Virgin Galactic ခရီးစဉ်စတင် - အာကာသခရီးသွား လုပ်ငန်းဆိုတာ ဘာလဲ

ဓာတ်ပုံ ရင်းမြစ်, Inspiration4

    • ရေးသားသူ, Andrew Webb
    • ရာထူးတာဝန်, BBC World Service

Virgin Galactic ရဲ့ ပထမဆုံး စီးပွားဖြစ် အာကာသခရီးစဉ် စတင်ပြီ ဖြစ်တာကြောင့် အာကာသခရီးသွား လုပ်ငန်းတွေ တွင်ကျယ်လာဖို့ ခြေတစ်လှမ်းနီးလာပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ခရီးစရိတ်က များပြီး အန္တရာယ်လည်း အတန်အသင့် ရှိတဲ့ ဒီလို ခရီးစဉ်တွေကို သန်းကြွယ်သူဌေးတွေလောက်သာ သွားနိုင်ကြမှာ ဖြစ်ပါတယ်။ ဆာရစ်ချတ် ဘရဲန်ဆန်ရဲ့ ပုဂ္ဂလိက အာကာသ ခရီးသွားလုပ်ငန်းက အာကာသထဲကို မိနစ် ၉၀ ကြာ သွားရောက်နိုင်မယ့် Galactic 01 ခရီးစဉ်ကို စတင်ပြီ ဖြစ်ပါတယ်။ ဒီလို စီးပွားဖြစ် အာကာသခရီးစဉ်တွေမှာ ဘာတွေ မြင်ရ ကြုံရမလဲ၊ အာကာသခရီးသွား တစ်ယောက်ဖြစ်ဖို့ ဘယ်လောက် ကုန်ကျမလဲ။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ ၂၀၂၁ ကVirgin Galactic ရဲ့ VSS Unity ဒုံးလေယာဉ် နဲ့ ဘီလျံနာ သူဌေး ရစ်ချတ်ဘရဲန်ဆင်နဲ့ သူ့အဖွဲ့သားတွေ အာကာသ အစွန်းကို ရောက်ခဲ့ကြ

အာကာသခရီးသွား လုပ်ငန်းဆိုတာ ဘာလဲ

အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ နာဆာက ကမ္ဘာ့ လေထုရဲ့ အထက် သို့မဟုတ် ကမ္ဘာ့မြေမျက်နှာပြင်ရင် အထက် မိုင် ၅၀ မှာ သွားလာတဲ့ ပျံသန်းမှု ခရီးစဉ် ဆိုရင် အာကာသ ခရီးသွားလုပ်ငန်း အဖြစ် သတ်မှတ်ထားပါတယ်။

အဲဒီလို အာကာသ ခရီးမျိုး သွားခဲ့ကြသူတွေထဲက အထင်ရှားဆုံးသူတွေကို ပြပါဆိုရင်တော့ Star Trek အာကာသသိပ္ပံ ရုပ်သံ ဇာတ်လမ်းတွေမှာ Captain Kirk အဖြစ် သရုပ်ဆောင်သူ ဝီလယမ် ရှတ်တနာနဲ့ Blue Origin တည်ထောင်သ ဂျက်ဖ် ဘေးဇော့စ်တို့ ဖြစ်ပါတယ်။

ဒီခရီးစဉ်မျိုးတွေကနေ ကမ္ဘာမြေရဲ့ မခိုင်မြဲတဲ့ ဖြစ်တည်ပုံကို ပိုပြီး သိနားလည်ခွင့်ရစေတယ်လို့ ဆိုကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်ရဲ့ ပထမဆုံး လမျက်နှာပြင်သွား ခရီးစဉ်အတွင်း ရိုက်ကူးခဲ့သော ကမ္ဘာမြေကို လပေါ်က မြင်ရတဲ့ ပထမဆုံး ဆေးရောင်စုံပုံ

ဝီလယမ် ရှတ်တနာက Variety Magazine မှာ အေးစက်စက် နိုင်လှတဲ့ အာကာသထဲကနေ နွေးထွေးမှုတွေ ပေးနေတဲ့ အောက်က မြေကမ္ဘာကို မြင်လိုက်ရတဲ့ အခါ ဝမ်းနည်းသလိုကြီး ခံစားမိခဲ့တယ်လို့ ဆိုထားပါတယ်။ နေ့စဉ် နေ့တိုင်း ကမ္ဘာမြေကြီးဟာ လူသားတွေရဲ့ လက်ချက်နဲ့ ပိုပြီး ယိုယွင်း ပျက်စီးလာနေရတယ်လို့ ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP / Blue Origin handout

