ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နန်းနီနီအေး- အာဏာသိမ်းစစ်တပ်ရဲ့ အသွင်ပြောင်း အစိုးရက အမျိုးသမီးဒုသမ္မတ
အာဏာသိမ်းစစ်ခေါင်းဆောင်က အရပ်သားသမ္မတအဖြစ်ပြောင်းပြီး အုပ်ချုပ်ဖို့ ပြင်ဆင်နေတဲ့ မြန်မာမှာ အမျိုးသမီး ဒုတိယသမ္မတတစ်ဦးကို စစ်ဗိုလ်ချုပ်တွေလွှမ်းမိုးထားတဲ့ လွှတ်တော်က ရွေးချယ်လိုက်ပါတယ်။
စစ်ဗိုလ်ချုပ်တွေရဲ့ ဗဟိုအုပ်ချုပ်ရေးထဲမှာပါဝင်လာတဲ့ အသက် ၅၇ နှစ်အရွယ် ကရင်တိုင်းရင်းသူ နန်းနီနီအေး က မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက်မှာ ပထမဆုံးအမျိုးသမီး ဒုတိယသမ္မတဖြစ်လာတာပါ။
ဒါဟာ နိုင်ငံရေးအာဏာကို လူတစ်စုက ထိန်းချုပ်ထားတဲ့ နိုင်ငံရေးစနစ်မှာ အမျိုးသမီးတွေလည်း ဦးဆောင်မှုကဏ္ဍမှာပါဝင်တယ်ဆိုတာကို ပြသဖို့နဲ့ နိုင်ငံတကာမှာ အပြုသဘောအမြင်ရအောင်ဆိုတဲ့ သုံးသပ်ချက်တွေရှိပါတယ်။
တစ်ဖက်မှာတော့ အရပ်ဝတ်နဲ့ သမ္မတဖြစ်လာမယ့် စစ်ခေါင်းဆောင်နဲ့ အစိုးရအဖွဲ့ထဲပါလာမယ့် စစ်ဗိုလ်အသွင်ပြောင်းအရာရှိကြီးတွေဆီမှာပဲ အဓိကဆုံးဖြတ်ချက်တွေ ဆက်ရှိနေမှာကြောင့် ဒီလိုခန့်အပ်မှုက အမှန်တကယ် အာဏာရှိ မရှိဆိုတာကို မေးခွန်းထုတ်ကြတာပါ။
နန်းနီနီအေး ဘယ်လိုအမျိုးသမီးလဲ
ကရင်ပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ နန်းနီနီအေးဟာ ၂၀၁၀ ခုနှစ်ကတည်းက နိုင်ငံ့ဝန်ထမ်းဘဝကနေ နိုင်ငံရေးလောကထဲဝင်ရောက်ခဲ့သူဖြစ်ပါတယ်။
နန်းနီနီအေး ရဲ့ ဖခင်ဖြစ်သူ စောဘိုးနီက ဦးနေဝင်းရဲ့ တစ်ပါတီအာဏာရှင်စနစ်လို့ ခေါ်ခဲ့ကြတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ခေတ်မှာ ကရင်ပြည်နယ်၊ ပါတီယူနစ်က လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။ မိခင်ဖြစ်သူက နိုင်ငံ့ဝန်ထမ်း၊ လက်ထောက်ညွှန်မှူးအငြိမ်းစားပါ။
စောဘိုးနီက ဦးသိန်းစိန်လက်ထက်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အရ အစိုးရ၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ပစ်ခတ်မှုရပ်စဲရေးခိုင်မာစေဖို့နဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ ဖွဲ့စည်းထားတဲ့ ပြည်နယ်အဆင့် JMC - ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အထိ ပါဝင်ခဲ့သူဖြစ်ပါတယ်။
