ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီရန်ဆန္ဒပြပွဲ-အသက်တွေ ဆုံးခဲ့ရတဲ့ ဟီဂျာ့ဘ် ခေါင်းခြုံပုဝါ မခြုံရေး ဆန္ဒပြပွဲက အမျိုးသမီးငယ်တွေ
- ဖတ်ရန်အချိန်: မိနစ် ၂
အသက် ၁၆ နှစ်အရွယ် နီကာ ရှက်ကာရာမီဟာ သူ့အဒေါ် ပန်းချီဆရာမ အတက်ရှ်နဲ့ အတူ တီဟီရန်မြို့တော်မှာ နေခဲ့တာပါ။ အီရန်နိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံးလို့ ဆိုရမယ့် ဆန္ဒပြမှုကြီးမှာ ပါဝင်ဖို့ စက်တင်ဘာလ ၂၀ ရက် ညနေ ၅ နာရီမှာ နီကာ အိမ်ကနေ ထွက်လာခဲ့ပါတယ်။ ရဲတွေရဲ့ မျက်ရည်ယိုဗုံးတွေ ဒဏ်ကနေ ကာကွယ်ဖို့ မျက်နှာသုတ်ပုဝါ တစ်ထည်နဲ့ ရေဘူးတစ်ဘူးကို သယ်လာခဲ့ပါတယ်။
အင်စတာဂရမ် လူမှုကွန်ရက်ပေါ်မှာ သူတင်ခဲ့တဲ့ပုံတွေထဲမှာ နီကာဟာ အသက် ၂၂ နှစ်အရွယ် မာရှာ အာမီနီ အီရန်စာရိတ္တထိန်းသိမ်းရေးရဲတွေ ထိန်းသိမ်းခံထားရတုန်း သေဆုံးခဲ့ရတာကို မကျေနပ်ကြောင်း အော်ဟစ်ဆန္ဒပြရင်းနဲ့ သူ့ရဲ့ ဟိဂျာ့ဘ် ခေါင်းခြုံပုဝါကို သူကိုယ်တိုင် မီးတင်ရှို့ပြခဲ့တာကို နီကာရဲ့ သူငယ်ချင်းတွေ တွေ့ခဲ့ရပါတယ်။
သူ့သူငယ်ချင်းနဲ့ နီကာ နောက်ဆုံး ဖုန်းပြောခဲ့ချိန်ဟာ ရဲတွေလက်ကနေ လွတ်အောင် အသက်လု ပြေးလွှားနေတုန်းက ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ နီကာ့ကို ရက်အတော်ကြာ မတွေ့ရတော့ပါဘူး။
နီကာရဲ့ မိသားစုက နီကာကို အသည်းအသန် လိုက်ရှာခဲ့ကြပါတယ်။ နောက်ဆုံးမှာ နီကာနဲ့ တူတဲ့ အလောင်းတစ်လောင်း တွေ့ထားတယ် ဆိုပြီး ရဲက အကြောင်းကြားလာပါတယ်။
သူတို့က နီကာဟာ အမြင့်တစ်နေရာကနေ ပြုတ်ကျခဲ့တာလို့ ပြောပြီး ဓာတ်ပုံတွေပြပါတယ်။ မိသားစုကတော့ ဒီပုံတွေဟာ တမင် အကွက်ဆင် ရိုက်ပြထားတဲ့ ပုံတွေ ဖြစ်တယ်လို့ ပြောပါတယ်။
အဆုံးမတော့ နီကာရဲ့ အလောင်းကို မိသားစုကို ပြပါတယ်။ ဒါပေမဲ့ မျက်နှာကိုပဲ ကြည့်ခွင့်ရခဲ့ပါတယ်။ အညိုအမည်းစွဲအောင် ရိုက်နှက်ခံထားရပေမဲ့ နီကာ့ကို သူ့အမေက ချက်ချင်း မှတ်မိပါတယ်။
သူ့အလောင်းကို မိသားစုကို ပြန်မပေးခဲ့ပါဘူး။
နီကာ သာ အသက်ရှင်ဦးမယ်ဆိုရင် ၁၇ နှစ်ပြည့်မယ့်နေ့ရဲ့ နောက်တစ်နေ့မှာပဲ သူ့အလောင်းကို မိသားစု မျက်ကွယ်ရာမှာ အာဏာပိုင်တွေက မြေမြှုပ်ခဲ့ကြပါတယ်။
အီရန် အစ္စလာမစ်တော်လှန်ရေး တပ်ဖွဲ့တွင်းက တရားဝင်မဟုတ်တဲ့ သတင်းရပ်ကွက်ကနေ နီကာရဲ့ အဒေါ်ကို ပြောတာကတော့ နီကာ့ဆီက ခံဝန်ချက် ရဖို့ ကြိုးစားတုန်းမှာ သီတင်းတစ်ပတ်လောက် သူတို့ ထိန်းသိမ်းထားခဲ့တယ်၊ အဲဒီနောက် တီဟီရန်မြို့ အက်ဗင် အကျဉ်းထောင်ဆီ ပို့လိုက်တယ်လို့ ဆိုပါတယ်။