ဓာတ်ပုံ ပုံစာ, အမေဇုံ တည်ထောင်သူ ဂျက်ဖ်ဘေးဇော့စ် နဲ့ သရုပ်ဆောင် ဝီလယမ် ရှတ်တနာတို့ နဲ့ အတူ Blue Origin ရဲ့ New Shepard ခရီးစဉ်မှာ လိုက်ပါခဲ့ကြသူတွေ တက္ကဆက် ပြည်နယ်မှာ ပြန်လည်ဆင်းသက်လာကြစဉ်

Virgin Galactic 01 ပေါ်မှာ ဘယ်သူတွေလိုက်ပါကြမလဲ

Virgin Galactic 01 နဲ့ လူ ၃ ယောက် လိုက်ပါဖို့ ရှိပါတယ်။ အီတလီ လေတပ်နဲ့ အီတလီ အမျိုးသား သုတေသန ကောင်စီ တို့က ဖြစ်ပြီး သူတို့ကို Virgin Galactic ရဲ့ အာကာသ ယာဉ်မှူး သင်တန်းဆရာက ဒီခရီးတို အတွင်း သင်ကြားညွှန်ပြပေးသွားမှာ ဖြစ်ပါတယ်။

Virgin Galactic 01 ပေါ်မှာ ဘာတွေ တွေ့ကြုံကြရမလဲ

အာကာသယာဉ်ပေါ် ပါသွားသူတွေအနေနဲ့ အာကာသရဲ့ အစွန်းကို ရောက်ရှိလာတာနဲ့ အလေးမဲ့ခြင်းကို စတင်ခံစား သိရှိကြမှာ ဖြစ်ပါတယ်။ သူတို့ကို ထိန်းပေးထားတဲ့ အထိန်းကြိုး ခါးပတ်တွေကို ဖြုတ်လိုက်ကြပြီး ဆွဲအား သုည ဖြစ်နေတဲ့ အတွက် အာကာသယာဉ်ထဲမှာ စီးမြောပြီး သွားလာနိုင်ကြမှာ ဖြစ်သလို စမ်းသပ်မှု ၁၃ ခုကို လုပ်သွားကြမှာ ဖြစ်ပါတယ်။ biomedicine thermo-fluid dynamics စမ်းသပ်မှုတွေ အပြင် microgravity နဲ့ ပတ်သက်လို့လည်း လေ့လာကြဖို့ ရှိပါတယ်။ ဒီးခရီးစဉ်ဟာ ကမ္ဘာကို အပြည့်ပတ်မှာ မျိုးမဟုတ်တဲ့ suborbital ခရီးစဉ်ဖြစ်ပြီး မိနစ်အနည်းငယ်သာ ကြာမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ အာကာသယာဉ်ပေါ် ပါလာသူတွေက သူတို့ကိုယ် သူတို့ အထိန်းကြိုး ခါးပတ်တွေ ပတ်ပြီးတာနဲ့ ကမ္ဘာ့လေထုထဲကို ပြန်လည် ဆင်းသက်ဝင်ရောက်လာမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ESA

ဓာတ်ပုံ ပုံစာ, ဆယ်စုနှစ် တခုအတွင်းမှာ လအခြေစိုက် စခန်းတခု တည်ဆောက်လာနိုင်

အာကာသခရီးသွားဖို့ ဘယ်လောက်ကုန်မလဲ

ဈေးကတော့ အစားစား ရှိပါတယ်။ Virgin Galactic ရဲ့ မိနစ် ၉၀ အာကာသ ခရီးသွားမယ်ဆိုရင် ဒေါ်လာ ၄၅၀၀၀၀ ကုန်မှာ ဖြစ်ပါတယ်။

