ဧပြီလ ၁ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီရန်နဲ့ပတ်သက်ပြီး သဘောတူညီချက် ရရ မရရ ‘‘လာမယ့်သီတင်းပတ်တွေအတွင်း အဆုံးသတ်မယ်’’ လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောတဲ့သတင်းအပါအဝင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေတာဖြစ်ပါတယ်။
ဧပြီလ ၁ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ ဝေါလေမြိုင်ရွာနားက ထီးသဲလယ်စခန်း တိုက်ပွဲကနေ လက်နက်ကြီးကျည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်၊ မဟာဝမ်ရွာထဲကို ကျရောက်ပေါက်ကွဲလို့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအပါအဝင် ၆ ဦး ထိခိုက်တယ်လို့ ထိုင်းသတင်းဌာနတွေကနေ ရေးသားပါတယ်။
ထိုင်းနိုင်ငံသားဘယ်လောက်နဲ့ မြန်မာနိုင်ငံသား ဘယ်လောက်ထိခိုက်ဒဏ်ရာရတယ်ဆိုတာကိုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။
မြန်မာတိုက်ပွဲကနေ လက်နက်ကြီးကျည်ကျလို့ မတ် ၃၁ ရက်မှာ ထိခိုက်ဒဏ်ရာရခဲ့သူတွေကို မဲဆောက်ခရိုင် တာဝန်ရှိသူတွေ၊ ကျေးရွာခေါင်းဆောင်တွေ၊ ကျန်းမာရေးဌာန၊ ကုသရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ကူညီပြီး ဆေးရုံပို့ခဲ့တယ်လို့ မဲဆောက်မြို့နယ် မှာ နယ်စပ်လုံခြုံရေးယူတဲ့ နရစွမ်တပ်ဖွဲ့ (Naresuan Task Force)က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် သတိပေးတဲ့အနေနဲ့ ထိုင်းဘက်ကနေ မြန်မာဘက်ခြမ်းကို မီးခိုးဗုံး ၄ လုံး ပစ်ခတ်ခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaosod က ရေးသားထားပါတယ်။
မြန်မာစစ်တပ်ရဲ့ ထီးသဲလယ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နဲ့ တော်လှန်ရေးတပ်တို့ ပူးပေါင်းတိုက်ခိုက်နေတာကြောင့် ဧပြီ ၁ ရက်အထိလည်း တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ ကရင်စစ်ရေးအရင်းအမြစ်က ဘီဘီစီကို ပြောပါတယ်။
KNLA ပူးပေါင်းအဖွဲ့တွေက ထီးသဲလယ်စခန်းကို ဒရုန်းနဲ့ဗုံးချသလို စစ်တပ်ကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတာတွေရှိနေပြီး လေကြောင်းကနေ ရိက္ခာနဲ့ ခဲယမ်းတွေလည်း ချပေးနေတယ်လို့ ပြောပါတယ်။
ထီးသဲလယ်စခန်းက စစ်သားတချို့ ဝေါလေဗျူဟာကုန်းဘက်ကို ထွက်ပြေးတာတွေရှိနေတယ်လို့လည်း သိရပါတယ်။