နန်းနီနီအေးဟာ ၂၀၁၀ ခုနှစ်မှာ နိုင်ငံရေးလောကထဲကို မဝင်ရောက်ခင် မူလတန်းပြ၊ အလယ်တန်းပြ ကျောင်းဆရာမငယ်ဘဝကနေ ကွန်ပျူတာတက္ကသိုလ်နည်းပြ၊ လက်ထောက်ကထိကအဆင့်အထိ နိုင်ငံ့ဝန်ထမ်းလုပ်သက် ၁၇ နှစ်ရှိခဲ့သူဖြစ်ပါတယ်။
စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျင်းပခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဖာပွန်မြို့နယ်ကနေ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး အနိုင်ရကိုယ်စားလှယ်ဖြစ်ခဲ့ပါတယ်။
ပါတီဗဟိုကော်မတီဝင်၊ ပါတီဗဟိုအလုပ်အမှုဆောင်ကနေ ပြည်နယ် ပါတီဥက္ကဋ္ဌအထိဖြစ်လာခဲ့တဲ့သူ့ကို ကြံ့ခိုင်ရေးပါတီရဲ့ ငယ်မွေးခြံပေါက် ပါတီဝင်အမျိုးသမီးအဖြစ် ကရင်ပြည်နယ်က ကြံ့ခိုင်ရေးပါတီဝင်တချို့ကပြောပါတယ်။
''သူတို့ မိသားစုက စစ်အစိုးရတွေရဲ့ သြဇာခံမိသားစုလို့ပြောရင်လည်း မမှားဘူးပေါ့။ သူ ပထမဆုံး ရွေးကောက်ပွဲစဝင်တဲ့အချိန်မှာလည်း တပ်မိသားစုများတဲ့ ဖာပွန်ကနေ ဝင်ပြိုင်တာပေါ့'' လို့ ဘားအံမြို့က နိုင်ငံရေးနဲ့ လူမျိုးရေးရာကိစ္စတွေကို လေ့လာတဲ့ အကဲခတ်တစ်ဦးက ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲကာလက KIC သတင်းဌာနနဲ့ နန်းနီနီအေး သီးသန့်မေးမြန်းခန်းမှာ "ကြံ့ခိုင်ရေးပါတီကို စစ်တပ်ပါတီဖြစ်တယ်၊ ကြံ့ခိုင်ရေးနိုင်ရင် အာဏာရှင်တွေကြီးစိုးလာမယ်" လို့ ပြောဆိုမှုတွေအပေါ် နန်းနီနီအေးရဲ့ သဘောထားကို ကေအိုင်စီသတင်းထောက်ကမေးချိန်မှာ စစ်ဗိုလ်ချုပ်တွေ အငြိမ်းစားယူပြီးရင် အရပ်သားပြည်သူဖြစ်သွားလို့ လွတ်လပ်စွာရွေးချယ်ခံပိုင်ခွင့်ရှိတယ်ဆိုတာမျိုး သူကတုံ့ပြန်ဖြေခဲ့ပါတယ်။
အာဏာရှင်ပြန်လာမယ်ဆိုတဲ့ ပြောဆိုချက်က ရှေ့ကိုမသွားဘဲ နောက်ကိုသွားနေကြတာလို့ သူက မှတ်ချက်ပေးဖြေခဲ့ပါတယ်။
ဒါပေမဲ့ နန်းနီနီအေး ကို အနေအထိုင်သိုသိပ်ကျစ်လစ်သူအဖြစ် အများစုက ပြောစမှတ်ပြုကြပါတယ်။ ထင်ထင်ပေါ် ပေါ် ကြွားကြွားဝါဝါ မနေတတ်တဲ့ သူ့ရဲ့ ပင်ကိုယ်စရိုက်က လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အကြိုက်ဖြစ်ခဲ့တယ်လို့ နေပြည်တော်အသိုင်းအဝိုင်းက မှတ်ချက်ပြုပါတယ်။