အိန္ဒိယ မီဒီယာတွေမှာတော့ အိန္ဒိယ အာကာသ စူးစမ်းလေ့လာရေး အဖွဲ့ (ISRO) ရဲ့ ဥက္ကဋ္ဌ ဆရီဟာရ ဆွမ်မန်နတ်သ်ကို ကိုးကားပြီး လက်မှတ်တစ်စောင်ကို ရူပီးငွေ သန်း ၆၀ အမေရိကန် ဒေါ်လာ ၇၃၁၀၀၀ လောက် ပေးရနိုင်တယ်လို့ (ISRO) က ခန့်မှန်းထားကြောင်း ဖော်ပြကြပါတယ်။

Blue Origin ရဲ့ ခရီးစဉ် တစ်ခုမှာ တနေရာစာကို လေလံတင်ရောင်းတဲ့အခါ ဒေါ်လာ ၂၈ သန်း ရခဲ့ပါတယ်။ အဲဒီနောက်ပိုင်း သွားမယ့် ခရီးစဉ်အတွက် တစ်နေရာစာကိုလည်း ဒေါ်လာ ၁ သန်းနဲ့ ရောင်းခဲ့ရသလို တစ်ခါတရံမှာ ထင်ရှားကျော်ကြား သူတွေကို လက်ဆောင်အဖြစ် ပေးတာမျိုးလည်း ရှိပါတယ်။

တခြား ကုမ္ပဏီတွေနဲ့ ကမ္ဘာကို တစ်ပတ် ပြည့်အောင် ပတ်ဖို့ သွားမယ်ဆိုရင်တော့ ဒေါ်လာသန်း ၅၀ လောက် ကုန်ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အဲဒီလို ကမ္ဘာတစ်ပတ် အာကာသခရီးနှင်ဖူးသူ တွေထဲက တစ်ယောက်ကတော့ ဗီဒီယိုဂိမ်း ဒီဇိုင်းထုတ်သူ ရစ်ချတ် ဂါးရီးယော့တ်ပဲ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘာမြေက ဆဋ္ဌမမြောက် အာကာသခရီးသည် ရစ်ချတ် ဂါးရီးယော့တ်ကတော့ လူသားတွေရဲ့ အနာဂတ်နဲ့ သိပ္ပံသုတေသန လုပ်ငန်းတွေမှာ ကြွယ်ဝတဲ့ ခရီးသွားတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်တယ်လို့ ယူဆ

ပြီးခဲ့တဲ့ ၂၀၀၈ က သူ ဆိုယုဇ် TMA-13 ခရီးစဉ်နဲ့ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းဆီကို လိုက်ပါသွားခဲ့ပါတယ်။

၂၀၂၁ အတွင်းက ဘီဘီစီနဲ့ တွေ့ဆုံခဲ့ရာမှာ လူသားတွေဟာ ဂြိုဟ်ကမ္ဘာတွေကြား ခရီးသွားလာနိုင်တဲ့ မျိုးနွယ်တစ်ခု ဖြစ်တယ်ဆိုတာ မေးခွန်း ထုတ်စရာ မလိုပါဘူးလို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ သူ့အနေနဲ့တော့ လူသားတွေ ကမ္ဘာမြေကို စွန့်ခွာသွားကြလိမ့်မယ်လို့တော့ မထင်ကြောင်း၊ အာကာသထဲမှာ နေထိုင်ဖို့က ပိုပြီးခက်ခဲတဲ့အကြောင်း သတိပေးစကားမျိုးလည်း ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၅ နိုင်ငံပူးပေါင်း တည်ဆောက်ထားတဲ့ အာကာသထဲက အကြီးမားဆုံး အဆောက်အအုံ အပြည်ပြည်ဆိုင်ရာ အာကာသ စခန်း

အနာဂတ်မှာ အာကာသခရီးသွားဖို့ ဈေးသက်သာ လာမလား

ခရီးစဉ်တွေ တိုးလာသလို နည်းပညာပိုင်းလည်း တိုးတက်လာတာနဲ့ အမျှ ဈေးနှုန်းတွေလည်း ထိုးကျလာနိုင်ပါတယ်။ ရစ်ချတ် ဂါရီးယော့တ်က ၂၀၂၁ မှာ သွားတာက စတင်ကာစ အချိန်တွေကထက် အဆရာထောင်ချီ ဈေးသက်သာတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ချမ်းသာကြွယ်ဝသူတွေ အာကာသ ခရီးသွားဖို့ စိတ်ပါဝင်စားမှု ရှိမလာမချင်း နောက်တဆင့်တက်နိုင်ဖို့ ခက်နေကြလိမ့်ဦးမယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန် အာကာသခရီးသည် ရစ်ချတ် ဂါးရီးယော့တ် လိုက်ပါခဲ့တဲ့ ရုရှားရဲ့ ဆိုယုဇ် အာကာသယာဉ် ကာဇက်စတန် မြောက်ပိင်းမှာ ပြန်လည် ဆင်းစဉ်