အခုတော့ နီကာ့အဒေါ်လည်း ထိန်းသိမ်းခံထားရပါတယ်။
အီရန်မှာ ဆန္ဒပြမှုတွေ ဖြစ်နေတာ သီတင်း တတိယပတ်ထဲကို ရောက်လာပြီ ဖြစ်ပြီး လူငယ်တွေ၊ အမျိုးသမီးတွေက "အမျိုးသမီးအရေး၊ လူ့ဘဝအရေး၊ လွတ်မြောက်ရေး"လို့ အဓိပ္ပာယ်ရတဲ့ "ဇန်၊ ဇန်ဒီဂီ၊ အဇာဒီ" လို့ တစ်ညီတညွတ်တည်း ဟစ်ကြွေး အော်ဟစ်ရင်း ရှေ့တန်းကနေ ပါဝင် ဆန္ဒပြလာကြတာကို သိသိသာသာ တွေ့လာနေရပါတယ်။
တဖြည်းဖြည်း ဆိုးဝါးလာနေတဲ့ အခြေအနေကို တားဆီးဖို့ ကြိုးစားတဲ့အနေနဲ့ အီရန်အစိုးရက ဆိုရှယ်မီဒီယာတွေကို ထိန်းချုပ်နိုင်ဖို့ အင်တာနက်လိုင်းတွေ ဖြတ်ခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေကလည်း ဆန္ဒပြသူတွေကို ကျည်ဆန်အစစ်တွေနဲ့ ပစ်ခတ် နှိမ်နင်းခဲ့ပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိမ်နင်းမှုတွေအတွင်း သေဆုံးသူတွေ ပိုပိုများလာနေတာနဲ့ ပတ်သက်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးက ဝေဖန်ရှုတ်ချလိုက်ပြီး ဒါဟာ "အင်တာနက်တွေ ဖြတ်တောက်၊ သတင်းအမှောင်ချခံထားရတဲ့ သူတွေအပေါ် အာဏာရှင်တွေက ရက်ရက်စက်စက် နှိပ်ကွပ်နေတယ် ဆိုတာကို ဖော်ပြနေတာ"လို့ ဆိုပါတယ်။
ကမ္ဘာပေါ်က တခြား လူငယ်အတော်များများလိုပဲ ဟာဒစ်စ် နဂျာဖီ ဟာလည်း ဆိုရှယ်မီဒီယာကို အရမ်းသုံးလေ့ရှိသူ တစ်ယောက်ပါ။ အီရန်သီချင်း၊ အကတွေရာ Qveen Herby နဲ့ Shakira တို့လို နာမည်ကြီး အဆိုတော်တွေရဲ့ သီချင်းတွေအပါအဝင် အနောက်တိုင်း တေးဂီတတွေ၊ အကတွေကိုပါ ကဖို့၊ ဆိုဖို့ သူကြိုက်ပါတယ်။
စက်တင်ဘာလ ၂၁ ရက်နေ့မှာ အသက် ၂၂ နှစ်အရွယ် ဟာဒစ်စ်ဟာ တီဟီရန်မြို့နဲ့ သိပ်မဝေးလှတဲ့ ကာရက်ဂျ်မြို့မှာ ဆန္ဒပြဖို့ ထွက်ခဲ့ပုံဗီဒီယိုကို သူ့သူငယ်ချင်းတစ်ယောက်နဲ့အတူ ဆိုရှယ်မီဒီယာပေါ် တင်ခဲ့ပါတယ်။ သူ့ကိုကြည့်ရတာ ပျော်ရွှင်မြူးတူးနေပုံ ရပါတယ်။
"နောက်နှစ်ပိုင်း အနည်းငယ်လောက်ကြာတဲ့အချိန် ဒီဗီဒီယိုကို ပြန်ကြည့်တဲ့အခါမှာ အခြေအနေတွေ ပြောင်းလဲ ကောင်းမွန်နေပြီဆိုရင် ကျွန်မ အရမ်းဝမ်းသာမိမှာပါ။" လို့ သူက ပြောခဲ့ပါတယ်။
အဲဒီနောက် တစ်နာရီအကြာမှာပဲ သူသေဆုံးခဲ့ပါတယ်။