''သူက တစ်သဝေမတိမ်း လိုက်နာတတ်သူလို့ ပြောရမှာပေါ့။ ဒါက ဦးမင်းအောင်လှိုင်ကြိုက်တဲ့ နိုင်ငံရေးသမားမျိုးပေါ့။ အရမ်းထင်ပေါ် ဖို့ကြိုးစားတဲ့ အမျိုးသမီးဆိုရင် စစ်ခေါင်းဆောင်ကမကြိုက်နိုင်ဘူး။ ရှေ့မှာ အရမ်းထင်ပေါ် သူတွေ ထင်ပေါ် ဖို့ကြိုးစားသူတွေ ဘာဖြစ်သွားလဲ။ သူက နေတတ်ထိုင်တတ်တယ်။ ဒါလုပ်ဆိုရင် ဒါပဲလုပ်တဲ့သူမျိုး'' လို့ နေပြည်တော်အခြေစိုက်နေထိုင်တဲ့ နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။
နန်းနီနီအေး ဟာ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေကို ဆက်တိုက်ယှဥ်ပြိုင်ခဲ့သူဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ ကလွဲရင် စစ်တပ်ဦးဆောင်တဲ့ ၂၀၂၅ ရွေးကောက်ပွဲအထိ ရွေးကောက်ပွဲ အများစုမှာ သူ အနိုင်ရခဲ့ပါတယ်။ ၂၀၁၀နဲ့ ၂၀၁၅ ခုနှစ်မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ၂၀၂၀ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်ရွေးကောက်ပွဲတွေမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ်ယှဥ်ပြိုင်ခဲ့ပါတယ်။
၂၀၂၀ ခုနှစ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကိုယ်စားလှယ်ကို မဲအရေအတွက် သောင်းဂဏန်း အကွာနဲ့ ရှုံးခဲ့ပြီး NLD မပါတော့တဲ့ ၂၀၂၅ စစ်တပ်ဦးဆောင်တဲ့ ရွေးကောက်ပွဲမှာတော့ ပြန်အနိုင်ရခဲ့ပါတယ်။
ဖာပွန်မြို့နယ်၊ ကမမောင်းဒေသက ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်တဲ့သူ့အနေနဲ့ ပါတီရဲ့ ကျောထောက်နောက်ခံပြုမှုကြောင့် တပ်အင်အားစုတွေနဲ့ တပ်ထောက်ခံသူတွေရဲ့ မဲတွေကို အမြဲသိမ်းနိုင်ခဲ့သူလို့ မှတ်ချက်ပြုကြပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း နန်းနီနီအေးရဲ့ မီဒီယာတချို့နဲ့ သီးခြားရုပ်သံအင်တာဗျူးတွေကိုပြန်ကြည့်ရင် ကရင်ပြည်နယ်ထဲက ဖွံ့ဖြိုးမှု နောက်အကျဆုံး၊ လုံခြုံမှု အနည်းဆုံး ဖာပွန်ဒေသရဲ့ ဖွံ့ဖြိုးရေးကို အမြင့်ဆုံးအခြေအနေအထိရောက်အောင် လုပ်နိုင်ခဲ့သူအဖြစ် သူ့ကိုယ်သူ ပုံဖော်ပြောလေ့ရှိပါတယ်။
ကရင်သတင်းဌာန KIC နဲ့ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်က သီးသန့်အင်တာဗျူးမှာဆိုရင် ဖာပွန်-ကမမောင်းနဲ့ ၀ါးဘိုးတော-ကမမောင်းလမ်းတွေ ပေါ်ထွက်လာရေး၊ ဖာပွန်က ၀န်ထမ်းတွေ လစာနှစ်ဆရရှိရေးနဲ့ စာသင်ကျောင်းတွေ ရရှိရေးကို လုပ်နိုင်ခဲ့တယ်လို့ သူ ပြောခဲ့ပါတယ်။
သူ ဒုတိယအကြိမ် အမျိုးသားလွှတ်တောကိုယ်စားလှယ်ဖြစ်ခဲ့ချိန်၂၀၁၉ ခုနှစ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ NLD ဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးခဲ့ကြဖူးပါတယ်။