စွန့်ဦးတီထွင်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီး အီလွန်မတ်စ်ခ်ရဲ့ SpaceX ကလည်း အာကာသ ခရီးသည်တွေကို ကမ္ဘာပတ်လမ်းထဲကို သယ်ယူ ပို့ဆောင်ပေးနေပြီ ဖြစ်ပါတယ်။ SpaceX က ခရီးစရိတ် အကုန်အကျ လျှော့ချနိုင်ဖို့ ပြန်လည် အသုံးပြုလို့ရတဲ့ ဒုံးပျံကို သုံးပြီး လွှတ်တင်ပါတယ်။ ဒါကို Amazon ရဲ့ သူဌေးကြီး ဂျက်ဖ် ဘေးဇော့စ်ကလည်း အားကျမခံ တုံ့ပြန်ခဲ့ပါတယ်။ သူက Orbital Reef လို့ခေါ်တဲ့ စီးပွားဖြစ်သုံး ကမ္ဘာပတ် အာကာသ စခန်းတွေ တည်ဆောက်ချင်တဲ့ အကြောင်းပြောခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၉၉၁ ခုနှစ်က ဆိုဗီယက် မီယာ အာကာသစခန်းကို ရောက်ခဲ့ဖူးသူ ယူကေရဲ့ ပထမဆုံး အာကာသယာဉ်မှူး ဟယ်လန် ရှားမန်းကလည်း ပုဂ္ဂလိက လုပ်ငန်းရှင်တွေရဲ့ လက်တွေ့ဆန်တဲ့ ချဉ်းကပ်မှုတွေကြောင့် လက်ရှိ နိုင်ငံအလိုက် ယှဉ်ပြိုင်မှုတွေတောင် မှေးမှိန်သွားစေနိုင်တယ်လို့ ပြောပါတယ်။ သူက စီးပွားဖြစ် လုပ်ဖို့ ကြိုးစားလာကြတာကြောင့် ကမ္ဘာတဝန်းက ကုမ္ပဏီတွေ အချင်းချင်း ပူးပေါင်းဆောင်ရွက် လာကြနိုင်တယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်း ဘီဘီစီကို ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၉၁ က အာကာသယာဉ်မှူး Anatoly Artsebarsky ၊ Sergei Krikalevတိုနဲ့ အတူ တွေ့ရတဲ့ Helen Sharman

အာကာသခရီး အန္တရာယ်ကြီးသလား

အာကာသခရီးစဉ်တိုင်းဟာ အန္တရာယ်တွေကြားမှာ လုပ်ကိုင်ရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, Cantil အနီးမှာ ပျက်ကျခဲ့တဲ့ Virgin Galactic ရဲ့ SpaceShipTwo

ပြီးခဲ့တဲ့ ၂၀၁၄ က Virgin Galactic အာကာသယာဉ်ဟာ အမေရိကန် ပြည်ထောင်စုက မိုဟာဗီ သဲကန္တာရထဲမှာ စမ်းသပ် ပျံသန်းရင်း ပျက်ကျခဲ့ပြီး ယာဉ်မှူးသေဆုံးပြီး ကျန်တဦး ဒဏ်ရာ ရခဲ့ပါတယ်။

နောက်ပြီး လူတယောက်အတွက် အာကာသထဲမှာ အနေကြာတာနဲ့ အမျှ ခန္ဓာကိုယ်မှာလည်း အပြောင်းအလဲတွေ ရှိလာနိုင်ပါတယ်။ နာဆာရဲ့ အာကာသယာဉ်မှူး မေဂဲန် မက်အာသာ က ပြီးခဲ့တဲ့ ၂၀၂၁ က Business Insider နဲ့ တွေ့ဆုံခဲ့ရာမှာ အာကာသ ခရီးစဉ်တွေဟာ သက်တောင့်သက်သာလည်း မရှိသလို အန္တရာယ်လည်း များတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Megan McArthur / Twitter