ဝေါလေဗျူဟာကုန်းကလည်း လူနေရပ်ကွက်တွေထဲက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သား ၄ ယောက် ထိခိုက်ပြီး ထိုင်းဘက်က ဆေးရုံကို ပို့ထားရတယ်လို့လည်း သိရပါတယ်။
တိုက်ပွဲတွေကြောင့် ဝေါလေ ရပ်ကွက်ထဲက ဒေသခံ ၃၀၀ လောက်ကလည်း တိမ်းရှောင်နေကြရပါတယ်။
ပူပြင်းလှတဲ့ နေရောင်အောက်မှာ လောင်စာဆီအတွက် စောင့်ဆိုင်းနေရတဲ့ ကား ဆိုင်ကယ်နဲ့ ရှည်လျားလှတဲ့ ကားတန်းကြီးကို မြန်မာနိုင်ငံတဝန်းမှာ တွေ့မြင်နေရပါတယ်။
ကမ္ဘာတလွား လောင်စာဆီ အခက်ကြုံနေကြရတာ တတိယအပတ်ကို ရောက်လာချိန်မှာ လောင်စာဆီဖြည့်ဖို့ ဆိုင်မှာ စောင့်ဆိုင်းပြီးတဲ့နောက် အပူဒဏ်ကြောင့် လူတွေ မူးလဲပြီး သေဆုံးရသူတွေ ရှိလာပါတယ်။
မြန်မာနိုင်ငံမှာ သာမက အမေရိကန်-အစ္စရေးတို့ရဲ့ အီရန်နဲ့ စစ်ပွဲကြောင့် ကမ္ဘာတဝန်းမှာ ရေနံထောက်ပံ့ရေးကွင်းဆက်ကို တစ်လကျော်ကြာ ထိခိုက်လာနေပြီး နိုင်ငံအသီးသီးက လောင်စာဆီဖြန့်ဖြူးရေးဌာနတွေ၊ ဆီဆိုင်တွေမှာ ကားတန်းရှည်ကြီးတွေ ပိုမြင်လာနေရပါတယ်။
အခွန် ဖြေလျှော့ပေးခြင်းနဲ့ လောင်စာဆီခွဲတမ်းတွေ သတ်မှတ်ခြင်းက အစ လောင်စာဆီသုံးစွဲမှု လျှော့ချဖို့ အရေးယူဆောင်ရွက်ချက်တွေအထိ ကမ္ဘာတစ်ဝန်းမှာရှိတဲ့အစိုးရတွေက လောင်စာဆီစျေးနှုန်းမြင့်တက်မှုကို လျှော့ချဖို့ ရည်ရွယ်တဲ့မူဝါဒတွေကို အကောင်အထည်ဖော်လျက်ရှိပါတယ်။
ဘီဘီစီကမ္ဘာတလွှားသတင်းထောက်တွေရဲ့ စုစည်းတင်ပြချက်ကို ဒီလင့်ခ် ကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ရခိုင်ပြည်နယ်ထဲ အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ သံတွဲမြို့နဲ့ ငပလီမြို့ကို စစ်တပ်က တိုက်လေယာဉ်နဲ့သာမက စစ်သင်္ဘောတွေနဲ့ပါ ဧပြီ ၁ ရက် နေ့လယ်ပိုင်းက ပစ်ခတ်နေတယ်လို့ မြေပြင် ဒေသအခြေအနေသိရှိသူတွေက ဘီဘီစီကို ပြောပါတယ်။
သံတွဲမြို့က လင်းသာ၊ ဂျိတ္တောရပ်ကွက်နဲ့ ငပလီမြို့ထဲက ရဲကင်းစခန်းရှိခဲ့ဖူးတဲ့မဇင်နဲ့ လုံးသာနေရာတွေကို စစ်တပ်ရဲ့ စစ်သင်္ဘောကနေ အတွဲလိုက်ဒုံးတွေသုံးပြီး ပစ်ခတ်နေခဲ့တာလို့ဆိုပါတယ်။
စစ်တပ်က ပစ်ခတ်တဲ့လက်နက်ကျည်တွေနဲ့ ဗုံးတွေဟာ ငပလီမြို့အခြေစိုက် အမှတ် ၅၅ ခြေလျင်တပ်ရင်းဟောင်းနေရာမှာ အများဆုံးကျရောက်ပေါက်ကွဲတယ်လို့လည်း ဒေသအခြေအနေသိရှိသူက ပြောပါတယ်။
သံတွဲကို အေအေ မသိမ်းခင်တုန်းက ခလရ ၅၅ နဲ့ ခြေမြန်တပ်ရင်း ၅၆၆ တို့ဟာ သံတွဲလေဆိပ်အနီးမှာ အခြေစိုက်ခဲ့တာဖြစ်ပါတယ်။ အာရက္ခတပ်တော်က သံတွဲမြို့ကို ၂၀၂၄ ခုနှစ် ဇူလိုင်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