ပြင်ဆင်ဖို့ အဆိုပြုပုဒ်မပေါင်း ၁၃၅ ခုထဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်အောင် တားဆီးထားတယ်လို့ ဝေဖန်မှုတွေရှိတဲ့ ပုဒ်မ ၅၉ (စ) လည်းပါဝင်ခဲ့ပါတယ်။
အဲဒီအချိန်က လွှတ်တော်မှာ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးနဲ့ပတ်သက်လို့ ဆွေးနွေးကြသူတွေထဲမှာ နန်းနီနီအေးလည်း အပါအဝင်ဖြစ်ပါတယ်။ သူက ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးကို ကန့်ကွက်သူဖြစ်ပါတယ်။
သူ့ဆွေးနွေးချက်ကိုပြန်ကြည့်တဲ့အခါ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက ဗိုလ်ချုပ်အောင်ဆန်းရဲ့ လမ်းညွှန်ချက် ၇ ချက်ထဲက ပါလီမန်အမတ်ဖြစ်ခွင့်နဲ့ နိုင်ငံခြားသားသြဇာခံထားသူက ပါလီမန်အမတ်ဖြစ်ခွင့်မရှိတဲ့အချက်နဲ့ နိုင်ငံတော်သမ္မတဖြစ်ခွင့်အပေါ် အပေါ် ကန့်သတ်ထားတဲ့ ပုဒ်မအချို့ကို ကိုးကားပြီး သူက ဆွေးနွေးခဲ့ပါတယ်။
နန်းနီနီအေးရဲ့ ကိုယ်ပိုင်ဆွေးနွေးချက်ထဲမှာတော့ '' နိုင်ငံအသီးသီးမှာ နိုင်ငံ့ခေါင်းဆောင်တာဝန်ယူမယ့် သူအသီးသီးအတွက် ကန့်သတ်ချက်တွေရှိပါတယ်။ ဒါကြောင့်ပုဒ်မ ၅၉ (စ) ပယ်ဖျက်ထားခြင်းကိုလုံးဝကန့်ကွက်ပါကြောင်း''ဆိုပြီး ဆွေးနွေးခဲ့ပါတယ်။
သူဟာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှစ်ဆက်မှာ ဥပဒေကြမ်းကော်မတီဝင်အဖြစ်လည်း ၁၀ နှစ်တာဝန်ထမ်းခဲ့သူဖြစ်ပါတယ်။ ဥပဒေကြမ်းကော်မတီဟာ လွှတ်တော်ကို တင်သွင်းလာတဲ့ ဥပဒေကြမ်းတွေကို စိစစ်ခြင်း၊ လေ့လာခြင်းနဲ့ အစီရင်ခံစာတင်ပြခြင်းတွေ ဆောင်ရွက်ရတဲ့ အရေးပါတဲ့ ကော်မတီဖြစ်ပါတယ်။
ဒါပေမဲ့ နန်းနီနီအေးထက် ဒေါ် ဒွဲဘူက အမျိုးသမီးဒုသမ္မတဖြစ်သင့်တယ်ဆိုတဲ့ အမြင်တွေလည်း စစ်တပ်ဦးဆောင် ရွေးကောက်ပွဲကနေထွက်လာတဲ့ လွှတ်တော်ထဲက အမတ်တချို့မှာရှိနေပါတယ်။
'' ကျွန်မတို့ကတော့ မဒွဲ (ဒေါ်ဒွဲဘူ) ကို ပိုသဘောကျတယ်။ ပိုဖြစ်စေချင်တယ်။ နာမည်ထွက်တော့လည်း သူက ထွက်ခဲ့တော့ သူသာဆိုရင် အတော်လေး လုပ်နိုင်ကိုင်နိုင်မယ်လို့မျှော်လင့်ထားတာပေါ့။ အခု နန်းနီနီအေးကတော့ အရင်လွှတ်တော်တဆက်တုန်းကတော့ ဆုံထားဖူးပါတယ်။ သူက အေးတယ်။ ဘယ်လိုပြောရမလဲ။ သိပ်ပြီး လှုပ်လှုပ်ရှားရှား ရှိတာမျိုးမဟုတ်ဘူးပေါ့နော်။ မဒွဲကတော့ ပိုပြီးထက်ထက်မြက်မြက်နဲ့ အုပ်ချုပ်ရေးဆိုလည်း အကြံပေးလုပ်တာ၊ နစကမှာ အဖွဲ့ဝင်ဖြစ်တာမျိုးတွေပါဖူးတော့လေ မဒွဲ မဖြစ်လာတာ အံ့သြတယ်''လို့ လက်ရှိပြည်သူ့လွှတ်တော်က အမျိုးသမီးကိုယ်စားလှယ်တစ်ဦးက သူ့အမြင်ကို ပြောပါတယ်။