ဓာတ်ပုံ ပုံစာ, ကမ္ဘာမြေက ပို့ပေးရတဲ့ အသင့်စား အစားအသောက်များဆီက အပြောင်းအလဲ အဖြစ် အပြည်ပြည်ဆိုင်ရာ အာကာသစခန်းမှာ စိုက်ပျိုးထားတဲ့ ငရုပ်သီးများနဲ့ လုပ်ထားသော တာကို ကို မေဂဲန် မက်အာသာ စားသုံးပြခဲ့၊

ကမ္ဘာပေါ်မှာ ရိုးရိုးရှင်းရှင်းနဲ့ လုပ်လို့ရနေတဲ့ အိပ်စက်တာတို့ သွားတိုက်တာတို့လို အရာတွေ အားလုံးက အာကာသထဲရောက်ရင် အင်မတန် ခက်ခဲကုန်တယ်လို့ သူက ဆိုပါတယ်။ ဒီဟာကို ဘယ်လိုနည်းနဲ့ အဆင်ပြေအောင် အောင်မြင်အောင်လုပ်ရမလဲ စသည်ဖြင့် အရင်စဉ်းစားရတော့တာပဲလို့ ပြောပါတယ်။ အာကာသ မူဝါဒရေးရာနဲ့ မဟာဗျူဟာ လေ့လာရေး စင်တာရဲ့ အဆိုအရတော့ အမေရိကန် ပြည်ထောင်စုက လွှတ်တင်ခဲ့တဲ့ အာကာသ ခရီးစဉ်တွေထဲမှာ လူအသေအပျောက် ရှိတာ ၁ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ဆိုပါတယ်။ ဒီလို ပြောလို့ သိပ်အန္တရာယ်မများဘူးလို့ ထင်ကောင်း ထင်ရနိုင်ပေမယ့် တကယ်တမ်း အာကာသ ခရီးစဉ် ဆိုတာဟာ သာမန် လေယာဉ် ခရီးစဉ်မျိုးထက် အဆ ၁၀၀၀၀ လောက် ပိုပြီး အန္တရာယ်များတယ်လို့ ဆိုပါတယ်။

အာကာသ ခရီးသွား လုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်သလား

လက်ရှိ သုံးစွဲနေကြတဲ့ ဒုံးပျံတွေကနေ ကာဗွန်ဒိုင် အောက်ဆိုဒ်နဲ့ နိုက်ထရိုဂျင် အောက်ဆိုဒ်လို ဖန်လုံအိမ် အာနိသင် ရှိတဲ့ ညစ်ညမ်းစေတတ်တဲ့ ဓာတ်ငွေ့တွေ ထုတ်လွှတ်နေတယ်လို့ ပြီးခဲ့တဲ့ ၂၀၂၁ အတွင်းက University College London မှာ ရူပပထဝီ ဆိုင်ရာ တွဲဖက် ပါမောက္ခ အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ Dr Eloise Marais က ဘီဘီစီကို ပြောခဲ့ပါတယ်။ သူက ဒီဒုံးပျံတွေက သာမန် လေယာဉ်တွေနဲ့ ခရီးသွားတာထက် အများကြီးပိုပြီး ပတ်ဝန်းကျင် ညစ်ညမ်းစေတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SpaceX

ဓာတ်ပုံ ပုံစာ, SpaceX ဒုံးပျံ ကမ္ဘာမြေကို ပြန်လည်ဆင်းသက်စဉ် ရိုက်ကူးထားသောပုံ၊ ဒုံးပျံတွေမှ ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့တွေထုတ်လွှတ်နိုင်

ဒါပေမဲ့ နည်းပညာသစ်တွေကြောင့်တော့ ဒီလို ညစ်ညမ်းမှုတွေကို လျှော့ချ ပေးလာနိုင်ကောင်းပါတယ်။ Blue Origin ကဆို သူတို့သုံးတဲ့ cryogenic အင်ဂျင်တွေက အိုဇုန်းလွှာထဲ ရောက်တဲ့အခါ ပုံမှန် သုံးနေကြတဲ့ air-launched hybrid engine ထက် အများကြီးပိုပြီး အိုဇုန်းပျက်စီးစေမှု နည်းတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NASA / Heritage Images / Getty Images