အေအေ ထိန်းချုပ်တာ ၂ နှစ်နီးပါးဝင်လာပြီဖြစ်တဲ့ သံတွဲနဲ့ ငပလီမြို့တို့မှာ အရပ်သားတွေ ပြန်လည်နေထိုင်နေချိန်မှာ စစ်တပ်ရဲ့ အခုတိုက်ခိုက်မှု ထွက်ပေါ်လာတာလို့ ရခိုင်အခြေစိုက် ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။
ရပ်ရွာအတွင်း လူသွားလူလာရှိနေချိန် အခုတိုက်ခိုက်မှုဖြစ်တာကြောင့် ထိခိုက်တာတွေ များနိုင်တယ်လို့ အခြေအနေ သိရှိသူက ပြောပေမဲ့ ဆက်သွယ်ရေးအခက်အခဲကြောင့် မြေပြင်က ထိခိုက်မှု ဘယ်လောက်ရှိလဲဆိုတာ သိဖို့ ခက်ခဲနေပါတယ်။
မကွေးတိုင်း၊ ပခုက္ကူခရိုင်ထဲက ပေါက်မြို့နယ်မြောက်ပိုင်းနဲ့ မြိုင်မြို့နယ်တောင်ပိုင်းအစပ်က ရေနံမြေတွေကို စီမံခန့်ခွဲဖို့ ဆွေးနွေးရင်း မပြေလည်ရာကနေ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်ရင်းတွေ ဝင်ရောက်လာလို့ ဒေသအဖွဲ့အစည်းတွေနဲ့ တင်းမာနေတယ်လို့ အခြေအနေ သိရှိသူတွေက ပြောပါတယ်။
ပေါက်နဲ့မြိုင်အစပ်မှာရှိတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) လက်အောက်က ရေနံမြေတွေကို ၂၀၂၂ ခုနှစ်ကစလို့ တော်လှန်ရေးအဖွဲ့တွေ ထိုးစစ်ဆင်ခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ ထိန်းချုပ်ထားတာဖြစ်ပါတယ်။
အဲဒီနေရာတွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စီမံခန့်ခွဲမှာမို့ အပ်နှံပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး(ပအဖ)၊ ပြည်သူ့ကာကွယ်ရေး(ပကဖ)၊ ပြည်သူ့လုံခြုံရေး(ပလဖ)တွေနဲ့ ဆွေးနွေးရင်း အဆင်မပြေတာကနေ အခုလိုဖြစ်လာတာလို့ ပေါက်မြို့နယ်က ပသုံးလုံးအဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။
“ဒီရေနံမှော်တွေကို ရဖို့ ဒေသအဖွဲ့တွေက တိုက်ယူခဲ့ကြတာ၊ ဒီကရနေတဲ့ အခွန်ငွေကို ပြည်သူကို စောင့်ရှောက်တာ၊ စစ်တပ်လက်ထဲကနေ ကာကွယ်ရတယ်၊ လက်နက်ခဲယမ်းဝယ်ရတာတွေမှာ သုံးရတာပေါ့။ အဲဒီမှာ NUG က စီမံမယ်ဆိုရင် ဒေသအပေါ် ကာကွယ်မှုတွေ ဘယ်လိုတာဝန်ယူမလဲဆိုတာမှာ မကျေမလည်ဖြစ်ကြတာ”လို့ သူက ပြောပါတယ်။
ရေနံမြေကို ထိန်းချုပ်ထားတဲ့အဖွဲ့တွေဟာ အဲဒီလုပ်ကွက်တွေကနေ ရရှိတဲ့အခွန်ကို မကွေး၊ မင်းဘူး၊ ဂန့်ဂေါစတဲ့မြို့နယ်တွေက တော်လှန်ရေးအဖွဲ့တွေကိုပါ ထောက်ပံ့ရာမှာလည်း ပြန်သုံးစွဲနေတယ်လို့ သူက ဆိုပါတယ်။