စစ်တပ်ကျောထောက်နောက်ခံပြုပါတီလို့ သတ်မှတ်ခံထားရတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်ထဲပါတဲ့ သူ့ကို ကရင်ဒေသတွင်း ထင်ရှားတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေရဲ့ ကူညီစောင်မမှုတွေကလည်း သူ့ နိုင်ငံရေးလမ်းကြောင်းကို ချောမွေ့စေခဲ့တယ်လို့ ဘားအံမြို့အခြေစိုက် သတင်းရင်းမြစ်ကပြောပါတယ်။
''တောင်ကလေး၊ ဇွဲကပင်ဘုန်းကြီးတို့ဆိုတာ လက်ရှိပြည်နယ်အစိုးရနဲ့ စစ်အစိုးရတွေအပေါ် သြဇာလွှမ်းတယ်။ သူတို့ အခါတော်ပေးသလို ပေါင်းစပ်လုပ်ကြရတာရှိတယ်။ ဒီဆရာတော်တွေက ကူညီတာပေါ့။ မဲဆမိတ်ဂုရုကြီးဆရာတော်တို့လည်း ပါတယ်။''
ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းသူဖြစ်လာနိုင်လား
လက်ရှိ ဒုတိယသမ္မတလောင်းတွေရဲ့ အမည်စာရင်းအရ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတ၊ တပ်ကိုယ်စားလှယ်အစုအဖွဲ့ကတင်တဲ့ ဦးညိုစောက ဒုသမ္မတ(၁) ဖြစ်လာနိုင်ပြီး နန်းနီနီအေးက ဒုသမ္မတ(၂) ဖြစ်လာနိုင်ပါတယ်။
ကရင်တိုင်းရင်းသူတစ်ဦး ဒုတိယသမ္မတဖြစ်လာလို့ စစ်တပ်ကို ဆန့်ကျင်တော်လှန်နေတဲ့ ကရင်တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ ယူနီဖောင်းချွတ် စစ်တပ်တစ်ပိုင်း အစိုးရသစ်ကြားမှာ သူဟာ အခရာကျတဲ့ ဆွေးနွေးညှိနှိုင်းသူဖြစ်လာနိုင်မလားလို့ဆိုတဲ့ မှန်းဆချက်တွေလည်းရှိပါတယ်။
ကရင်ဒေသတွင်း အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်တပ်ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး - KNU ရဲ့ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကတော့ စစ်အာဏာရှင်ရဲ့ အပေါ်ယံအပြင်ပန်းအားဖြင့် လုပ်ချင်တိုင်းလုပ်နေတဲ့ ပြယုဂ်ပဲလို့ တုံ့ပြန်ပါတယ်။
''စစ်အာဏာရှင်အဆက်ဆက် တည်ဆောက်ထားတဲ့ အဖွဲ့တွေပဲဖြစ်တယ်ဆိုတော့ ဘာမှထူးထူးခြားခြား ပြောင်းလဲလာမှာမဟုတ်ပါဘူး။ စစ်အာဏာရှင်တွေရဲ့ စရိုက်အတိုင်း သူတို့ဆက်လုပ်နေမှာပဲ'' လို့ ပဒိုစောတောနီးက ပြောပါတယ်။