အင်စတာဂရမ်ပေါ်မှာ ဗီဒီယိုကနေတဆင့် ဟာဒစ်စ်ရဲ့ အမေက "ကျွန်မရဲ့ သမီးဟာ ဟီဂျာ့ဘ်ကြောင့်၊ မာရှာ အာမီနီကြောင့် အသတ်ခံခဲ့ရတာပါ။ ဆန္ဒပြဖို့ သွားတုန်း သူ့ရင်ဘတ်၊ ဗိုက်၊ လည်ပင်း အကုန်လုံးကို ကျည်ဆန်မှန်ပြီး အသတ်ခံခဲ့ရတာပါ။ သူ့အလောင်းကို ကျွန်မတို့ ကြည့်ရတဲ့အခါ သူ့မျက်နှာနဲ့ တကိုယ်လုံး အညိုအမည်း စွဲနေတာ တွေ့ခဲ့ပါတယ်။"
ဟာဒစ်စ်ရဲ့ အသုဘကို မိသားစုအနေနဲ့ လူသိရှင်ကြား ကျင်းပဖို့ အာဏာပိုင်တွေက ခွင့်မပြုခဲ့ပါဘူး။ လူတွေမေးလာရင် ဟာဒစ်စ် သေတာဟာ မတော်တဆ ကားတိုက်လို့ ဒါမှမဟုတ် နာမကျန်းဖြစ်လို့ သေတာဆိုပြီး ပြောဖို့ အာဏာပိုင်တွေက မိသားစုကို ညွှန်ကြားခဲ့ပါတယ်။
ရက်အနည်းငယ်အကြာမှာ အမျိုးသမီးတစ်ဦးရဲ့ အုတ်ဂူဘေးမှာ တစ်ခေါင်းလုံး ကတုံးတုံးထားတဲ့ သူ့သမီးက ဆံပင်တွေ လက်ထဲမှာ ကိုင်ထားရင်း ခံစားချက်မဲ့တဲ့ အကြည့်နဲ့ ကင်မရာကို စိုက်ကြည့်နေတဲ့ ဗီဒီယိုပုံ ဆိုရှယ်မီဒီယာတွေပေါ် တက်လာပါတယ်။ အဲဒီအမျိုးသမီးလေးကတော့ စက်တင်ဘာလ ၂၀ ရက်နေ့ ဆန္ဒပြပွဲမှာ သေဆုံးခဲ့ရတဲ့ အသက် ၅၅ နှစ်အရွယ် ကာ့ဒ်လူမျိုးနွယ် အီရန်အမျိုးသမီး မီနော မာဂျီဒီရဲ့ သမီးပဲ ဖြစ်ပါတယ်။
မီနော ဟာ သူ့လိုပဲ ကာ့ဒ်လူမျိုးနွယ် တစ်ဦးဖြစ်တဲ့ မာရှာ အာမီနီ သေဆုံးခဲ့ရတာကို အကြီးအကျယ် ဒေါသထွက်ခဲ့ပြီး ဆန္ဒပြပွဲတွေမှာ သူလည်း ဝင်ဆန္ဒပြသင့်တယ်လို့ ခံစားမိခဲ့ပါတယ်။
"ကျွန်မလို လူမျိုး ဝင်ဆန္ဒမပြဘူးဆိုရင် ဘယ်သူတွေ ပြကြတော့မလဲ။ ကျွန်မဘဝမှာ အသက်ရှင်ခဲ့ပြီးပြီ၊ အနည်းဆုံးတော့ ကျွန်မတို့ လူငယ်တွေကို သူတို့ကို သတ်ခွင့်မပြုဖို့ ကျွန်မ ဆန္ဒပြရတာပါ။"လို့ မီနောက ပြောပါတယ်။
လတ်တလော နှစ်ပိုင်းတွေအတွင်း အီရန်နိုင်ငံမှာ ကန့်ကွက်ဆန္ဒပြမှု အတော်များများ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ခုလက်ရှိ ဆန္ဒပြမှုတွေက အရင်ဆန္ဒပြမှုတွေနဲ့ မတူ ထူးခြားတာက လူငယ်တွေ အများအပြား အထူးသဖြင့် အမျိုးသမီးငယ်တွေ အဓိက ပါဝင် ဆန္ဒပြနေကြတာကို တွေ့ရတာ ဖြစ်ပါတယ်။
လူမြင်ကွင်းမှာ အမျိုးသမီးတွေ ဟီဂျာ့ဘ် ခေါင်းခြုံပုဝါ ခြုံရမယ် ဆိုတဲ့ စည်းမျဉ်းဥပဒေ တင်းတင်းကျပ်ကျပ် ချမှတ်ထားတဲ့ အီရန်လို နိုင်ငံမျိုးမှာ ကျောင်းသူအမျိုးသမီးလေးတွေက သူတို့ရဲ့ ခေါင်းခြုံပုဝါတွေ ဖယ်၊ သူတို့ ဆံပင်တွေကို မဖုံးမပြုဘဲ လူမြင်ကွင်းမှာ ပြထားရင်း လွတ်လပ်မှု အခွင့်အရေး ဟစ်ကြွေးတောင်းဆိုနေကြပုံတွေကို အခုချိန်မှာ တွေ့လာနေရပြီ ဖြစ်ပါတယ်။