ဒီအခြေအနေမှာ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က တပ်ရင်းတွေက မတ် ၃၀ ရက်ကစပြီး ဝင်ရောက်နေရာယူလာတာကြောင့် ဒေသအဖွဲ့အစည်းတွေနဲ့ တင်းမာနေတာပြီး နှစ်ဖက် ဆွေးနွေးနေကြတယ်လို့လည်း သိရပါတယ်။
မကွေး ဖက်ဒရယ် ယူနစ်ရဲ့ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်ကတော့ ‘‘စစ်ကော်မရှင်ကို အမှန်တကယ် တော်လှန်နေတဲ့တော်လှန်ရေးအဖွဲ့တွေ အချင်းချင်းကြားမှာ တွေ့ဆုံညှိနှိုင်း အဖြေရှာကာက အကောင်းဆုံးနည်းလမ်းဖြစ်ပြီး မကွေးဖက်ဒရယ်ယူနစ် အစိုးရအနေနဲ့လည်း ဆွေးနွေးဖို့ ကြိုးစားနေတယ်’’ လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးတင်ပါတယ်။
ပခုက္ကူခရိုင်တပ်ရင်း ၆ ခုအပါအဝင် မြိုင်နဲ့ ပေါက်မြို့နယ်ထဲက အုပ်ချုပ်ရေးအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ဒီအခြေအနေကို ပြေလည်အောင် မဖြေရှင်းနိုင်ရင် ရေတိုသာမက ရေရှည်မှာလည်း လက်နက်ကိုင်ပဋိပက္ခတွေဖြစ်လာနိုင်တာကြောင့် ဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းထားကြပါတယ်။
ပေါက်နဲ့ မြိုင်က အခုအခြေအနေနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို ဘီဘီစီက မေးမြန်းထားပေမဲ့ ပြန်ဖြေတာ မရှိသေးပါဘူး။
ပေါက်မြို့နယ်မြောက်ပိုင်းမှာ တော်လှန်ရေးတပ်အချင်းချင်း တင်းမာနေကြချိန် တောင်ပိုင်းမှာတော့ စစ်တပ်နဲ့ ဒေသအခေါ် ပျူစောထီး ပူးပေါင်းတပ်အင်အား ရာချီဟာ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ စစ်ကြောင်းထိုးတာတွေကြောင့် ကျေးရွာ ၁၄ ရွာက ဒေသခံတွေ တိမ်းရှောင်နေကြရပါတယ်။
ပေါက်မြို့နယ် တောင်ပိုင်းဟာ စစ်ကော်မရှင်တပ်ရဲ့ စစ်လက်နက်ပစ္စည်းစက်ရုံ ရှိနေပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်က အရပ်သားသမ္မတအဖြစ်ပြောင်းပြီး အုပ်ချုပ်ဖို့ ပြင်ဆင်နေတဲ့ မြန်မာမှာ အမျိုးသမီး ဒုတိယသမ္မတတစ်ဦးကို စစ်ဗိုလ်ချုပ်တွေလွှမ်းမိုးထားတဲ့ လွှတ်တော်က ရွေးချယ်လိုက်ပါတယ်။
စစ်ဗိုလ်ချုပ်တွေရဲ့ ဗဟိုအုပ်ချုပ်ရေးထဲမှာပါဝင်လာတဲ့ အသက် ၅၇ နှစ်အရွယ် ကရင်တိုင်းရင်းသူ နန်းနီနီအေး က မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက်မှာ ပထမဆုံးအမျိုးသမီး ဒုတိယသမ္မတဖြစ်လာတာပါ။