KNU ရဲ့ မူဝါဒက စစ်အာဏာရှင်အမြစ်ဖြတ်ရေးဖြစ်ပြီး၊ စစ်တပ်ဟာ နိုင်ငံရေးကနေထွက်ရမယ်၊ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ခံရမယ်လို့ KNU က တောက်လျှောက်ပြောခဲ့တာပါ။
စစ်ကော်မရှင်ကလည်း KNU ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားပါတယ်။
''သမ္မတပဲဖြစ်ဖြစ်၊ ဒုတိယသမ္မတပဲဖြစ်ဖြစ်၊ ဘယ်တိုင်းရင်းသားတွေကိုပဲ သူတို့တင်ကြပါစေ၊ တကယ့်မူဝါဒပိုင်းဆိုင်ရာမှာ စစ်အာဏာရှင်စနစ်က အရိုးစွဲနေတာကို မပြောင်းလဲနိုင်ဘဲနဲ့ ဘာမှဖြစ်မလာဘူး။ ကျွန်တော်တို့လုပ်နေတာက လူတွေပြောင်းလဲဖို့မဟုတ်ဘူး၊ စနစ်တစ်ခုပြောင်းလဲဖို့ဖြစ်တယ်။ စနစ်မပြောင်းဘဲ ဘယ်လူမျိုးကို သမ္မတတင်တင် ဘာမှထူးခြားလာမှာမဟုတ်ဘူး'' လို့ ပဒိုစောတောနီးက ဖြေပါတယ်။
ဘားအံမြို့ခံ၊ ကရင့်နိုင်ငံရေးအခြေအနေကို နားလည်သူတစ်ဦးကတော့ နန်းနီနီအေး အနေနဲ့ သူ့ဖခင်ရဲ့ နောက်ခံအခြေအနေနိုင်ငံရေးနဲ့ သူ့ လွှတ်တော်အမတ်နိုင်ငံရေးအတွေ့အကြုံကိုယူပြီး ဗဟိုအစိုးရက စေခိုင်းရင် KNU နဲ့ ကြားဝင်စေ့စပ်သူလုပ်နိုင်ပေမဲ့ သူ့ တစ်ဦးတည်းရဲ့ နိုင်ငံရေးလှုပ်ရှားမှုအရဆိုရင်တော့ ဖြစ်တန်ခြေနည်းတယ်လို့ ကောက်ချက်ချပါတယ်။
''ကျွန်တော်ကတော့ သူ့ကို အများကြီးမျှော်လင့်လို့ မရတဲ့သူအဖြစ်ပဲ မြင်တယ်။ သူ အနေအထိုင်သိုသိပ်တယ်ဆိုပေမဲ့ သူလုပ်နိုင်တာက ပွဲတက်ဖဲကြိုးဖြတ်အခြေအနေပဲ လုပ်နိုင်မယ်'' လို့ ဘားအံမြို့ခံ က ပြောပါတယ်။
မြန်မာနိုင်ငံရေးသမိုင်းထဲ ပထမဆုံးအမျိုးသမီးဒုသမ္မတ
စစ်တပ်က မကြာခဏအာဏာသိမ်းပြီး စစ်ဗိုလ်ချုပ်တွေအာဏာကြီးစိုးတဲ့ မြန်မာမှာ အမျိုးသမီးသမ္မတ ဒါမှမဟုတ် ဒုတိယသမ္မတ အဖြစ်တကြိမ်မှမရှိခဲ့ပါဘူး။ ၁၉၄၈ မြန်မာမှာလွတ်လပ်ရေးရပြီးတဲ့နောက် နှစ်ပေါင်း ၈၀ နီးပါးအတွင်း စစ်ဗိုလ်ချုပ်တွေရဲ့ နိုင်ငံရေးစနစ်ထဲမှာ နန်းနီနီအေးက ပထမဆုံး ဒုတိယသမ္မတအနေနဲ့ ထွက်ပေါ်လာတဲ့ အမျိုးသမီးလည်းဖြစ်ပါတယ်။
ကမ္ဘာမှာ ပထမဆုံး အမျိုးသမီး ဒုသမ္မတအဖြစ် ခန့်အပ်ခံခဲ့ရသူ စုစုပေါင်း ပျှမ်းမျှ ဦးရေ ၂၀ ခန့်ရှိခဲ့တယ်လို့ အချက်အလက်မှတ်တမ်းတချို့က ဖော်ပြပါတယ်။ ပထမဆုံးခန့်အပ်ခဲ့တဲ့ နိုင်ငံက တရုတ်နိုင်ငံဖြစ်ပြီး မော်စီတုန်းအုပ်ချုပ်ခဲ့တဲ့ ၁၉၅၀ ပြည့်နှစ်များကာလအတွင်းမှာဖြစ်ပြီး သူ့ အမည်က Soong Ching ling - ဆုန်ချင်းလင် ဖြစ်ပါတယ်။
