ပျောက်ဆုံးလေယာဉ် သဲလွန်စတွေ မမှန်ကန်ဟု ဆို

လေယာဉ်နဲ့ ပတ်သက်ပြီး ဘာသဲလွန်စမှ မရသေးပါလို့ ဆို

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, လေယာဉ်နဲ့ ပတ်သက်ပြီး ဘာသဲလွန်စမှ မရသေးပါလို့ ဆို

ပြီးခဲ့တဲ့ စနေနေ့ကတည်းက ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်ရဲ့ အပိုင်းအစတွေ ဆိုပြီး တရုတ်ဘက်က ထုတ်ပြန်ခဲ့တဲ့ ဂြိုဟ်တု ဓာတ်ပုံတွေဟာ မမှန်ကန်ပါဘူးလို့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။

တရုတ် အာဏာပိုင်တွေ ထုတ်ပြန်ခဲ့တဲ့ ရေမှာ မျောနေတဲ့ အစိတ်အပိုင်းကြီး ၃ ခုရဲ့ ပုံရိပ်တွေဟာ ပျောက်ဆုံး လေယာဉ်ရဲ့ အစိတ်အပိုင်းတွေ မဟုတ်ဘဲ မှားယွင်း ထုတ်ပြန်မိတာသာ ဖြစ်တယ်လို့ မလေးရှား ပို့ဆောင်ရေး ဝန်ကြီး Hishammuddin Hussein က ကွာလာလမ်ပူမှာ သတင်းထောက်တွေကို ပြောပါတယ်။

တစ်ခါ ပျောက်ဆုံး လေယာဉ်ဟာ အဆက်အသွယ် ပြတ်တောက်သွားပြီး နောက်ပိုင်း နာရီ အတော်ကြာကြာ ဆက်လက် ပျံသန်းနေတယ် ဆိုတဲ့ သတင်းတွေကိုလည်း သူက ငြင်းဆိုလိုက်ပါတယ်။

ကွာလာလမ်ပူကနေ ဘေဂျင်းကို ပျံသန်းတဲ့ အဲဒီ လေယာဉ်ပေါ်မှာ လူ ၂၃၉ ဦး လိုက်ပါသွားပြီး လူ ၁၅၀ ကျော်က တရုတ်လူမျိုးတွေ ဖြစ်ပါတယ်။

အခုအခါ အဲဒီ ပျောက်ဆုံးနေတဲ့ လေယာဉ်ကို ရှာဖွေရာမှာ မြန်မာ လေပိုင်နက်ထဲမှာလည်း ရှာဖွေဖို့ မြန်မာအစိုးရက ခွင့်ပြုလိုက်ပါတယ်။

ဒါအပြင် မလေးရှားက အကူအညီ တောင်းလာရင် မြန်မာ နိုင်ငံ အနေနဲ့ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ကူညီ ဆောင်ရွက်ပေးနိုင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။