ဒါဟာ နိုင်ငံရေးအာဏာကို လူတစ်စုက ထိန်းချုပ်ထားတဲ့ နိုင်ငံရေးစနစ်မှာ အမျိုးသမီးတွေလည်း ဦးဆောင်မှုကဏ္ဍမှာပါဝင်တယ်ဆိုတာကို ပြသဖို့နဲ့ နိုင်ငံတကာမှာ အပြုသဘောအမြင်ရအောင်ဆိုတဲ့ သုံးသပ်ချက်တွေရှိပါတယ်။
တစ်ဖက်မှာတော့ အရပ်ဝတ်နဲ့ သမ္မတဖြစ်လာမယ့် စစ်ခေါင်းဆောင်နဲ့ အစိုးရအဖွဲ့ထဲပါလာမယ့် စစ်ဗိုလ်အသွင်ပြောင်းအရာရှိကြီးတွေဆီမှာပဲ အဓိကဆုံးဖြတ်ချက်တွေ ဆက်ရှိနေမှာကြောင့် ဒီလိုခန့်အပ်မှုက အမှန်တကယ် အာဏာရှိ မရှိဆိုတာကို မေးခွန်းထုတ်ကြတာပါ။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်နိုင်ပါတယ်။
ကိတ်တီ ဝတ်ဆန်
(ဒိုဟာကနေ သတင်းပေးပို့)
အီရန်မှာတော့ ဒေသစံတော်ချိန် ဧပြီလ ၁ ရက် မနက် ၉ နာရီကျော် ရှိပါပြီ။
မတ်လ ၃၁ ရက် ညပိုင်းမှာ အရှေ့အလယ်ပိုင်းက စစ်ဆင်ရေးတွေကို ကွပ်ကဲတဲ့ အမေရိကန်စစ်ဌာနချုပ်(US Central Command) ကတော့ အီရန်နိုင်ငံအတွင်းပိုင်းက မြေအောက် စစ်ရေးပစ်မှတ်တွေကို တိတိကျကျ ပစ်ခတ်နိုင်တဲ့ခဲယမ်းတွေ သုံးပြီး ဗုံးကြဲခဲ့တယ်လို့ဆိုတဲ့ရုပ်သံကို ထုတ်ပြန်လာပါတယ်။
အစ္စရေးကလည်း ဓာတုလက်နက်ထုတ်ရာမှာ ပါဝင်တယ်လို့ဆိုတဲ့အီရန်စက်ရုံတစ်ရုံကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ အီရန်ဘက်ကတော့ အဲဒီစက်ရုံဟာ ဆေးထုတ်တဲ့စက်ရုံလို့ဆိုပြီး ပြောပါတယ်။
ပင်လယ်ကွေ့မှာတော့ ပစ်မှတ်ထားခံရမှုတွေ ဆက်ရှိနေပါတယ်။ ကူဝိတ်နိုင်ငံတကာလေဆိပ်က လောင်စာဆီထားတဲ့နေရာတွေ ဒရုန်းတွေနဲ့တိုက်ခိုက်ခံရလို့ မီးလောင်မှုကြီးဖြစ်ခဲ့ပါတယ်။
ဆော်ဒီအာရေးဗျကတော့ ဒရုန်း ၂ စင်းကို ကြားဖြတ် ပစ်ချခဲ့ရတယ်လို့ ပြောပြီး ဘာရိန်းကလည်း သူလည်း တိုက်ခိုက်ရတယ်လို့ ဆိုပါတယ်။ ကာတာ လမ်းလွန်မှာတော့ ဆီတင်သင်္ဘောတစ်စင်း ဒုံးကျည် ထိမှန်ပါတယ်။
ပင်လယ်ကွေ့နိုင်ငံတွေက ခေါင်းဆောင်တွေကတော့ လက်ရှိမှာ ဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး များများစားစားထုတ်ပြောလာတာ မရှိသေးသလို နိုင်ငံ့ပိုင်နက် ကာကွယ်ရေးကိုပဲ အဓိကအာရုံစိုက်လုပ်နေပါတယ်။
ဒါပေမဲ့ ဒေသတွင်း နိုင်ငံတွေကတော့ ဒီစစ်ပွဲနဲ့ စစ်ကြောင့် ဖြစ်တဲ့မရေရာမှုတွေကို အဆုံးသတ်ချင်ပြီဆိုတဲ့အကြောင်း ရှင်းရှင်းလင်းလင်း ပြောထားကြပြီးဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တာကြောင့် ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)က ကျောင်းသားဟောင်း ကိုဂျိမ်း ခေါ် ကိုလင်းထက်နိုင်ဟာ ဒီနေ့မှာ အကျဉ်းထောင်ကနေ လွတ်လာပြီလို့ ဇနီးဖြစ်သူ မဖြိုးဖြိုးအောင်က ဘီဘီစီကို အတည်ပြုပါတယ်။