ဓာတ်ပုံ ပုံစာ, နာဆာရဲ့ မာရှယ် အာကာသ ပျံသန်းမှု စင်တာမှ ထုတ်လုပ်တဲ့ စေဆန် ၅ ဒုံးပျံနဲ့ လွှတ်တင်ခဲ့တဲ့ အပိုလို ၁၇ အာကာသ ယာဉ်မှူးများ ရိုက်ကူးခဲ့သော အပြာရောင် မြေကမ္ဘာ၊ The Blue Marble ဟု ကျော်ကြား

အာကာသ ခရီးသွားလုပ်ငန်းမှာ ဘယ်ကုမ္ပဏီတွေ အပြိုင်အဆိုင် ဖြစ်နေကြလဲ

လတ်တလောမှာ ပြိုင်ဆိုင်နေကြတဲ့ ကုမ္ပဏီကြီး ၃ ခု ရှိပြီး တခြား ကုမ္ပဏီ အသစ်တွေလည်း ထပ်ပေါ်လာနေပါတယ်။

Space X

SpaceX ကို ပြီးခဲ့တဲ့ ၂၀၀၂ ခုနှစ်က တက်စလာ ကုမ္ပဏီကို တည်ထောင်သူ နဲ့ လက်ရှိ တွစ်တာရဲ့ ပိုင်ရှင် အီလွန် မတ်စ်ခ်က တည်ထောင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Inspiration4

ဓာတ်ပုံ ပုံစာ, Inspiration4 SpaceX mission နဲ့ လိုက်ပါကြတဲ့ အပျော်တမ်း အာကာသယာဉ်မှူးများ ဖြစ်ကြတဲ့ Jared Isaacman၊ Hayley Arceneaux၊ Sian Proctor နဲ့ Chris Sembroski

အပြည်ပြည်ဆိုင်ရာ အာကာသစခန်း ဆီကို အာကာသ ယာဉ်မှူးတွေနဲ့ ကုန်ပစ္စည်းတွေ သယ်ယပို့ဆောင်ပေးနိုင်ဖို့ အတွက် နာဆာနဲ့ အနီးကပ် လုပ်ဆောင်နေကြပါတယ်။ SpaceX ဟာ လွှတ်တင်လိုက်ပြီးနောက် သူ့အလိုအလျောက် ပြန်လည် ဆင်းသက်နိုင်စွမ်းရှိပြီး ပြန်လည်အသုံးပြုလို့ ရတဲ့ ဒုံးပျံတွေကို သုံးစွဲနေပါတယ်။

Blue Origin

Blue Origin ကိုတော့ ၂၀၀၀ ပြည့်နှစ်မှာ Amazon ရဲ့ တည်ထောင်သူ ဂျက်ဖ် ဘေးဇော့စ်က စတင်တည်ထောင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, 2017 ၂၀၁၇ ဧပြီလ ၅ ရက်နေ့မှာ Colorado Springs မှာ ကျင်းပခဲ့တဲ့ ၃၃ ကြိမ်မြောက် အာကာသစာတမ်း ဖတ်ပွဲမှာ ဂျက်ဖ်ဘေးဇော့စ် မီဒီယာတွေနဲ့ တွေ့ဆုံစဉ်

New Shepard လို့ခေါ်တဲ့ အကြိမ်ကြိမ် ပြန်လည် သုံးစွဲနိုင်တဲ့ အာကာသယာဉ်ကို သုံးပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ က ပထမဆုံး ခရီးစဉ်ကို လွှတ်တင်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ ခရီးစဉ်နဲ့ လက်ပါခဲ့ကြသူတွေထဲမှာ ဂျက်ဖ် ဘေးဇော့စ် ကိုယ်တိုင်လည်း ပါသလို၊ သူ့ညီဖြစ်သူ မာ့ခ်၊ မယ်ရီ ဝေါလေ့စ် ဖန့်ခ်၊ နဲ့ ၁၈ နှစ် အရွယ် ဒတ်ချ်လူမျိုး အိုလီဗာ ဒဲမန်းတို့ လိုက်ပါခဲ့ကြ ပါတယ်။ အိုလီဗာ ဒဲမန်းကတော့ သူ့အရင် လိုက်ပါဖို့ အခွင့်အရေး ရခဲ့သူ မဲပေါက်ခဲ့တဲ့ ခရီးသည်ဟာ အကြောင်းမညီညွတ်တာကြောင့် မလိုက်ပါနိုင်တော့တဲ့ အတွက် ဒီလူရဲ့ နေရာမှာ လိုက်ပါခွင့် ရခဲ့သူ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင် ၂၀ ရက်မှာ ဂျက်ဖ်ဘေးဇော့စ် လိုက်ပါခဲ့တဲ့ Blue Origin ရဲ့ New Shepard ဒုံးပျံကြီးကို တက္ကဆက်ပြည်နယ် ဗန်ဟောင်းအနီးကနေ လွှတ်တင်ခဲ့