ဒါပေမဲ့ တရုတ်နိုင်ငံမှာ အာဏာနဲ့ အမှန်တကယ်ဆုံးဖြတ်တဲ့ အဖွဲ့က ပေါ်လစ်ဗျူရိုဖြစ်ပြီး အဲဒီထဲမှာ ဒီကနေ့အထိ အမျိုးသမီး တစ်ဦးမှ မပါဝင်သေးပါဘူး။ ဒါကြောင့် အာဏာရှင်စနစ်ပေါ် အခြေပြုတဲ့ နိုင်ငံမှာ ဒီလိုခန့်အပ်မှုတွေဟာ အမျိုးသမီးပါဝင်မှုကို အပြသက်သက် (symbolic role) ပုံဖော်မှုတစ်ရပ်ဖြစ်လို့ သူတို့မှာ ဆုံးဖြတ်လုပ်ကိုင်နိုင်စွမ်း မရှိဘူးဆိုတဲ့ယူဆချက်တွေထွက်လာပါတယ်။
နိုင်ငံရေးအာဏာရဲ့ အဓိကဆုံးဖြတ်ချက်များမှာ ယူနီဖောင်းချွတ် စစ်ခေါင်းဆောင်ဟောင်းသမ္မတနဲ့ သူ့ရဲ့ စစ်ဖက်ရေးရာ အဖွဲ့အစည်းတွေထံမှာပဲရှိနေမယ်လို့ အမျိုးသမီးအရေးနဲ့ အမျိုးသမီးအခွင့်အရေးကို တစိုက်မတ်မတ်လုပ်ကိုင်ကြသူတချို့က သုံးသပ်ပါတယ်။
စစ်အာဏာသိမ်းကာလအတွင်းမှာ အမျိုးသမီးပေါင်းများစွာကို ထောင်တွင်းအကျဥ်းချ၊ နှိပ်စက်ညှဥ်းပန်းသတ်ဖြတ်ခဲ့တဲ့ စစ်တပ်က သူတို့ရဲ့ အဖွဲ့ထဲကို အမျိုးသမီးတစ်ဦးကို ခေါ်သွင်းလာတဲ့ အပြသက်သက် ပုံဖော်မှုကို ရှုတ်ချတယ်လို့ Sisters 2 Sisters (S2S) Myanmar အဖွဲ့က မသဥ္ဇာရွှန်းလဲ့ရည်က ဝေဖန်ပါတယ်။
စစ်တပ်ရဲ့ လွှတ်တော်ကို ခေါ်တဲ့နေ့မှာပဲ ဘုတလင်မှာဗုံးကြဲခံရလို့ ကိုယ်ဝန်ဆောင်မိခင်တွေ နိုင်ငံတွင်းမှာ သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဥ်နဲ့ ထောင်တွင်းအကျဥ်းချခံ၊ နှိပ်စက်ညှဥ်းပန်း၊ ဖိနှိပ်ချုပ်ခြယ်ခံရတဲ့ အမျိုးသမီးတွေ အများကြီးရှိနေတဲ့ အခြေအနေအပေါ် သူက နှိုင်းယှဥ်သုံးသပ်ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီရဲ့ ပြောခွင့်ရ ဦးသိန်းထွန်းဦးကတော့ နန်းနီနီအေးကို ပါတီရဲ့ကေဒါတစ်ဦးအဖြစ် ပုံဖော်ပါတယ်။
'' ရွေးကောက်ပွဲမှာ သုံးကြိမ် တောင်နိုင်ထားတယ်။ တိုင်းရင်းသားလည်းဖြစ်တယ်။ လွှတ်တော်ထဲမှာ သူလုပ်ခဲ့ကိုင်ခဲ့တာတွေလွှတ်တော်အတွေ့အကြုံတွေအများကြီးရှိပါတယ်။ အမျိုးသမီးတွေကိုပြယုဂ်မဟုတ်ဘဲ တကယ် လုပ်ပိုင်ခွင့်ပေးမှာကို အခုပဲ ဒုသမ္မတတစ်ဦးအဖြစ်တင်လိုက်ပြီပဲလေ ကြည့်ပါ'' လို့ တုံ့ပြန်ပါတယ်။
ဘီဘီစီက နန်းနီနီအေးနဲ့ တိုက်ရိုက်အဆက်အသွယ်ရမေးမြန်းနိုင်ဖို့ ဆက်သွယ်နေပေမဲ့ အဆက် အသွယ်မရသေးပါဘူး။ အဆက်အသွယ်ရချိန်မှာ သူရဲ့ ဖြေဆိုချက်တွေကိုထပ်မံဖြည့်စွက်ပေးသွားမှာဖြစ်ပါတယ်။