ကိုဂျိမ်းကို ၂၀၂၂ ခုနှစ်၊ ဇွန်မှာ ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်က စားသောက်ဆိုင်တစ်ဆိုင်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။
အဲဒီနောက် ဒီဇင်ဘာလမှာ ထောင်တွင်းတရားရုံးက သူ့ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ကနဲ့ ထောင် ၃ နှစ်၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီမှာ အကြမ်းဖက်မှု ပုဒ်မ ၅၂(ခ)နဲ့ ထောင် ၅ နှစ်၊ စုစုပေါင်း ၈ နှစ် ချမှတ်ခဲ့ပါတယ်။
“မြောင်းမြထောင်ကနေ လွတ်လာတာပါ။ ၅၀၅ က ပြုတ်သွားတော့ လွတ်ရက်စေ့သွားတာ။ အိမ်တော့ မရောက်သေးပါဘူး” လို့ ဇနီးဖြစ်သူ မဖြိုးဖြိုးအောင်က ပြောပါတယ်။
စစ်ကော်မရှင်က ရွေးကောက်ပွဲမှာ မဲပေးခွင့် မဆုံးရှုံးအောင်ဆိုပြီး ပုဒ်မ ၅၀၅ - က နဲ့ အကျဉ်းထောင်၊ အချုပ်ခန်းတွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် ၈၆၀၀ ကို ၂၀၂၅ ဒီဇင်ဘာမှာ လွတ်ငြိမ်းပေးခဲ့တာပါ။
ပုဒ်မ နှစ်ခုနဲ့ထောင်ဒဏ်ကျပြီး တစ်ခုက ရုပ်သိမ်းခံရတယ်ဆိုရင် ထောင်ထဲမှာနေခဲ့တဲ့ နှစ်တွေနဲ့ သုံးပုံတစ်ပုံ လျှော့ရက် အကျိုးခံစားခွင့်တွေကြောင့် ၅ နှစ်ပြည့်အောင် နေစရာမလိုဘဲ လွတ်ရက်စေ့လာတာလို့ နိုင်ငံရေးအကျဉ်းသား တစ်ယောက်က ရှင်းပြပါတယ်။
အင်းစိန်ထောင်တွင်းမှာ ကိုဂျိမ်း တရားရင်ဆိုင်နေရချိန် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတုန်းက ထောင်ဝင်စာပို့တဲ့နေရာမှာ ပေါက်ကွဲမှုဖြစ်ချိန် သေဆုံးသူတွေထဲ ထောင်ဝင်စာလာပို့တဲ့မိခင်လည်း ပါသွားခဲ့ပါတယ်။
ကိုဂျိမ်းဟာ ၂၀၂၅ ခုနှစ်မှာတော့ မြောင်းမြထောင်ကို ထောင်ပြောင်းခံရတာကြောင့် ဒီနေ့မှာ မြောင်းမြထောင်ကနေ ပြန်လွတ်လာတာဖြစ်ပါတယ်။
အမေရိကန်ဟာ အီရန်မှာ အုပ်စိုးသူတွေ နျူကလီးယား လက်နက်မလုပ်နိုင်တော့တဲ့အထိ သေချာအောင်လုပ်အပြီး လာမယ့် သီတင်းနှစ်ပတ်အတွင်းမှာပဲ ‘‘အီရန်အရေး အမေရိကန်ပါဝင်မှု ဆက်ရှိတော့မှာ မဟုတ်ဘူး’’ လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောလာပါတယ်။
ပြီးခဲ့တဲ့နာရီပိုင်းအတွင်း အိမ်ဖြူတော်မှာ သူပြောခဲ့တဲ့စကားတွေထဲက ထူးခြားချက်ကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ဧပြီ ၂ ရက်မှာ ဖွင့်ပွဲလုပ်ဖို့ စစ်ကော်မရှင်က ဘားအံနဲ့ မြဝတီမြို့မှာ ပြင်ဆင်နေတယ်လို့ ဘီဘီစီသတင်းရင်းမြစ်တွေက ပြောပါတယ်။
