက ပန်ကြားလိုက်ပါတယ်။

အခု ရှာ ဖွေရေးလုပ်ငန်းတွေမှာ မြန်မာ တရုတ် အိန္ဒိယ အပါအဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံက ပါဝင်ဆောင်ရွက်နေတယ်လို့ မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြောပါတယ်။

တရုတ်အစိုးရပိုင် ဆင်ဝှာသတင်းထဲမှာတော့ မြန်မာရေပိုင်နက်မှာ မြန်မာရေတပ်ကသင်္ဘော ၃ စင်း စနေနေ့ကစလို့ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး လုပ်ငန်းတွေ လုပ်နေကြတယ်လို့ ဖေါ်ပြထားပါတယ်။

မြန်မာရေတပ်သင်္ဘောတွေဟာ မလေးရှား နဲ့ အိန္ဒိယ ရေတပ်သင်္ဘောတွေနဲ့ ပူးပေါင်းပြီး မုတ္တမ ပင်လယ်ကွေ့ နဲ့ ဘင်္ဂလားပင်လယ်အော်တွေမှာ ရှာဖွေနေကြတယ်လို့ ဆိုပါတယ်။

ရှာဖွေ ကယ်ဆယ်ရေးမှာ အဲဒီနိုင်ငံတွေဟာ မမျှော်မှန်းထားလောက်အောင် ပူးပေါင်းကူညီနေကြတဲ့အတွက် ကျေးဇူးတင်ကြောင်း မလေးရှားဝန်ကြီးက ဖေါ်ပြခဲ့ပါတယ်။

အခုတော့ မလေးရှားလေယာဉ် ပျံသန်းခဲ့နိုင်ဘွယ်ရှိတယ်ဆိုတဲ့ တောင်နဲ့မြောက် လမ်းကြောင်း ၂ သွယ်ကို အဓိက အလေးထား ရှာဖွေနေကြပါတယ်။

နောက်ပြီး လေယာဉ်မှုး ၂ဦးနဲ့ တခြားလေယာဉ်ဝန်ထမ်းတွေ၊ ခရီးသည်တွေရဲ့ နောက်ကြောင်းတွေကို အလေးထားစုံစမ်းနေကြပြီး လေယာဉ်မှုး ၂ ဦးရဲ့ နေအိမ်တွေကို ရှာဖွေခဲ့ကြပါတယ်။