သူတို့ ကုမ္ပဏီက လမျက်နှာပြင်ပေါ်မှာ ဆင်းသက်နိုင်မယ့် Blue Moon Lander ဆိုတဲ့ ယာဉ်တမျိုးကိုလည်း တည်ဆောက်နေကြပါတယ်။

Virgin Galactic

Virgin Galactic ကိုတော့ ဆာရစ်ချတ် ဘရန်ဆန် တည်ထောင်ခဲ့တာပါ။ သူကိုယ်တိုင် Virgin Galactic ရဲ့ ပထမဆုံး အကာသ စမ်းသပ်ခရီးစဉ်ကို ကိုယ်တိုင် လိုက်ပါခဲ့ပြီးနောက် ၂ နှစ် အကြာမှာပဲ စီးပွားဖြစ် ခရီးစဉ်တွေကို စတင် ပျံသန်းခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ပထမဆုံး အာကာသ ခရီးစဉ် အောင်မြင်ခဲ့ပြီးနောက် အောင်ပွဲခံနေတဲ့ ဆာရစ်ချတ် ဘရဲန်ဆင်

Virgin Galactic က လာမယ့် သြဂုတ်လအတွင်း နောက်ထပ် ခရီးစဉ် တခေါက် ပျံသန်းဖို့ စီစဉ်နေပြီး နောက်ပိုင်းမှာ လစဉ် ခရီးစဉ်တွေ ပျံသန်းနိုင်ဖို့ အတွက်ပါ ကြိုးစားနေပါတယ်။

Indian Space Research Organisation (ISRO)

The Indian Space Research Organisation အိန္ဒိယ အာကာသ သုတေသန အဖွဲ့ အစည်း (ISRO) ကလည်း လာမယ့် ၂၀၃၀ မှာ အာကာသခရီးတို တခု စတင်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ ဒီခရီးစဉ်တွေကို အိန္ဒိယ အစိုးရရဲ့ အာကာသဆိုင်ရာ ဌာနရဲ့ ကွပ်ကဲမှုအောက်မှာ စီစဉ်နေကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ISRO via EPA

ဓာတ်ပုံ ပုံစာ, အိန္ဒိယ အာကာသ သုတေသန အဖွဲ့ အစည်း (ISRO) က ပြီးခဲ့တဲ့ ၂၀၁၆ အတွင်း INSAT-3DR ဂြိုဟ်တုကို လွှတ်တင်နိုင်ခဲ့သလို လာမယ့် ၂၀၃၀ မှာ အာကာသခရီးတို တခု စတင်နိုင်ဖို့ ကြိုးစားနေကြပါတယ်။

Iwaya Giken

Iwaya Giken ကတော့ ဂျပန် ကုမ္ပဏီသစ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကမှ သူတို့က အာကာသထဲကို မြင်ရနိုင်တဲ့ အမြင့်အထိ တက်နိုင်တဲ့ စီးပွားဖြစ် မိုးပျံ ပူဖောင်း ခရီးစဉ်တွေ စတင်မယ်လို့ ကြေညာခဲ့ပါတယ်။

ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် Keisuke Iwaya ကတော့ ခရီးစဉ်အတွက် လိုအပ်မယ့် သင်တန်းတွေ တက်ရောက်ဖို့ ခရီးသည်တွေအနေနဲ့ ဘီလျံနာ သူဌေးတွေ ဖြစ်စရာမလိုပါဘူးလို့ ဆိုပါတယ်။

သူတို့က အာကာသခရီးသွားလုပ်ငန်း ဆိုတာ လူတိုင်း သွားနိုင်မယ့် အားလုံးအတွက် ဖြစ်ရမယ်၊ အာကာသမှာလည်း ဒီမိုကရေစီ ရှိရမယ်လို့ ပြောပါတယ်။