အာရှလမ်းမကြီးအစပိုင်းဖြစ်တဲ့ ဘားအံမြို့နယ်ထဲက လွန်းည ရွာနားမှာ ဖွင့်ပွဲလုပ်ဖို့ စီစဉ်နေသလို မြဝတီမြို့ဘက်မှာတော့ နေရာရှာနေတုန်းဖြစ်ပြီး ဒီနေ့မှ အတည်ပြုကြမှာဖြစ်တယ်လို့ စစ်ကော်မရှင်ရဲ့ ဌာနဆိုင်ရာတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
လမ်းဖွင့်ချိန်ကတော့ မနက် ၈ နာရီလောက်ဖြစ်မယ်လို့လည်း သူက ခန့်မှန်းပါတယ်။ “ဒီနေ့ (ဧပြီလ ၁ ရက်မနက်) အထိတော့ ခရီးသည်တင်ကားတွေလည်း သွားခွင့်မရသေးဘူး၊ မနက်ဖြန် ဖွင့်ပွဲပြီးမှ သွားခွင့်ရမယ် ထင်တယ်” လို့ မြဝတီမြို့ခံတစ်ယောက်က ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် အမှတ် ၂ ချစ်ကြည်ရေးတံတားကိုတော့ ပြန်ဖွင့်မလားဆိုတာကိုတော့ သေချာမသိကြရသေးဘူးလို့လည်း ပြောပါတယ်။
ဒါ့ကြောင့် အာရှလမ်းမကြီးကို သွားခွင့်ရမယ်ဆိုရင်တောင် ခရီးသွားကားတွေသာ ဖြတ်သန်းခွင့်ရမှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အာရှလမ်းကို ဘားအံကနေ ကော့ကရိတ်အထိသာ သွားလာခွင့်ရကြသလို မြဝတီဘက်ကနေဆိုရင်လည်း သင်္ဃန်းညီနောင်အထိသာ သွားခွင့်ရကြတယ်လို့ ဘားအံနဲ့ မြဝတီမြို့ခံတွေက ပြောပါတယ်။
အာရှလမ်းပေါ်က စစ်ကော်မရှင်တပ် စခန်းတွေကို ကရင်အမျိုးသားအစည်းအရုံး(KNU) နဲ့တော်လှန်ရေးတပ်တွေက ၂၀၂၃ ခုနှစ် နှောင်းပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် အာရှလမ်းမပေါ်က ကျုံဒိုး- ကော့ကရိတ်- သင်္ဃန်းညီနောင် လမ်းပိုင်းကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်ခဲ့တာပါ။
စစ်ကော်မရှင်တပ်တွေကလည်း အောင်ဇေယျစစ်ကြောင်းဆိုပြီး ထိုးစစ်ပြန်ဆင်ခဲ့ပြီးနောက် ၂၀၂၅ ဇူလိုင်မှာ ပြန်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးဟာ မြဝတီနဲ့ ရန်ကုန်မြို့တွေကို ဆက်သွယ်သွားလာနေတဲ့ အဓိကလမ်းမကြီးဖြစ်တာကြောင့် စစ်တပ်က လမ်းပိတ်ထားတဲ့ ကာလမှာ ဒေါနတောင်တန်းပေါ်က ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်း၊ မော်ပယ်ခို-ရှမ်းရွာသစ်လမ်းတွေကို အသုံးပြုနေကြရပါတယ်။
မင်္ဂလာပါ။ ဧပြီ ၁ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။
နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။